Wednesday, February 19, 2014

၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်မှစ၍ မိဘမဲ့ ကလေးများအတွက် ပညာသင် ထောက်ပံ့ကြေး



၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်မှစ၍ အခြေခံ ပညာကျောင်းများ အခမဲ့ပညာရေး စနစ်ဖြစ်ပြီ
 အခြေခံပညာ အထက်တန်း အ ဆင့်ကျောင်းသား၊ ကျောင်းသူ များ၏ ကျောင်းအပ်ခနှင့် ကျောင်းသုံးစာအုပ် ကြေးများကို အစိုးရက ငွေကြေးမယူဘဲ အခမဲ့ပေးဝေရန် အစီအစဉ်ရေးဆွဲနေပြီ ဟု သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးစိုးသိန်းက ပြောသည်။

အခြေခံပညာ အထက်တန်း အဆင့်တွင် ကျောင်းသား၊ ကျောင်းသူ ဦးရေ ၇ ဒသမ ၃ သိန်းကျော် ပမာဏ ရှိနေသည်။ ၎င်းတို့ကို အစိုးရ သစ်လက်ထက် တွင် ပထမဆုံးပေးအပ်သွားနိုင်ရန် စီစဉ် ခြင်းလည်းဖြစ် သည်ဟု ပြည် ထောင်စုဝန်ကြီးက ဆက်ပြောသည်။

''ဒီနှစ်တော့ အလယ်တန်းအဆင့် ကိုအခမဲ့လုပ်ပါ့မယ်''ဟု ၎င်းက ဆို သည်။

အခြေခံပညာအဆင့် အထက် တန်း ကျောင်းအပ်ခ ကောက်ခံရာတွင် နဝမ တန်းအတွက် ၉ဝဝ ကျပ်၊ ဒသမ တန်း ၁ဝဝဝ ကျပ် ပညာရေးဝန်ကြီးဌာန က ကောက်ခံပြီး ကျောင်းသုံးဖတ်စာအုပ် အတွက် နဝမတန်းသိပ္ပံ ၂၄၅ဝ ကျပ်၊ ဝိပံ္ပ ၂၆ဝဝ ကျပ်နှင့် ဒသမတန်း သိပ္ပံ ၃၂၅ဝ ကျပ်နှင့်ဝိပ္ပံ ၃၃ဝဝ ကျပ်သတ် မှတ်ကောက်ခံလျက်ရှိရာ ပြည်ထောင်စု ဝန်ကြီးပြောကြားမှုအရ ၂ဝ၁၅ တွင် ယင်းအတွက် ကျောင်းသားများ ပေး ဆောင်ရန်မလိုတော့ပေ။

မြန်မာနိုင်ငံသည် ဒေသတွင်း နိုင်ငံများထက် ကျောင်းအပ်မှုများသော် လည်း ကျောင်းထွက်နှုန်းမှာလည်း ပို များနေသည်။ ယင်းအချိန်တွင် အစိုးရ က ယခု ၂ဝ၁၄-၂ဝ၁၅ ပညာ သင်နှစ် တွင်အခြေခံပညာအလယ်တန်း အဆင့် ကို အခမဲ့ပညာရေးစနစ်အဖြစ် ကျပ် ၇ ဘီလျံအကုန်ခံ၍ ထပ်မံပြဋ္ဌာန်းလိုက် သည်။

အခြေခံပညာအလယ်တန်းအ ဆင့်တွင် ကျောင်းအပ်ခ ကျပ် ၅ဝဝ၊ ၆ဝဝ၊ ၇ဝဝ၊ ၈ဝဝ အသီးသီးရှိသည့် အပြင် ကျောင်းသုံးဖတ်စာ စာအုပ်ကြေး မှာ ကျပ် ၁၅၅ဝ၊ ၁၅၅ဝ၊ ၁၇ဝဝ နှင့် ၂၃ဝဝ ကျသင့်နေသည်။ အခြေခံ ပညာအလယ်တန်းအဆင့်တွင် ကျောင်း သား၊ ကျောင်းသူ ၂ ဒသမ ၅ သန်း ရှိကြောင်း ထပ်မံသိရသည်။

Popular Myanmar News Journal

ဆင်းကတ် ၁၅၀၀၊ ဆက်သွယ်ခ အလွန်ဈေးချိုမည်ဟု အော်ရီဒူးပြော 


မြန်မာနိုင်ငံ ဆက်သွယ်ရေးလုပ်ငန်းမှာ အော်ပရေတာ လုပ်ခွင့်ရထားတဲ့ ကာတာ အခြေစိုက် အော်ရီဒူးကုမ္ပဏီဟာ ၂၀၁၄ ဇူလိုင်ဝန်းကျင်မှာ ဆင်းကတ်တွေ စရောင်းပေးသွားမှာ ဖြစ်ပြီး ကတ် ၁ ခု ကျပ် ၁၅၀၀ ပဲ သတ်မှတ်မယ့်အပြင် ဖုန်းပြောဆိုခတွေကိုလည်း ချိုသာတဲ့ ဈေးနှုန်း သတ်မှတ်ပေးသွားမယ်လို့ အော်ရီဒူးကုမ္ပဏီက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက်နေ့ ရန်ကုန် အင်းလျားလိတ်ဟိုတယ်မှာ လုပ်တဲ့ ဒုတိယအကြိမ် တယ်လီကွန်း အခြေခံအဆောက်အဦ ဆန်းမစ် ၂၀၁၄ အစည်းအဝေးမှာ အော်ရီဒူး ရဲ့ မြန်မာနိုင်ငံဆိုင်ရာ စီအီးအို မစ္စတာ ရော့စ် ကော့လ်မတ် (Mr.Ross Cormack) က ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

မိုဘိုင်းဖုန်း ချပေးတဲ့အခါမှာလည်း အော်ရီဒူးက ၀န်ဆောင်မှုပေးတဲ့ ဘယ်နေရာမှာဖြစ်ဖြစ် 3G ကွန်ရက်နဲ့ ၀န်ဆောင်မှု ပေးသွားမယ်လို့ သူက ကတိပြုပြောဆိုပါတယ်။

ခုချိန်မှာတော့ ဆက်သွယ်ရေးအော်ပရေတာ လိုင်စင်ရထားတဲ့ အော်ရီဒူးရော၊ နော်ဝေ အခြေစိုက် တယ်လီနောတို့ပါ မြန်မာနိုင်ငံအနှံ့ ဆက်သွယ်ရေး တာဝါတိုင်တွေ စိုက်ထူနေကြောင်း သိရပါတယ်။

By ဒီဗွီဘီ

ဖုန်းခေါ်ဆိုခ အံ့သြစရာ နှုန်းထားဖြင့် အော်ရီဒူး ဈေးလျှော့ကောက်ခံမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

အော်ရီဒူးက ဝန်ဆောင်မှု ပေးမည့် ဖုန်းဆင်းမ်ကတ် အသုံးပြုသူများကို တစ်မိနစ်လျှင် ၄၅ ကျပ်နှုန်းဖြင့် ကောက်ခံမည်ဟု ယခင်က ကြေညာ ထားသော်လည်း စတင်ရောင်းချမည့် ဇူလိုင်လ နီးကပ်လာလျှင် အံ့သြစရာ ဈေးနှုန်းအထိ ထပ်မံလျှော့ချ ကောက်ခံမည် ဖြစ်ကြောင်း အော်ရီဒူးမြန်မာမှ အမှုဆောင် အရာရှိချုပ် Ross Cormack က The Voice သို့ ပြောကြားသည်။
“အပြင်မှာ လူတွေပြောနေကြတဲ့ ဈေးနှုန်းက တင်ဒါတင်တုန်းက ဖော်ပြထားတဲ့ ဈေးနှုန်းပါ။ အဲဒါက အကြမ်းဖျင်း ဈေးနှုန်းပါ။ တကယ့်ဈေးနှုန်း အစစ်မဟုတ်ပါဘူး။ ဈေးနှုန်း အတိအကျကို ဇူလိုင်လ နားနီးမှ တရားဝင် ထုတ်ပြန်မယ်။ အံ့အားသင့်စရာ ဈေးနှုန်း ဖြစ်စေရမယ်” ဟု ၎င်းကဆိုသည်။

ယမန်နှစ်က ဆက်သွယ်ရေးတင်ဒါ ရွေးချယ်ခံရပြီးနောက် ဆင်းမ်ကတ်တန်ဖိုး ၁၅၀၀ ကျပ်နှင့် မိုဘိုင်းလ် ဖုန်းခေါ်ဆိုခ ၄၅ ကျပ်ဖြင့် ကောက်ခံသွားမည် ဖြစ်ပြီး 3G စနစ်ဖြင့် ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း အော်ရီဒူးမြန်မာ ကုမ္ပဏီက ထုတ်ပြန် ကြေညာထားသည်။
“ဈေးနှုန်းကို အခုဘာကြောင့် မပြောနိုင်သေးလဲဆိုတော့ လောလော ဆယ်မှာက အပြိုင်အဆိုင် လုပ်နေကြတဲ့ အချိန်ဖြစ်တာကြောင့်ပါ။ ဆင်းမ်ကတ်တွေကို အော်ရီဒူးက အစောဆုံး စရောင်းမယ်။ ဆင်းမ်ကတ် ဈေးနှုန်းကတော့ ၁၅၀၀ ပဲဖြစ်မှာပါ” ဟု အဆိုပါ အရာရှိက ဆိုသည်။

ဆက်သွယ်ရေး အော်ပရေတာများ အပြိုင်အဆိုင် ဖြစ်နေသောကြောင့် တရားဝင်ဈေးနှုန်း မပြောကြားသေးခြင်း ဖြစ်ပြီး တကယ်ရောင်းချချိန်တွင် ဈေးနှုန်း အပြောင်းအလဲများစွာ ရှိမည်ဟု မထင်ကြောင်း ကွန်ပျူတာပညာရှင် ဦးရဲဝင့်အောင်က ဆိုသည်။
“အော်ရီဒူးက 3G စပေးမယ်ပြောတယ်။ 3G စနစ်ကို ခပ်ပေါပေါရမယ်တော့ မထင်ဘူး” ဟု ၎င်းကဆိုသည်။

ပြိုင်ဘက်ကုမ္ပဏီ တစ်ခုဖြစ်သော တယ်လီနောမြန်မာ ကုမ္ပဏီကလည်း မိုဘိုင်းလ်ဖုန်း ခေါ်ဆိုခများကို အတိအကျ ထုတ်ပြန်သွားရန် အစီအစဉ် မရှိသေးဘဲ ဆင်းမ်ကတ်များ စတင်ရောင်းချမည့် ကာလနီးမှသာ တရားဝင် ကြေညာသွားမည်ဟု ဆိုသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကလည်း ယခုနှစ်အတွင်း မိုဘိုင်းလ်ဖုန်း ခေါ်ဆိုခများ လျှော့ချသွားမည်ဟု ကြေညာထားသည်။

The Voice Weekly

မိဘမဲ့ ကလေးများအတွက် ပညာသင် ထောက်ပံ့ကြေး လာမည့် ပညာသင်နှစ် စပေးမည် 


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

နိုင်ငံတစ်ဝန်းရှိ ငွေကြေး ချို့တဲ့ပြီး ပညာ ဆက်လက် သင်ယူရန် ခက်ခဲသော မိဘမဲ့ ကလေးငယ်များ အတွက် ကမ္ဘာ့ဘဏ် အကူအညီနှင့် သုံးနှစ်ဆက်တိုက် ပညာသင် ထောက်ပံ့မည့် အစီအစဉ်ကို လာမည့် ၂၀၁၄- ၂၀၁၅ ပညာသင်နှစ်တွင် စတင်မည် ဖြစ်ကြောင်း ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မူမူအောင်က ပြောကြားသည်။

ငွေကြေးချို့တဲ့သော ကလေး သူငယ်များအတွက် ဦးစားပေး စီစဉ်သည့် ပညာသင် ထောက်ပံ့ကြေး အစီအစဉ် ဖြစ်သောကြောင့် ငွေကြေး ချို့တဲ့သော မိဘမဲ့ ကလေးငယ်များကို ဦးစားပေး အနေနှင့် ထည့်သွင်းထားပြီး ဒုတိယ ဦးစားပေးတွင် အမှန်တကယ် ပညာ ဆက်လက် သင်ယူရန် ခက်ခဲသော ကလေးသူငယ်များ ပါဝင်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ပညာသင် ထောက်ပံ့ကြေး ရွေးချယ်ရာတွင် ဖွံ့ဖြိုးမှု နိမ့်ပြီး ကျောင်းထွက်နှုန်းနှင့် ကျောင်းပြီးဆုံးနှုန်း နည်းပါးသော မြို့နယ် လေးဆယ်ကို စီမံချက်ထား ဆောင်ရွက်ရန် လျာထားကြောင်း၊ စတုတ္ထတန်းမှ ဒသမတန်းအထိ ခန့်မှန်းခြေ ကျောင်းသား၊ ကျောင်းသူ ၃၇,၇၉၈ ဦးကို ပညာသင် ထောက်ပံ့ သွားမည် ဖြစ်ကြောင်း ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနထံမှ စုံစမ်း သိရှိရသည်။

အဆိုပါ ပညာသင် ထောက်ပံ့ကြေးတွင် မူလတန်း အဆင့်အတွက် ၅၀,၀၀၀ ကျပ်၊ အလယ်တန်း အဆင့်အတွက် ၈၀,၀၀၀ ကျပ်နှင့် အထက်တန်း အဆင့်အတွက် ကျပ်တစ်သိန်းတို့ကို နှစ်စဉ် ထောက်ပံ့ သွားမည် ဖြစ်ကြောင်း ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မူမူအောင်က ပြောဆိုသည်။

“ဒီပညာသင် ထောက်ပံ့ကြေး အစီအစဉ်တွေက ပွင့်လင်း မြင်သာမှု ရှိအောင်၊ တန်းတူ ခံစားခွင့် ရှိအောင် အပြည့်အဝ အကောင်အထည် ဖော်ဖို့ လိုတယ်” ဟု ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နိုင်ငံရေး ပါတီများနှင့် ပညာရေး ဝန်ကြီးဌာနတို့ တွေ့ဆုံ ညှိနှိုင်းပွဲတွင် ကမ္ဘာ့ဘဏ် လူသား အရင်းအမြစ် ဖွံ့ဖြိုးရေးကဏ္ဍ ညှိနှိုင်းရေးမှူး Mr.Lars Sondergaard က အကြံပြု ဆွေးနွေးသည်။

ကမ္ဘာ့ဘဏ်၏ အတိုးမဲ့ ချေးငွေ အမေရိကန် ဒေါ်လာ သန်းခြောက်ဆယ်ထဲမှ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ ၂၀၁၆-၂၀၁၇ ပညာသင်နှစ် အတွက် လျာထားသော အမေရိကန် ဒေါ်လာ သန်းနှစ်ဆယ်အတွက် ပညာသင် ထောက်ပံ့ကြေး၊ ကျောင်းထောက်ပံ့ကြေးနှင့် ပညာရေး ဝန်ထမ်းများ စွမ်းဆောင်ရည် တိုးမြှင့် သင်တန်းတို့တွင် သုံးစွဲသွားရန် ရှိကြောင်း ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနက အဆိုပါ ဆွေးနွေးပွဲတွင် ရှင်းလင်းခဲ့သည်။

The Voice Weekly

No comments: