Thursday, February 13, 2014

အသံတိတ်ရုပ်ရှင်



“သင်ငေးကြည့်ရာအရပ်သည်
ပြတင်းပေါက်တစ်ခုဖြစ်ပါစေ
ပိတ်ကားတစ်ခုဖြစ်လျှင်
သင့်ကို ရုပ်ရှင်ပြပေလိမ့် …”

(၀င်းမြင့်)

အခုတလော အခန်းနောက်ဘက်ရှိ ပြတင်းပေါက်မှတဆင့် တစ်စုံတစ်ခုကို ငေးကြည့်ရတာ အရသာတွေ့နေသည်။ မနေ့ကတော့ ခြံထောင့်က သီဟိုဠ်ပင်လေးကို ငေးကြည့်ရင်း ကဗျာတစ်ပုဒ်စပ်ဖြစ်ခဲ့သည်။ တစ်ခါတလေကျတော့ သစ်ပင်တွေသည် အလွန်ပဟေဠိဆန်ပါသည်။ ကြည့်ဖူးသော ကိုရီးယားဇာတ်လမ်းတွဲတစ်ခုမှာတော့ သရုပ်ဆောင်တစ်ယောက်က သူသေလျှင် သစ်ပင်ဖြစ်ချင်သည်ဟု ပြောခဲ့တာကို အမှတ်ရမိသည်။ ကိုရီးယားကားတွေလည်း မကြည့်ဖြစ်တာကြာပြီပဲ။

တက္ကသိုလ်တက်တုန်းက ရည်းစားဟောင်းတစ်ယောက်ကတော့ ပြင်းပြင်းထန်ထန်စွပ်စွဲဖူးသည်။ “ရှင်ဟာ အရာရာကို ငြီးငွေ့တာသိပ်မြန်ဆန်တာပဲ … ရှင့်ဘ၀ကိုရော ရှင်မငြီးငွေ့ဘူးလား …” တဲ့။

ခန်းဆီးတစ်ခုတလေမှ တပ်မထားသော အိပ်ခန်းထဲက ပြတင်းပေါက်နှစ်ခုကို တစ်လလုံးနေမှ တစ်ခါမဖွင့်ဖြစ်သော ကာလများဆီက ဘာတွေလုပ်နေခဲ့သလဲဟု ပြန်တွေးကြည့်မိသည်။ ငွေစက္ကူတစ်ရွက်နှင့် မာလကာရွက်ခြောက်တစ်ခုကို နှိုင်းယှဉ်ကြည့်တတ်သည်မှာ သိပ်မကြာသေး။ သစ်သားရေစင်နားက အရိုးပြိုင်းပြိုင်း သရက်ပင်ပေါက်ကလေးတွင် တစ်ထောင်တန် ငွေစက္ကူတွေကို စိတ်ကူးနှင့် ချိတ်ဆွဲကြည့်မိတော့ အနည်းငယ်ရယ်စရာကောင်းသွားသည်။ ငယ်ငယ်တုန်းကလိုမျိုး သစ်ရွက်တွေကို ငွေစက္ကူအဖြစ် လက်တွေ့ဘ၀မှာ အသုံးပြု၍ရမည်ဆိုလျှင် တော်တော်ပျော်စရာကောင်းမည်။ ထိုအခါ လူတွေအားလုံး ငွေကို အသည်းအသန်မရှာကြတော့ဘဲ သစ်ပင်တွေကိုသာ အလုအယက်စိုက်ပျိုးကြလိမ့်မည်။ ရုက္ခဗေဒပညာရှင်များ၊ ဥယျာဉ်မှူးများသည် ကမ္ဘာပေါ်တွင် ၀င်ငွေအကောင်းဆုံးဖြစ်သွားလိမ့်မည်။ ကမ္ဘာကြီးကတော့ တစ်စတစ်စ စိမ်းလန်းစိုပြည်လာသော သူ့အရေခွံများကို ကြည့်ရင်း အလွန်စိတ်ချမ်းသာနေမည်မှာ သေချာသည်။

ထိုသို့တွေးမိသောအခါ တစ်လောက မှော်ဘီတွင်ရှိသော သရက်ခြံကြီးကို ရောင်းပစ်ဖို့ ရှေ့နေကို အကြံပေးခဲ့မိသော သူ့ပါးစပ်ကို ယောင်ရမ်းပိတ်မိသည်။ ပြတင်းပေါက်တစ်ခုသည် လူတစ်ယောက်ကို နောင်တရစေနိုင်ပါသလား။

ပြတင်းပေါက်ဆီမှ အကြည့်ကိုရုပ်သိမ်းလိုက်ပြီး ခုတင်နံဘေးက စားပွဲခုံသေးသေးလေးပေါ်မှာတင်ထားသော ကော်ဖီခွက်ကို လှမ်းယူလိုက်သည်။ ကော်ဖီတွေက အေးစက်နေပြီ။ သွန်ပစ်လိုက်ရင် ကောင်းမလားဟု တွေးမိသော်လည်း အရာရာသည် နောက်ဆုံးတွင် အေးစက်ငြိမ်သက်ခြင်းဖြင့်သာ အဆုံးသတ်ရမည်ကို ခပ်ရေးရေး သဘောပေါက်မိပြီး ခြောက်ကပ်ကပ်လည်ချောင်းထဲသို့ အညိုရောင်အေးစက်စက်ကော်ဖီများကို ခပ်ဖြည်းဖြည်းလောင်းထည့်လိုက်တော့သည်။

စက္ကန့်အနည်းငယ်ကြာသောအခါ ကြမ်းပြင်ကို ရှပ်တိုက်လျှောက်လာသော ခြေသံဖွဖွနှင့်အတူ နူးညံ့သောလက်နှစ်ဖက်က သူ့ပုခုံးကိုလာထိသည်။ “ကိုကို ကေသီ့ကို မျှော်နေတာ ကြာပြီလားဟင် … ကေသီလည်း ဒီနေ့ စောစောပြန်လာမလို့ပါပဲ … ဆိုင်ပိတ်ခါနီးမှ စေ့စပ်လက်စွပ်နှစ်ကွင်းလာအပ်တာနဲ့ ကြာသွားတာ…” သူ့ကို ချိုနွဲ့စွာပြုံးကြည့်ရင်း စကားဆိုနေသော ကေ့သီကို စောင့်ကြည့်မိတော့ သူမက မျက်လုံးကို ဖျတ်ခနဲလွှဲရင်း … “ဟယ် ကြည့်စမ်း … ကိုကိုရယ် … ဘာလိြု့ပတင်းပေါက်ကိုဖွင့်ထားတာလဲ … ဒေါက်တာက လေစိမ်းတွေ အတိုက်မခံနဲ့လို့ ပြောထားတဲ့ဥစ္စာ …” ညည်းညူသလို စကားဆိုတာ ပြတင်းပေါက်ဆီ လှမ်းလျှောက်သွားသော ကေသီ့နောက်ကျောကိုကြည့်ရင်း သူခပ်ယဲ့ယဲ့ပြုံးမိသည်။

ပြတင်းပေါက်ကို ဖွင့်ထားတော့ မင်းမရှိတုန်း ငါရုတ်တရက်သေသွားရင် ငါ့လိပ်ပြာလေး လွတ်လွတ်လပ်လပ်ပျံထွက်သွားလို့ ရတာပေါ့ကွာ။

“သြော် ဒါနဲ့ … ကိုကို့ကို ပြောရဦးမယ် … ဒေါက်တာမိုးမြင့်ဇနီးကလေ … သူအင်္ဂလန်ကို မသွားခင် ဒီည ဖဲဝဲလ်ပါတီလုပ်မလို့တဲ့ … ကေသီ့ကို ဖိတ်ထားတယ် … ကေသီအပြန်နည်းနည်းနောက်ကျမယ် … ကိုကို စောင့်မနေနဲ့တော့နော် … အိပ်နှင့်တော့ … ကိုကို့ကို ဆေးတိုက်ဖို့ ကေသီ ထွေးထွေးကို မှာခဲ့မယ်နော် …” ခွင့်တောင်းစကားမဟုတ်သော အသိပေးစကားကိုဆိုရင်း ကေသီက သူ့နဖူးကို တစ်ချက်နမ်းကာ အခန်းထဲမှထွက်သွားသည်။

နေ့စဉ်နှင့်အမျှ သူလက်ခံရရှိနေသော သူ့ဇနီးသည်၏ ကြင်နာယုယမှုများသည် ခပ်ညံ့ညံ့ဗီဒီယို ဇာတ်ကားထဲမှ မင်းသမီးတစ်ယောက်၏ အမူအယာလို ပေါ့ပျက်ပျက်နိုင်မှန်း သူခံစားတတ်ခဲ့သည်မှာ ကြာပြီ။ တစ်ချိန်တုန်းကတော့ သူနှင့် ကေသီသည် လောကကြီးတွင် ရှိသမျှ ပျော်ရွှင်စရာများကို အတူတကွခံစားရင်း မျှော်လင့်ချက်များစွာနှင့် ရယ်မောခဲ့ကြဖူးသည်ပဲ။ ယခုလက်ရှိအခြေအနေများအတွက်တော့ ကေသီ့ကိုလည်း သူအပြစ်မဆိုချင်ပါ။ သူမလို ငယ်ရွယ်နုပျိုသော မိန်းမသားတစ်ယောက်အနေနဲ့ သူ့လို လူတစ်ယောက်နံဘေးတွင် အချိန်ပြည့်နေကာ ပြုစုယုယဖို့ဆိုတာ သဘာဝမှ မကျဘဲလေ။ ကွာရှင်းခွင့်ကို သူ့ဘက်ကတောင်းဆိုလျှင်တောင် ကေသီက ခါးခါးသီးသီးငြင်းဆန်မည်မှာ သေချာသည်။

တစ်ခါတရံတော့ သူသည် သေခြင်းတရားကို အငမ်းမရ တောင့်တမျှော်လင့်ဖူးလေသည်။ သို့သော် တကယ်တမ်းကျတော့လည်း ရဲရဲဝံ့ဝံ့ ရင်မဆိုင်ရဲ။ အမြဲဒွိဟဖြစ်လေ့ရှိသော သူ့အဇ္ဈတ္တသည် လက်ရှိဘ၀ကို အမြဲလိုလိုမုန်းတီးနေပြီး တစ်ဖက်ကလည်း အပြီးအပိုင် မစွန့်လွှတ်ချင်။

ဦးခေါင်းကို ခါးသီးစွာ ခါယမ်းပစ်လိုက်ကာ ကေသီပိတ်သွားသော ပြတင်းတံခါးဆီသို့ ဘီးတပ်ကုလားထိုင်ကို အသာရွှေ့လှိမ့်ကာသွားပြီး ပြန်ဖွင့်လိုက်သည်။ ဆောင်းလေအေးက သူ့မျက်နှာကို ခပ်ကြမ်းကြမ်းပွတ်တိုက်ကာ အခန်းတွင်းသို့ ၀င်ရောက်လာသည်။ ဆွယ်တာရင်ဘတ်ကြယ်သီးကို တပ်ပြီးသောအခါ အနက်ရောင်ကားကလေး ခြံထဲမှ မောင်းထွက်သွားသည်ကို မြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိ ငေးကြည့်နေမိသည်။ ထိုအခိုက် လေပြင်းတစ်ချက်ကြောင့် ပြတင်းပေါက်တစ်ချပ်က ၀ုန်းခနဲ ပိတ်သွားသည်။

တစ်ဝက်သာ ပွင့်နေသော ပြတင်းပေါက်မှတစ်ဆင့် လောကကြီးကို တစ်ဝက်တစ်ပျက်သာ ရှုမြင်နိုင်မည်ဟု နာကျင်စွာတွေးတောမိရင်း သူအသံထွက်ပြီး ရယ်မောမိလေသည်။


*******************

စိုးသူရ
(မြင်ကွင်းမဂ္ဂဇင်း၊ ဇွန်လ၊ ၂၀၀၇)

No comments: