၁၉၉၃ ခုနှစ်မှာ ဂျာမဏီမှ ပေါ်ထွက်လာတဲ့ သွေးသွင်းမှုနဲ့ HIV ပိုး ကိစ္စကတော့ ဝမ်းနည်းဖွယ်၊ ရှက်ဖွယ်၊ စက်ဆုပ်ဖွယ်ကောင်းတဲ့ အရေးအခင်းပဲ၊ သွေးနှင့် သွေးပစ္စည်းထုတ်တဲ့ ကုမ္ပဏီ တစ်ခုက HIV ပိုးကို မစစ်ဘဲ ထုတ်လုပ် ဖြန့်ဝေခဲ့တယ်။ ဒါဟာ HIV ပိုးကြောင့် AIDS ဖြစ်ကြောင်း အတိအလင်းသိပြီး သွေးသွင်းဖို့အတွက် လိုတဲ့ သွေးထုတ်ခင် HIV ပိုး ရှိမရှိ စစ်ကို စစ်ရမယ်ဆိုတဲ့ စည်းကမ်း ဥပဒေ သတ်မှတ်ပြီး နောက်မှ ဖြစ်တယ်။ သိပါလျက် ဒီလောက်ဆိုးဝါးတဲ့ သေမင်းလက်နက်ကို ကမ္ဘာအရပ်ရပ် အရောက်ပို့ပေးနေတာတော့ အမင်္ဂလာ မဟာ လူသတ်မှုကြီးကို ကျူးလွန်တာပဲလို့ ဆိုရမှာပဲ။ အပြစ်ကင်းတဲ့ လူတွေ (ကလေးငယ်တွေ အပါအဝင်) ကို ရက်စက်စွာ သွေးအေးအေးနဲ့ သတ်ပစ်နေတာကတော့ လူမဆန်လွန်းလို့ တစ်ကမ္ဘာလုံးက တအံ့တသြ ဖြစ်နေကြရတယ်။ ဒီပြုမှုချက်ရဲ့ ပင်မရင်းခံကတော့ ဝိသမလောဘပဲပေါ့။
သွေးနဲ့ သွေးပစ္စည်းသွင်းမှုကြောင့် AIDS ရောဂါ ရလာသူဟာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ဘယ်လောက်ရှိမလဲဆိုတဲ့ အဖြေမှန်ကိုတော့ ၁၉၉၂-၁၉၉၅ လောက်မှ သိရမယ်။ ဒါတောင် မှတ်တမ်းတွေ ကောင်းကောင်းထားနိုင်မှ သိမှာ၊ ပြဿနာကတော့ မသေးတာ အမှန်ပါပဲ။ ၁၉၈၁ ခုနှစ်မှာ CDC (စီဒီစီ) ကနေ AIDS ဟာ မူးယစ်ဆေးဝါး ထိုးသူတွေမှာ ရနိုင်တယ်ဆိုတာ သိပြီးနောက် ဒီကူးစက်နည်းဟာ AIDS ပြန့်ပွားရေးမှာ အခရာ ဖြစ်တယ် ဆိုတာကို တစ်နေ့တခြား ပိုပြီး ထင်ရှားလာပါတယ်။
အခုလက်ရှိ အခြေအနေမှာဆိုရင် ဥရောပတိုက်နဲ့ အမေရိကန်မှာ ဒီကူးစက်နည်းဟာ အဓိကကျတဲ့ ကူးစက်နည်းပဲလို့ ဆိုကြတယ်။ အာရှမှာလည်း ဒီလိုဖြစ်မှာပဲလို့ ယူဆရတယ်။ အမေရိကန် မှာဆိုရင် AIDS ဝေဒနာရှင်ပေါင်း အားလုံးရဲ့ ၂၅% ဟာ မူးယစ်ဆေး ထိုးစွဲသူများ ဖြစ်တယ်။ ဒီမူးယစ်ဆေး ထိုးစွဲနေသူတွေကို လေ့လာကြည့်လို့ တွေ့ရတာက ဒီလူအများစုဟာ လူငယ်တွေ ဖြစ်ကြတယ်။ ဒါကြောင့် လူငယ်အချင်းချင်း ကူးစက်စေတယ်။ သူတို့တတွေက မွေးထုတ်လိုက်တဲ့ ကလေးတွေကိုလည်း ကူးစက်ပြန်တယ်။
အမေရိကန်မှာဆိုရင် ဆေးစွဲသူ ၃၀% ဟာ အမျိုးသမီးတွေ ဖြစ်ပြီး ကလေးမွေးနိုင်တဲ့ အရွယ် လူရွယ်တွေ ဖြစ်တယ်။ ဒီတော့ ကလေးတွေမှာ ဖြစ်တဲ့ AIDS ဟာ သူတို့ ဆီကရတာ တော်တော်များများ ဖြစ်မယ်။ ဒီပြင် မိန်းမဆွေးစွဲသူတွေထဲက ၃၀-၅၀ % ဟာ ပြည့်တန်ဆာ အလုပ် လုပ်နေကြ သူတွေဆိုတော့ သူတို့ကနေ လူအများကြီးကို ထပ်ဆင့်ရောဂါ ပေးနိုင် ပြန်တယ်။ ဒါကြောင့် မူးယစ် ဆေးဝါးထိုးသူတွေဟာ "AIDS ရောဂါပိုးကို ကိုယ်တွင်းပွားပြီး ထားတဲ့ အကြီးဆုံးသော သိုလှောင်ကန်/ဂိုဒေါင်ကြီး" ဖြစ်တယ်လို့ ဆိုရမယ်။
မူးယစ်ဆေးထိုးသူ အချင်းချင်းကိုလည်း ကူးစေနိုင်တယ်။ ဒါကတော့ ဆေးထိုးအပ်ကို အတူတူ သုံးကြလို့ ဖြစ်တာ။ အပ်မှာ ဗိုင်းရပ်စ်ပိုးတွေ တွယ်ကပ်နေတော့ ဒီအပ်ကို သုံးသူတိုင်းဟာ ရောဂါရနိုင်စရာကြောင်း ရှိတယ်။ အထူးသဖြင့် အကြိမ်ကြိမ် အခါခါ ဒီလိုသုံးမယ်ဆိုရင် ကိုယ်တွင်း ဝင်လာတဲ့ ဗိုင်းရပ်စ် အရေအတွက်ဟာ များသည်ထက်များလာမှာမို့ ရောဂါရနိုင်စရာ ပိုရှိတယ်။
ဒီလိုနည်းတွေနဲ့ AIDS ရောဂါပိုးဟာ ကူးစက်ပြန့်ပွားနေတယ်ဆိုတော့ AIDS ဟာ ကမ္ဘာကို အချိန်တိုကာလအတွင်းမှာ ပတ်မိသွားတယ်ဆိုတာ မဆန်းလှပါဘူး။ နောက်ပြီး ကူးစက်ပုံနည်းဟာ တစ်နည်းထဲ မဟုတ်ဘဲ တစ်နည်းနဲ့ တစ်နည်း ဆက်နွယ်ပြီးလည်း ကူးစက်နိုင်တယ်ဆိုတော့ ကူးစက်မှု ပိုတွင်ကျယ်သွားတာလည်း ရှိသေးတယ်။ ဒီလို ပြန့်နိုင်တဲ့ အကြောင်းတွေကို မသိရင် (သို့) ဖုံးထားရင် အခြေအနေက ပိုဆိုးမှာပဲ။ ရုရှပြည် Black Sea (ပင်လယ်နက်) နဲ့ Caspian Sea (ကက်(စ) ပီယံပင်လယ်) ကြားရှိ elista (အိလစ်(စ)တာ) မြို့ကလေးမှာ ဖြစ်တာ တစ်ခုကတော့ စိုးရိမ်ဖွယ်၊ စိတ်ပျက်ဖွယ်လည်း ဖြစ်တယ်။
ကြောက်စရာလည်း ကောင်းတယ်။ သင်ခန်းစာလည်း ယူထိုက်တယ်။ AIDS ဗိုင်းရပ်စ်ပိုး ကိုယ်တွင်းဝင်ပြီး ဖြစ်နေသူ တစ်ဦးကနေပြီး သူ့ဇနီးကို ကူးစက်သွားတယ်။ သူတို့ရဲ့ ကလေးကလည်း ဒီရောဂါပိုးကို ရသွားတယ်။ ကလေးက နေမကောင်း ဖြစ်လာတော့ ဆေးရုံတက်ရတယ်။ ဆေးရုံမှာ သုံးပြီးအပ်တွေနဲ့ အခြားကိရိယာတွေကို ပြန်သုံးကြတယ်။ ပိုးသန့်စင်အောင် ကောင်းကောင်း မလုပ်နိုင်ကြဘူး။ (မြန်မာပြည်မှာလည်း ဒီလိုပဲ အပ်တွေ သေသေချာချာ ဗိုင်းရပ်စ်ပိုး စင်တဲ့အထိ မပြုတ်နိုင်ဘဲ ပြန်သုံးနေကြတယ်) ဒီလိုဆိုတော့ ကလေးလူနာရုံထဲရှိ အခြားကလေးတွေ ကူးစက်သွားလိုက်တာ အနီးပတ်ဝန်းကျင်ရှိ မြို့တော်တော် များများမှာ နေတဲ့ လူနာပေါင်း ၅၀ ကျော်ကို ကူးစက်ခဲ့တယ်။ ဒီတော့ ဒီနည်းတွေနဲ့ ကူးစက်နိုင်တယ် ဆိုတာ လူတိုင်းသိထားဖို့ လိုနေပြီ။
ဘရာဇီးမှာဆိုရင် မူးယစ်ဆေးထိုးလို့ AIDS ရသူတွေဟာ တစ်နှစ်အတွင်းမှာ ၃ % ကနေ ၁၃ % အထိ တက်သွားတယ်။ Riode Janeiro (ရီအိုဒီဂျနေရိုး) နဲ့ Sao Paulo (စောပေါလို) မြို့မှာ ၁၆ % ရှိတယ်။ ရီအိုမြို့မှာဆိုရင် အိမ်အတည်တကျ မရှိလို့ လမ်းမှာနေတဲ့ ကလေး (Street children) တွေထဲမှာ AIDS ရောဂါပိုးနဲ့ AIDS ရောဂါရှင် အားလုံးရဲ့ ၆၀% ဟာ မူးယစ်ဆေးထိုးသူတွေ ဖြစ်ကြတယ်။ ဒီတော့ မူးယစ်ဆေး ထိုးမှုနဲ့ AIDS ဆက်နွယ်နေပုံဟာ ဘယ်လောက် ခရီးရောက်ပြီး အန္တရာယ် ကြီးထွားမှုကို အားပေးနေတယ်ဆိုတာ သိနိုင်ပါတယ်။
AIDS ဟာ ဒီလိုပဲ အဲဒီအချိန်က လူတွေသိတဲ့ နည်းနဲ့ရော၊ မသိတဲ့ နည်းနဲ့ပါ ကူးစက်ပြန့်ပွားလာလိုက်တာ ကမ္ဘာကို သိပ်မကြာခင် အတွင်းမှာပဲ ပတ်မိသွားတော့တာပဲ။ ပထမ မှာတော့ ဘယ်အတိုင်းအတာအထိ ပြန့်သွားပြီ ဆိုတာကို ပြောဖို့ရာ အင်မတန်မှ ခက်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အဲဒီအချိန်မှာ ဆေးပညာရှင်တွေနဲ့ ကျန်းမာရေး ဝန်ထမ်းများက ရောဂါအကြောင်းကို ပြည့်စုံအောင် မသိကြသေးဘူး။ အချို့ နိုင်ငံတွေကလည်း သူတို့ဆီမှာ AIDS ဖြစ်နေပြီ ဆိုတာကို တရားဝင် ကြေညာဖို့ရာကို ရွံ့နေကြတယ်။ တရားဝင် ကြေညာခဲ့တဲ့ AIDS ရောဂါသည် စုစုပေါင်း ဂဏန်းနံပါတ်ကတော့ အစစ်တကယ် ရှိနေတာထက် နည်းနေတယ်လို့ ယူဆရတယ်။
ကမ္ဘ့ကျန်းမာရေး အဖွဲ့ရဲ့ အဆိုအရ ၁၉၈၇ ခုနှစ်မှာ ကမ္ဘာရှိ AIDS ရောဂါသည်များရဲ့ စာရင်းဟာ အစစ်အမှန်ရဲ့ ၅၀ % လောက်သာ မှတ်တမ်းတင်ပြိး ရှိတယ်။ အချို့ တိုင်းပြည်တွေက သူတွေဆီမှာ AIDS လုံးဝ မရှိလို့ ပြောခဲ့တယ်။ ဒါပေမယ့် ၁၉၈၈ ခုနှစ်မှာတော့ အရင်က “မရှိ” လို့ ပြောခဲ့တဲ့ တိုင်းပြည်တော်တော်များများက ရှိနေပြီလို့ ဝန်ခံလာကြတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာတော့ ကျန်းမာရေး သတင်းပို့မှု စနစ်နဲ့ ယန္တရားဟာ သိပ်ပြီး မပြည့်စုံသေးတဲ့ အခြေမှာ ဆိုတော့ AIDS ရောဂါသည် အများစုဟာ မှတ်တမ်းတင်ခြင်း မခံရပဲ ရှိနေမှာလို့ ယူဆကြတယ်။
ကျန်းမာရေး သတင်း ပေးပို့မှု ကောင်းတဲ့ အမေရိကန်မှာတောင် ကမ္ဘာကျန်းမာရေး အဖွဲ့က ချမှတ်ထားတဲ့ AIDS ရောဂါ သတ်မှတ်ချက်များနဲ့ ကိုက်ညီတဲ့ ရောဂါသည်တွေထဲက ၉၀ % ရာနှုန်းပြည့် မဟုတ်) သာ တိုင်းကြား မှတ်တမ်းတင်ခဲ့ကြတာကို တွေ့ရတယ်။ ဥရောပမှာ တော့ ၅၀ % ဟာ သတင်းပို့ တိုင်းကြားခြင်း မလုပ်ပဲ နေတာ ရှိတယ်လို့ ဆိုကြတယ်။ အချို့ တိုင်းပြည်တွေမှာတော့ သေစာရင်း ရေးပေးသူ ဆရာဝန်က AIDS ရောဂါအစား “ အဆုတ်ရောင်” “ကင်ဆာ” လို့သာ မှတ်တမ်းမှာ ရေးပေးလိုက်တယ်။
အရင်းခံရောဂါဖြစ်တဲ့ AIDS ကိုတော့ မဖော်ထုတ်တော့ဘူး။ အကြောင်းကောတ့ လူနာနဲ့ လူနာ မိသားစုကို မကောင်းသတင်း ကျော်ကြားမှုကို မပေးစေလိုတဲ့ သဘောပါပဲ။ ယခုအထိ AIDS ကြောင့် လူတွေ ဘယ်ရွေ့ဘယ်မျှ သေခဲ့ပြီ ဆိုတာကို အတိအကျ မပြောနိုင်ပါဘူး။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ ခန့်မှန်းချက်အရ ၁၉၈၇ ဆုံးလောက်မှာ AIDS ကြောင့် သေခဲ့တဲ့ သူတွေဟာ ၁၅၀၀၀၀ လောက် ရှိပြီလို့ ဆိုခဲ့တယ်။ ၁၉၈၈ ခုနှစ်အတွင်းမှာ နောက်ထပ် လူပေါင်း ၁၅၀၀၀၀ ဟာ AIDS ရောဂါ ဖြစ်ကြမှာတဲ့။
အမေရိကန်မှာ ၁၉၈၈ အထိ လူပေါင်း ၆၅၀၀၀ AIDS ကြောင့် သေဆုံးခဲ့ပြီး ဖြစ်တယ်လို့ စာရင်းအင်းအရ သိရတယ်။ တကယ့် ကိန်းဂဏန်းထက် ၁၀ % လောက် လျော့တန်ရာ ရှိတယ်လို့ သက်ဆိုရာ တွေက မှတ်ချက်ချထားကြတယ်။ AIDS ကပ်ရောဂါဟာ ကမ္ဘာမှာ အခုမှ အစပျိုးရုံ ရှိပါသေးတယ်။ တကယ် သေကြရမယ့် လူတွေရဲ့ စစ်မှန်တဲ့ အရေအတွက်ကတော့ နောက် နှစ်တော်တော်ကြာမှ သိရမှာ ဖြစ်တယ်။ ဆတက်ထမ်းပိုး ဆိုးမှာကတော့ သေချာပါတယ်။ အခုအချိန် AIDS ရောဂါပိုး ကိုယ်တွင်းရောက်ပြီးသား ဖြစ်ပေမယ့် ရောဂါလက္ခဏာတွေ မပေါ်ပေါက်သေးတဲ့ လူနာတွေက အဲဒီ အခါကျမှ တကယ် နာမကျန်း ဖြစ်လာပြီး သေကြမှာ ဖြစ်တယ်။
ဒီတော့ AIDS ရောဂါ ပွားနှုန်းအရှိန်ကို ခြုံငုံပြီး အချိန်စဉ်လိုက် စီပြီး ကြည့်ရှု တွေ့ရတာကတော့ -
၁၉၈၁ - ခုနှစ်ဆုံးမှာ အမေရိကန်ရှိ Centre for Disease Control (CDC) မှ ကြေညာချက်အရ အမေရိကန်မှာ AIDS ရောဂါ လူနာ ၁၈၀ ရှိတယ်။ ၆ လ အကြာမှာ ၄၉၃ ဖြစ်ပြီး ပြည်နယ် ၅၀ အနက် ၂၄ ပြည်နယ်မှာ ရောဂါ ရှိနေပြီး။ အဲဒီအချိန်မှာပဲ ဥရောပမှာ ၂၀၀ ရှိပြီး အဲဒီအထဲက ၄၂ ဦးကတော့ အာဖရိကမှ နေသူတွေဖြစ်ပြီး ဥရောပမှာ ဆေးလာကုကြသူတွေ ဖြစ်တယ်။
၁၉၈၂ - ကမ္ဘာ ကျန်းမာရေး အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ၁၆၆၈ ဦး ရှိပြိး ၁၆ နိုင်ငံက သတင်းပို့တာ ဖြစ်တယ်။ အဲဒီ အထဲက ၃ နိုင်ငံသာ ဥရောပနဲ့ အမေရိကတိုက် အပြင်ဘက်က ဖြစ်တယ်။ ( တော်အာဖရိက၊ အစ္စရေးနဲ့ သြစတြေးလျ)
၁၉၈၃ - မှာတော့ ကမ္ဘာပေါ်မှ AIDS ရောဂါသည် စုစုပေါင်းဟာ အရင်နှစ်ကထက် ၃ ဆတက်သွားပြီး (၅၀၉၆) ဦး အဲဒီ အထဲမှာ အာဖရိကနိုင်ငံ တော်တော်များများမှာ AIDS ရှိနေပြီ ဖြစ်ပေမယ့် Rwanda နိုင်ငံတစ်ခုတည်းကသာ မှတ်တမ်းထားပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကို သတင်းပို့ခဲ့တယ်။
၁၉၈၄ - မှာတော့ အာဖရိကက တတိယ မြောက်နိုင်ငံနဲ့ အာရှက ဒုတိယမြောက်နိုင်ငံ (ထိုင်း) က AIDS ရှိကြောင်း မှတ်တမ်းတင် သတင်းပို့ခဲ့တယ်။
၁၉၈၅ - နောက်ထပ်တစ်ခါ ရောဂါ ၂ ဆ တိုးပြန်တယ်။ (၂၄၅၉၁ ဦး) ဒီနှစ်မှာတော့ အမေရကတိုက်ရှိ နိုင်ငံပေါင်း ၃၃၊ ဥရောပ ၂၀၊ အာဖရိက ၆ နိုင်ငံနဲ့ အာရှ/အိုရှံနီးယား (ပစိဖိတ် သမုဒ္ဒရာရှိ ကျွန်းစုနဲ့ ကျွန်းငယ်ကလေးများ) ၆ နိုင်ငံမှ AIDS မှတ်တမ်းတင်လို့ ရခဲ့ပြီ။
၁၉၈၆ - မှာ တတိယ အကြိမ် ရောဂါနှစ်ဆတက်သွားတယ်။ (စုစုပေါင်း ၄၅၉၆၆ ဦး) ဖြစ်တဲ့ နိုင်ငံ စုစုပေါင်း ၁၀၂ နိုင်ငံ)
၁၉၈၇ - နှစ်ဆုံးမှာ စုစုပေါင်း ၇၃၇၄၇ ဦးနဲ့ နိုင်ငံ စုစုပေါင်း ၁၂၉ နိုင်ငံ။
၁၉၈၈ - ဇွန်လအထိ ၁၀၀၄၅၀ ဦး ရှိနေပြီ၊ ၁၉၈၉-၉၀ ဟာ AIDS ရောဂါ သတ်တမ်း ၁၀ နှစ်ပြည့်တဲ့ ကာလ ဖြစ်တယ်။ AIDS အခြေအနေ ဘယ်လိုရှိနေသလဲ ဆိုတာ သုံးသပ်ကြည့်လိုက်တော့ ၁၉၈၉ ဇွန်လမှာ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကို တရားဝင် သတင်းပို့လို့ သိရတဲ့ လူနာပေါင်း ၁၅၇၁၉၁ ယောက်နဲ့ နိုင်ငံပေါင်း ၁၄၉ နိုင်ငံ ( အဲဒီ အထဲမှာ မြန်မာ ပါလာပြီ) ဖြစ်တယ်။
အပြည်ပြည် ဆိုင်ရာ ရှုထောင့်ကနေပြီး AIDS ရောဂါ ကူးစက်မှုကို သုံးသပ်မယ်ဆိုရင် ၁၉၈၉-၉၀ မှာ AIDS ဟာ ကမ္ဘာပေါ်မှာ ဘယ်နေရာမှ မကျန် ထောင့်စုံရောက်နေပါပြီ။ အစက အာဖရိက၊ အမေရိကနဲ့ အနောက် ဥရောပမှာ “ခဲ” ပြီး နေတာတွေ့ရတယ်။ အာရှမှာ သိပ်မရှိဘူး။ အခုဆိုရင်တော့ AIDS ဟာ အာရှတိုက်မှာ ခြေကုတ်ကောင်းကောင်း ရသွားပြီ။ ၁၉၉၀-၉၃ ခုနှစ်တွေအတွက် ပြောရရင်တော့ ခြေကုတ်ရရုံ မကတော့ဘဲ တစ်မုဟုတ်ချင်း ပွားလာလိုက်တာ အာဖရိကတိုက်ကို အမီလိုက်နေသလို ဖြစ်နေပါပြီ။
အထူးသဖြင့် ထိုင်း-မြန်မာ နယ်စပ်၊ မြာမာနဲ့ ရွှေတြိဂံ နယ်စပ် နေရာမှာဆိုရင် အတားအဆီး မရှိ တိုးနေတယ်လို့ ခန့်မှန်းရတယ်။ ကွင်းဆင်း စာရင်းကောက်မှုကို တိကျစွာ မလုပ်နိုင်သေးလို့သာ တိကျကိန်းဂဏန်းကို မပြောနိုင်တာ။ အဲဒီနေရာတွေကလည်း မူးယစ်ဆေးဝါး (နံပါတ်ဖိုး) ရလွယ်တဲ့ နေရာဆိုတော့ ထပ်ဆင့် ပြန်ပွားမှုတွင် ဘယ်လောက်တာသွားမယ်ဆိုတာ လွယ်လွယ်ပဲ စဉ်းစားလို့ ရပါတယ်။ မြန်မာမှာဆိုရင် ရှိဆဲနဲ့ ပွားနှုန်းကို ထည့်တွက်ပြီး ရတဲ့ ခန့်မှန်း ဂဏန်းကတော့ သက္ကရာဇ် ၂၀၀၀ မှာ မြန်မာရှိ HIV ပိုး ရှိနေသူဟာ အမေရိကန်နှင့် ထပ်တူထပ်မျှလောက် ရှိမှာတဲ့။
တောင်အမေရကနဲ့ ကရိဘီယံ (Caribbean) ကျွန်းစုတွေမှာ ဆိုရင်တော့ ကူးစက်မြန်နှုန်းမျိုးနဲ့ ဖြစ်နေလို့ အခြေအနေ တကယ်ဆိုးနေပြီ။ မြောက် အမေရက၊ အနောက်ဥရောပနဲ့ သြတတြေးလျ နီးနီး ဆိုးတာပဲလို့ ပြောကြတယ်။ တချို့နေရာမှာ ဆိုရင် ဒီတိုင်းပြည်တွေထက် ပိုဆိုးတယ်တဲ့။ ဒီတော့ AIDS ရောဂါဟာ တစ်ကမ္ဘာလုံးနဲ့ ဆိုင်တဲ့ ကမ္ဘာ့ကပ်ရောဂါကြီး ဖြစ်သွားပြီ။
ဒီလို AIDS ပြန့်ပွားမှု ပြဿနာကြီးကို အချိန်လိုက် ပိုင်းပြီး သုံးသပ်ရင် မြင်နိုင်တာကတော့ ဒီ “ကူးစက်ပြန့်ပွားမှု” ကြီးကို အချိန် ကာလအလိုက် ၃ ပိုင်း ပိုင်းလို့ရတယ်။ ဒီအပိုင်းတွေကလည်း သမုဒ္ဒရာက ဒီရေလှိုင်းကြီးလို တစ်လှိုင်းပြီး တစ်လှိုင်း ဆက်တိုက်လာခံတယ်။ ပထမ ဦးဆုံးကလကတော့ AIDS ဗိုင်းရပ်စ်ပိုးဟာ လတွေထဲမှာ တရိပ်ရိပ် ပွားများ ကူးစက်ခဲ့တဲ့ ကာလအပိုင်း ဖြစ်တယ်။ လူတွေမှာ ဘာမှ လက္ခဏာ မရှိလို့ မသိခဲ့ ကြဘူး။ ရောဂါရဲ့ ပြတ်သား ထင်ရှားတဲ့ လက္ခဏာတွေဟာ ပိုးကိုယ်တွင်းရောက်ပြီး ၅ နှစ်နဲ့ ၁၀ နှစ်အတွင်းမှ သိသာလာတာ။
ဒီ ၅-၁၀ နှစ်အတွင်း မှာတော့ ပိုးဝင်ပြီး ဖြစ်ပေမယ့် အပြင်ပန်းအားဖြင့်တော့ လူကောင်းလိုပဲ နေကြမှာ ဖြစ်တယ်။ ဒါပေမယ့် ဒီလူတွေကို “တိုင်းဗုံး” (time bomb) လို့ ယူဆရမှာပါ။ သူတို့ကိုယ်တိုင် အချိန်တန်ရင် AIDS ရောဂါဖြစ်ပြီး သေကြရမယ်။ မသေခင်အတွင်းမှာ သူတို့ကနေ တစ်ပါးသူတွေကို ကူးစက်ပြန့်ပွားနိုင်တယ်။ ဒါကြောင့် ကမ္ဘာမှာ AIDS အခြေအနေ ဘယ်လိုရှိသလဲလို့ ခန့်မှန်းချင်ရင် ရောဂါတကယ် ဖြစ်နေသူတွေပါမက AIDS ပိုး ဝင်ပြီးသူ အရေအတွက်ကိုလည်း ထည့်ပြီး စဉ်းစားဖို့ လိုလိမ့်မယ်။
ကိန်းဂဏန်းအရ ပြောရမယ်ဆိုရင် (အထက်မှာလည်း တင်ပြပြီးတဲ့ အတိုင်း) AIDS ရောဂါရှိသူရော ပိုးဝင်ပြီး ဖြစ်နေသူရော ပေါင်းလိုက်ရင် ကမ္ဘာမှာ ၁၉၈၀-၁၉၈၅ ခုအတွင်းမှာ ၇၀၀၀၀ (ခုနှစ်သောင်း) ရှိတယ်။ ၁၉၈၆-၁၉၈၈ မှာ ၃၀၀၀၀၀ (သုံးသိန်း) ရှိတယ်။ ၁၉၈၉-၁၉၉၁ အတွင်းမှာတော့ ၇ သိန်း အထိ တက်သွားမယ်လို့ တွက်ချက်လို့ ရတယ်။ ၁၉၉၁ အဆုံးမှာတော့ ၁.၁ သန်း ရှိမယ်တဲ့၊ ၁၉၉၃ အဆုံးမှာ ၁၃ သန်း ရှိတယ်။
ဒုတိယ ကာလလှိုင်းကတော့ AIDS ရောဂါ ပွင့်ပွင့်လင်းလင်း ဖြစ်လာတဲ့ အပိုင်းပဲ။ ဒါကတော့ ဒုတိယ အဆင့်အနေနဲ့ ၁၉၈၂ လောက်က စပြီး AIDS ရောဂါလို့ မယ်မယ်ရရ သိလာကြပြီး ရောဂါ ကူးစက်မှုကြီးဟာ အရှိန်အဟုန်နဲ့ ပြန့်ပွားတဲ့ ဖြစ်ရပ်ပဲ။
တတိယ “ကူးစက်မှုလှိုင်း” ကတော့ နည်းနည်း ကျယ်ဝန်းတဲ့ ကိစ္စပါ။ လူတေါ ရုတ်တရက် စဉ်းစားမိကြမှာ မဟုတ်တဲ့ ကိစ္စပါ။ အဓိကအားဖြင့် AIDS အပေါ် လူအဖွဲ့ အစည်းနဲ့ ကမ္ဘာရှိ တိုင်းပြည်တွေမြင်ပုံ အမျိုးမျိုးကြောင့် ဖြစ်ပေါ်ခဲ့တာပါ။ ရောဂါ သက်သက်နဲ့ ဆိုင်တဲ့ ကိစ္စချည်း မဟုတ်တော့ပဲ လူမှုရေး၊ လူမှု ဆက်ဆံရေး ဘက်ကိုပါ ရောက်သွားခဲ့တယ်။ ဒီဖြစ်ရပ် အရင်းခံ အကြောင်းကတော့ မသိနား မလည်မှုမှ ဖြစ်ပေါ်လာတဲ့ ကြောက်ခြင်း တရားပါပဲ။ အရင် သမိုင်းဝင် ကပ်ရောဂါတွေမှာလည်း ဒီကြောက်ခြင်း တရား လူတွေအပေါ် ဘယ်လို လွှမ်းမိုးခဲ့တယ်ဆိုတာ မြင်ခဲ့ပြီးပါပြီ။ အခု AIDS မှာလည်း ဒီလိုပါပဲ။
AIDS နဲ့ ပတ်သက်ပြီး အတည်မပြုရသေးတဲ့ သတင်းတွေ၊ အခြေအမြစ် မရှိတဲ့ ကောလာဟလတွေကြောင့် မဆင်မခြင် ကြောက်ကြပြီး တွေးခေါ် သုံးသပ်မှုတွေမှာ အမြင်မမှန်တော့ပဲ အလွန်အကျွံတွေ ဖြစ်ခဲ့ကြတယ်။ ဥပမာဆိုရင် AIDS ရောဂါပိုးရှိတဲ့ လူကို ထိမိရုံနဲ့ ရောဂါကူးတယ်လို့ ယူဆနေကြတယ်။ ဒီလို ခံယူချက် ရှိမရှိ မေးမြန်းလေ့လာကြည့်တဲ့အခါမှာ မေးမြန်းခံရသူအနက် ၁၀% မှ ၃၀% တို့ဟာ လက်ဆွဲနှုတ်ဆက်ရုံ၊ ဘတ်(စ)ကား အတူတူစီးရုံ၊ အလုပ်အတူတူ လုပ်ရုံနဲ့ AIDS ရောဂါ ကူးစက်နိုင်တယ်လို့ ယုံကြည်ကြတယ်။
ဒီတော့ မဖွယ်မရာတွေ ပြုမူကုန်ကြတယ်၊ ဖြစ်လာကြတယ်။ လူတွေဟာ AIDS ရောဂါရှင်တွေ အပေါ် ညှာတာစိတ်ကင်းမဲ့စွာ ဆက်ဆံကြတယ်။ ဒါကြောင့် ရောဂါရှင်တွေဟာ ရောဂါဆိုးကြီးရဲ့ ဖိစီးမှုဒဏ်ကို ခံရတဲ့အပြင် လူ့အခွင့်အရေးနဲ့ လူ့သိက္ခာပါ ဆုံးရှုံးခဲ့ကြရတယ်။ အလုပ်အကိုင်အရေး၊ ပညာသင်ကြားရေး၊ အိမ်ငှားမှုကိစ္စများ ခရီးသွားလာရေးတို့မှာပါ ထိခိုက်ခဲ့တယ်။ လူ့လောကမှာ နေစရာမရှိလောက်အောင်ပါပဲ။ ကြေကွဲစရာ ဖြစ်ရပ်ကလေး တစ်ခုကတော့ သြစတြေးလျမှာ ဖြစ်ခဲ့တယ်။
ကလေးငယ်မလေး တစ်ယောက်ဟာ ၈ နှစ်အရွယ်မှာ AIDS ရောဂါ ဖြစ်ခဲ့တယ်။ ဒီလို AIDS ရောဂါ ဖြစ်တယ်ဆိုတာ သိရတာနဲ့ ဒုက္ခအမျိုးမျိုး စတော့တာပဲ။ သူက သွားနိုင် လာနိုင်ပါ။ ဒါပေမယ့် သူ့ကို ကျောင်းက လက်မခံတော့ဘူး။ အတန်းထဲက ကလေးတွေကလည်း ဆေးဖော်ကြောဘက် မလုပ်ဘူး၊ စကားမပြောဘူး၊ အထိမခံဘူး၊ လုံးဝ ပယ်ထားလိုက်ကြတယ်။ နောက်ဆုံး ကျောင်းမတက်ရဘူးလို့ ကျောင်းအာဏာပိုင်တွေက တားမြစ်လိုက်တယ်။ မိဘနဲ့ မိသားစု အားလုံးကလည်း အိမ်နီးနားချင်းနဲ့ ပတ်ဝန်းကျင်က ပယ်ကြတယ်။
ကလေးနဲ့ မိသားစုပါ အလွန်တရာမှ စိတ်ဆင်းရဲ၊ လူဆင်းရဲ ဖြစ်ကြပြီး အဲဒီနေရာမှာ မနေနိုင်တဲ့အထိ ဖြစ်သွားတယ်။ ဒါနဲ့ နယူးဇီလန်ပြည်ကို ပြောင်းသွားပြီး၊ မြို့ကလေးတစ်မြို့ရဲ့ တောပိုင်းမှာ သွားနေကြတယ်။ ၁၉၈၉ မှာဆိုရင် အဲဒီနေရာမှာ နေတာ တစ်နှစ်ကျော် ရှိသွားပြီ ကလေးကတော့ အခြေအနေကောင်းနေဆဲပဲ လှုပ်ရှားသွားလာနိုင်ရုံ မကသေးဘဲ မြင်းတောင် စီးနေနိုင်တယ်။ ဒါပေမယ့် ၁၉၉၃ ခုထဲမှာ ဆုံးသွားရှာတယ်။ AIDS ကြောင့် သူ့ခမျာမှာ လူမသေခင်က ဘဝဆုံးသလို ဖြစ်နေပြီး မိဘတွေမှာလည်း အခြေပျက်ပြီး စီးပွားရေး၊ လူမှုရေးနဲ့ စိတ်ဓာတ်ပါ ဆုံးရှုံးမှုတွေ အပြည့်နဲ့ ဖြစ်သွားရတယ်။ ဒါဟာ တရားမဲ့စွာ မမှန်မကန်ဘဲ လူ့အခွင့်အရေးကို ဆုံးစေခဲ့တဲ့ အပြင် ရောဂါတိုက်ဖျက်ရေးမှာလည်း အကြီးအကျယ် အနှောင့်အယှက် ဖြစ်တယ်။
ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။
No comments:
Post a Comment