Thursday, November 7, 2013

HIV နှင့် နေထိုင်သူ၏ ၂၅၅ မြို့ တကိုယ်တော် စက်ဘီးခရီး တနှစ်ခန့် ကြာမည်


ကုလသမဂ္ဂ HIV/AIDS ပပျောက်ရေး ညီလာခံ တက်ရန် ဒေါ်အောင်ဆန်းစုကြည် သြစတြေးလျ သွားမည်
ကုလသမဂ္ဂ၏ HIV/AIDS ဝေဒနာ ခံစားနေရသူများ ခွဲခြား ဆက်ဆံမှု ပပျောက်ရေး ကိုယ်စားလှယ်လည်း ဖြစ်သူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကုလသမဂ္ဂ HIV/AIDS ပပျောက်ရေး ညီလာခံ တက်ရောက်ရန် သြစတြေးလျ နိုင်ငံသို့ နိုဝင်ဘာလ အတွင်း သွားရောက်မည် ဖြစ်ကြောင်း NLD ပါတီထံမှ သိရှိရသည်။

အဆိုပါ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံမည် ဖြစ်ပြီး ဆစ်ဒနီမြို့တွင် ကျင်းပမည့် ကုလသမဂ္ဂ HIV/AIDS ညီလာခံသို့ တက်ရောက်မည် ဖြစ်ကြောင်း အဆိုပါ ပါတီထံမှ သိရသည်။

ယင်း ခရီးစဉ်ကို နိုဝင်ဘာ ၂၇ ရက် နေ့တွင် စတင်မည် ဖြစ်ပြီး ကင်ဘာရာ၊ မဲလ်ဘုန်းနှင့် ဆစ်ဒနီမြို့ တို့သို့ သွားရောက်မည် ဖြစ်ကြောင်း၊ ဒီဇင်ဘာလ ၂ ရက်နေ့တွင် မြန်မာနိုင်ငံ ပြန်လည် ရောက်ရှိမည် ဖြစ်ကြောင်း NLD ပါတီက ထုတ်ပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ ခုနှစ်တွင် ကုလသမဂ္ဂ၏ HIV/AIDS ဝေဒနာ ခံစားနေရ သူများ ခွဲခြား ဆက်ဆံမှု ပပျောက်ရေး ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၀ ပြည့်နှစ်တွင် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ပြီး ပထမဆုံး ဥရောပ ခရီးစဉ်အဖြစ် ၂၀၁၂ ခုနှစ်တွင် ဗြိတိန်နိုင်ငံ အပါအဝင် ဥရောပ ငါးနိုင်ငံသို့ သွားရောက် ခဲ့သည်။
ယင်းနောက် ၂၀၁၃ ခုနှစ်အတွင်း ဂျပန်၊ ကိုရီးယား၊ မွန်ဂိုလီးယားနှင့် ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်အတွင်း ဥရောပနိုင်ငံ သုံးနိုင်ငံနှင့် စင်ကာပူနိုင်ငံသို့ သွားရောက် ခဲ့သည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည် သည် အောက်တိုဘာလ အတွင်း အီတလီ၊ ပြင်သစ်၊ ဗြိတိန်၊ လူဇင်ဘတ်နှင့် ဘယ်လ်ဂျီယံနိုင်ငံ တို့သို့ ၁၆ ရက်ကြာ သွားရောက် ခဲ့သည်။

ရန်ကုန်၊ နိုဝင်ဘာ ၅
The Voice Weekly - ကုလသမဂ္ဂ HIV/AIDS ပပျောက်ရေး ညီလာခံ တက်ရန် ဒေါ်အောင်ဆန်းစုကြည် သြစတြေးလျ သွားမည်

HIV နှင့် နေထိုင်သူ၏ ၂၅၅ မြို့ တကိုယ်တော် စက်ဘီးခရီး တနှစ်ခန့် ကြာမည်

HIV ဝေဒနာရှင် ဦးစရကိုက  မြို့နယ်ပေါင်း ၂၅၅ မြို့သို့ တစ်ကိုယ်တော် စက်ဘီးစီးနင်း သွားရောက်၍ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ဝေဒနာရှင်များ သက်တမ်းစေ့နေနိုင်ရေး အတွက် အကြံပြုဆွေးနွေးချက်များ ပြုလုပ် သွားမည်ဟု သိရသည်။ စနေနေ့က နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် ကျင်းပသည့် ခရီးစဉ် မိတ်ဆက်ပွဲ၌ ကိုးနှစ်ကြာ HIV နှင့် နေထိုင်ခဲ့သည့် ဦးစရကိုက ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီရောဂါဟာ တကယ်တမ်း လူတွေ ထင်သလို ကုရာနတ္ထိဆေးမရှိ ဆိုတဲ့ဟာက ကျနော်တို့ ဟိုးတုန်းက သိလိုက်တဲ့ အသိက စွဲသွားလို့ဗျ။ တကယ်တမ်း ကျနော်တို့ ပိုးကိုဘဲ သေအောင်သတ်လို့မရသေးတာ။ ၀င်လာတဲ့ရောဂါ မှန်သမျှကို ကျနော်တို့ ပျောက်အောင် ကုလို့ရတယ်။ အဲဒီလို အချက်လေးတွေ ကျနော်ပြန်ပြီးတော့ ဒီရောဂါနဲ့ ပတ်သက်ပြီးတော့ ကြောက်လန့်မှု မရှိအောင် ဘေးကနေပြီးတော့ ၀ိုင်းဝန်း ကူညီပေးတဲ့၊ အားပေးတဲ့ဟာမျိုး အဲလိုမျိုးလေးတွေ ရှိလာအောင် ကျနော် စကားဝိုင်းလေးတွေ လုပ်သွားမယ်” ဟု ဦးစရကိုက ဆိုသည်။

မြန်မာတနိုင်ငံလုံးသို့ စက်ဘီးစီးနင်း၍ အားပေးဟောပြောမည့် အစီအစဉ်ကို  ဒီဇင်ဘာ၊ ၁ ရက်နေ့ ကမ္ဘာ့ ခုခံအားကျဆင်းမှု ရောဂါတိုက်ဖျက်ရေးနေ့တွင် ရန်ကုန်မှ ခရီး စတင်မည်ဖြစ်ပြီး မည့်သည့် အခက်ခဲမဆို ရင်ဆိုင်ဖြတ်သန်း သွားမည်ဖြစ်သည်။

ကျန်းမာရေး ချို့တဲ့မှု တစုံတရာရှိခဲ့ပါက ရောက်ရာနေရာတွင် ဆေးကုသမှု ခံယူမည်ဖြစ်ပြီး ခရီးစဉ်ကို လုံးဝ နောက်ဆုတ်မည် မဟုတ်ကြောင်း၊ ခရီးစဉ်သည် (၁)နှစ် ကြာမည့် ခန့်မှန်းထားကြောင်း၊ ယခု ခရီးစဉ် အတွက် ငွေကျပ် ဆယ်သိန်းတန် စက်ဘီးကို နာရေးကူညီမှု အသင်း ဥက္ကဋ္ဌ ဦးကျော်သူက ကူညီပေးထားကြောင်း၊ NLD မင်္ဂလာတောင်ညွန့်မြိုနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက လိုအပ်သည့် ဆေး တစ်နှစ်စာ ထောက်ပံ့ပေးထားကြောင်း သူက ဆက်လက် ပြောကြားသည်။ ခရီးစဉ် တလျှောက် လုံခြုံရေးအတွက် အထူးစီစဉ်ထားခြင်း မရှိကြောင်း သူက ရှင်းပြသည်။
“ကျနော်က ကျန်းမာရေး အတွက်သွားမှာပေါ့နော်။ ကျန်းမာရေးမှာ အဖွဲ့အစည်းမရှိဘူး၊ လုံခြုံရေး မရှိဘူး၊ ဘာသာခြား မရှိဘူး၊ လူမျိုး မရှိဘူး” ဟု ဆိုသည်။

ဆူးအယ်လ်လင်း (နိုဝင်ဘာ ၄၊  ၂၀၁၃)
မိုးမခ - HIV နှင့် နေထိုင်သူ၏ ၂၅၅ မြို့ တကိုယ်တော် စက်ဘီးခရီး တနှစ်ခန့် ကြာမည် 
၂၀၁၄ ခုနှစ်တွင် AIDS လူနာ ခုနစ်သောင်းခွဲကျော် ART ဆေးရမည်


ကမ္ဘာ့ရန်ပုံငွေ အဖွဲ့၏ ရန်ပုံငွေသစ် စီမံချက်ကြောင့် အမျိုးသား ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး စီမံကိန်းက လာမည့် ၂၀၁၄ ခုနှစ်တွင် နိုင်ငံတစ်ဝန်း HIV/AIDS ဝေဒနာရှင် ၇၆,၆၆၈ ဦးထိ ART ဆေး တိုးမြှင့် ထောက်ပံ့သွားရန် ရှိကြောင်း အဆိုပါ စီမံကိန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာထွန်းညွန့်ဦးက The Voice သို့ ပြောကြားသည်။
အဆိုပါ တိုးမြှင့် ထောက်ပံ့ပေးမည့် အစီအစဉ်ကြောင့် ART ဆေး လိုအပ်သူများ၏ ၆၁ ရာခိုင်နှုန်းခန့် ဆေးရရှိနိုင်တော့မည် ဖြစ်ပြီး ယခုနှစ်ထက် HIV/AIDS လူနာသစ် တစ်သောင်းကျော်ခန့် ART ဆေး တိုးရမည် ဖြစ်ကြောင်း ၎င်း၏ ပြောကြားချက်များအရ သိရသည်။

ယင်းအပြင် HIV/AIDS လူနာများအတွက် ၂၀၁၃ ခုနှစ်က ART ဆေးပေးသည့် ပြည်သူ့ဆေးရုံနှင့် အဖွဲ့အစည်းပေါင်း ၃၀ ခုရှိရာမှ လာမည့် ၂၀၁၄ ခုနှစ်တွင် ၆၄ ခုထိ တိုးသွားရန် ရှိကြောင်း အဆိုပါ စီမံကိန်း ထုတ်ပြန်ချက်အရ သိရသည်။
အလားတူ ယခင်က တစ်နေ့လျှင် ပျမ်းမျှအားဖြင့် နှစ်ကြိမ် သောက်သုံးရသော d4T Based ဆေးဝါး များကို ထောက်ပံ့ရာမှ ၂၀၁၄ ခုနှစ်တွင် နေ့စဉ် တစ်ကြိမ်သာ သောက်သုံးရသည့် TDF Based ဆေးဝါးများ ပိုသုံးစွဲမည် ဖြစ်ကြောင်း ဒေါက်တာ ထွန်းညွန့်ဦးက ပြောဆိုသည်။

မြန်မာနိုင်ငံက HIV/AIDS ဝေဒနာရှင်များအတွက် ၂၀၁၃ ခုနှစ်က စတင်ကာ ကမ္ဘာ့ ရန်ပုံငွေအဖွဲ့နှင့် ထောင်စုနှစ် ရည်မှန်ချက်သုံးမျိုး ရန်ပုံငွေအဖွဲ့ (3MDG) ကသုံးနှစ်စီမံကိန်းများ စတင်ပြုလုပ်လျက် ရှိကြောင်း၊ 3MDG က မူးယစ်ဆေး စွဲနေသူများကြား HIV ပိုးကူးစက်မှု လျော့ကျစေရေးနှင့် AIDS ဝေဒနာရှင်များအတွက် ART ဆေး ပံ့ပိုးရေးကို သီးသန့် လုပ်ဆောင်နေကြောင်း အဆိုပါ ရန်ပုံငွေ အဖွဲ့များထံမှ စုံစမ်းသိရှိရသည်။

ကျန်းမာရေး ဝန်ကြီးဌာနနှင့် မိတ်ဖက် အရပ်ဘက် အဖွဲ့အစည်းများ ထောက်ပံ့ပေးနေသော HIV/AIDS ဝေဒနာရှင်များသည် ၂၀၁၂ ခုနှစ်တွင် ၅၃,၇၀၉ ဦးနှင့် ၂၀၁၃ ခုနှစ်တွင် ၆၀,၆၁၈ ဦးတို့ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ART ဆေးသောက်သုံးရန် နှစ်စဉ် လိုအပ်သူ ဦးရေသည် ၁၂၅,၀၀၀ ဝန်းကျင် ရှိကြောင်း အမျိုးသား ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး စီမံကိန်းအရ သိရသည်။

ရန်ကုန်၊ နိုဝင်ဘာ ၃
The Voice Weekly - ၂၀၁၄ ခုနှစ်တွင် AIDS လူနာ ခုနစ်သောင်းခွဲကျော် ART ဆေးရမည် 

No comments: