Tuesday, November 19, 2013

လူမှုထောက်ပံ့ရေး စီမံချက်


ယခုအခါ AIDS ရောဂါဆိုးကြီးသည် လူ့အဖွဲ့အစည်းတွင် မိသားစု များစွာကို ရက်စက်စွာ ခွဲထုတ် ဝါးမျိုလျက် ရှိသည်။ လွန်ခဲ့သော (၂၇) နှစ်ကျော် ကာလကတည်းက သန္ဓေတည်လာသော HIV  ရောဂါပိုးသည် မိမိတို့ ဝင်ရောက် ခိုကပ်နေသော သူများ၏ အသက်ဇီဝိန်ကို ဆွဲနှုတ်ယူငင်သွားသောအခါ ၎င်းတို့၏ ကလေးငယ် များသည် လောကအလယ်တွင် သိမ်ငယ်စွာ ကျန်ရစ်ခဲ့ကြ ပါသည်။

ထိုကျန်ရစ်ခဲ့သော ကလေးငယ်များအနက် ရောဂါပိုး မရှိသူများကို ဆွေမျိုးညာတိများက သနားကြင်နာစွာ ကြည့်ရူစောင့်ရှောက်ခြင်း ရှိသကဲ့သို့ ဆွေမျိုးညာတိ မရှိသူများကိုလည်း မိဘမဲ့ ကလေးဂေဟာများက နှစ်လိုစွာ လက်ခံကြပါသည်။
သို့သော် ရောဂါပိုး ရှိနေပြီး ဖြစ်သော ကလေးငယ်များအတွက်မူ အခက်အခဲများစွာ ရှိနေပါသည်။ မိဘနှစ်ဦးစလုံး AIDS ရောဂါဖြင့် ဆုံးပါးသွားသူများ၊ မိဘတစ်ဦး ဆုံးပါးသွားပြီး ကျန်တစ်ဦးမှာလည်း ရောဂါဝေဒနာ ခံစားနေရသဖြင့် ကလေးငယ်အား မစောင့်ရှောက်နိုင်တော့သော အခြေအနေသို့ ရောက်ရှိနေသူများ၊ အခြေအနေ အရပ်ရပ်ကြောင့် လက်ခံစောင့်ရှောက်ထားရသောလည်း ကလေးငယ်အပေါ် မနှစ်မြို့သဖြင့် ငြူစူမှု မျိုးစုံအောက်တွင် သိမ်ငယ်စွာ ခံစားနေထိုင် ကြရသူများ၊ အကြောင်းကြောင်းကြောင့် စောင့်ရှောက်မည့်သူ မရှိသူများ ... အစရှိသော ကလေးငယ်များအား မိဘမဲ့ ကလေးဂေဟာများတွင် ရောဂါ ကင်းစင်သော သာမန်ကလေးမျာနှင့်အတူ ရောနှောထားလျှင်လည်း မလိုလားအပ်သော ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများ ရရှိလာနိုင်ပါသည်။ ထို့ကြောင့် ကြင်နာစွာ စောင့်ရှောက်မှု ပေးနိုင်သော သီးသန့် ဂေဟာတစ်ခု လိုအပ်လာပါသည်။

HIV ရောဂါပိုးကြောင့် ရောဂါဝေဒနာ ခံစားနေရသော ကလေးငယ်နှင့် HIV ရောဂါပိုး၏ ဆိုးကျိုးများ သက်ရောက်မှု ခံယူနေရသော ကလေးငယ်များ (HIV infected & affected children) ကို ကြင်နာစွာဖြင့် ၎င်းတို့၏ အသက်ရှင်နေထိုင်နိုင်သမျှ ကာလအပိုင်းအခြားတွင် မိသားစု အခွင်အရေးများ တတ်နိုင်သမျှ ကာလအပိုင်းအခြားတွင် မိသားစု အခွင့်အရေးများ တတ်နိုင်သမျှ အပြည့်အဝ ရရှိခံစား နေထိုင်နိုင်ရေးကို ရှေ့ရူ၍ ကိုယ်ချင်းစာတရား လက်ကိုင်ထားသောသူများ စုပေါင်းကာ တတ်နိုင်သမျှသော မတည်လှူဒါန်းငွေဖြင့် သူခရိပ်မြုံ လူမှုထောက်ပံ့ရေး စီမံချက်ကို စတင်အကောင်အထည် ဖော်ခဲ့ကြပါသည်။ ရေရှည် တည်တံ့နိုင်ရန်အတွက် အများပြည်သူ စေတနာရှင်များ၏၏ အလှူငွေများဖြင့် ဆက်လက် လည်ပတ်သွားမည် ဖြစ်ပါသည်။

အဖွဲ့အမည်။        ။ သုခရိပ်မြုံ လူမှုထောက်ပံ့ရေး စီမံချက်

တည်နေရာ။        ။ အမှတ် (၉၇၉-၉၈၂)၊ တပင်ရွှေထီးလမ်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ (၁၁) ရပ်ကွက်၊ ရန်ကုန်မြို့။ (မထသ ၃၆ ဘတ်စ် အစိမ်း၊ တံတားထိပ်မှတ်တိုင်ရှေ့)

ဖုန်းနံပါတ်။            ။ ၅၈၁၉၅၅

ရည်ရွယ်ချက်။        ။ HIV ပိုး ဝင်ရောက်နေသော မိဘမဲ့ ကလေးသူငယ်များအား စနစ်တကျ ပြုစုစောင့်ရှောက်၍ မိသားစု ပုံစံဖြင့် ကြင်နာမှုပေးရန်။

လုပ်ငန်း စီမံချက်။        ။ အလှူရှင်များက လှူဒါန်းသော အလှူငွေဖြင့် ဝယ်ယူထားသော အသင်းပိုင် မြေနေရာတွင် အဆောင်များ ဆောက်လုပ်ပြီး တစ်ဆောင်တွင် ကလေး (၁၀) ဦးခန့် ထားရှိ စောင့်ရှောက်ရန်၊ အလှူငွေပေါ် မူတည်၍ အဆောင်အရေ အတွက် တိုးချဲ့ ဆောက်လုပ်ရန်။

လက်ခံမည့် ကလေးများ။    ။ (၁) အမိအဘ နှစ်ဦးစလုံး မရှိတော့သော HIV ပိုး ဝင်ရောက်နေသည့် ကလေးများ။
(၂) အမိအဘ တစ်ဦး ရှိသော်လည်း ဝေဒနာ ခံစားနေရ၍ ကလေးအား ပြုစုစောင့်ရှောက်နိုင်သည့် အခြေအနေ မရှိသည့် HIV ပိုး ရှိသည့် ကလေးနှင့်


(၃) အခြေအနေ အရပ်ရပ်ကို ထောက်ရူ၍ ပြုစု ပျိုးထောင်ရန် လိုအပ်သည့် မိဘမဲ့ မဟုတ်သည့် HIV ပိုး ရှိသည့် ကလေးများ။

အသက် ကန့်သတ်ချက်။    ။ (၁ နှစ်ခွဲမှ ၁၂ နှစ်အထိ)

ဝန်ထမ်းရွေးချယ်။        ။ လူမှုဝန်ထမ်း ကိစ္စများကို စိတ်ပါဝင်စား၍ ဆေးပညာ တတ်မြောက်သောသူများ ခန့်ထားခြင်း (ဥပမာ - အငြိမ်းစား သူနာပြု ဆရာမများနှင့် အခြား ဆေးပညာရှင်များကို အကြီးအကဲ အဖြစ် တာဝန်ထမ်းဆောင်စေခြင်း၊ သူနာပြု အကူများအား ကလေးများကို အနီးကပ် ကြည့်ရူစေခြင်း)။ ဝန်ထမ်း ငယ်များအဖြစ် သူနာပြုစုခြင်းနှင့် ကလေးသူငယ် စောင့်ရှောက်ခြင်းကို စိတ်ပါဝင်စားသော သူများ၊ HIV ပိုး ဝင်ရောက်ပြီး ဖြစ်သော်လည်း ကျန်းမာရေး ကောင်းမွန်ပြီး လုပ်အားကို အပြည့်အဝ အသုံးပြုနိုင်သူများကို ခန့်ထားရန်။

ပြုစုစောင့်ရှောက်မှု။    ။ ကလေးများ၏ စားဝတ်နေရေးအတွက် သန့်ရှင်း၍ အာဟာရ ပြည့်ဝသော အစားအစားကို ဝန်ထမ်းများ ကိုယ်တိုင် ချက်ပြုတ် ကျွေးမွေးစေခြင်း၊ နေရာ ထိုင်ခင်းနှင့် အဝတ်အထည် အသုံးအဆောင်များကို သန့်ရှင်းသပ်ရပ်စွာ စနစ်တကျ အသုံးပြုစေခြင်း၊ စသော ကိစ္စရပ်များကို အမှုဆောင်ဖွဲ့မှ အလှည့်ကျ သွားရောက်ကြီးကြပ် လမ်းညွန်ခြင်း။

ကျန်းမာရေး။        ။ ကလေးများ၏ ကျန်းမာရေးကို ကျန်းမာရေး ဆိုင်ရာ ဝန်ထမ်းများက အချိန့်ပြည့် ကြည့်ရူပြီး အမှုဆောင် အဖွဲ့ဝင်များ အပတ်စဉ် သွားရောက်ကြည့်ရူခြင်းနှင့် နေ့စဉ် (၂၄) နာရီ ကာလပတ်လုံး တစ်စုံတစ်ရာ ကျန်းမာရေး ချိုဝွင်းမှုရှိပါက အချိန်မရွေး ကုသမှု ခံယူရန်နှင့် လိုအပ်ပါက အထူးကု ဆရာဝန်ကြီးများနှင့် ပြင်ပလူနာ ပြသခြင်း၊ ဆေးရုံတင် ကုသခြင်းများ ပြုလုပ်ခြင်း။

ပညာရေး။            ။ (၁) ကလေးများအား ပြင်ပ ပညာသင်ကြားရေး စနစ်ဖြင့် ဆရာ/ဆရာမများ ငှါးရမ်း ပညာသင်ကြားခြင်းနှင့် အတန်းပညာ ရရှိစေရန် ပရဟိတ ဂေဟာများတွင် ဖွင့်လှစ်ထားရှိသော မူလတန်း ကျောင်းများ၌ စာမေးပွဲ ဖြေဆိုခွင့် ရရှိအောင် စီစဉ်ပေးခြင်း။
(၂) လက်မှု လုပ်ငန်းနှင့် ပန်းချီပန်းပုစသော အနု ပညာဝါသနာပါသော ကလေးများအား အရွယ်အလိုက် အသိဥာဏ် ဖွံ့ဖြိုးမှုနှင့် ကိုက်ညီသော ပညာသင်ကြားမှု ပြုလုပ်ပေးရန်နျင့် အသက်မွေးဝမ်းကျောင်း အတွက် သက်ဆိုင်ရာ ပညာရပ်များ သင်ကြားပေးရန်။


(၃) ကလေးများ အားလုံးအတွက် ကျန်းမာရေးနှင့် ပျော်ရွှင်ရေးအတွက် သင့်တော်သော နေရာထိုင်ခင်းများနှင့် ကစားနည်းများ ပြုလုပ်ပေးရန်။


ဆက်သွယ်လှူဒါန်းရန်။    ။ (၁) ဒေါ်သန်းမြင့်အောင် (၀၉-၅၀၇-၈၄၁၈)
(၂) ဒေါက်တာ တင်တင်ဝင်း (ဂျူး) (၀၉-၅၀၀-၉၆၀၀၊ ၀၁-၇၀၄၆၅၆)
(၃) ဒေါက်တာ ထားထား (စုထား) (၀၉-၂၀၁-၇၉၆၁)
(၄) ဒေါ်မြင့်မြင့်ခင်ဖေ (ရွှေဇီးကွက်) (၀၉-၅၁၂-၇၀၀၅၊ ၀၁-၆၆၅၈၂၄)


“လူမှုထောက်ပံ့ရေး စီမံချက်” စာဆောင်မှ ပြန်လည် ရေးသား ဖော်ပြထားပါသည်။

No comments: