AIDS ဆိုတာဘာလဲ
၁၉၆၉-ခုနှစ်လောက်ကဖြစ်တယ်။ အာဖရိကရှိ ယူဂမ်ဒါပြည်၊ ပြည်နယ်တစ်ခုမှာ ၁၀ နှစ်အရွယ် အာဖရိက လူမျိုးကလေး တစ်ဦးကို သူ့ရွာအနီးမှာ တွေ့လိုက်ရတယ်။ သူ့ကို ကြည့်လိုက်ရုံနဲ့ နာမကျန်း ဖြစ်နေတယ်ဆိုတာ တစ်ခါတည်း ပြောနိုင်တယ်။ ပိန်ခြောက်နေတဲ့ ကိုယ်၊ နဲ့နဲ့ စူထွက်နေတဲ့ ဝမ်းဗိုက်နဲ့ အင်အား ချိနဲ့နေပုံရတယ်။ ကိုယ်ပေါ်မှာလည်း အကြိတ်အဖုကြီးတွေ တွေ့ရတယ်။ လမ်းလျှောက်တော့လည်း ထော့နဲ့၊ ထော့နဲ့ နဲ့။ဘယ်ဘက်ခြေဖမိုးပေါ်မှာတော့ နီညိုညို အဖုတစ်ခုဟာ အနာဖြစ်နေပြီး သွေးယို စီးနေတယ်။ ဒီလိုအဖုမျိုးတွေ ကိုယ်ပေါ်မျာလည်း ရှိနေတာကို ဂရုစိုက်ပြီး ကြည့်လိုက်ရင် တွေ့ရတယ်။
သူ့အမေကပြောတာတော့ ရွာရှိဆေးဆရာကို သူ့သား သွားပြတော့ ဆရာက ပြုစားထားတာ၊ သူမတတ်နိုင်ဘူးဆိုတဲ့ သဘော ပြောတယ်။ ဒီကလေးဟာ တစ်နှစ်ခွဲလောက်တုန်းက ငှက်ဖျားမိပြီး အကြီးအကျယ် ဖျားတယ်။ နောက် ဖြူဖတ်ဖြူရော်ဖြစ်ပြီး မောဟိုက်နေလို့ ဆေးရုံမှာသွားပြတော့ သွေးသွင်းပေးလိုက်တယ်တဲ့။ ဒါတစ်ခုပဲ သူ့ရဲ့ရောဂါ မှတ်တမ်းမှာ ထူးခြားတာ ရှိတယ်။ အဲဒီတုန်းက မသိလိုက်ကြတာကတော့ အဲဒီ သွေးထဲမှာ ဗိုင်းရပ်စ်ပိုး တစ်မျိုး ပါသွားတယ် ဆိုတာပဲ။
ဒီဗိုင်းရပ်စ်ဟာ ကလေးရဲ့ ရောဂါ တိုက်ဖျက်မှု အဖွဲ့အစည်းကို ဖြိုခွဲပျက်စီးစေခဲ့လို့ ဒီကလေးမှာ ရောဂါပိုးတွေကို ခုခံကာကွယ်နိုင်တဲ့ စွမ်းရည် မရှိတော့ဘူး။ ကင်ဆာရောဂါကိုလည်း မခုခံနိုင်တော့ဘူး။ ဒါကြောင့် သူ့ကိုယ်ပေါ်မှာ Kaposi Sarcoma( KS=ကာပိုစီ - ဆာကိုးမား) ဆိုတဲ့ အရေပြား ကင်ဆာတစ်မျိုး ဖြစ်လာတာ။ အဲဒီတုန်းကတော့ ကလေးရဲ့ ရောဂါကို အမည် မမှည့်နိုင်ခဲ့ဘူး။ နောက်ကြောင်းပြန်ကောက်ပြီး ကြည့်တော့မှသာ ဒီကလေးရဲ့ ရောဂါဟာ နောင် AIDS လို့ အမည်တွင်လာတဲ့ ရောဂါဖြစ်နေတယ်ဆိုတာ သိရတာ။
အမေရိကမှာ ဖြစ်တယ်။ အသက် ၃၀ ကျော် ၄၀ အတွင်း ကလေး ၃ ယောက် ဖခင်တစ်ဦးဟာ “ဒီနေ့ သွေးသွင်းရမယ်” လို့ နံနက်ပိုင်း သူ့ဇနီးကို ပြောလိုက်တယ်။ သူ့သွင်းမှာတော့ သွေးသက်သက် မဟုတ်ဘူး၊ သွေးခဲဖို့ရာ အတွက် မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတစ်မျိုး ဖြစ်တယ်။ ဒီလိုသွေးပစ္စည်းကို သူမှန်မှန်သွင်းလာခဲ့တာ ကြာပါပြီ။ သူ့မှာရှိတဲ့ ရောဂါကတော့ ဒီကမ္ဘာပေါ်မှာ တော်တော်များများ တွေ့ရတဲ့ “သွေးမတိတ်” ရောဂါ တစ်မျိုး (Hemophilia) ဟီမိုဖီလယား ဖြစ်တယ်။ မျိုးရှိုးလိုက် ရောဂါမို့ သူ့ကို ငယ်ငယ်ကတည်းက စစ်ကြည်လို့ သိခဲ့ကြတယ်။ ဒီလိုသွေးပစ္စည်းကို လိုတဲ့ လူတွေက တော်တော်များများရှိတော့ သွေးပစ္စည်းထုတ်တဲ့ ကုမ္ပဏီတွေက အလှူခံလို့ရတဲ့ သွေးတွေကို စုပြီး၊ သွေးထဲကနေ ဒီပစ္စည်းတွေကို ဓာတ်ခွဲ စစ်ယူပြီး ထုတ်ထားရတာပါ။
ဒီတော့ လူတွေရလိုက်တဲ့ သွေးပစ္စည်းဟာ လူပေါင်းတော်တော် များများဆီက ရထားတဲ့သွေးက ထုတ်ထားတာ ဖြစ်တယ်။ ဒီလူဟာ နောက်တော်တော်ကြာတဲ့ တစ်နေ့မှာ ဖျားတယ်။ ရိုးရိုး တုတ်ကွေးဖျားလို့ ထင်ပြီးနေတာ၊ နောက်တော့ သိပ်မသက်သာလာဘူး။ ဝမ်းလည်း လျှောလာတယ်။ ခဏခဏ ဝမ်းလျှောတာ တွေ့ရတယ်။ တဖြည်းဖြည်းတော့ ပိန်ချုံး အားချိပြီး အလုပ်မလုပ်နိုင်တော့လို့ ခွင့်ရက်ရှည် ယူလိုက်ရတယ်။ဆရာဝန်တွေ ကလည်း ဘာရောဂါရယ်လို့ အတည်တကျ မပြောနိုင်ကြဘူး။
ဒီလိုနဲ့ စမ်းသပ်မှုတွေ လုပ်ရင်း လုပ်ရင်းနဲ့ နောက်ထပ် ပေါ်ပေါက်လာတဲ့ လက္ခဏာတွေကို လက္ခဏာအရ သက်သာရာရအောင် အမျိုးမျိုး ကုကြတယ်။ ဒါပေမယ့် မရပါဘူး။ ဆုံးသွားရှာတယ်။ သူဆုံးခါနီးကျမှ အဖြေပေါ်လာတော့တယ်။
သူ့မှာဖြစ်နေတဲ့ ရောဂါဟာ ရောဂါသစ်ဖြစ်တဲ့ AIDS ပဲတဲ့။ သူရောဂါရလာပုံကတော့ သူ့ကို သွင်းပေးလိုက်တဲ့ သွေးပစ္စည်းထဲမှာ ဗိုင်းရပ်စ်ပိုးပါလာလို့ပဲ။ ဒီသွေးပစ္စည်းဟာ လူအများစုဆီက ရထားတာဆိုတော့ ဘယ်တစ်ဦးဆီက ဗိုင်းရပ်စ်ပိုး ရလိုက်တယ် ဆိုတာတော့ မသိရတော့ဘူး။
၁၉၇၀ ခုနှစ် နောက်ပိုင်း နှစ်တွေဟာ အမေရိက (USA) မှာ "ဂေး" (Gay ယေက်ျား/ ယောက်ျားချင်းကိုမှ ကြိုက်နှစ်သက်ပြီး လိင်ဆက်ဆံသူ) လှုပ်ရှားမှု အကြီးအကျယ် စတယ်လို့ ဆိုရမယ့် အချိန် ဖြစ်တယ်။ "ဂေး" ဆိုတဲ့ ဖြစ်စဉ် ဖြစ်ရပ်မျိုးကတော့ ဘယ်လူ့အဖွဲ့အစည်းမှာ မဆို ဘယ်မှာဖြစ်ဖြစ် ရှိကြတာ ချည်းပါပဲ။ ဒါကတော့ ငြင်းလို့ မရတဲ့ ကိစ္စပါ။ ပြဿနာ ဘယ်လောက် ကြီးထွားမှု ရှိ၊ မရှိ ဆိုတာသာ ကွာချင် ကွာမှာပါ။
"Permissive Society" လို့ ခေါ်တွင်လာတဲ့ ဒီလို ကိစ္စတွေမှာ လိုက်လျောမှုတွေ ပါလာပြီး လျော့ရဲလာတဲ့ ခေတ်အခါမှာတော့ ပိုမိုထင်ရှားလာတာပေါ့၊ ထင်ရှားလာရုံတင် မကဘူး၊ ဒီလူအုပ်စုတွေကပါ ပိုမို တက်ကြွ လှုပ်ရှားလာကြပြီး သူတို့ရဲ့ အခွင့်အရေး အတွက် အရေးဆိုမှုတွေ ကိုပါ လုပ်လာကြတယ်။ ဒီလူတွေက သူတို့ဟာလည်း "လူ့အဖွဲ့အစည်းထဲက လူတွေပါပဲ၊ သူတို့လည်း အခြား အဖိနှိပ်ခံ လူနည်းစုများ နည်းတူ ချုပ်ချယ်ခြင်း၊ လူလူချင်း ခွဲခြားခြင်း၊ အများစုက နှိမ်ခြင်း ခံနေရတယ်။ ဒါကို သည်းမခံနိုင်တော့ဘူး" ဆိုပြီး အမေရိကန်ရှိ၊ နယူးယောက်နဲ့ ဆန်ဖရန်စစ္စကိုမှာ လူထောင်သောင်းပါတဲ့ စီတန်းလှည့်လည် ဆန္ဒပြပွဲကြီးတွေ အကြီးအကျယ် ဆင်နွဲခဲ့ကြတယ်။ တစ်ချိန်တည်းမှာပဲ သူတို့ကြိုက်နှစ်သက်လို့ ရွေးချယ်ထားတဲ့ လူနေမှု ဓလေ့ကို ခပ်ပြောင်ပြောင် ကျင့်သုံးလာကြတယ်။
အရင်တုန်းကလို ပုန်းလျှိုး မဟုတ်ကြတော့ဘူး၊ ထုံးစံအတိုင်း ဘယ်ကိစ္စမျိုးမှာမဆို သတိနဲ့ မထိန်းရင် တစ်ဘက်စွန်းဆိုတာ ရောက်တက်စမြဲပဲ။ အဲဒီ အချိန်လောက်မှာ "ဂေး" တွေဟာ တော်တော်ပဲ ပရမ်းပတာ ထကြွခဲ့ကြတယ်။ အမေရိကန်မှာ ဆိုရင် ဆန်ဖရန်စစ္စကိုနဲ့ နယူးယောက်မြို့ဟာ ဒီ "ဂေး" ဦးရေများပြီး သူတို့ ကျက်စားရာ ထင်ရှားတဲ့မြို့တော်ကြီး ၂ မြို့ ဖြစ်တယ်။ အဲဒီအချိန်မှာ အဲဒီ လူတွေထဲက သာမန် "ဂေး" လို့ ခေါ်ရမည့် လူတစ်ယောက်ကတော့ နယူးယောက်မြို့ Brooklyn (ဘရုကလင်း) ရပ်ကွက်ရှိ မူလတန်းပြ ကျောင်းဆရာကလေး Rick (ရစ်ခ်) ပဲ ဖြစ်ပါတယ်။
တစ်နေ့ကျတော့ ရစ်ခ်ရဲ့ ကိုယ်ပေါ်မှာ အဖုတွေ ပေါ်လာလို့ သူ့ရဲ့အတွဲဖြစ်တဲ့ Paul (ပေါ်လ်) က သူ့ရဲ့ ဆရာဝန်ဆီမှာပြဖို့ တိုက်တွန်းလိုက်တယ်။ ရစ်ခ် အဲဒီ ဆရာဝန်ဆီမှာ သွေးသွား စစ်တယ်။ ဆရာဝန်မ Dr Linda L - New York University Medical Centre (လင်ဒါ) က အပိမ့်တွေဟာ တစ်ကိုယ်လုံး အနှံ့ ဖြစ်နေပြီး "အကျိတ်" (ဂလင်း) တွေဟာလည်း ကြီးနေတယ်ဆိုတာ သတိပြုမိ လိုက်တယ်။ ဒါကြောင့် ဆရာဝန်မ (လင်ဒါ) က သွေးကင်ဆာ ဖြစ်နိုင်တယ်လို့ သံသယ ဖြစ်မိလိုက်တယ်။
ဒါပေမယ့် အရေပြား ပေါ်မှာ အဖုအပိမ့်တွေ ရှိနေလို့ အရေပြား အထူးကု (Dermatologist) ဆီ ပို့လိုက်တယ်။ နောက် ဒီအရေပြား ဆရာဝန်က ဆရာမကြီး ဒေါက်တာ လင်ဒါဆီ ဖုန်းဆက်ပြောတာကတော့ "ခင်ဗျား လူနာမှာ ကာပိုစီဆာ ကိုးမား (KS = ကေအက်စ်) အရေပြားကင်ဆာ ဖြစ်နေပြီ" တဲ့၊ "ဘာတဲ့" လို့ ဒေါက်တာလင်ဒါက ချက်ချင်း ပြန်ပြီး အာမေဍိတ်နဲ့ မေးလိုက်မိတယ်။ ဒီလို မေးလည်း မေးလောက်စရာပါပဲ။ KS ဆိုတာက အင်မတန်မှ ရှားတဲ့ ကင်ဆာ ဖြစ်နေတာကိုး။ မှတ်တောင် မကောင်းကောင်း မမှတ်မိတော့လို့ စာအုပ်ပြန်ပြီး ကြည့်တော့ နှစ်ပေါင်း ၁၀၀ အတွင်းမှာ KS ပေါင်း ၅၀၀ ကနေ ၈၀၀ လောက်ပဲ မှတ်တမ်း တင်ထားတာ ရှိတာတဲ့။
"ဒီလောက် ရှားတဲ့ ကင်ဆာ ဒီလူမှာ ဘာကြောင့် ဖြစ်တာပါလိမ့်" လို့ စိတ်ထဲမှာ မတင်မကျ ဖြစ်နေစဉ်မှာ၊ နောက် ၂ ပတ်လောက် အကြာမှာ ပိုပြီး အံ့သြစရာ တစ်ခု ကြားရပြန်တယ်။ အရေးပြား ဆရာဝန်က ဖုန်းဆက်ပြန်တယ်။ "ခင်ဗျားတော့ ယုံမှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီမှာ KS နောက် တစ်ယောက် တွေ့နေပြန်ပြီ" တဲ့။
ဆရာဝန်မ ဒေါက်တာ လင်ဒါက စိတ်ဝင်စားလွန်းလို့ သူကိုယ်တိုင် သွားကြည့်တယ်။ "သူ့လူနာနဲ့ တူသားပဲ" ထင်လိုက်မိတယ်။ အခုလူနာက အသက် ၃၇ နှစ်ရှိပြီး "ဂေး" ဖြစ်တယ်။ ရုပ်ရည် ချောမောပြီး ကြော်ငြာတွေမှာ "ကိုယ်ဟန်ပြ" သူအဖြစ် အသက်မွေးဝမ်း ကျောင်းသူ ဖြစ်တယ်။ နောက် တိုင်ဆိုင်မှု တစ်ခုကတော့ သူတို့နှစ်ဦးဟာ တစ်ယောက်ကို တစ်ယောက် မသိပေမယ့် နှစ်ယောက်စလုံး သိတဲ့ မိတ်ဆွေတူတွေတော့ ရှိနေသတဲ့။ "စဉ်းစားစရာပဲ" လို့ ဆရာဝန်မက တွေးလိုက်မိတယ်။
ရစ်ခ် ရဲ့ ရောဂါကတော့ သက်သာ မလာဘူး။ KS အပြင် သူ့အဆုတ် ထဲမှာလည်း တစ်ခုခု ဖြစ်လာတယ်။ အခြေအနေက အမြန်အဆန် ပြောင်းလဲပြီး ဆိုးဝါးလာတယ်။ သူ့ရင်ဘက်ကို ဖောက်ပြီး ပိုက်တပ်ပြီး ရေတွေ ထုတ်နေ ရတယ်။
ဆရာဝန်တွေကလည်း သူတို့ မတတ်နိုင်ဘူးလို့ ဝန်ခံပြီးတဲ့ နောက်မှာတော့ ရစ်ခ်က ဒီလို အသက်ဆက်ပေးနေလို့သာ ရှင်ရုံသာ ရှင်နေရတဲ့ အဖြစ်မျိုးကိုတော့ သူ မနှစ်မြို့ နိုင်တော့ဘူး။ သူ့ အိမ်သူ ပြန်ပြီးသာ သေချင်ပါတယ်လို့ ဆုံးဖြတ်လိုက်ပြီး ခရစ်စမတ်ပွဲတော် ၂ ရက်အလိုမှာ ဆေးရုံးက ဆင်းသွားတယ်။ အဲဒီညမှာတော့ သူ့ရဲ့ အတွဲဖြစ်တဲ့ ပေါ်လ်က သူ့ဘေးနားမှာ နေပြီး စောင့်ရှောက်နေတယ်။
ဒေါက်တာမြင့်မြင့်ခင်

ရစ်(ခ်) အသက်ရှူနေတာဟာ တဖြည်းဖြည်း တိမ်လာပြီး ညင်းညင်း ကလေးပဲ
ရှိတော့တယ်။ နောက် အသက်ထွက် သွားတာပဲ။ အဲဒီတုန်းကတော့ ရစ်(ခ်) ရဲ့ ရောဂါဟာ
ဘာလဲဆိုတာ ဘယ်သူမှ မသိကြသေးဘူး။ နောက်မှသာ AIDS ရောဂါပဲရယ်လို့ သိလာရတာ။
ရစ်(ခ်)ဟာ အမေရိကာမှာ နောင် AIDS လို့ ခေါ်တွင်တဲ့ ရောဂါ ရဲ့
ရောဂါရှင်တွေထဲက အစောဆုံး ၂ ယောက်ထဲမှာ တစ်ယောက် ဖြစ်တယ်။ သူ့ရဲ့ပြာကို
သူမှာခဲ့တဲ့ အတိုင်း သူရဲ့ အတွဲဖြစ်သူ ပေါ်(လ်)က New York Fire Island
ခေါ်တဲ့ ကျွန်းကနေပြီး လင်လယ်ထဲကို မျှောခဲ့တယ်။ အဲဒီတုန်းက ပေါ်(လ်)
သိမထားတာ တစ်ခုကတော့ နောက် တစ်နှစ်အကြာမှာ ပေါ်(လ်)ရဲ့ နောက် မိတ်ဆွေ
တစ်ယောက်ဖြစ်တဲ့ ဂျက်ရဲ့ ပြာကိုလည်း ဒီလိုပဲ မျှောရအုံးမယ်ဆိုတဲ့ အချက်ပဲ။
မေရီးရစ်ချပ်၊ ဂျွန်စတန် ဆိုတဲ့ အမျိုးသမီးကြီးဟာ ကြေးရေတတ်တွေနေတဲ့
ဗယ်(လ်)ဗီးဒီးယားခေါ်တဲ့ ရပ်ကွက်က ဂုဏ်သရေရှိ အမျိုးသမီးကြီး တစ်ဦးပါ။ ၁၉၈၂
ခုနှစ်၊ ဒီဇင်ဘာလမှာ နှလုံးခွဲစိတ်ပြီး ကုရတယ်။ ဒီလိုခွဲစဉ်မှာ သွေးပေါင်း
၂၂ ပုလင်း သွင်းခဲ့ရတယ်။ ခွဲပြီး ၈ ရက်လောက်မှာ ဗိုင်းရပ်စ် အဆုတ်ရောင်
အကြီး အကျယ်ဖြစ်လို့ သေလုနီးပါး ခံလိုက်ရသေးတယ်။ နောက်ကျတော့လည်း
ကောင်းကောင်း နာလန်မထူဘူး။ ဖျားဖျားနေလို့ အမြဲမောပြီး အားနည်းနေတယ်။
ပါးစပ်မှာလည်း မက်ခရု (Thrush) တွေ ပေါက်လာတယ်။ တဖြည်းဖြည်းနဲ့ ဆိုးသထက်သာ
ဆိုးပြီး နောက်ဆုံး ရေတိမ်မှာ နစ်ရရှာတော့တာပဲ။ သူကတော့ အမေရိကမှာ
သွေးသွင်းလို့ AIDS ရလာတဲ့ ဦးဆုံး လူနာတစ်ဦး ဖြစ်တယ်။ နောက်
တစ်ယောက်ကတော့ အသက် ၃၈ နှစ် ရှိတဲ့ သူနာပြု ဆရာမတစ်ဦး ဖြစ်တယ်။ သားအိမ်
ခွဲထုတ်ပြီး ကုသစဉ် သွေးသွင်းခဲ့လို့ AIDS ရခဲ့တယ်။
ရုပ်ရည် ချောမောလှပပြီး ကချေသည် ကိုယ်လုံးကိုယ်ထည်ရှိတဲ့ “စူဇီ” ဟာ
ရုပ်ရည် ချောသလောက် သဘောကောင်းပြီး ဖော်ရွေတဲ့ နယူးယောက်မြို့က ကချေသည်ကလေး
တစ်ဦးပါ။ ငယ်ရွယ်တဲ့ မြို့ကြီးသူ ပီပီ သွက်လက်ချက်ချာပြီး၊
နယူယောက်မြို့လို ခေတ်ဆန်ရာမှာ ထိပ်တန်းဖြစ်တဲ့ မြို့ကြီးရဲ့ လူနေမှု
စရိုက်နဲ့ အညီ လူငယ်ဘာဝ ပျော်ရွှင်မှုကို တောင်းတပြီး ပျော်ပျော်ကြီး နေတတ်သူ
တစ်ယောက်ပါ။ စူဇီထက် အသက်ကြီးတဲ့ ၾသစေၾတးလ် လူမ်ိဳးတစ္ဦးဟာ ၾသစေၾတးလ်
တီးဝိုင်းတစ်ခုရဲ့ မန်နေဂျာ အဖြစ်နဲ့ တစ်နေ့ နယူးယောက်ကို ရောက်လာခဲ့တယ်။
သူတို့ နှစ်ယောက် တွေ့ကြတယ်။ သဘောကျကြတယ်။ အတူနေကြတယ်။ နောက်ဆုံး
လက်ထပ်လိုက်ကြပြီး သြစတြေးလျမှာ ပြန်နေတယ်။ သားကလေးရတော့ ပျော်လိုက်ကြတာ၊
ဒါပေမယ့် မကြာပါဘူး၊ စူဇီ နေမကောင်း ဖြစ်တော့တာပဲ။ ဘာပဲ လုပ်လုပ် သိပ်ပြီး
သက်သာတယ်လို့ မရှိဘူး။ မောတယ်၊
ဖျားဖျားနေတယ်၊ သွေးစစ်ကြည့်တော့
ရောဂါသိသွားပြီ။ စူဇီတို့ လင်မယား တကယ့်ကို ကြောက်လန့် တုန်လှုပ်ပြီး
လက်မှိုင်ချရစေတဲ့ သတင်းပဲ။ စူဇီ AIDS ဖြစ်နေပြီတဲ့။ စူဇီကတော့ သတ္တိ
ရှိပါတယ်။ သူ့ယောက်ျား ကလည်း ကြင်နာမှု၊ နားလည်မှု အပြည့်နဲ့ ထောက်ပံ့မှု
အမျိုးစုံကို လိုလေသေး မရှိ အတတ်နိုင်ဆုံး လုပ်ပေးရှာတယ်၊ အားပေးတယ်။
ဒါပေမယ့် တစ်ပူပေါ် နှစ်ပူဆင့် ဆိုသလို နောက်ထပ် ကြားရတဲ့ သတင်းကတော့
သူတို့ သားကလေးကို သွေးစစ်ကြည့်တော့ ကလေးမှာလည်း AIDS ရောဂါ
(ဗိုင်းရပ်စ်ပိုး) တွေ့နေရပြီတဲ့။ (ရောဂါ လက္ခာဏာတွေတော့ မပေါ်သေးပါ) ဒီတော့
သူတို့ လင်မယား နှစ်ယောက် ကမ္ဘာပျက်သလို ခံစားလိုက်ရတယ်။ အထူးသဖြင့်တော့
ခင်ပွန်းသည်မှာ တာဝန်ပိုလာတာပေါ့။ သူ့မှာ ရပ်တည်ရာ မရနိုင်တဲ့
အခြေအနေမျိုးနဲ့ တွေ့နေရပြီ။ ဒါပေမယ့် အရှုံးပေးလို့တော့ မဖြစ်သေးဘူး
မဟုတ်လား။ အတတ်နိုင်ဆုံး လုပ်ရမှာပဲ။ မျှော်လင့်ချက်တော့ ထားမှာပဲဆိုပြီး၊
ဇွဲလုံ့လနဲ့ လုပ်ရှာပါတယ်။ AIDS အတွက် အသစ်ပေါ်တဲ့ ဆေးတစ်မျိုးကို
စမ်းကြည့်ဖို့အတွက် “ဆေးအစမ်းပြု သုတေသန” မှာ စူဇီ ဆေးစားနေခဲ့တယ်။
စူဇီ အသက်သာတဲ့အပြင် ဦးနှောက်ကို ထိနေပြီဆိုတဲ့ လက္ခဏာတွေ ပေါ်လာတယ်။
လမ်းကို ဖြောင့်ဖြောင့် မလျောက်နိုင်တော့ဘူး။ ဟိုထိုး ဒီထိုးနဲ့
စကားပြောရင်လည်း ထစ်နေတယ်။ စကားလုံးတွေ ဝါးလုံးနေလို့ သူ့ယောက်ျားတောင်
ခက်ခက်ခဲခဲနဲ့ နားလည်အောင် လုပ်နေရတယ်။ မျက်စိတွေ စွေလာတယ်။ လက်တွေ
ဆတ်ဆတ်တုန်နေလို့ ရေကိုတောင် ဖာသာ ကောင်းကောင်း မသောက်နိုင်ဘူး။
သူ့ကိုယ်သူ
သေရတော့မယ် ဆိုတာ သိပါတယ်။ စိတ်ကတော့ ကြည်စမြဲပဲ။ သူ့အတွက် အပျော်ဆုံး
ကာလတွေကတော့ သားကလေးနဲ့ အိပ်ယာပေါ်မှာ စော့ရတဲ့ အချိန်ပဲ။ ကုလို့ မရတဲ့
ရောဂါနဲ့ သေရမယ့်ဆဲဆဲ ရှိသူကို ခင်မင်ကြင်နာသူ မိဘ၊ ဆွေမျိုး၊ မိတ်ဆွေတွေက
ဘာလုပ်ပေးနိုင်သလဲ၊ သူတို့ရဲ့ ကြင်နာတွယ်တာမှုကို ကိုယ်ထိလက်ရောက်
ယုယုယယပြုစုပြီး အားပေး နှစ်သိမ့်မှုကို ပေးခြင်းဖြင့် စူဇီရဲ့
စိတ်ချမ်းသာမှုကို ဖြင့်တင်း ရမှာပဲလို့ ယူဆကြလို့ သူ့ရဲ့ အမေနဲ့ သူ့ရဲ့ အမက
အမေရိက ကလာပြီး စောင့်ရှောက်ပြုစု နှစ်သိမ့် အားပေးကြတယ်။
သူ့ရဲ့ အချစ်ဆုံး သူငယ်ချင်းကလည်း အလည်လာပြီး အတူနေပေးတယ်။
စူဇီအတွက်တော့ တစ်ခါက သာယာခဲ့တဲ့ သူ့ဘဝကို ပြန်လည်ကြည်နူးပြီး သူ့အသက်ရဲ့
နောက်ဆုံးရက်တွေကို ကုန်ဆုံးစေခဲ့တယ်။ စူဇီ ဒီရောဂါကို ဘယ်လိုရခဲ့သလဲ။ စူဇီ
အိမ်ထောင် မကျခင်က ရည်းစားရှိခဲ့တယ်။ သူ အဲဒီလူဆီက AIDS ရခဲ့တာပဲ။
ဒေါက်တာမြင့်မြင့်ခင်
No comments:
Post a Comment