Friday, November 8, 2013

ကလေးသူငယ်တွေအတွက် လိင်ကျန်းမာရေး



Child sexual abuse ကလေးသူငယ် လိင်စော်ကားမှုကို ဖတ်ပြီး ဒီစာရေးရခြင်း ဖြစ်ပါသည်။ ယခု မြန်မာနိုင်ငံတွင်လည်း သက်ငယ် မုဒိမ်းမှုများ အလွန်ဖြစ်ပွားနေသည်ကို စာစောင်ဂျာနယ်များမှာ မကြာခဏ ဖတ်နေရပါသည်။ ယခင်ကတော့ ကျွန်မတို့မှာ ကြားပင် မကြားဖူးပါ။ အမှန်အတိုင်း ဝန်ခံရပါလျှင် ကျွန်မတို့ ငယ်ငယ်ကတည်းက မိဘများက Sex Education ကို မပေးခဲ့ဖူးပါ။ ကျွန်မ ဆရာ့ရဲ့ Sex Education ဆိုတဲ့ ဆောင်းပါးလည်း ဖတ်ပြီးပါပြီရှင့်။ သို့သော်လည်း မိဘများအနေဖြင့် သမီးငယ်များ အတွက် မည်သည့် အသက်အရွယ်က စတင်ပြီး လိင်ကျန်းမာရေးနှင့် ပတ်သက်၍ မည်သို့ ပညာပေးနိုင်မလဲ ဆိုတာကို ဆောင်းပါးလေး ရေးပေးစေချင်ပါတယ်ရှင့်။

ဒီအကြောင်းအရာကို မပြောဘဲ၊ မရေးဘဲနေတာ ကောင်းသလား၊ မကောင်းဘူးလား ဆိုတဲ့ မေးခွန်းမှာ အပေါင်းနဲ့ အနုတ် နှစ်မျိုးလုံးရှိတယ်။ ကျန်းမာရေး ပညာပေးရေးတာကို ဖတ်ချင်သူကဖတ်၊ ယူချင်သူကယူ ကိုယ့်ဖါသာ ဆုံးဖြတ်ခွင့် ရှိတယ်။ လူအများနဲ့ ဆိုင်တဲ့ ဥပမာ တီဗွီ၊ ရေဒီယို၊ သတင်းစာ၊ ဂျာနယ်၊ ဆိုရှယ်မီဒီယာတွေမှာ ထည့်ရင်တော့ အကန့်အသတ်တွေ ရှိလာပြီ။ ကျောင်းတွေမှာ သင်၊ မသင်ဆိုတာကြ ဥပဒေနဲ့ လုပ်မှရတယ်။ ဒါလဲဘဲ နေရာတခုနဲ့ တခု၊ လူမှုအသိုင်းအဝိုင်း တခုနဲ့တခု မတူဘူး။ လွန်ခဲ့တဲ့ နှစ်တွေနေ ခုခေတ်မှာ ပြောင်းလာရတာလဲ ရှိတယ်။

သင်ပေးသင့်တယ်ဆိုရင် ဘာတွေပါသင့်သလဲ။ တာဝန်ရှိသူတွေ၊ ပညာရှင်တွေ၊ စိတ်ဝင်စားသူတွေကြားမှာ မတူကြတာတွေ ရှိပြန်တယ်။ အသစ်တခုကိုစရင် အခြေခံ အကျဆုံးကနေ စလေ့ရှိတယ်။ ဒါလဲ အငြင်းပွါးမှု အနည်းဆုံးသာ ဖြစ်ပြီး ကန့်ကွက်ဆဲရေးတာ မခံရဘူးလို့ အာမခံချက်မရှိပါ။ ကျွန်တော်က စပါရစေ့။

စာသင်ကျောင်းတွေမှာဆိုရင် ၈ နှစ်အရွယ်ကနေ စတာများတယ်။ ဒီအရွယ်လေးတွေကို သင်ပေးရမဲ့ အကန့်အသတ် ကြီးတယ်။ မေးလာရင် လိမ်မာ ပါးနပ်အောင် ဖြေနိုင်ဘို့ ပြင်ထားရမယ်။ မိဘတွေကို မေး ထားပြီး မေးခွန်းလေးတွေလဲ မရှင်းတာကို ကျောင်းမှာ မေးနိုင်တယ်။ သင်ကြားပေးသူရဲ့ တာဝန်၊ စေတနာနဲ့ ပညာအပြင် သင်ကြားမှု အနုပညာလိုမယ်။

၁။ ယောက်ျားလေးနဲ့ မိန်းကလေး မတူတဲ့အကြောင်း။ မတူတာတွေထဲမှာ မွေးရာပါ မျိုးပွါးအင်္ဂါတွေရှိကြောင်း။ ငယ်သေးလို့ မဖွံ့ထွားသေးတဲ့အကြောင်း။ ပြောင်းလဲလာတာတွေဟာ ပုံမှန်သာဖြစ်တဲ့အကြောင်း။ စိုးရိမ်မှု မရှိသင့်ကြောင်း။

၂။ အရွယ်ရောက်ခြင်း ဆိုတာဘာလဲ။ တယောက်နဲ့ တယောက် နဲနဲမတူတာရှိကြောင်း။ ဥပမာ မိန်းကလေးတွေက စောတယ်။ ဝသူတွေက စောတယ်။ အားကစား မလုပ်သူတွေက စောတယ်။ စောတိုင်းလဲ မကောင်းကြောင်း။ ကိုယ့်မှာ စောနေလို့လဲ မစိုးရိမ်သင့်ကြောင်း။ မျိုးရိုးလဲရှိကြောင်း။

၃။ ယောက်ျားလေးတွေမှာ အခြေခံ အပြောင်းအလဲတွေဆိုတာ ဘာတွေလဲ။ တနှစ်မှာ အရပ် ၄ လက္မ ပိုရှည်လာမယ်။ အသံသြလာမယ်။ နှုပ်ခမ်းမွေးပေါက်လာမယ်။ ဝက်ခြံပေါက်မယ်။

၎။ မိန်းကလေးတွေ အခြေခံ အပြောင်းအလဲတွေဆိုတာ ဘာတွေလဲ။ ယောက်ျားလေးတွေက အရပ်ပိုရှည်တာထက် မိန်းကလေးတွေက တင်နေရာကားလာတာ ပိုသိသာတယ်။ ရင်သားထွက်၊ ထွားလာမယ်။ အမြဲတစေ ဖုံးအုပ်ထားရမယ်။ အထိမခံသင့်ကြောင်း။ ဝက်ခြံပေါက်မယ်။ မကြာခင် ရာသီသွေးဆိုတာ ဆင်းမယ်။ အောက်ပိုင်းအတွင်းခံမှာ သွေးလို စွန်းထင်းတာရှိရင် အမေ၊ အမ၊ ဆရာမကို ပြောသင့်ကြောင်း။

၅။ စိတ်ပိုင်း အပြောင်းအလဲတွေ ဖြစ်မယ်။ ဟော်မုန်း အသစ်တွေ ထွက်လို့ဖြစ်တယ်။ ပုံမှန်ဖြစ်တယ်။ စိုးရိမ်ဘို့မလိုကြောင်း။ ပြောင်းလာတဲ့ အတွက် နေရထိုင်ရ၊ ပြောဆိုရတာတွေကို ပြုပြင်ရမှာဖြစ်ကြောင်း။ စိတ်ရှုပ်ထွေးတာ၊ စိုးရိမ်တာ၊ ဝမ်းနည်းတာ၊ ဒေါသထွက်တာတွေ ရှိတတ်ကြောင်း။ ကလေးတိုင်းဖြစ်တာမို့ မစိုးရိမ်ဘဲ ထိန်းရမှာဖြစ်ကြောင်း။

၆။ အနေအထိုင်၊ အမူအယာ သင်ပေးပါ။ ဘယ်လို ဝတ်စားဆင်ယင်တာ၊ နေထိုင်တာ၊ ပြုမူပြောဆိုတာတွေဟာ အန္တရာယ်ရှိကြောင်း။ တိတိကျကျမေးလာရင် ကိုယ်ဝန်ရှိနိုင်ကြောင်း။ အပျိုဘဝ၊ လူပျိုဘဝ ဆုံးသွားနိုင်ကြောင်း။ တန်ဘိုးထားမှု ကျဆင်းသွားနိုင်ကြောင်း။ ဖြစ်သွား၊ ပျက်သွားတာတွေက ဘယ်တော့မှ ပြန်မရတော့ကြောင်း။ တချို့မှာ တသက်လုံး စိတ်ထိခိုက်ရကြောင်း။ ဆက်မေးလာရင် တားဆီး ကာကွယ်နည်းတွေ ကျန်းမာရေးနဲ့ ညီတာတွေ ရှိနေကြောင်း တယောက်ချင်းကနေ ဆရာဝန်ကို မေးနိုင်ကြောင်း။ အရွယ်ပြောင်းလာလို့ ယောက်ျားလေး၊ မိန်းကလေးတွေ ပြောဆိုဆက်ဆံတာ၊ အတူကစား တာတွေမှာ ပြောင်းရကြောင်း။ ဘယ်လိုပြောင်းမလဲ။

အိန္ဒိယမှာ CBSE ပညာရေးစနစ်ထဲမှာ Sex education ကိုနောက်နှစ်မှာ စတင်ပါမယ်။ သူငယ်တန်းကနေ ၁၂ တန်းအထိ သင်ပေးမယ်။ Adolescent education လို့ခေါ်မယ်။ Reproductive health မျိုးပွါး ကျန်းမာရေးနဲ့အတူ Drug abuse ဆေးဝါး တလွဲသုံးခြင်း၊ Homosexuality လိင်တူဆိုတာတွေလဲ ပါမယ်။ Adolescence and Reproductive Sexual Health Programme (ARSH) လို့ရုံးသုံးခေါင်းစဉ် တပ်ထားတယ်။ ဒီအကြောင်းအရာတွေကို ဘာသာရပ် တခုအနေနဲ့ သင်ပေးမှာ မဟုတ်ဘဲ Activity-based programmes လှုပ်ရှားမှု အစီအစဉ်တွေထဲမှာ ထည့်ပါမယ်။

• Nutrition အာဟာရ၊
• Health ကျန်းမာရေး၊
• Hygiene သန့်ရှင်းရေး၊
• Physical fitness ရုပ်ပိုင်းကျန်းမာရေး၊
• Mental health စိတ်ကျန်းမာရေး၊
• Sexual health လိင်ကျန်းမာရေးထဲမှာ HIV/AIDS လဲပါမယ်။
• Sexual changes at puberty အရွယ်ရောက်ခြင်း အပြောင်းအလဲများ၊
• Substance abuse မူးယစ်ဆေးဝါးများ၊
• Myths မျိုးပွါးခြင်းဆိုတာမှာ တလွဲအထင်အမြင်အမှားတွေ၊
• Sexually transmitted diseases လိင်ကတဆင့်ကူးစက်ရောဂါတွေလဲ ထည့်သွင်းထားပါတယ်။


အိန္ဒိယမှာ နိုင်ငံရေးစနစ်က ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပုံစံရှိတာမို့ ပြည်နယ်တခုနဲ့ တခုမတူဘဲ ကျင့်သုံးခွင့်ရှိတယ်။ (မဟာရာစထရာ) ပြည်နယ်က အဲဒီ Adolescent Education Programme (AEP) အစီအစဉ်သစ်ကို လက်မခံပါ။ MLA ပြည်နယ် အမတ်တွေက ၁ဝ တန်းသင်ရိုးထဲ မှာထည့်မှာကို ဆန့်ကျင်နေကြ ပါတယ်။ ပြည်နယ် လွှတ်တော်ထဲမှာ အတိုက်အခံ အမတ်တွေက အစိုးရထုတ် Kishorawastha Jivan Kaushalya Karyakram ဆိုတဲ့ စာမျက်နှာ ၂ဝဝ ကျော်ပါ ဆရာ လမ်းညွှန် စာအုပ်တွေကို ထောင်ပြပြီး ကန့်ကွက်ကြတာ ဖြစ်ပါတယ်။

A resource for a planned and continuous Sex Education programme conforming to DfEE guidelines ဆိုတာက ဗြိတိန်နိုင်ငံသုံး လိင်ကျန်းမာရေး လက်စွဲ အစာအုပ် ဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရဲ့ ယဉ်ကျေးမှု၊ ဘာသာရေး၊ နိုင်ငံရေး၊ ကျန်းမာရေး၊ စီးပွါးရေး အခြေအနေတွေနဲ့ ကိုက်ညီတာတွေကို မြန်မာနိုင်ငံ သားတွေ ကိုယ်တိုင်ကနေ တိုင်ပင်ဆွေးနွေးတာတွေ အဆင့်ဆင့်လုပ်ကြပြီးမှ အကောင်းဆုံးကို ဆန်ကာတင် ရွေးသင့်ပါတယ်။ ဒီအရေးကိစ္စမှာ တိုင်းတပါးသားတွေ ဆီက အကြံဥာဏ် အကူအညီမလို ဘူးထင်ပါတယ်။

ဒေါက်တာတင့်ဆွေ




ဒေါက်တာတင့်ဆွေ - ကလေးသူငယ်တွေအတွက် လိင်ကျန်းမာရေး 


No comments: