Sunday, July 14, 2013

ပြည့်တန်ဆာ ဆိုတာ တရားဝင် ဖြစ်သင့်ပါ သလား



ဒေါ်စန္ဒာမင်း လွှတ်တော်တွင် ပြည့်တန်ဆာ ကိစ္စ မေးပြီး
  ပြည်သူ့လွှတ်တော် ဥက္ကဌကြီး ရှင်..

ကျွန်မ ဒီနေ့ မေးမြန်းမဲ့မေးခွန်းလေးကတော့ ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေနှင့် ပတ်သက်ပီး မေးမြန်းလိုခြင်း ဖြစ်ပါတယ်။ ပြည့်တန်ဆာဆိုတာ ဗုဒ္စခေတ် ကတည်းက ရှိခဲ့တာပါ။ ကျမ်းဂန်တွေ အရတော့ နာဂါဆိုဘီနီ nagar sobhini လို့ ခေါ်ဆိုကြပြီး မြို့တော်မှ ပိုင်ဆိုင်တဲ့ အလှမယ်ဆိုတဲ့ အဓ္ဓိပါယ် ရပါတယ်။ နိုင်ငံပိုင် ပြည့်တန်ဆာ အဖြစ် အသက်မွေးရတဲ့ ရာထူးအဆင့်ကို အပ်နှင်း လိုက်ချင်းပါ။ ဆိုဘီနီ ခေါ်ပြည့်တန်ဆာဘွဲ့ အပ်နှင်းခြင်းကို ဝဇီ (Vajji) ဘုရင်က စတင်အပ်နှင်းတယ်လို့လည်း ကျမ်းဂန်တွေအရ သိရပါတယ်။ ရှေ့ဟောင်း ဗုဒ္စဘာသာ စာပေတွေမှာတော့ ပြည့်တန်ဆာတွေကို အဆိုးမြင် သဘော ထားတွေနဲ့ ဖော်ပြထားတာ မရှိပါဘူး။ ဗုဒ္ဓကိုယ်တိုင် ဒီလိုမျိုး အမျိုးသမီးတွေကို ဇာတ်နိမ့် ဇာတ်မြင့် ဒါမှမဟုတ် အယူဝါဒ မခွဲခြားဘဲ နိဗ္ဗာန်ကို လျှောက် လှမ်းခွင့် ပေးခဲ့ပါတယ်။ ဝေသာလီပြည်က အမပါလီ ဆိုတဲ့ ပြည့်တန်ဆာဟာ ကသဖ ဘုရားရှင် လက်ထက်မှာ ဘီက္ခူနီ ဖြစ်ခဲ့ပြီး တာဝတိံသာနတ်ပြည်မှ စံစားခဲ့ရကာ ဆုတေပြီးနောက် နောက်ဆုံး ဘဝအဖြစ် ဂေါတမ ဘုရားရှင် လက်ထက်မှာလည်း ပြည့်တန်ဆာ ထပ်ဖြစ်ခဲ့ပြီး ဗုဒ္စရဲ့ တရားတော်တွေကြောင့် ရဟန်းနာ ဘဝကို ရောက်ခဲ့ပါတယ်။ သာလာဝတီ ဆိုတဲ့ ပြည့်တန်ဆာဟာလည်း ဘုရားရှင်နဲ့ သံဃာတွေကို ဆေးကုသပေးရတဲ့ သမားတော်ကြီး ဇီဝကရဲ့ မယ်တော်ပါ။ ဆိုလိုချင်တာက ပြည့်တန်ဆာတွေဟာ ဗုဒ္ဓ လက်ထက်ကတည်းက ရှိခဲ့ပြီး ကျွတ်တန်း ဝင်သွားခဲ့တယ် ဆိုတာပါ။

လေးစားအပ်ပါသော ဥက္ကဌကြီး ..ရှင့်....
ဒီနေ့ခေတ်မှာလည်း ကမ္ဘာနိုင်ငံတိုင်းမှာ ပြည့်တန်ဆာတွေ ရှိနေပါတယ်။ ဘာသာရေး အထိန်းအကွပ်ကြောင့် ပြည့်တန်ဆာ လုပ်ငန်း ဖွံ့ဖြိုးတဲ့ နိုင်ငံနဲ့ မဖွံ့ဖြိုးတာပဲ ကွာပါတယ်။ ပြည့်တန်ဆာတွေနဲ့ ပက်သက်တဲ့ ဥပဒေတွေ ကိုလည်း ကမ္ဘာနိုင်ငံ့ အများစုမှာ ပြထန်းထားပါတယ်။ အာရှဒေသက ဂျပန်၊ တရုတ်၊ ထိုင်း၊ စင်ကာပူ တွေမှာဆိုရင် တရားဝင်ဈေးကွက် အဖြစ်ကို သက်မှတ်ပေးထားတာပါ။ ဒါဟာ လူဖြစ်နေလို့ မလွန်ဆန်နိုင်တဲ့ လူတန်းစားတွေ အတွက် သီးခြားသက်မှတ်ပေးထားတာလည်း ဖြစ်ပါတယ်။ ဘယ်နိုင်ငံမဆို ပြည့်တန်ဆာက အနည်းနဲ့ အများ ရှိနေပါတယ်။ မြန်မာနိုင်ငံမှာလည်း ပြည်တန်ဆာဆိုတာ ခေတ်အဆက်ဆက်တိုင် ရှိခဲ့ပြီး ယနေ့ အချိန်ထိ လျော့နည်း ပပျောက်သွားခြင်း မရှိသေးပါဘူး။

လေးစားအပ်ပါသော ဥက္ကဌကြီး .ရှင့်....
၁၉၄၉ ခုနှစ် အေပြီ ၂၁ ရက်နေ့မှာ အတည်ပြုခဲ့တဲ့ ပြည့်တန်ဆာ ပပျောက်ရေး ဥပဒေဟာ တချို့နေရာတွေမှာ ဥပဒေကို လက်တစ်လုံးခြား ကျင့်သုံးတဲ့ တာဝန်ရှိသူ အချို့ကြောင့် ပြည့်တန်ဆာတွေ အနေနဲ့ ပိုမိုနှစ်နာ ရပါတယ်။ ဘယ်သူမဆို ဒီဘဝကို ဝတ်ရှိလို့သာ ရောက်ခဲ့ရတာပါ။ ငွေကို လွယ်လွယ်ရလိုမှု၊ လုပ်စရာ အလုပ်အကိုင် မရှိလို့ လုပ်ရကာနေ နှစ်မွန်းသွားပြီး မထူးဇာတ် ခင်းကြတဲ့ သူတွေလည်း အများကြီးပါ။ ရုန်းထွက် ချင်ပေမဲ့ ကောင်းရာကောင်းကြောင်း လုပ်ရင် တစ်လ တစ်သိန်းလောက်တောင် မရဘဲ ၄၊ ၅ ရက်လောက်နဲ့ တစ်သိန်း ရတယ်ဆိုပြီး နစ်မွန်းနေသူတွေလည်း အများကြီးပါ။ သူတို့အတွက် မထူးတော့တဲ့ အခြေအနေမို့ ဆက်လုပ်နေရတဲ့ သူတွေလည်း ရှိပါတယ်။

ဒီအခါမှာ ၁၉၄၁ ခုနှစ်ပြည့်တန်ဆာ ပပျောက်ရေး ဥပဒေကို အလွဲသုံးသူ တချို့ကိုလည်း ပြည့်တန်ဆာတွေ ရင်ဆိုင်နေကြရပါတယ်။ စီမံချက်ရှိရင် မကျေနပ်ရင် ကွန်ဒုံးဆောင်ထားတဲ့ သာမန် ရိုးရိုး မိန်ကလေး ကိုတောင်မှ ပြည့်တန်ဆာ အဖြစ် မြူဆွယ် လုပ်ကိုင်တယ် ဆိုပြီး ဖမ်းလို့ရပါတယ်။ ပြည့်တန်ဆာတွေ အနေနဲ့လည်း သူတို့ရဲ့ ကျန်းမာရေးအတွက် ကွန်ဒုံးကို ဆောင်ရမှာပါ။ ရဲတချို့ကတော့ လူကိုမခင်ရင် ထောင်ထဲပို့ပြီး လူကိုခင်ရင် မူကိုပြင်ပြီး အိပ်ခန်းထဲ ခေါ်သွားကြတယ် လို့လည်း ပြည့်တန်ဆာလောက ကနေ သိနေရပါတယ်။ ဒီအတွက် ပြည့်တန်ဆာတွေကို ဘယ်လို ထိန်းသိန်းမလည်းဆိုတာ ကျွန်မတို့ စဉ်စားရတော့မယ်..

၁။ ဒီအလုပ် လုပ်တဲ့ သူတွေကို ကျန်းမာရေးအရ ဆေးစစ်ပြီးသား ဖြစ်လို့ လိင်နဲ့ပတ်သက်တဲ့ ရောဂါတွေ ကူဆက်ပြန့်ပွားမှုကို အတိုင်းအတာ တစ်ခုအထိ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
၂။ ပြည့်တန်ဆာ ဆိုပေမယ့် နိုင်ငံသား တစ်ဦးဖြစ်လို့ နိုင်ငံသား တစ်ဦး ရပိုင်ခွင့်ရှိတဲ့ တရားဥပဒေနဲ့ အခွင်းအရေးတွေ ကိုလည်း ပြည့်တန်ဆာတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။
၃။ မနေနိုင်တဲ့ အမျိုးသားတွေ အနေနဲ့လည်း ဒီလိုနေရာတွေကို တရားဝင် သွားရောက်နိုင်တဲ့ အတွက် ကလေးသူငယ် အရွယ်လေးတွေ မုဒိန်းကျင့် ခံရခြင်း၊ မိကောင်းဖခင် အမျိုးသမီးလေးတွေ အပေါ် ပစ်မှတ်ထားနိုင်တဲ့ အမျိုးသားတွေရဲ့ အန္တရာယ်ကနေ အတိုင်းအတာ တစ်ခုထိ လျှော့ပါစေမှာ ဖြစ်ပြီး မဒိန်းမှု အန္တရာယ်ကိုလည်း အတိုင်းအတာ တစ်ရပ်အထိ လျှော့ချနိုင်မယ်လို့ ယူဆမိပါတယ်။


လေးစားအပ်ပါသော ဥက္ကဌကြီး ..ရှင့်..
ကျမ မေးချင်တဲ့ မေးခွန်းတွေကတော့ ပြည်ထောင်စု သမ္မတ အစိုးရ လက်ထက်မှာ ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေ အရ တစ်နှစ်လျှင် အရေးယူခဲ့သည့် မှုခင်း အရေအတွက် ဘယ်လောက် ရှိပါသလည်း အဆိုပါ မှုခင်းများ ဖြစ်ပွား ရခြင်းမှာ နိုင်ငံ့ရဲ့ဆင်းရဲမွဲတေမှု ပြဿနာနဲ့ အလုပ်အကိုင် ရှားပါမှုပြဿနာတို့ကြောင့် ပြည့်တန်ဆာ မှုခင်း အများအပြား ဖြစ်လာပြီး ဖမ်းစီး ပစ်ဒဏ်ပေးရုံနဲ့ ပြည့်တန်ဆာ လုပ်ငန်း၊ ပြည့်တန်ဆာ အရေအတွက်တွေ များပြားလာခြင်းကို ဟန့်တားနိုင်မှာလား။ ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေ အရ အရေးယူ ခံရတဲ့ အမျိုးသမီးများဟာ အကျဉ်းထောင်ထဲမှာ HIV/AIDS ရောဂါ ပပြောက်ရေးအတွက် လည်းကောင်း၊ ဘ၀သစ် ပြန်လည် ထူထောင်ရေး အတွက်လည်းကောင်း၊ ကျန်းမာရေး လူမှုရေး ရှုထောင့်ကနေပြီးတော့ ထောင်ကထွက်လာတဲ့ အခါမှာ ဘယ်ကဲ့သို့ ကူညီထားပါသလဲ။ အကျဉ်းထောင်မှ ပြန်လည် လွှတ်မြောက် လာတဲ့ အခါမှာ မူလ ပြည့်တန်ဆာ လုပ်ငန်းကို ပြန်လည် မရောက်ရှိနိုင်ရေး အတွက် နိုင်ငံတော်မှ မည်ကဲ့သို့ စီမံထားရှိပါသလဲ။ ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေဟာ ယနေ့ ခေတ် ကာလနှင့် လိုက်လျော ညီထွေးမှု မရှိတော့တဲ့ အတွက် ပြန်လည်ပြင်ဆင်ရေးဆွဲ့ရန် အစီအစဉ် ရှိပါသလားဆိုတဲ့ မေးခွန်းကို မေးမြန်းချင်ပါတယ်ရှင်။ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်-----

National League for Democracy
Myanmar Online News - ဒေါ်စန္ဒာမင်း လွှတ်တော်တွင် ပြည့်တန်ဆာ ကိစ္စ မေးပြီး 

ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေ ပြန်ပြင်မည့် အစီအမံ ရဲချူပ် လက်မခံ

ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး နဝမနေ့ ဇူလိုင်လ (၉) ရက်နေ့၌ ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေ ပြန်လည်ပြင်ဆင် ရေးဆွဲရန် အစီအစဉ် ရှိ/မရှိ တို့ နှင့် စပ်လျဉ်း သည့် မေးခွန်းအား ဇမ္ဗူသီရိ မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းမှ မေးမြန်းခဲ့သည်။

“ ဒီနေ့ လွှတ်တော်မှာ ပြည့်တန်ဆာ ဥပဒေ ပြင်ဆင်ဖို့ကို ရဲချုပ်က သဘောမတူပါဘူး ။ ကျမက မေးပါတယ်၊ ပြစ်မှု ကျူးလွန်တာချင်း အတူတူ လိင်ကိုရောင်းစားသူ အမျိုးသမီးများက ပြစ်မှုမြောက်ပြီး လိင်ကို ဝယ်ယူသူ အမျိုးသား တွေကတော့ ပြစ်မှုမြောက်ခြင်း မရှိတဲ့ ဥပဒေကို ပြင်သင့်ပါတယ်လို့ တင်ပြတာပါ” ဟု ဒေါ်စန္ဒာမင်း မှ ၄င်း၏ လူမှုရေးစာမျက်နှာမှ တဆင့် ပြောကြားလိုက်ခြင်း ဖြစ်သည်။

၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေမှာ ခေတ်ကာလနှင့် လိုက်လျော ညီထွေးမှု မရှိတော့သည့် အတွက် ပြန်လည်ပြင်ဆင် ရေးဆွဲ့ရန် အစီအစဉ် ရှိ/မရှိဆိုသည့် မေးခွန်းအား မေးမြန်းရာ၌ ပြည်ထဲရေးဝန်ကြီး ဋ္ဌာန ဒုတိယ၀န်ကြီး ရဲချုပ်ကျော်ကျော်ထွန်းမှ ဥပဒေ ပြင်ဆင်ရန် သဘောတူခြင်း မရှိသေးဟု ပြန်လည်ဖြေကြား ခဲ့သည်။
“ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေမှာ လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော်က ပြဋ္ဌာန်းခဲ့သော ဥပဒေ ဖြစ်သော်လည်း ယနေ့ခေတ် ကာလတွင် လိုက်နာ ကျင့်သုံးနိုင်မှု ရှိနေသေးကြောင်း တွေ့ရှိရသည့် အတွက် ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေအား ပြန်လည် ပြင်ဆင်ရေးဆွဲရန် အစီအစဉ်မရှိ သေးပါကြောင်း” ဟု ပြည်ထဲရေး ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်းက ဖြေကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့် ပြည့်တန်ဆာ လုပ်ငန်းများကို ဖမ်းဆီးအရေး ယူခဲ့ရာ ပြည့်တန်ဆာ ဖမ်းဆီးအရေးယူမှု အရေအတွက်မှာ ၂၀၁၁ ခုနှစ်၌ ၁၉၅၆ မှု၊ ၂၀၁၂ ခုနှစ်မှာ ၃၂၂၆ မှုနှင့် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီ လမှ မေလအထိ ၆၄၀ မှုကို အရေး ယူခဲ့ပြီး ဖြစ်သည်ဟု ပြည်ထဲရေး ၀န်ကြီးဋ္ဌာနမှ သိရသည်။

၁၉၄၁ ခုနှစ် ပြည့်တန်ဆာ ပပျောက်ရေး ဥပဒေအား အလွဲသုံးသူ တချို့ကိုလည်း ပြည့်တန်ဆာများ အနေဖြင့် ရင်ဆိုင်နေရကြောင်း၊ စီမံချက်ရှိပါက သက်ဆိုင်ရာ တာဝန်ရှိ ၀န်ထမ်းများ အနေဖြင့် မကျေနပ်လျှင် ကွန်ဒုံး ဆောင်သည့် သာမန် ရိုးရိုး မိန်ကလေးကိုတောင်မှ ပြည့်တန်ဆာ အဖြစ် မြူဆွယ် လုပ်ကိုင်သည်ဟုဆိုကာ ဖမ်းဆီး၍ ရကြောင်းကိုလည်း ဒေါ်စန္ဒာမင်းက ဆိုသည်။

ပြည့်တန်ဆာ အဖြစ် အသက်မွေးဝမ်းကျောင်းခြင်းကို မြန်မာ့ယဉ်ကျေးမှုအရ လူမှုရေးနယ်ပယ်တွင် လက်မခံသည့် အတွက် ထိရောက်စွာ အရေးယူနိုင်ရန် ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ ပပျောက်ရေး အက်ဥပဒေ ကို ပြဋ္ဌာန်း ခဲ့ရာ ပြည့်တန်ဆာအဖြစ် အသက်မွေးခြင်းမှာ စီးပွားရေး၊ လူမှုရေးအကြောင်း တရားများနှင့် ဆက်စပ်ပေါ်ပေါက်ရခြင်း ဖြစ်သည့်အတွက် ၁၉၅၆ ခုနှစ် ပြည့်တန်ဆာ ပပျောက်ရေး ပြင်ဆင်ချက် အက်ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ဥပဒေ၏ အမည်ကို ၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေ အဖြစ် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ပြည့်တန်ဆာများ အနေဖြင့်လည်း ကျန်းမာရေးအတွက် ကွန်ဒုံးဆောင်ရမည်ဖြစ်ကြောင်း၊ ရဲဝန်ထမ်းအချို့မှာ လူကိုမခင်ပါက ထောင်ထဲပို့ပြီး လူကိုခင်ပါက မူကိုပြင်၍ အိပ်ခန်းထဲ ခေါ်သွားလေ့ ရှိကြောင်းကိုလည်း ပြည့်တန် ဆာ အသိုင်းအ၀ိုင်းက သိရသည်။

“အရင်ကဆိုရင် ရဲတွေကလည်း ကျွန်မတို့ ဆီကနေ ပိုက်ဆံလည်း ယူတယ်၊ ခန္တာကိုယ်လည်း ယူတဲ့ အဖြစ်အပျက် မျိုးတွေ ရှိခဲ့ဘူးတယ်၊ ပိုက်ဆံမပေးပဲ အုပ်စုလိုက် အနိုင်ကျင့်တာတွေလည်း ရှိတော့ ကျွန်မတို့ အကာ အကွယ်ပေးမယ့် ဥပဒေနဲ့ အပြစ်ရှိရင် အရေးယူလို့ရမယ့် ဥပဒေမျိုး ရှိစေချင်တယ်” ဟု အင်းယားကန်ဘောင် ၀န်းကျင်၌ လိင်လုပ်ငန်း လုပ်ကိုင်နေသည့် အမျိုးသမီး တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ကျန်းမာရေး ဦးစီးဌာနမှ လေ့လာသုတေသန ပြုချက်များအရ ပြည့်တန်ဆာများမှာ HIV, AIDS ရောဂါဖြစ်ပွားနှုန်းက ၂၀၀၀ ပြည့်နှစ်မှာ ၃၈ ရာခိုင်နှုန်းရှိရာမှ ၂၀၁၂ ခုနှစ် ၇.၁ ရာခိုင် နှုန်းအထိ ကျဆင်း လာကြောင်းနှင့် ရောဂါပိုး ကူးစက်မှု မရှိစေရန် ကာကွယ်ရေး အတွက် ဦးတည် အုပ်စုများမှာ ရာနှုန်းပြည့် ကွန်ဒုံး အသုံးပြုရေး စီမံချက် လုပ်ငန်းများကို ၂၀၀၁ ခုနှစ်မှ စတင်ဆောင်ရွက် ခဲ့ရာ ၂၀၁၃ ခုနှစ်မှာ မြို့နယ်ပေါင်း ၈၆ မြို့နယ်မှာ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။

“လူ့အခွင့်အရေး လူ့အခွင့်အရေးနဲ့ ပြောနေကြတဲ့ ဟာကို သူတို့ကိုလည်း ရစေချင်ပါတယ်၊၊ တခြားထူးထူး ခြားခြား ပိုပြီးတော့ မတောင်းဆိုချင်ပါဘူး” ဟု မြန်မာ လိင်လုပ်သားများ ကွန်ယက်အသင်း ဥက္ကဋ္ဌက ဒေါ်နှင်းနှင်းယု က ဆိုထားသည်။
ပြည့်တန်ဆာ ဥပဒေများမှာ ကမ္ဘာနိုင်ငံ့ အများစု၌ ပြဋ္ဌာန်းထားကြောင်း သိရ၍ အာရှတိုက်အတွင်း အင်အား ကြီးနိုင်ငံများဖြစ်သည့် ဂျပန်၊ တရုတ်၊ ထိုင်းနှင့် စင်ကာပူနိုင်ငံများ၌ တရားဝင် ဈေးကွက်တစ်ခု အနေဖြင့် သက် မှတ်ပေးထားသည်ဟု သိရသည်။
၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေသည် မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် အာဏာ သက်ရောက်ပြီး ယနေ့ အထိ ကျင့်သုံးနေသော ဥပဒေ ဖြစ်ပါသည်။

မြစ်မခ - ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေ ပြန်ပြင်မည့် အစီအမံ ရဲချူပ် လက်မခံ

ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေ ပြင်ဆင်ဖို့ အမျိုးသမီးတွေ လိုလား
 ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲဖို့ မရှိဘူးလို့ ပြည်ထဲရေး ဒုဝန်ကြီးက ပြောခဲ့ပေမယ့် ပြည်သူ့ လွှတ်တော်က အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် အများစုက ဒီဥပဒေကို ပြင်ဆင်ဖို့ လိုလားနေကြပါတယ်။
ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်စန္ဒာမင်း ကတော့ ပြည်တွင်းက ပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်နေတဲ့ အမျိုးသမီးတွေကို ကာကွယ်ပေးဖို့ လိုတယ်လို့ ပြော လိုက်တဲ့ အကြောင်း ရေဒီယို သြစတြေးလျ သတင်းထောက် ဝေစန္ဒာကျော်က သတင်းပေးပို့ ထားပါတယ်။
ပြည်ထဲရေး ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်းက ၁၉၄၉ ခုနှစ် ပြည့် တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေကိုပြင် ဆင်ရန် မလို အပ်ဘူးလို့ လွှတ်တော်မှာ ပြန်လည် ဖြေကြား အပြီးမှ အဆိုရှင် ဒေါ်စန္ဒာမင်း ကတော့ ပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်နေရတဲ့ အမျိုးသမီးတွေကို အကာအကွယ်ပေးပို့ ဥပဒေတစ်ရပ် ပြဌာန်းဖို့ လွှတ်တော်က ပြဌာန်းနိုင်အောင် ကြိုးစားသွားမယ်လို့ ပြောပါတယ်။
ဒီတော့ တကယ်တမ်း ပြောချင်တာက ရဲချုပ်က ပြင်သည် ဖြစ်စေ မပြင်သည်ဖြစ်စေ လွှတ်တော် ကိုယ်စားလှယ် ဆိုတာက ဥပဒေ ပြုနိုင်တဲ့ အာဏာ ရှိပါတယ်။ သူက မပြင်ဘူးဆိုပေမဲ့ ကျွန်မတို့က လွှတ်တော်ထဲမှာ ဒီ ဥပဒေကို ပြင်နိုင်အောင် ကျွန်မတို့ အနေနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ ဥပဒေ အသစ်ရေးဆွဲ နိုင်အောင် ကြိုးစားသွားမှာပါ။
မြန်မာနိုင်ငံမှာ ပြည့်တန်ဆာ ဆိုတာ တရားဝင် လုပ်ကိုင်ရတာ မဟုတ်တဲ့ အတွက် သူတို့ရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကိုလည်း လုပ်မပေးနိုင်သလို သူတို့မှာ အိပ်အိုင်ဗီ ရောဂါ ကူးစက်သူဟာ ဘယ်လောက်ရှိနေတယ် ဆိုတဲ့ အရေအတွက် ကိုလည်း အတိအကျ မသိရပါဘူး။ လက်ရှိ ရှိနေတဲ့ ဥပဒေဟာ ဆိုရင် ပြည့်တန်ဆာ တိုးပွားလာတာကို မဟန့်တားနိုင်သလို ကျန်းမာရေး ရှု့ထောင့်အရလည်း ထိရောက် လုပ်ဆောင်ချက်မျိုး မရှိတဲ့ အတွက် ဒီဥပဒေကို ပြင်ဖို့ လိုတယ်လို့ အခိုင်အမာ ယုံကြည်တဲ့ အကြောင်း ဒေါ်စန္ဒာမင်းက ပြောပါတယ်။ အဆိုးရွားဆုံး ကတော့ ၁၃၊ ၁၄ နှစ် ကလေးငယ်တွေ ပြည့်တန်ဆာ ဖြစ်နေကြရတာတွေကို အမြန်ဆုံ ကာကွယ် ထိန်းသိမ်း ဖို့ လိုတဲ့အတွက် ပြည်တန်ဆာ ဥပဒေ အသစ် တစ်ခု တကယ်လိုအပ် နေပါပြီလို့ GENERATION WAVE အဖွဲ့မှ ကိုမိုးသွေး ကပြောပါတယ်။
၁၃၊ ၁၄ နှစ် ကလေးငယ်တွေ အများကြီးတွေ့ရတယ်။ ဒါတွေက ဥပဒေ တစ်ရပ်နဲ့ သေသေချာချာ ထိန်းသိမ်းဖို့ လိုအပ်နေပြီ။ မှတ်ပုံတင် ဥပဒေ လုပ်မယ်ဆိုရင် ဒါတွေကို အများကြီး လျှော့ချနိုင်လိမ့်မယ် လို့မြင်ပါတယ်။ ကျန်းမာရေး ရှုထောင့်အရရော အကျင့် စာရိတ္တ ရှုထောင့် အရရော ဒီဥပဒေ လိုအပ်တယ်လို့ မြင်ပါတယ်။
ပြည့်တန်ဆာတွေ အပေါ်မှာ ခေါင်းပုံဖြတ်မှုတွေ၊ အတင်အဓမ္မ ခိုင်းစေတာတွေကို အလိုမတူပဲ ခိုင်းစေလာတာတွေ ရှိရင် ထိထိရောက်ရောက် အရေးယူနိုင်ဖို့နဲ့ ပြည်တန့်ဆာတွေ အခွင့်အရေးကို ကာကွယ်နိုင်ဖို့ အတွက် ခိုင်မာတဲ့ ဥပဒေ တစ်ရပ် ပြဌာန်း ဖို့ လိုတယ်ဆိုတာ ထောက်ခံကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူ မဇင်မာအောင်က ပြောပါတယ်။
ဒီပြည့်တန်ဆာ ဥပဒေကို ပြင်ဆင်ပေးဖို့ အဆိုကို ဆဌမအကြိမ် ပြည်သူ့ လွှတ်တော် အစည်းဝေးမှာလည်း တင်ပြခဲ့တာကိုလည်း ရဲချုပ် ကျော်ကျော်ထွန်းက အခုလိုပဲ ပြင်ဆင်ဖို့ မလိုအပ်ဖူးလို့ ငြင်းဆိုခဲ့ ဘူးပါတယ်။
New Collection  - ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေ ပြင်ဆင်ဖို့ အမျိုးသမီးတွေ လိုလား

ပြည့်တန်ဆာ ဆိုတာ တရားဝင် ဖြစ်သင့်ပါ သလား

ပြည့်တန်ဆာဆိုတာ တရားဝင် ဖြစ်သင့်ပါသလား ပြည့်တန်ဆာ ဆိုတာ ကမ္ဘာနဲ့ချီပြီး တည်ရှိခဲ့တဲ့ လူသားရဲ့ အစောဆုံး လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ ပြည့်တန်ဆာ ဆန့်ကျင်ရေး ဥပဒေတွေ ကိုလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်လောက်ကတည်းက ပြဋ္ဌာန်း ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ လုပ်ငန်းဟာ တိမ်ကော ပျောက်ကွယ်သွားပါသလားဆိုတာ သုံးသပ် သင့်ပါတယ်။ ပြည့်တန်ဆာ အလုပ်ကို ငွေရလွယ်တဲ့ အလုပ်လို့ လက်ခံပြီး ပေးသူနဲ့ ယူသူ သဘောတူမျှ လုပ်နေကြရင် ဒီအလုပ်ကို အမြစ်ပြုတ်အောင် လုပ်ဖို့တော့ မလွယ်ပါဘူး။ ဝန်ဆောင်မှု တစ်ခုအနေနဲ့ သဘောထားပြီး လုပ်ကိုင် ဆောင်ရွက်နေကြတဲ့ အခြား လုပ်ငန်းတွေလို ပြုသူနဲ့ အပြုခံ ကြားမှာ ငွေဆိုတာနဲ့ တန်ဖိုးဖြတ်တာကို လက်ခံနေကြသမျှ ဒီလုပ်ငန်း သံသရာက ပြတ်မှာလည်း မဟုတ်ဘူး။

လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်လောက်က ဆိုဗီယက်ရုရှားမှာ ကျောင်းဆရာမ တစ်ယောက်ကို ပိုက်ဆံယူပြီး ကာမ ရောင်းစားမှုနဲ့ ရဲက ဖမ်းတော့ အဲဒီဆရာမက “I sell my own property.” လို့ ပြန်ပြောပါတယ်။ ဟုတ်ပါတယ်။ ဆိုဗီယက် ရုရှားခေတ်က ကိုယ်ပိုင်တဲ့ဥစ္စာကို ကိုယ်ရောင်းစားတာ ပြစ်မှု မမြောက်ပါ ဘူး။ အဲဒီ ဆရာမ ပြောလိုက်တဲ့ စကားလေးဟာလည်း ကမ္ဘာ့ သတင်းမီဒီယာ လောကကို ပျံ့နှံ့သွားပါ တော့တယ်။ နိုင်ငံတကာမှာ အလုပ်သမားတွေ အတွက် သမဂ္ဂတွေ ထူထောင်နေ ကြတော့ ပြည့်တန်ဆာတွေ ကလည်း သူတို့ အခွင့်အရေးကို ကာကွယ်ပေး ဖို့ ပြည့်တန်ဆာသမဂ္ဂ ထူထောင်ခွင့်ရရေး တိုက်ပွဲဝင် နေကြတယ်လို့လည်း ကြားရပါတယ်။ ပြည့်တန်ဆာ လုပ်ငန်းကို တရားဝင် ထူထောင်ခွင့် ပြုထား တဲ့ နိုင်ငံတွေမှာ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ ပြည်နယ်အလိုက် ပြည့်တန်ဆာတွေကို တရားဝင် ခွင့်ပြုတာတွေရှိကြောင်း သိရတယ်။ နီဗားဒါး ပြည်နယ် ကျေးလက်ဒေသတွေမှာ တရားဝင် ထူထောင်ခွင့် ပြုထား တဲ့ ပြည့်တန်ဆာ အိမ် ၂၈ ခု ရှိတယ်လို့ ဆိုပါတယ်။ သူတို့လည်း တင်းကျပ်တဲ့ စည်းကမ်း ဥပဒေတွေကို လိုက်နာကြရပြီး အစိုးရရဲ့ စစ်ဆေးမှုတွေကို အထပ်ထပ်ခံကာ ဖွင့်လှစ်ကြရပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ ပြည့်တန်ဆာ လုပ်ငန်းဟာ ထုထည် ကြီးမားတဲ့ လုပ်ငန်းကြီး တစ်ခုအနေနဲ့ တရားဝင် ရပ်တည်နေတယ်လို့လည်း ဆိုနိုင်ပါတယ်။ ပြည့်တန်ဆာ လုပ်ငန်းဆိုတာ ပတ်ဝန်းကျင် လောကမှာ ကင်းနိုင်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ မိန်းမ တစ်ယောက်ဟာ ယောက်ျား တစ်ယောက် ထံကနေ ပိုက်ဆံယူပြီး လိင်ကိစ္စကို ခွင့်ပြုရင် ပြည့်တန်ဆာလို့ သတ်မှတ်ပါ သလား။

ဒီလို ပြောလိုက်ရင် တွေးစရာ၊ ဆွေးနွေးစရာတွေ အများကြီး ဖြစ်သွားနိုင်ပါတယ်။ ငွေကြေးအတွက် အသက်ကြီး သူတွေကို လက်ထပ်ရတာ၊ မချစ်မနှစ်သက်သူ တွေနဲ့ အတူ နေရတာတွေကိုရော ဘာလို့ သတ်မှတ်နိုင်ပါ သလဲ။ အသက် ၁၈ နှစ် သမီးက အသက် ၆၀ ကျော် အဘိုးကြီး တစ်ယောက်ကို လက်ထပ်တယ်ဆိုတာ ဘာကြောင့်လို့ ပြောနိုင် ပါသလဲ။ ကိုယ်ကျင့် တရားဆိုင်ရာ ပြဿနာတွေကိုလည်း အများကြီး ထည့်သွင်း စဉ်းစား ရပါလိမ့်မယ်။ ပြည့်တန်ဆာ လုပ်ငန်းကို ခွင့်ပြုလိုက်ရင် ကောင်းတာတွေရော ဆိုးတာတွေပါ အများကြီး ထောက်ပြ စရာ အကြောင်းတွေ ရှိနိုင်ပါတယ်။

- အဓမ္မကျင့်မှုတွေ လျော့နည်းသွားနိုင်တယ်။
- လိင်ပိုင်းဆိုင်ရာက တစ်ဆင့် ဖြစ်ပွားတတ်တဲ့ ရောဂါတွေဟာ တရားမဝင် ပြည့်တန်ဆာ လုပ်ငန်းကို ခွင့်ပြုခြင်းကြောင့် ပိုပြီး ဖြစ်ပွားနိုင်တယ်။
- လူကုန်ကူးမှုတွေကို တိုက်ဖျက်နေမယ့်အစား ပြည့်တန်ဆာ လုပ်ငန်းကို တရားဝင် ခွင့်ပြုလိုက် တာဟာ အဲဒီလုပ်ငန်းကိုလည်း လျော့နည်း သွားစေနိုင်တယ်။
- တရားဝင်ခွင့်ပြုရင် အခွန်လည်း ရနိုင်တယ်။
- လိင်ဆက်ဆံခြင်းကို ကျန်းမာရေးအတွက် ကောင်းစေတယ်လို့ လက်ခံထားတဲ့ အယူအဆတွေ ရှိတယ်။
- အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုပြီး များလာမယ်။
- ကိုယ်ဝန် ဖျက်ချခြင်းကို တရားဝင် ခွင့်ပြုလိုက်ရင် ပြည့်တန်ဆာလုပ်ငန်း ရှိလာမှာတောင် မဟုတ်ဘူး။ ငါ့ခန္ဓာ ငါဘာလုပ်လုပ်ဆိုတဲ့ အယူအဆအတွက် ခွင့်ပြုမှာလား၊ ပိတ်ပင်မှာလား ဆိုတာ စဉ်းစားစရာ ဖြစ်တယ်။
- လူတွေက ဥပဒေမှာ မည်သို့ ဆိုထားစေကာမူ သိပ်ဂရုစိုက်ကြတာ မဟုတ်ဘူး။ မူးယစ်ဆေး သုံးစွဲခြင်းဟာ မကောင်းမှန်း သိရက်နဲ့ သုံးနေကြတာပဲ။ မူးယစ်ဆေးကြောင့် ဘဝပျက်တာသိသာတော့ ဂရုစိုက်ပြီး တားဆီး ကန့်ကွက်နေကြတယ်။ ပြည့်တန်ဆာ လုပ်တာကိုတော့ သာမန်လို့ သဘောထား နေကြတာမျိုးတွေ ရှိနေတယ်။
- လိင်မှုဆိုင်ရာ ပြစ်မှုတွေဟာ အခြားပြစ်မှုတွေနဲ့ ယှဉ်ရင် သိပ်ပြီးနည်းတယ်။
- တရားမဝင်လုပ်တော့ ရဲတွေနဲ့ လူမိုက်တွေ လိုင်းကြေးရပြီး အစိုးရက တစ်ပြားမှ မရဘူး။ တရားဝင် ခွင့်ပြုလိုက်ရင် ရဲတွေ စားပေါက်ပိတ်ပြီး အစိုးရ အခွန်တိုးလာမယ် စတဲ့ ဝေဖန် အကြံပြုချက် တွေ အများအပြား ရှိပါတယ်။ မကောင်းတဲ့၊ ဆန့်ကျင်တဲ့ဘက်ကနေ ကန့်ကွက်သံတွေကို ကြည့်ရင်လည်း
- HIV/AIDS ရောဂါတွေ ပျံ့ပွားလိမ့်မယ်။
- အခြား အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေလည်း ရှိတာပဲ။
- အမျိုးသမီးတွေမှာ ကိုယ်ဘာလုပ်ချင်တယ်၊ မလုပ်ချင်ဘူးဆိုတာ ရွေးချယ်ခွင့် ရှိရမယ်။
- အမျိုးသမီးတွေ ကိုယ်ခန္ဓာကို ရောင်းစားတယ်ဆိုတာ မှားတယ်။ ဒါလုပ်စားတဲ့သူကို လေးစားမှု မရှိတော့ဘူး။
- ပြည့်တန်ဆာ လုပ်စားတာ ရှက်စရာကောင်းတဲ့ လုပ်ငန်းတစ်ခု ဖြစ်တယ်။
- ယောက်ျားကောင်းတွေဟာ မိန်းမတွေကို ငွေနဲ့ မဝယ်ဘူး။
- မိန်းမတွေ အသက်ကြီးလာရင် ပြည့်တန်ဆာ လုပ်စားလို့ မရတော့ဘူး။ - သေရာပါ ဝေဒနာတွေ ရသွားနိုင်တယ်။ - မုဒိမ်းမှုတွေ ပိုများလာနိုင်တယ်။ - မိန်းမတွေသာ မဟုတ်ဘူး၊ အရွယ်မရောက်သေးတဲ့ ကလေးတွေ အတွက်ပါ စိုးရိမ်စရာ ဖြစ်တယ်။ - လူ့ဘောင် အသိုင်းအဝိုင်းကိုလည်း ထိခိုက်နိုင်တယ်။ - အမျိုးသမီးတွေကို မူးယစ်ဆေးနဲ့ အရက်စွဲတာတွေ ဖြစ်စေနိုင်တယ်။
- ကျန်းမာရေး ပြဿနာတွေနဲ့ အများကြီး ရင်ဆိုင်ရလိမ့်မယ်။
- အသက်ကြီးလာလို့ လူမသုံးရင် အငတ်ဘေး၊ အိုနာဘေးတွေ ရင်ဆိုင်ရပြီး ဒုက္ခရောက် လိမ့်မယ်။ အလုပ် ရှာရင်လည်း ဘယ်သူကမှ တလေးတစားနဲ့ အလုပ်ပေးချင်မှာ မဟုတ်ဘူး။ ဘက်နှစ်ဖက် အမြင်တွေကတော့ ပြောရရင် ဆုံးနိုင်မှာတောင် မဟုတ်ပါဘူး။ ပြည့်တန်ဆာ လုပ်ငန်းကို လက်ခံသင့်၊ လက်မခံသင့်ဆိုတာ ကိုယ့် လူမှု အသိုင်းအဝိုင်း၊ ပတ်ဝန်းကျင်နဲ့ အများကြီး သက်ဆိုင် ပါတယ်။ မြန်မာနိုင်ငံမှာ အင်္ဂလိပ် ကိုလိုနီခေတ်နဲ့ ဂျပန်ခေတ်တွေမှာ တရားဝင် ပြည့်တန်ဆာ တန်းတွေကို ထူထောင်ခွင့် ပေးခဲ့တာတွေ ရှိပါတယ်။


အဲဒီခေတ်က HIV/AIDS မရှိသေးတော့ ကာလသား ရောဂါနဲ့ စောစီး စွာ သေကြရတာတွေ အများကြီး ရှိခဲ့ပါတယ်။ အဲဒီခေတ်တွေက လည်း ပြည့်တန်ဆာ လုပ်ငန်းကို ဆန့်ကျင်ခဲ့တာ ရှိပါတယ်။ ဒါပေမဲ့ မထိန်းနိုင် တဲ့အတွက် နောက်ပိုင်းမှာ ဥပဒေနဲ့ ထိန်းခဲ့ရတာတွေ ရှိပါတယ်။ မြန်မာနိုင်ငံ ရာဇသတ်ကြီးပုဒ်မ ၃၇၅ မှာ မုဒိမ်းမှုဆိုတာ မိန်းမက အလိုမတူ ဘဲ ငြင်းဆန်ရင်၊ မိန်းမက ခွင့်မပြုရင်၊ မိန်းမက ခွင့်ပြုပေမယ့် ကြောက် လန့်အောင် ခြိမ်းခြောက်လို့ ခွင့်ပြုရတယ်ဆိုရင်၊ မိန်းမက ခွင့်ပြုပေမယ့် အဲဒီမိန်းမဟာ အခြား လင်ရှိမယား ဖြစ်နေရင်၊ ခွင့်ပြုသည် ဖြစ်စေ၊ ခွင့်မပြုသည်ဖြစ်စေ အသက် ၁၄ နှစ်အောက် ဖြစ်နေရင် မုဒိမ်းမှု မြောက်တယ်လို့ သိရပါတယ်။ ဒါဆိုရင် ဆန့်ကျင်ဘက် ပြန်စဉ်းစား ကြည့်ရပါလိမ့်မယ်။

မိန်းမက အလိုတူတယ်၊ မငြင်းဆန်ဘူး။ ခွင့်ပြုတယ်။ ခြိမ်းခြောက်တာလည်း မခံရဘူး၊ လင်ရှိ မယားလည်း မဟုတ်ဘူး၊ အသက်လည်း ၁၄ နှစ်ကျော်နေပြီဆိုရင် ဘယ်လိုဖြစ်မလဲ။ ကျွန်တော် ဥပဒေသမား မဟုတ်တဲ့ အတွက် မပြောတတ်ပါဘူး။ ဥပဒေ သမားတွေက ပိုပြီး ဆွေးနွေးနိုင်မယ် ထင်ပါတယ်။ ငွေလက်ခံပြီး ကျူးလွန်နေတဲ့ အခြား ကိစ္စပေါင်းများစွာတွေ ထဲက ပြည့်တန်ဆာ ရှိသင့် မရှိသင့်၊ တရားဝင် ခွင့်ပြုသင့် မပြုသင့် ဆိုတာ ဆွေးနွေးစရာ ကိစ္စ ဖြစ်နေဦးမှာပါပဲ။ ခုလည်း လွှတ်တော်မှာ ဆွေးနွေး စရာ အခြား အကြောင်းကိစ္စ မရှိလို့လား၊ အမျိုးသားရေး အန္တရာယ် ဖြစ်လောက်အောင် ကြောက်ရွံ့ နေရလို့လားတော့ မသိပါဘူး။ အရေးတယူ စဉ်းစား ဆွေးနွေးကြမယ်ဆိုတာ ကြားလိုက်ရတော့ စိတ်ကူးပေါက်ပြီး ရေးလိုက်ရတာပါ။ မှားတာရှိရင် ခွင့်လွှတ်ကြပါဗျာ။
ရိုးရာလေး - ပြည့်တန်ဆာ ဆိုတာ တရားဝင် ဖြစ်သင့်ပါ သလား 

No comments: