Wednesday, July 3, 2013

MANA ဘာလုပ်နေလဲ - အပိုင်း(၃)



 လုပ်ငန်းတစ်ရပ် စတင် လုပ်ကိုင်မည် ဆိုပါက စံနစ်တကျ ကြိုတင်စီမံကာ ရည်မှန်းချက် ထားရှိသည့် အတိုင်း အချိန်မီအောင်မြင် ပြီးမြောက်စေရန် အဓိက လိုအပ် ပေသည်။ ထို့ကြောင့် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်း MANA အသင်း ကြီးအနေဖြင့် ဖေါ်ပြပြီးခဲ့သည့် ရည်မှန်းချက်များ အပြည့်အ၀ အောင်မြင်စွာ အကောင် အထည် ဖေါ်နိုင်ရေး အတွက် ပြည်တွင်းပြည်ပမှ အကျိုးတူ ရည်ရွယ်ချက်တူသည့် အဖွဲ့ အစည်းများ၊ ကုလသမဂ္ဂ အေဂျင်စီများ၏ အကူအညီ အထောက်အပံ့ဖြင့် စီမံကိန်း လုပ်ငန်းများကို အကောင်အထည် ဖေါ်ပေးရပါသည်။

ထိုစီမံကိန်း လုပ်ငန်းရပ်များကို အကူအညီ အထောက်အပံ့ပေးသည့် အဖွဲ့အစည်း များနှင့် ညှိနှိုင်း သဘော တူညီချက်အရ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ မြို့နယ်၊ ကျေးရွာများ၌ အကောင်အထည်ဖေါ်ရာတွင် အဆိုပါ ဒေသအလိုက် စီမံကိန်း လုပ်ငန်းများကို စံနစ်တကျ အကောင်အထည်ဖေါ် လုပ်ကိုင် ဆောင်ရွက်နေမှုကို စောင့်ကြပ်လေ့လာခြင်း၊ ဒေသခံ ပြည်သူလူထုအတွက် အကျိုးကျေးဇူး ခံစားရမှုကို စီစစ် သုံးသပ်ရန် ဆောင်ရွက် ရပေသည်။

MANA အသင်းကြီး အနေဖြင့် အသင်း စတင်တည်ထောင် ခဲ့စဉ်ကတည်းက ယနေ့အထိ ဆောင်ရွက်လျက်ရှိသည့် စီမံကိန်း လုပ်ငန်းများမှာ FHAM / UNAIDS / UNDP / UNODC / Global Fund / UNOPS / 3 DF / UNFPA / UNICEF တို့ ဖြစ်ပါသည်။ အဆိုပါ စီမံကိန်း လုပ်ငန်းများကို MANA ဗဟို ဥက္ကဌ ဦးဆောင်သော အဖွဲ့ဝင် (၅) ဦး ပါဝင်သည့် MANA Programme Steering Committee (MPSC) မှ တစ်ပတ်လျင် တစ်ကြိမ် တနင်္လာနေ့တိုင်း Project Officer များနှင့် ညှိနှိုင်း အစည်းအဝေး ပြုလုပ်ပြီး စီမံကိန်း လုပ်ငန်းများကို မပြတ် ကြပ်မတ်ကွပ်ကဲ လမ်းညွှန် ပေးလျက်ရှိပြီး စီမံကိန်းအလိုက် သက်ဆိုင်ရာ တာဝန်ရှိသူများမှ Field Visit Monitoring ပြုလုပ်ခြင်း၊ Quarterly Review Meeting များ ပြုလုပ်၍ ကြီးကြပ် ဆောင်ရွက်လျက် ရည်မှန်းချက် လုပ်ငန်းများ အပြည့်အ၀ အကောင် အထည်ဖေါ် ဆောင်ရွက်လျက် ရှိပါသည်။

ထောက်ပံ့ငွေများ ကိုလည်း အကျိုးရှိစွာ သုံးစွဲရန် စံနစ်တကျ စစ်ဆေးကြပ်မတ် ခဲ့သဖြင့် အသင်းကြီး၏ စီမံကိန်း လုပ်ငန်းများ စွမ်းဆောင်နိုင်မှုကို အထောက် အပံ့ပေးသည့် အဖွဲ့အစည်းများ၏ အသိအမှတ်ပြု ယုံကြည်လေး စားမှု ရရှိခဲ့ပါသည်။ ထိုသို့ စီမံကိန်း လုပ်ငန်း များစွာကို စဉ်ဆက်မပြတ် ရရှိ ဆောင်ရွက်နိုင်ခဲ့သဖြင့် ထိရောက်သော လုပ်ငန်း အစီအစဉ်များ ဆက်လက်ပြုလုပ်နိုင်ရန် အတွက် မူးယစ် ဆေးဝါးနှင့် ယင်းနှင့် ဆက်နွယ်သော ကိစ္စရပ်များဆိုင်ရာ အထောက်အထားနှင့် သတင်း အချက်အလက်များကို ရရှိပြီးလေ့လာ သုတသန ပြုလုပ်နိုင်ခဲ့ပါသည်။ သုတေသနပြု လေ့လာတွေ့ရှိချက် အထောက်အထားများကို ရရှိခြင်းဖြင့် မိမိတို့၏ လုပ်ငန်း စီမံကိန်းများ ပိုမို အကျိုးရှိစွာ အသုံးချ ဆောင်ရွက်နိုင်ခဲ့ပါသည်။

MANA အသင်းကြီး အနေဖြင့်လည်း အုပ်ချုပ်ရေး ယန္တရား ပုံမှန်ချောမွေ့စွာ လည်ပတ်နိုင်ရေး အတွက် ဗဟို အလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးကို တစ်လ တစ်ကြိမ် ပြုလုပ်ပြီး အသင်း၏ လုပ်ဆောင်ချက်ကို ကြီးကြပ် အကောင်အထည်ဖေါ် ဆောင်ရွက်လျက် ရှိပါသည်။ အသင်းကြီး၏ အဆင့်အမြင့်ဆုံး တာဝန် ယူဆောင်ကြရသည့် ဗဟိုကော်မတီ ၀င်များထံသို့လည်း နှစ်စဉ် ဇန်န၀ါရီလ (၁) ရက်နေ့မှ ဇွန်လ (၃၀) ရက်နေ့အထိ အကျုံးဝင်သော ပထမနှစ်ဝက် ဗဟို အလုပ်အမှုဆောင် ကော်မတီ၏ လုပ်ငန်း အစီရင်ခံစာကို တင်ပြကာ လမ်းညွှန်မှု ခံယူလျက် ရှိပါသည်။ ထို့ပြင် ဇန်န၀ါရီလ (၁) ရက်နေ့မှ ဒီဇင်ဘာလ (၃၀) ရက်နေ့ အထိ အကျုံး ၀င်သော နှစ်ပတ်လည် အစည်းအဝေးကိုလည်း နှစ်စဉ် ကျင်းပကာ ဗဟို အလုပ်အမှုဆောင် ကော်မတီ၏ တစ်နှစ်တာ ဆောင်ရွက်ချက်များကို တင်ပြပြီး အားသာချက်များကို ဆက်လက် ထိန်းသိမ်းရန်နှင့် အားနည်းချက် များကို စီစစ် လေ့လာ သုံးသပ်ပြီး ရှေ့လုပ်ငန်းစဉ်များ ချမှတ်ကာ အကောင် အထည်ဖေါ် ဆောင်ရွက် လျက် ရှိပါသည်။

သို့ဖြစ်၍ အသင်းကြီး၏ ရည်မှန်းချက် တစ်ရပ်အနေဖြင့် စောင့်ကြပ်လေ့လာခြင်း၊ စီစစ် သုံးသပ်ခြင်းနှင့် သုတေသန လုပ်ငန်းရပ်ကို အလေးထား ဆောင်ရွက်လျက် ရှိနေကြောင်း တင်ပြအပ်ပါသည်။

(ဦးစောငွေ)
MANA ဗဟို အတွင်းရေးမှူး

MANA - MANA ဘာလုပ်နေလဲ - အပိုင်း(၅)

No comments: