Thursday, July 25, 2013

အငြင်းပယ်ခံ ဥပဒေနှင့် အပြစ်ပယ်ခံ ဘဝ




ပြည့်တန်ဆာ ဆိုင်ရာ ဥပဒေပြင် မပြင် ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မရဲ့ အမြင်လေး ပြောချင်ပါတယ်။ ကျွန်မတို့ တိုင်းပြည်က တာဝန်ရှိ သူတွေက ပြင်ဖို့ရာ ငြင်းဆန် လိုက်တယ် ဆိုတော့ ကျွန်မ တော်တော် စိတ်မ ကောင်း ဖြစ်မိပါတယ်။ စိတ်မကောင်းတာက ပြည့်တန်ဆာများ အတွက် ပထမ၊ ဇနီးများနှင့် အိမ်ထောင် မပြုရသေးတဲ့ လူပျိုများအတွက် ဒုတိယ၊ တတိယကတော့ သူတို့နဲ့ သွားရောက် ပျော်ပါးသူများ အတွက်ပေါ့။

ဒီအလုပ်ဟာ ဘုရားရှင်လက်ထက် ကတည်းက ရှိခဲ့ပြီး ယခုထိတိုင် ဆက် လက် ရှင်သန်နေဆဲ ကမ္ဘာ့ ရှေးအကျဆုံး အလုပ်ဆိုတာ အားလုံး အသိပါ။ ဒီအလုပ်မရှိတဲ့ နိုင်ငံတောင် ရှိမှရှိပါ့မလား။ မရှိအောင်လည်း ဘယ်လိုမှ တားဆီးလို့ ရတဲ့အလုပ် မဟုတ်ပါ။ ဒီအလုပ်ကို လုပ်ကိုင်နေသူ မိန်း မသားများဟာလည်း ပျော်လွန်းလို့ ဒီ အလုပ်ကို လုပ်နေကြတာ မဟုတ်ပါ။ မျက်နှာကြီး ပြည့်တန်ဆာများက လွဲလို့ ဒီအလုပ် လုပ်ကိုင်နေရသူ အများစုဟာ ထမင်းတစ်လုတ် အတွက် လုပ်ကိုင်နေရ ခြင်း ဖြစ်ပါတယ်။ တချို့ကလည်း ဒီဘဝ ထဲကိုမမျှော်လင့်ဘဲ လိမ့်ကျခဲ့ပြီးမှ ထွက် ပေါက်မရှိလို့ ဆက်လက်လုပ်ကိုင်နေရ ခြင်း ဖြစ်ပါတယ်။

တစ်တက်စား လည်း ကြက်သွန်၊ နှစ်တက်စားလည်း ကြက် သွန်ပါပဲဆိုပြီး နှစ်လိုက်ရတဲ့ အမျိုးသမီး တွေလည်း အများအပြားပါ။ ကျွန်မကြုံခဲ့တဲ့ အဖြစ်လေးတချို့ ပြောပြပါရစေ။ကျွန်မငယ်ငယ်က ကန်တော်ကြီး ပတ်ဝန်းကျင် ရပ်ကွက်မှာ နေခဲ့ဖူးပါတယ်။ ကန်တော်ကြီးဝင်းနဲ့ လမ်းပဲခြားပါတယ်။ ကျွန်မတို့လမ်းထဲကို အမျိုးသမီး အသက် ၃ဝ အရွယ်တစ်ယောက် သူ့ကြီးဒေါ်နဲ့ သူ့သားလေး အသက် ၅ နှစ်လောက် ပြောင်းလာ ပါတယ်။လုံးချင်းတိုက်တစ်လုံး ငှားနေကြ ပါတယ်။ သိပ်ယဉ်ကျေးသိမ်မွေ့ပြီး ဆံ ပင်ခြေမျက်စိအထိ ကျစ်ဆံမြီးအရှည် ကြီး အမြဲကျစ်၊ ထဘီခြေမျက်စိဖုံး ရင်ဖုံး အင်္ကျီလက်ရှည်ပဲ ဝတ်ပါတယ်။ ကျွန်မ ကလည်း သူ့ကို ကြည့်ကောင်းလွန်းလို့ သူလမ်းထွက်ရင် အမြဲငေးကြည့်ရတယ်။

နှစ်နှစ်လောက်ထင်ပါရဲ့ နေတာ။ တစ်ရက်တော့ သူ့ကိုယ်သူ သေနတ်နဲ့ ပစ်လိုက်တယ် ကြားတယ်။ သေသွားတော့မှ သိရတာ။ အမျိုးသားလည်း မရှိတော့ ဘာလုပ်ကိုင်စားရမှန်း မသိတာနဲ့ လူကြီးတစ်ယောက် စပွန်ဆာနဲ့ နေရင်း သူ့သားလေးကြီးလာရင် သူ့အကြောင်းတွေ သိတော့မယ်ဆိုပြီး သတ်သေသွားတာ။ တကယ်တော့ကိုယ်လွတ်ရုန်းသွား တာပါ။ ကျွန်မမှာ ဒီအကြောင်းကြား တော့ ငိုတောင်ငိုရတယ်။ သူ့သားလေး အတွက်လည်း သနားလိုက်တာ။ ဒါက ဒီဘဝထဲကို မမျှော်လင့်ဘဲ ရောက်ပြီး ထွက်ပေါက် မရှိတဲ့အဆုံး တစ်လွဲထွက် ပေါက်ရှာသွားတာပေါ့။

နောက်တစ်ခုက မန္တလေးမှာ ကျွန် မတို့ မန္တလေး၊ မင်းကွန်းသွားတိုင်း စီးရ တဲ့ ဘုတ်တွေထဲမှာ ကျွန်မနဲ့ ဘုတ်ဆရာ မိန်းမလေးတစ်ယောက် တော်တော်ခင် ကြတယ်။ ကျွန်မလာရင် သူက ထမင်း ချက်ထားတယ်။ မင်းကွန်းကနေ မန္တ လေးအပြန်ဆို သူကျွေးတဲ့ ထမင်းစားရ တဲ့အနပ်ပေါင်းများပေါ့။ သူကိုယ်တိုင် လည်း သနပ်ခါးအဖွေးသား မျက်လုံးပြူး လေးနဲ့ ချစ်စရာ သမီးလေးတစ်ယောက် ရှိတယ်။

သူ့ယောက်ျားသေသွားတယ်။ ခေတ်မီရောဂါနဲ့ပေါ့။ သူ့ဖာသာအငြိမ် မနေလို့ သေချင်တာနဲ့ သေပါ။ ခုတော့ မဆီမဆိုင် အပြစ်ကင်းတဲ့ သူ့မိန်းမခမျာ သူ့ဆိုးမွေကို ရလိုက်တာ အသက်ပါ ပါရော။ အဲဒီကောင်မလေး နေမကောင်း နေတော့ သူ့အစ်ကို လူပျိုကြီးက စောင့် ရှောက်ထားတယ်။ ပထမ သွားနိုင်လာ နိုင်နေတုန်းက ကျွန်မဘုတ်ဆိပ်ရောက် တယ်ကြားရင် ကျွန်မ အပြန် ကမ်းနားက လာလာစောင့်ပြီး တွေ့ရှာတယ်။ နောက်တော့မလာနိုင်တော့ဘူး။ ကျွန်မ လူကြုံနဲ့ သူ့ဖို့ ပိုက်ဆံ၊ မုန့် ပေးပေးထား ခဲ့တယ်။

ခုတော့ ဆုံးသွားတာ ကြာပေါ့။ ကျွန်မ မင်းကွန်း ဘုတ်ဆိပ်ရောက်တိုင်း သူ့ကို အမျှဝေရတုံး သတိရတုံးပေါ့။ ဒီ ဖြစ်ရပ်မှာ သူ့ယောက်ျားသွားခဲ့တဲ့ နေ ရာက အမျိုးသမီးလေးတွေ လိုင်စင်ဘာ ညာရထားပြီး ဆေးတွေ ဘာတွေ သေ ချာစစ်ထားရင် ဒီလိုကြေကွဲရတဲ့ အဖြစ် မျိုးတွေ သိပ်ရှိမှာ မဟုတ်တော့ဘူးပေါ့။ မနေနိုင်မထိုင်နိုင်ရွပိုးထတော့ ယောက်ျားတွေ၊ ခံရတော့ အိမ်ကအပြစ်မရှိတဲ့ဇနီး တွေ အဲဒါထိုက်တန်ရဲ့လား။ ဒီအလုပ်ကို ရွံသလေးရှာသလေး အသံကောင်းဟစ် နေကြသူတွေ ဒီအဖြစ်မျိုးနဲ့ ရဲရဲကြီးကင်း ရဲ့လား လောင်းတောင် လောင်းလိုက် ချင်ပါသေး။

နောက် လူပျိုကြီးလူပျိုလေးများ ရော ကင်းနိုင်ရင်ကောင်းတာပေါ့နော်။ ခုဆို အပျိုတွေ လက်မထပ်ခင် ဆေးတွေ စစ်နေရပြီလေ။ အဲဒါဘာ ကြောင့်လဲ ရှင်းပါတယ်။ ပြည့်တန်ဆာ လုပ်နေသူတွေ ကျွန်မပြောခဲ့ပါတယ်။ ပျော်လို့ လုပ်ရတာ မဟုတ်ဘူး။ ထမင်း တစ်နပ်ကြောင့်ပဲ။ တချို့ဆို မှီခိုသူတွေ အများကြီး ရှိတယ်။ အိမ်ကတော့ သိချင်မှ သိမယ်။ အိမ်က ငါ့သမီးလေး ရုံးသွားနေတာ အလုပ်သွားနေတာ ထင် ရင်ထင်မှာပဲ။ သူတို့ခမျာ။ မထွေးနိုင် မအန်နိုင် ဘဝ။ တချို့လည်း ပထမတော့ အလုပ်နဲ့ပဲ။ နောက်တော့ အလုပ်က လူလျှော့တာတို့၊ လခနဲ့ မလောက် တာတို့နဲ့ တချို့လည်း အချိန်ပိုင်း လုပ် လို့ပေါ့။ဘာပဲဖြစ်ဖြစ် သူတို့ဟာ လူသား ပဲ။ သူတို့ကို ဆေးဖော်ကြောဖက် မလုပ် တဲ့ လူတွေခပ်များများ သူတို့နဲ့ တကယ် ကင်းနိုင်ကြလို့လား။

နောက်ပြီး သူတို့မှာ သူတို့ ရရ မယ့်ပိုက်ဆံရော တကယ် အပြည့်ရလို့ လား။ ဟိုပေး ဒီပေး ဟိုကဖြတ် ဒီကဖြတ် တရားမဝင် ဆက်ကြေးတွေပေးရတာ အခွန်ထမ်းရတာလေ။ သူတို့က လူကောင်းသူကောင်းဖြစ်ဖို့  ကြိုးစားပါပြီတဲ့။ ဘယ်သူက သူတို့ကို ကယ်တင်မှာလဲ။ ဘယ်သူက သူတို့ကို သနားလှချည်ရဲ့လို့ အတည်ယူမှာလဲ။ ဝေးပါသေးရဲ့ သူတို့မှာ ဖောက်သည် လမ်းတွေ့ရင်တောင် နှုတ်ဆက်လို့မရတဲ့ ဘဝ။ဒီလိုလူမျိုးတွေကို ဘာကြောင့် ဖြစ်ချင်ရာဖြစ် ဂရုလေးတောင် မစိုက်၊ လူလို့ အသိအမှတ်မပြုရတာလဲ။ သူတို့ ကို ဥပဒေပြောင်းသွားလို့ လူလို သူလို တွေးပေးမယ်ဆိုရင် သူတို့ကျန်းမာရေး ကောင်းလာတာနဲ့အမျှ သူတို့ရဲ့ ဖောက်သည်တွေရဲ့ အပြစ်ကင်းတဲ့ဇနီးမယား တွေ၊ ချစ်သူတွေရဲ့ ဘဝတွေလည်း လုံ ခြုံမှုရလာမှာကို ထည့်မစဉ်းစားတော့ ဘူးလား။

ကျွန်မတို့ မြန်မာ မိန်းမတော်တော် များများဟာ ကိုယ့်ယောက်ျားကို ပစ်ခတ် ယုံကြတာပဲ။ ငါ့ယောက်ျားက သူ တော်ကောင်းကြီးလို့ချည်း ထင်ကြတယ်။ သူတော်ကောင်းကြီးတွေ ဆီက ရောဂါတွေရမှ ကြိတ်ကုကြရတာ။ ကျွန်မတို့ အိမ်နားမှာ ဟိုတယ် တစ်လုံးရှိတယ်။ ဈေးကြီးတော့ သူဌေးပဲ လာနိုင်တာလေ။ ကျွန်မတို့က အပေါ် စီးကဆိုတော့ ကားကြီးကားကောင်းတွေ လာလာနေတာ အကုန်မြင်ရတယ်။ အမလေး သန်းခေါင်သန်း လွဲဖြစ်လိုက်တဲ့ ရန်ပွဲတွေ အိမ်ကမိန်းမတွေ လိုက်လာစောင့်ပြီး ပွဲကြမ်းကြတာလေ။ တစ်ခါများ ရန်ပွဲက တော်တော် ဆန်းတယ်။

မိန်းမက ကလေးပါ ခေါ်လာတာ ကလေးကလည်း အော်အော်ငိုတာ ဖေဖေ့ကိုမုန်းတယ် မုန်းတယ်နဲ့ ကလေးကြားထဲက သနားပါတယ်။ စိတ်ဒဏ်ရာ ရသွားမှာပေါ့။ အဲဒီတော့ ဒီကိစ္စတွေ ရှိနေတာ သိသိကြီးနဲ့ ဘာကို ဝန်ခံရမှာ ရှက်လို့ ဒီ ဥပဒေကို မပြောင်းနိုင်ရတာလဲ နားကို မလည်နိုင်တော့ဘူး။ မရှိအောင် ဘယ်လိုမှ မလုပ်နိုင်တဲ့ အတူတူ နှစ်ဦးနှစ်ဖက် အကောင်းဆုံးဖြစ်အောင် စီမံပေးနိုင်ရင်တော့ ကောင်းမှာပဲနော်။

အမရာ (ရူပ)
Popular Myanmar News Journal

No comments: