Thursday, July 4, 2013

နိုင်ငံတကာ လူမှုရေး အဖွဲ့အစည်းများ အဆင့်အတန်း မခွဲခြားဘူး တဲ့လား



ကျွန်မသည် နိုင်ငံခြားသား များကို စိုးရွံ့ မုန်းတီးသည့် စိတ်ခံစားချက် (Xenophobia) ရှိသူ တစ်ယောက် မဟုတ်ပါ။ ကျွန်မသည် ၁၉၉၉ ခုနှစ်လောက်တွင် အစိုးရဌာနမှ အလုပ် ထွက်ပြီး ပြည်နယ် တစ်ခုအတွင်း အကောင် အထည်ဖော် ဆောင်ရွက် လျက်ရှိသော အပြည်ပြည် ဆိုင်ရာ လူမှုရေး အဖွဲ့အစည်း တစ်ခုတွင် လုပ်ငန်း တာဝန်များ စတင် ဆောင်ရွက် ခဲ့ပါသည်။ လူတွေ့ နှုတ်ဖြေ ဖြေဆိုစဉ် မျှော်မှန်း လစာကို မေးပါသည်။

နိုင်ငံတကာ လူမှုရေး အဖွဲ့အစည်းများ သည် လစာကောင်း သည်ဟု သိရသဖြင့် ဒေါ်လာ ၅၀၀ လောက်တော့ လိုချင် ပါသည်ဟု ကျွန်မ တောင်းဆို ခဲ့ပါသည်။ ထိုအခါ နှုတ်ဖြေမေးသူ အရာရှိက နိုင်ငံတကာ လူမှုရေး အဖွဲ့အစည်း ဆိုသည်မှာ အလှူရှင်များမှ မြန်မာပြည်သူ ပြည်သားများ အတွက် အကျိုးရှိစွာ အသုံးချနိုင်ရန် ပံ့ပိုးထားသော ငွေများဖြစ်သဖြင့် လစာ အများကြီး ပေးလို့မရပါဟု ပြောပါသည်။ သြော် အလွန် မွန်မြတ်သော ကိစ္စပါလား။ ကိုယ့်တိုင်းပြည်မှာ အမှန်တကယ် လိုအပ်နေသော ပြည်သူများထံ အရောက် ပံ့ပိုးမည့် ကူညီမှုများ ဖြစ်သည်ဟု သိလိုက်ရသည့် အခါ ကျွန်မ စိတ်ကျေနပ် သွားပါသည်။

ကျေးရွာများသို့ သွားရောက်၍ ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ရန် ဆုံးဖြတ်ချက် ခိုင်ခိုင် မာမာချပြီး ခက်ခဲသော ဒေသများ အထိ သွားရောက်ကာ တာဝန် ထမ်းဆောင် ခဲ့ပါသည်။ ကျေးရွာများရှိ ကျန်းမာရေး အသိပညာ မဖွံ့ဖြိုးသေးသော ပြည်သူလူထုအား ကျန်းမာရေး အသိပညာ များပေး၊ ကျေးရွာများတွင် ဖွံ့ဖြိုးရေး လုပ်ငန်းများ ရေရှည် တည်တံ့ ခိုင်မြဲလာစေရန် နေပူမိုးရွာမရှောင် အားတက်သရော ဆောင်ရွက်ခဲ့ပါသည်။ လစာလည်းရ ဝမ်းလည်းဝသည့်အတွက် ပီတိများ ဖြစ်ခဲ့ရ ပါသည်။

နိုင်ငံတကာ လူမှုရေး အဖွဲ့အစည်းဟု ဆိုပင်ဆိုငြားသော်လည်း ဝန်ထမ်း အများစုမှာ မြန်မာဝန်ထမ်း များသာဖြစ်ပြီး နိုင်ငံခြားသား ဝန်ထမ်း တစ်ယောက်၊ နှစ်ယောက်သာ ရှိပါသည်။ အင်မတန်မှလည်း ပျော်စရာ ကောင်းပါသည်။ ရှိသည့် နိုင်ငံခြားသားမှာလည်း မြန်မာဝန်ထမ်းများအား လေးစားပြီး အစိုးရ ဌာနများနှင့် ဆက်ဆံသည့် ကိစ္စများတွင်လည်း မြန်မာဝန်ထမ်းများထံမှ အကြံဉာဏ်ကို ရယူပြီး လေးစား လိုက်နာ ဆောင်ရွက်လေ့ ရှိပါသည်။ အင်မတန် ကောင်းမွန်သည့် စနစ်များကို တွေ့ရသည့် အတွက် ပီတိတွေ ထပ်မံ ပွားများရပါသည်။
မြန်မာဝန်ထမ်းများတွင်လည်း နိုင်ငံခြားသား ပညာရှင် များလိုပင် ကျွမ်းကျင်သော ပုဂ္ဂိုလ်များ များစွာရှိသည် မဟုတ်လား။ သည်လိုနှင့် နယ်တွင် လေး၊ ငါးနှစ်ခန့် မိမိဘဝကို ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် နစ်မြှုပ်ထား ရုံနှင့် မပြီးဘဲ မိမိ တိုးတက်မှုအတွက် ရန်ကုန်အခြေစိုက် ရာထူးလေး တစ်ခုတော့ ရချင်လာမိသည့် အတွက် ရန်ကုန်သို့ ရာထူးတိုးမြှင့် ပြောင်းရွှေ့ရန် အခွင့်ကြုံလာသောအခါ လက်ခံ ရယူခဲ့ပါသည်။

၂၀၀၄ ခုနှစ်လောက်တွင် ဖြစ်ပါသည်။ ထိုအချိန်တွင် ဝန်ထမ်းလည်း များလာပြီး ရုံးတွင် နိုင်ငံခြားသားများလည်း ပိုများလာပါသည်။ လေး၊ ငါး၊ ခြောက်ယောက်လောက် ရှိပါသည်။ နိုင်ငံခြားသား ဝန်ထမ်းများကလည်း မြန်မာများ၏ စွမ်းရည် ပိုမို မြင့်မားလာစေရန် ကြီးကြပ် လမ်းညွှန်မှုများ ပေးခဲ့ပါသည်။ နိုင်ငံခြား သင်တန်းများကိုလည်း မြန်မာများကိုပင် အဓိက စေလွှတ်ပြီး စွမ်းရည် မြင့်မား လာသည့်အခါ မြန်မာများကို လွှဲပြောင်း ဦးဆောင်နိုင်စေရန် ရည်ရွယ်ချက် ကြီးမားစွာ ဖြင့် ဆောင်ရွက် ခဲ့ပါသည်။

ထိုသို့ဖြင့် နေလာခဲ့ရာမှ ၂၀၀၈ ခုနှစ်တွင် မြန်မာနိုင်ငံသည် မမျှော်လင့်ဘဲ နာဂစ် မုန်တိုင်းဒဏ် အလူးအလဲ ခံလိုက်ရပါသည်။ မြန်မာဝန်ထမ်းများတွင် ထိုမျှ ကြီးမားသော သဘာဝ ဘေးအန္တရာယ် တုံ့ပြန်မှု အတွေ့အကြုံမရှိသေးသဖြင့် နိုင်ငံခြားသားများ အလုံးအရင်းနှင့် ဝင်ရောက်လာပြီး အကူ အညီများ ပေးခဲ့ပါသည်။ ရောက်လာသော နိုင်ငံခြားသား ဝန်ထမ်းများမှာ အမှန်တကယ် ဝါရင့် အတွေ့အကြုံရှိသူများ ပါသလို မည်သည့် အတွေ့အကြုံမျှ မရှိသူများသည် ပါလာပါသည်။

မည်သို့ဆိုစေ မြန်မာ လူထုအတွက် ကူညီရန် ရောက်လာကြသူများပင် မဟုတ်ပါလား။ ဝမ်းသာပီတိ ဖြစ်မိပါသည်။ ရန်ကုန်မြို့ အခြေစိုက် ရာထူးဖြစ်သည့်အတွက် လုပ်ငန်းခွင်နှင့် ပတ်သက်ပြီး မြင်တတ် တွေးတတ် လာကာ အနည်းငယ်ပိုပြီး နားကြီး မျက်စိကြီး ဖြစ်လာပါသည်။ နိုင်ငံတကာ လူမှုရေး အဖွဲ့အစည်း များတွင် Non Discrimination (အဆင့်အတန်းခွဲခြားမှု မရှိစေရေး) သည် အခြေခံ မူများထဲတွင် တစ်ခု အပါအဝင် ဖြစ်သည်ပါတကား။ ကောင်းလေစွ ကောင်းလေစွ။ သို့ရာတွင် အပြည်ပြည်ဆိုင်ရာဝန်ထမ်း ရာထူးနေရာသို့ နိုင်ငံခြားသား အဖြစ် ခံယူထားသော မြန်မာများ လျှောက်ထားပြီး အလုပ် ခန့်အပ်သောအခါတွင်မှ သိလိုက်ရသည်မှာ နိုင်ငံခြားသားပင် ဖြစ်သော်လည်း မြန်မာပြည်ဖွား ဖြစ်သည့်အတွက် လစာမှာ နိုင်ငံခြားသား ဝန်ထမ်းနှင့် တန်းတူမ ပေးပါ။

အဲသည်တော့မှ လစာများ အမျိုးမျိုးရှိပါလားဆိုသည့် အချက်ကို သေချာစွာ သိသွားပြီး စပ်စုမိသောအခါ မြန်မာဝန်ထမ်းများနှင့် နိုင်ငံခြားသားဝန်ထမ်း လစာများမှာ အင်မတန် ကွာဟမှန်း သိလိုက်ရပါသည်။ လုပ်ငန်း ကျွမ်းကျင်မှုချင်း အတူတူ အရည်အချင်း အတူတူ ဘာကြောင့်များ လစာ အတူတူ မပေးရပါသလဲ။ နိုင်ငံခြားသား ဝန်ထမ်းများ အိမ်ငှားစရိတ် တစ်လဒေါ်လာ ၃၀၀၀၊ ၎င်းတို့၏ သားသမီးများ ပညာသင်စရိတ် ဒေါ်လာ သောင်းနှင့်ချီ၍ ပေးရ၏။ မိသားစုလိုက် အားလပ်ရက် မိမိတို့ နေရပ်ပြန်ရန် စရိတ်များကိုလည်း ဒေါ်လာ သောင်းနှင့်ချီ၍ ပေးရ၏။

မြန်မာ ပြည်သူလူထု အတွက် ပေးသည်ဆိုသော ငွေများမှာ တကယ် လိုအပ်သည့်သူများထံ အနည်းငယ်သာ ရောက်ရှိပြီး နိုင်ငံခြားသားများ ပြန်ယူသွား သည်က များနေပါရောလား။ နိုင်ငံခြားသား အကြီးအကဲ အဆင့်ဆင့် ပြောင်းခဲ့ရာ မြန်မာဝန်ထမ်းများကို လွှဲပြောင်းမည်ဟူသော အစီအစဉ်သည်လည်း မကြားရတော့သည့်အပြင် မြန်မာနိုင်ငံတွင် အရည်အသွေး ပြည့်မီသူများ မရှိ ဟူသော အကြောင်းပြချက်ဖြင့် နိုင်ငံခြား ဝန်ထမ်းများ မြောက်မြားစွာ ခန့်အပ်ပြီး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ နိုင်ငံခြားသား လေး၊ ငါး၊ ခြောက်ဦးမှ ၃၀-၄၀ ထိပင် တိုးတက် များပြားလာပါသည်။

အရည်အချင်း ပြည့်မီသည်ဆိုသော နိုင်ငံခြားသား ဝန်ထမ်းများ (သူတို့အပြော World Class Talent) သည် မြန်မာဝန်ထမ်းများ အရည်အသွေး မြင့်စေရန် တက်ရောက်စေသော သင်တန်းများကိုလည်း မြန်မာများနှင့် ယှဉ်ပြိုင် တက်ရောက်လျက်ရှိရာ မြန်မာများ၏ အခွင့်အရေးတွေလည်း ဘယ်ရောက်သွားပြီ မသိပါ။ ယခုအခါ ကုန်ဈေးနှုန်းများ တက်လာသဖြင့် မြန်မာ ဝန်ထမ်းများအတွက် လစာ တိုးမြှင့်ရန် စဉ်းစားသင့်ကြောင်း ပြောသည့်အခါ ငွေကြေး မလုံလောက်ဟု အကြောင်းပြ ပြန်ပါသည်။ ရန်ပုံငွေတွေ နည်းသွားပြီဆိုပြီး ဝန်ထမ်းများ လျှော့သောအခါတွင်လည်း လစာနည်းသော အနိမ့်ဆုံး မြန်မာ ဝန်ထမ်းများကိုပင် ဖြုတ်ပြန်ပါသည်။ မြန်မာဝန်ထမ်း များစွာ၏ လစာ စုစုပေါင်းသည် နိုင်ငံခြားသား တစ်ဦး၏ လစာမျှပင် မရှိပါ။

မြန်မာနိုင်ငံ သားများ အလုပ်အကိုင် ရှားပါးနေချိန်တွင် နိုင်ငံခြားသားများကတော့ မြန်မာပြည်တွင် ၎င်းတို့အတွက် အလုပ်အကိုင် အခွင့်အလမ်း အင်မတန်ကောင်းသည်ဟု ပြောကြပါသည်။ နိုင်ငံတကာ လူမှုရေး အဖွဲ့အစည်းများ၏ လွန်ခဲ့သော ၁၀ နှစ်က ရှိခဲ့သော ရည်မှန်းချက်များနှင့် လက်ရှိ ကျင့်ကြံနေသည်တို့မှာ တခြားစီ ဖြစ်နေပါသည်။ မြန်မာဝန်ထမ်းများကြားတွင် နိုင်ငံခြားသား အချင်းချင်း 'Self Help Group' အပြန်အလှန် အခွင့်အရေးရရန် ကူညီနေခြင်းသာ ဖြစ်နေပြီဟု ပြောလာသည်အထိ စိတ်ပျက် ခံပြင်းနေကြပါသည်။

ယခုအခါတွင် နိုင်ငံခြား တိုင်းပြည်များမှ အလှူရှင် များပြားစွာသည် မြန်မာနိုင်ငံရှိ လူမှုရေး လုပ်ငန်း များအတွက် ကူညီ ပံ့ပိုးရန် စိတ်ဝင်စားလျက်ရှိရာ ဤအတိုင်းသာ ဆက်သွားမည်ဆိုပါက အမှန်တကယ် လိုအပ်ချက်ရှိသော ပြည်သူများထံ အကူအညီတွေ တကယ်မှ ရောက်ပါတော့မလား ... တွေးတောစရာပင်။ 
ရဲနီသွေး

Credit: The Voice weekly Journal

No comments: