(၁)
ထေရ၀ါဒ
‘ထေရ’ ဆိုသည်မှာ အနည်းဆုံး(၁၀)၀ါ ရပြီးသော ရဟန်းမထေရ်ကိုဆိုလိုပြီး
‘၀ါဒ’ဆိုသည်မှာ အယူအဆ၊ ခံယူချက်ပင်ဖြစ်သည်။ ထို့ကြောင့် ထေရ၀ါဒကို တိုက်ရိုက်ပြန်ဆိုသော်
သီလ၊သမာဓိ၊ပညာနှင့် ပြည့်စုံသော ၀ါတော်ကြီးရင့်သည့် ရဟန်းတော်ကြီးများ၏ အယူအဆ၊ခံယူချက်ပင်ဖြစ်၏။
ဤအခေါ်အဝေါ်သည် ဗုဒ္ဓ ပရိနိဗ္ဗာန်ပြုပြီးနောက် နှစ်ပေါင်း(၁၀၀)ကျော်တွင်
ပြုလုပ်ခဲ့သော ဒုတိယသင်္ဂါယနာတင်ပွဲ နောက်ပိုင်းမှ စတင် သုံးစွဲခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ
တွေ့ရှိရသည်။ ယင်းခေတ်ကာလက ဂေါတမဗုဒ္ဓ၏ အဆုံးအမအတိုင်း တစ်သဝေမတိမ်း လိုက်နာကျင့်သုံးလိုသော
ဝါတော်ကြီးရင့်သည့် မထေရ်ကြီးများနှင့် မိမိတို့လိုသလို ဖြည့်စွက်ပြင်ဆင် ကျင့်သုံးလိုသောရဟန်းတို့အကြား
သဘောထားကွဲလွဲမှုများ ပေါ်ပေါက်ခဲ့သည်။ ယင်းသဘောထားကွဲလွဲမှုကို အကြောင်းပြု၍ကျင်းပခဲ့ရသော
ဒုတိယသင်္ဂါယနာတင်ပွဲတွင် ၀ါတော်ကြီးရင့်သည့် မထေရ်ကြီးများ၏ အလိုနှင့်အညီ အတည်ပြုလိုက်သည့်
အယူအဆကို ‘ထေရ၀ါဒ’ ဟုစတင်ခေါ်ဝေါ်ခဲ့သည်ဟု မှတ်တမ်းများကဆိုသည်။
(၂)
ဗုဒ္ဓ
ဗုဒ္ဓ၏မူရင်းအနက်မှာ အမှန်တရားကို သိမြင်၍ နိုးကြားထကြွသော
ပုဂ္ဂိုလ်ပင်ဖြစ်သည်။ လယ်တီဆရာတော်ဘုရားကြီးက ပါဠိဒေ၀ီအဖြစ် ခေါ်ဝေါ်ခဲ့သော ပါဠိစာပေသုတေသီ
မစ္စစ်ရိုက်(စ်)ဒေးဗစ်ကမူ ဗုဒ္ဓဘုရားရှင်ပွင့်တော်မူစဉ်အခါက ဤ ‘ဗုဒ္ဓ’ ဟူသောအသုံးအနှုန်းဖြင့်
ဘုရားရှင်ကိုခေါ်ဝေါ်ခြင်း ရှိချင်မှရှိမည်ဟု မှတ်ချက်ချခဲ့သည်။ မည်သို့ဆိုစေ မျက်မှောက်ခေတ်
ဗုဒ္ဓ သာသနာတော်တွင်မူ လောက၏ သစ္စာတရားကို ပိုင်းခြားသိမြင်ခဲ့သော အဦးပထမဆုံး ရဟန္တာအရှင်မြတ်အား
ဗုဒ္ဓဟု မှတ်ယူအပ်သည်ကိုကား မည်သူမျှမငြင်းနိုင်ပေ။
(၃)
ဘာသာ
ဘာသာကို နှုတ်ထွက်စကားဟု
ပြန်ဆိုနိုင်သည်။ ဗုဒ္ဓဘာသာဆိုလျှင် ဗုဒ္ဓ၏နှုတ်ထွက်စကား၊
အဆိုအဆုံးအမသြ၀ါဒများပင်ဖြစ်သည်။ မဟာမေဒင်ဘာသာဆိုလျှင်လည်း မိုဟာမက်၏နှုတ်ထွက်စကား၊
အဆိုအဆုံးအမသြ၀ါဒများဟု ယူဆထိုက်သည်။
သို့သော် ဘာသာကို အင်္ဂလိပ်လို ရီလီဂျင်း(Religion)ဟုပြန်ဆိုလိုက်သည့်အခါ
ဗုဒ္ဓဘာသာသည် ရီလီဂျင်း ဟုတ်၊မဟုတ်ဆိုသည့် ပြဿနာ ပေါ်လာခဲ့ဖူးသည်။ ထိုစဉ်အခါက အင်္ဂလိပ်အဘိဓာန်များတွင်
ရီလီးဂျင်းကို ဖန်ဆင်းရှင် သဘာဝလွန်စွမ်းအားရှင်
တစ်စုံတစ်ရာ အားဝတ်ပြုကိုးကွယ် ဆုတောင်းခြင်း၊ ယင်း ဖန်ဆင်းရှင်အလိုကျလိုက်နာကျင့်သုံးခြင်းဟုသာ
အဓိပ္ပာယ်ဖွင့်ဆိုခဲ့သောကြောင့်ဖြစ်သည်။
မျက်မှောက်ခေတ်တွင်မူ ရီလီဂျင်း၏အဓိပ္ပာယ်သည် ထို့ထက်မကကျယ်ဝန်းလာပြီး
မိမိတို့ယုံကြည်ရာလမ်းညွှန်ပုဂ္ဂိုလ်၏ အဆုံးအမ သြ၀ါဒနှင့်အညီ ဘ၀တစ်သက်တာ နေထိုင်ကျင့်သုံးရေး
အယူအဆလမ်းစဉ်အဖြစ် ကမ္ဘာကအသိအမှတ်ပြုလာခဲ့ပြီးဖြစ်ရာ ဗုဒ္ဓဘာသာကို ရီလီးဂျင်းဟု သုံး၍ရနေပေပြီ။
(၄)
သာသနာ
ဗုဒ္ဓဘာသာဟု သုံးစွဲ၍ရသလို ဗုဒ္ဓသာသနာဟုလည်း သုံးစွဲ၍ရသည်။
သို့သော် အမျိုး၊ဘာသာ၊သာသနာ ဟုသုံးနှုန်းလျှင်ကား အမျိုးသည် တရုတ်၊ ကုလား၊ အင်္ဂလိပ် စသောအမျိုးအနွယ်ကို
ဆိုလိုသည်။ ဘာသာဆိုသည်မှာ ယင်းလူ့အမျိုးအနွယ်တို့ ပြောဆိုသုံးစွဲရာ ဘာသာ စကားဓလေ့စရိုက်ကို
ရည်ညွှန်းသည်။ သာသနာမှာ လူအမျိုးအနွယ်နှင့်မဆိုင်ဘဲ ဗုဒ္ဓ၊ခရစ်ယာန်၊မဟာမေဒင်စသော ကိုးကွယ်ရာ
ဘာသာ တရားများကို ဆိုလိုပေသည်။
သို့ဖြစ်ရာ ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓသာသနာဟူသော အသုံးအနှုန်းကို
လိုအပ်သလိုပြောင်းလွှဲ သုံးစွဲနိုင်သော်လည်း နေရာမှန်ကန်မှုရှိအောင် သတိပြုအပ်ပေသည်။
(၅)
မဟာယာန
ဗုဒ္ဓ ပရိနိဗ္ဗာန်ပြုပြီးနောက် နှစ်ပေါင်း(၃၀၀)၀န်းကျင်တွင်
ဗုဒ္ဓဘာသာဂိုဏ်းကွဲများအကြား ဘုရားအလောင်းဝါဒ ပေါ်ထွန်းခဲ့သည်။ အကယ်စင်စစ် ယင်းအယူအဆသည်
ဘ၀တဏှာမပြတ်နိုင်သော၊ သံသရာကို မြတ်နိုးတွယ်တာနေသူတို့၏ ဆင်ခြေတစ်ရပ်သာ ဖြစ်သည်။ ဤဘ၀၌ပင်
သစ္စာတရားကို ပိုင်းခြားသိမြင်၍ ရဟန္တာဘ၀ဖြင့် ပရိနိဗ္ဗာန်ပြုခြင်းသည် တစ်ကိုယ်ကောင်းဆန်သောအလုပ်ဟု
သူတို့ကရှုံ့ချခဲ့ကြသည်။
ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ်က ရဟန်းတရားအားထုတ်သူများကို တမလွန်နှင့်စပ်လျဉ်း၍
လုံးဝထည့်မစဉ်းစားစေဘဲ ပစ္စုပ္ပာန်တည့်တည့် တွင် နေထိုင်ရန်ညွန်ကြားခဲ့ခြင်းကိုလည်း ပစ်ပယ်လိုက်ခြင်းပင်
ဖြစ်သည်။ တစ်နည်းအားဖြင့် ဟိန္ဒူဘာသာဝင်တို့၏ လူဝင်စားအယူအဆ ကို ဗုဒ္ဓဘာသာထဲသွတ်သွင်းခဲ့ခြင်းဖြစ်သည်။
ဖန်ဆင်းရှင် ထာဝရဘုရားက ဘ၀တစ်ခုပြီးတစ်ခု ၀င်စားကူးပြောင်းကာ သတ္တ၀ါတို့အား ကယ်တင်သည်ဆိုသော
အ၀တာရ အယူအဆကိုအားကျကာ ဗုဒ္ဓဘာသာရဟန်းတို့ကလည်း
ဘ၀များစွာကျင်လည်ကာ သတ္တ၀ါတို့အား နည်းအမျိုးမျိုးဖြင့်ကယ်တင်ပြီး နောက်ဆုံးဘ၀တွင်မှ
ဗုဒ္ဓဘုရားသခင်အဖြစ် ခံယူသင့်သည်ဟု ဟောပြောခဲ့ကြသည်။
ယင်းအယူအဆအား လက်ခံသူတို့က သူတို့ကိုယ်ကို မြင့်မြတ်သောလမ်းစဉ်ကို
လိုက်နာသူများအဖြစ် ခေါ်ဝေါ်သမုတ်ခဲ့ကြသည်။ ‘မဟာ’ ဆိုသည်မှာ ကြီးကျယ်မြင့်မြတ်မှုဖြစ်ပြီး
‘ယာန’ မှာ လမ်းစဉ်၊ ယာဉ်ရထားဟုအဓိပ္ပာယ်ဖွင့်ဆိုကြသည်။ သို့သော် မျက်မှောက်ခေတ် မဟာ
ယာနဂိုဏ်းကွဲတချို့မှာ တစ်ဂိုဏ်းနှင့် တစ်ဂိုဏ်း အယူအဆချင်း မိုးနှင့်မြေပမာ ကွာဟလျက်ရှိကြောင်းတွေ့ရသည်။အချို့သော
မဟာယာန ဗုဒ္ဓဘာသာဂိုဏ်းကွဲတို့မှာ ဗုဒ္ဓ၏လမ်းစဉ်ဟူ၍ပင် မကျန်ရှိတော့ဘဲ အမည်ခံဗုဒ္ဓဘာသာဖြစ်နေကြလေသည်။
အချို့ဂိုဏ်းကွဲ တို့မှာမူ ထေရ၀ါဒ ဗုဒ္ဓဘာသာနှင့် အတော်အတန် နီးစပ်နေသည်ကိုတွေ့ရှိရသည်။
(၆)
ဟိနယာန
လူဝင်စားအယူအဆ၊ ဘုရားလောင်းကယ်တင်ရှင်
အယူအဆ၊ လူသားတိုင်း ဘုရားဖြစ်သည်အထိ ဘ၀အဆက်ဆက် ပါရမီဖြည့်ပြီးမှ နိဗ္ဗာန်သို့စံဝင်သင့်သည်ဆိုသော
အယူအဆများကို လက်မခံသည့် ဗုဒ္ဓဘာသာဂိုဏ်းကွဲအချို့အား မဟာယာန ဗုဒ္ဓဘာသာဝင်တို့က နှိမ့်ချခေါ်ဝေါ်သောဝေါဟာရသာ
ဖြစ်သည်။ ထေရ၀ါဒကမူ မဟာယာန၊ ဟိနယာနဟူသည့် ဝေါဟာရတို့အပေါ် အသိအမှတ်မပြုချေ။ မဟာယာန ဗုဒ္ဓဘာသာအယူအဆ
စတင်ချိန်တွင် မဇ္ဈိမဒေသ၌ ထေရ၀ါဒဂိုဏ်းများ မရှိတော့ပြီဖြစ်ရာ မဟာယာနအယူအဆအပေါ် အငြင်းပွားမှု၌
မပါဝင်ခဲ့သဖြင့် ထေရ၀ါဒသည် ဟိနယာနမဟုတ်နိုင်ပေ။
(၇)
ဓမ္မ
လောက၌ အစဉ်ထာဝရမဖောက်မပြန် မှန်ကန်နေသောတရား
ဖြစ်သည်။ သို့သော် ဗုဒ္ဓ၀ါဒအလိုအရမူ လောက၌ အစဉ်ထာဝရမဖောက် မပြန် မှန်ကန်နေသော တရားမှာ
တစ်ခုသာရှိသည်။ ယင်းမှာကား အစဉ်ထာဝရဖောက်ပြန်
ပြောင်းလဲနေတတ်သည့် သဘော ပင်ဖြစ် သည်။
သို့ဖြစ်ရာ လောကတွင် ဓမ္မမှတစ်ပါး မည်သည့်အယူဝါဒ၊နည်းပညာ၊သဘောတရားမျှ
အစဉ်ထာဝရ၊ မှန်ကန်တည်မြဲနေမည်မဟုတ်ဘဲ ဖောက်ပြန် ပြောင်းလဲရန်အလားအလာ ရာခိုင်နှုန်းပြည့်ရှိနေပေသည်။
ယင်းသဘောကို ခံစားသိဖြင့်နားလည် နှလုံးသွင်းနိုင်သူသည် ‘ဓမ္မ’ ကိုသိသောသူပင်ဖြစ်သည်။
ယင်းသို့ ဓမ္မကိုသိမြင်သည့် ပုဂ္ဂိုလ်များသည် အခြားမည်သည့် အယူဝါဒကိုမျှ အစဉ်ထာဝရ မှန်ကန်နေမည်
ဟု မယူဆတော့ပေ။ ပစ္စုပ္ပန်တည့်တည့်ရှိ ဖြစ်ပျက်ပြောင်းလဲမှု အစဉ်ကိုသာ အမှန်ဟုယုံကြည်သည်။
အတိတ်နှင့်အနာဂတ်ကို မစဉ်းစား တော့ပေရာ အချိန်ကာလ၊ ဒေသဆိုသည့် ပညတ်တရားတို့မှ လွတ်ကင်းသွားတော့သည်။
အရာရာ၏ ဖောက်ပြန်ပြောင်းလဲတတ်သည့်သဘောကို
နားလည်ထားသဖြင့် ဘ၀တစ်သက်တာတွင်ကြုံတွေ့ရသော အဖြစ်အပျက်၊ လူပုဂ္ဂိုလ်တို့၏ ဖောက်ပြန်ပြောင်းလဲတတ်မှုတို့ကို
သိရှိထားပြီးဖြစ်ရာ နားလည်ခွင့်လွှတ်နိုင်သည့်စွမ်းအားနှင့် ပြည့်ဝနေပေတော့သည်။ မိမိခန္ဓာကိုယ်၏
ရုပ်တရား၊ နာမ်တရားတို့ မတည်မြဲပြောင်းလဲဖောက်ပြန်တတ်သည့် သဘောကိုလည်း သိရှိထားပြီးဖြစ်ရာ
ဘ၀တစ်သက် တာ၏ နောက်ဆုံးထွက်သက်တိုင်အောင် ကြုံတွေ့ရသမျှ ဒုက္ခ၊သုခ မှန်သမျှကို တည်ငြိမ်အေးချမ်းစွာ
ရင်ဆိုင်သွားနိုင်သော စွမ်းအား သတ္တိနှင့်လည်း ပြည့်စုံတော့သည်။ ဤသည်ကား ဓမ္မကိုသိနားလည်ခြင်း၏
စစ်မှန်သော အကျိုးကျေးဇူးပင် ဖြစ်ပေတော့သည်။
(၈)
သံဃာ
တစ်စုံတစ်ရာသော စည်းကမ်းဥပဒေနှင့်အညီတိကျစွာ
လိုက်နာကျင့်သုံးနေထိုင်သော လူ့အဖွဲ့အစည်းတစ်ရပ်ပင် ဖြစ်သည်။ ဗုဒ္ဓ သာသနာတော်တွင် ဗုဒ္ဓချမှတ်ခဲ့သော
ဝိနည်းစည်းကမ်းနှင့်အညီနေထိုင်၍ ဗုဒ္ဓသာသနာတော်ကို ပြန့်ပွားအောင်ဆောင်ရွက်သော ပုဂ္ဂိုလ်စုသည်
သံဃာပင် ဖြစ်ပေသည်။
သံဃာ၏ကျေးဇူးကြောင့် ဗုဒ္ဓ၀ါဒကို ကျွန်ုပ်တို့လေ့လာသိရှိ
လိုက်နာကျင့်သုံးနိုင်ကြပေရာ ဤနေရာ၌သံဃာ၏ကျေးဇူးသည် ဗုဒ္ဓနှင့် တန်းတူ ကြီးမားလှပါပေသည်။
အကယ်၍လောက၌ သံဃာသာကွယ်ပအံ့၊ ဗုဒ္ဓသာသနာသည်လည်း ကွယ်ပပေလိမ့်မည်။ ထို့ကြောင့် ဗုဒ္ဓသာသနာတော်
အဓွန့်ရှည်တည်တံ့စေလိုသူတိုင်း သံဃာကိုချီးမြှောက်ရမည်။ သံဃာတော်တို့ ဘက်ကလည်း ချီးမြှောက်ခံထိုက်သူ
များဖြစ်အောင် လုံ့လစိုက်သင့်သည်။ သံဃာကို အကြည်ညိုပျက်စေမည့် အပြုအမူသည် မိမိတစ်ဦးတည်းနှင့်သာ
သက်ဆိုင်သော ပြစ်မှု မဟုတ်ဘဲ ဗုဒ္ဓသာသနာတော်ကြီးကိုပါ ထိခိုက်နိုင်ကြောင်း သံဃာတော်တိုင်း
သတိပြုအပ်ပေသည်။
(၉)
ပါရမီ
မဟာယာန တို့၏ ‘ဘုရားအလောင်းဝါဒ’ အတွက်
‘ပါရမီ’ ဟူသော ဝေါဟာရသည် အလွန်တရာ အသုံးတည့်လှပေသည်။ မဟာယာနတို့ က ဘုရားဖြစ်မည့်ဘ၀မရောက်မီစပ်ကြား
ဘ၀အဆက်ဆက် ဖြည့်တင်းရမည့်ကုသိုလ်တရားများကို ပါရမီဟုခေါ်ဝေါ် သုံးနှုန်းခဲ့ကြသည်။ မဟာယာနတို့၌
ပါရမီခြောက်ပါးရှိသည်။
ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှား ရှိစဉ်အခါက
ဤဘ၀၌ ရဟန္တာဖြစ်ရေးသည်သာ ဗုဒ္ဓ၏တပည့်သားသံဃာတို့၏ပန်းတိုင် ဖြစ်ခဲ့သည်။ ရဟန္တာအဖြစ်နှင့်
တတ်စွမ်းသမျှ ဓမ္မကိုဖြန့်ဖြူးရင်း ပစ္စုပ္ပန်တည့်တည့်တွင် နေထိုင်သွားခြင်းသည်သာ ဗုဒ္ဓခေတ်သံဃာတော်တို့၏
ရဟန်းကိစ္စဖြစ်ပေသည်။
သို့ဖြစ်ရာ မျက်မှောက်ခေတ် ဗုဒ္ဓဘာသာဝင်တို့အနေနှင့်
ပါရမီ(၁၀)ပါးကို ဘုရားအလောင်း ကျင့်စဉ်ဟုမမှတ်ယူဘဲ လက်ရှိဘ၀၌ပင် ဖြည့်ကျင့်ခြင်းဖြင့်
မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သည့် နည်းလမ်းကောင်းများအဖြစ် လိုက်နာကျင့်သုံးပါက
အကျိုးရှိနိုင်ပါပေသည်။
ဝင်းသိန်းဦး
(ဓမ္မရံသီ၊အမှတ်-၅၅၊
၁၉၉၄ ခုနှစ်၊ ဇူလိုင်လ)
No comments:
Post a Comment