Sunday, April 21, 2013

လူငယ်များနှင့် သတိပြုဖွယ် HIV ရောဂါပိုး ကူးစက်မှု



PLHIV များ၏ တာဝန်မှာ ဆေးပုံမှန် သောက်သုံးရေးသာ ဖြစ်ကြောင်း သိရ
မြန်မာနိုင်ငံရှိ PLHIV(People-Living With HIV) များအတွက်  တစ်နေရာထဲတွင် ပြည့်ပြည့်စုံနှင့် ကုသပေးနိုင်သည့် Hospice ကဲ့သို့ သီးသန့် အဖွဲ့အစည်း တစ်ခု ဖြစ်စေလိုသည်ဟု Phoenix အဖွဲ့မှ ဦးသီဟကြိုင်က ဆိုသည်။

“ကျွန်တော် အနေနဲ့ PLHIV တွေအတွက် ဘယ်လောက်ထိ စဉ်းစားလဲဆိုရင် Hospice လို ကင်ဆာဖောင်ဒေးရှင်းလို တစ်နေရာထဲမှာ သီးသန့် ထားကုသပေးနိုင်တဲ့ အဖွဲ့အစည်း တစ်ခုဖြစ်လာတဲ့ အထိ ဆောင်ရွက် သွားဖို့ ရည်ရွယ်ပါတယ်” ဟု ဦးသီဟကြိုင်က ပြောသည်။

Phoenix အဖွဲ့ကို ၂၀၀၅ ခုနှစ်၊ အောက်တိုဘာလတွင် စတင် ဖွဲ့စည်းခဲ့ပြီး အဖွဲ့တွင် Member(Active&Silance), Staff, Volunteer, Beneficiaries များဖြင့်  အဖွဲ့အစည်း ကိစ္စများကို ဆောင်ရွက်နေရာမှ ၂၀၁၂ နှစ် ကုန်ပိုင်းတွင် တရားဝင် မှတ်ပုံတင် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းနေကြောင်း သိရှိရသည်။ မြန်မာနိုင်ငံမှ PLHIV များအတွက် လူမှုရေး အသင်းများအနေဖြင့် ကူညီစောင့်ရှောက်မှု့များနှင့် စိတ်ဓါတ် မြင့်တင်မှု့များအား  ယခုထက်ပိုမို လုပ်ဆောင်ပေးကြရန် လိုအပ်လျှက် ရှိနေဆဲဖြစ်သည်။

“ဆေးသောက်ဖို့ လိုနေပြီဖြစ်တဲ့ PLHIV တစ်ယောက်အနေနဲ့  ဆေးအတွက် တစ်လကျပ် သုံးသောင်းဝန်းကျင် ရရှိရင် အသက် မဆုံးရှုံး နိုင်ပါဘူး၊ နောက် နေရေး ထိုင်ရေးအတွက် နှစ်သောင်းလောက်ရှိရင် သူတို့ အတွက် နေစရာ အိမ်သေးသေးလေး တစ်လုံးရနိုင်ပြီး သူတို့ ဆေးကုဖို့ အဆင်ပြေနိုင်တယ်” ဟု ဦးသီဟကြိုင်က PLHIV များ၏ လိုအပ်ချက်ကို  ပြောပြသည်။
လက်ရှိတွင် လူမှုရေးအဖွဲ့များ အနေဖြင့် ART ဆေးဝါးရရှိရေး ဆောင်ရွက်လျက်ရှိပြီး ဝေဒနာရှင်များ အနေဖြင့် ပုံမှန် ဆေးသောက်သုံးရန် လိုအပ်လျက်ရှိကြောင်း သဇင်အခမဲ့ ဆေးခန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ဒီကနေ CD 4 Count 350 အောက်ဆိုရင် ART ဆေးတိုက်နေပါတယ်၊ ပိုးရှိပြီးတော့ CD 4 Count 350 အထက်ဆိုရင် ကိုယ်ခံအား ကျမသွားအောင် အားဆေးနဲ့ ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်ပေးတာမျိုး ရှိတော့ ဆေးသောက် နေရတဲ့ သူတွေက ဆေးပုံမှန်သောက်ဖို့ပဲ လိုတယ်” ဟု သဇင်ဆေးခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အမေရိကန်နိုင်ငံ၌ပင် CD 4 Count 500 အောက်ရောက်ရှိပါက ARTဆေးတိုက်ကျွေးလျက် ရှိသော်လည်း မြန်မာနိုင်ငံတွင် CD 4 Count 350 အောက်ရောက်ရှိမှသာ ARTဆေး ပေးဝေနိုင်သည့် အတွက် လူမှုရေး အဖွဲ့များ အနေဖြင့် ကျမ်းမာရေးဝန်ကြီးဋ္ဌာနနှင့် ယခုထက်ပိုမို ဆေးရရှိနိုင်ရေး အတွက် ပူးပေါင်းဆောင်ရွက်လျှက် ရှိကြောင်းကိုလည်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ သက်ဆိုင်ရာ ဆေးခန်း တစ်ခုစီတွင် ပြသနေကြသည့် လူနာ တစ်သောင်း ၀န်းကျင်ရှိကြောင်းနှင့် Hidden Population မည်မျှ ရှိသည်ကိုမူ  မသိရကြောင်း လူမှုအဖွဲ့အစည်းများ ထံက သိရှိရသည်။

“နေ့စဉ် တိုးနှုန်းကို မသိရတဲ့ အတွက် လူသစ် ဘယ်လောက်တိုးတယ်ဆိုတာတော့ မသိဘူး သေချာတာက တစ်နေ့တစ်နေ့ ကိုယ့်အသိုင်း အ၀ိုင်းမှာ လူနာဦးရေ တိုးတိုးလာတာတော့ မြင်နေရတယ်’’ ဟု ဦးသီဟကြိုင်မှ ဆိုသည်။ ၂၀၁၅ ခုနှစ်အတွင်း ဆေးဝါးလိုအပ်သည့် HIV ဝေဒနာရှင် (၈၈၀၀၀) ကျော် ရှိလာနိုင်ပြီး၊ PLHIV (၂၄၀၀၀၀) ကျော် ဖြစ်လာနိုင်ကြောင်း ဂရုဏာ လရိပ်အဖွဲ့က ဒေါက်တာ တင်မျိုးဝင်းက ဆိုသည်။

မြန်မာ တစ်နိုင်ငံလုံး အနေနှင့် ၂၀၀၇ ခုနှစ်တွင် နိုင်ငံတော်အစိုးရနှင့် UNH အဖွဲ့တို့၏ စစ်တမ်းကောက်ချက်အရ PLHIV နှင့် နေထိုင်သူ (၂၃၀၀၀၀) ကျော်ရှိကြောင်းနှင့် ဆေးလိုအပ်သည့် လူနာ (၈၀၀၀၀) ၀န်းကျင် ရှိကြောင်း သိရသည်။

မြစ်မခ - PLHIV များ၏ တာဝန်မှာ ဆေးပုံမှန် သောက်သုံးရေးသာ ဖြစ်ကြောင်း သိရ 

လူငယ်များနှင့် သတိပြုဖွယ် HIV ရောဂါပိုး ကူးစက်မှု

အမေရိကန် ပြည်ထောင်စုတွင် လူငယ် ထက်ဝက်ကျော်သည် HIV ရောဂါပိုး ကူးစက်ခံနေရပြီး ၎င်းတို့သည် အဆိုပါ ရောဂါပိုး ကူးစက်ခံ နေရသည်ကို သတိမမူ မိကြပေ။ HIV ရောဂါပိုး ကူးစက်ခံရသည့် အသက် ၁၃ နှစ်မှ ၂၄ နှစ်အတွင်း လူငယ် အရေအတွက်သည် ယင်းရောဂါပိုး ကူးစက်ခံရသူ စုစုပေါင်း ပမာဏ၏ ၂၆ ရာခိုင်နှုန်းရှိကြောင်း အမေရိကန် နိုင်ငံ AIDS ရောဂါ တားဆီး ကာကွယ်ရေးမှ ထုတ်ပြန်ထားသည်။

အမေရိကန် နိုင်ငံတွင် လစဉ် လူငယ် ၁ဝဝဝ သည် HIV ရောဂါပိုး ကူးစက် ခံနေရပြီး ကုသမရသည့် အဆိုပါ ရောဂါပိုးအား အသက်ရှင်စဉ် အတောအတွင်း ကုသမည် ဆိုပါက အမေရိကန် ဒေါ်လာ ၄ဝဝ,ဝဝဝ ကုန်ကျဖွယ် ရှိသည်။ HIV ရောဂါပိုးအား မကုသပါက AIDS ရောဂါ အဖြစ်သို့ ရောက်ရှိသွားနိုင်ပြီး အစောတလျင် အသက် ဆုံးရှုံးသွား နိုင်ဖွယ်ရှိကြောင်း AIDS ရောဂါတားဆီး ကာကွယ်ရေးဌာနမှ ညွှန်ကြားရေး မှူး ဒေါက်တာ သောမက်စ် ဖရိုင်ဒန်းက ပြောကြားထားသည်။

အဆိုပါ အချက်မှာ ကြောက်မက်ဖွယ်ကောင်းပြီး လူငယ်များ အတွက် စိုးရိမ်ဖွယ်ရာ တစ်ခုပင်ဖြစ်သည်။ လူငယ်များအကြား HIV ရောဂါပိုး ကူးစက်ခံရမှုမှာ ယခုနှစ်အတွင်း ပိုမို တိုးမြင့် လာလျက်ရှိပြီး ကျန်းမာရေး အာဏာပိုင်များက HIV ရောဂါအကြောင်း သိကောင်းစရာ အဖြစ် ပညာပေး ဟောပြော ပို့ချထားသည့် အထက်တန်းကျောင်းမှ ကျောင်းသား ၂၂ ရာခိုင်နှုန်းကို ယင်း ရောဂါပိုး ရှိ၊ မရှိ မကြာခဏ စစ်ဆေး ပေးလျက် ရှိသည်ကို တွေ့ရသည်။

အလားတူ နိုင်ငံအတွင်းရှိ အသက် ၁၈ နှစ်မှ ၂၄ နှစ်အတွင်းမှ လူငယ် ၃၅ ရာခိုင်နှုန်းကိုလည်း HIV ရောဂါပိုး ရှိ၊ မရှိ စမ်းသပ်စစ်ဆေး လျက်ရှိကြောင်း ရောဂါ ကာကွယ် ထိန်းချုပ်ရေး ဌာနက ပြောကြားထားသည်။ HIV ရောဂါပိုး ကူးစက်မှု နှုန်းမြင့်မား လာရသည့် အကြောင်းအရင်းမှာ လူငယ်များအကြား လိင်တူ ဆက်ဆံမှုများပိုမို များပြားလာခြင်း အတွက်ဖြစ်ကြောင်း ကျွမ်းကျင်သူ တစ်ဦးဖြစ်သူ ဒေါက်တာ ဖန်တန်က ထောက်ပြ ထားသည်။

အထက်တန်း ကျောင်းများတွင်လည်း လိင်တူ ဆက်ဆံသူများ၊ လိင်မဆက်ဆံမီ မူးယစ် ဆေးဝါးသုံးစွဲမှုနှင့် ခန္ဓာကိုယ် အတွင်းသို့ မူးယစ်ဆေးထိုး သွင်းသူများ များလာသည်ကို လေ့လာ တွေ့ရှိရကြောင်း၊   လိင်ဆက်ဆံ သူအများစုမှာ အကာအကွယ် ပစ္စည်းများကို  အသုံး မပြုကြသောကြောင့် HIV ရောဂါပိုး ကူးစက်မှု နှုန်းမြင့်လာခြင်း ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

ထို့ကြောင့် လူငယ်များ အနေဖြင့် HIV ရောဂါပိုး ကူးစက်ခြင်း မခံရစေရန် အသိတရားဖြင့် ဆင်ခြင် ကျင့်ကြံသင့်ပြီး ရောဂါပိုး ကူးစက်ခံရသူများ အနေဖြင့်လည်း မိမိကိုယ်ကို ဂရုတစိုက်နှင့် စားသောက် နေထိုင်ခြင်း၊ ကိုယ်လက် လှုပ်ရှားမှု ပြုလုပ်ခြင်းနှင့် စိတ်ဓာတ်ကြံ့ခိုင်မှု ရှိအောင် နေထိုင်ပါက ကူးစက်မှုအဆင့်ကို ထိန်းချုပ် ထားနိုင်ကြောင်း၊ မိမိ၏ဇနီး နှင့် ခင်ပွန်းထံသို့လည်း မကူးစက်နိုင် ကြောင်းဖြင့် ကြိုတင် ကာကွယ်မှု ပြုနိုင်ရန် ရေးသား လိုက်ရပေသည်။
မြဝတီ - လူငယ်များနှင့် သတိပြုဖွယ် HIV ရောဂါပိုး ကူးစက်မှု 

မြန်မာနိုင်ငံတွင်း HIV ပိုးကူးစက်မှုနှုန်း တစ်နေ့လျှင်၂၃ ဦးရှိ

မြန်မာနိုင်ငံတွင် ကျန်းမာရေး အသိပညာအားနည်းမှုကြောင့် HIV ပိုး ကူးစက်မှုနှုန်း တစ်နေ့လျှင် အနည်းဆုံး ၂၃ ဦးခန့် ကူးစက်ခံနေရကြောင်းကို Myanmar Positive Group (MPG) ၏ စစ်တမ်းများတွင် ထုတ်ပြန်ထား ကြောင်းကို ဧပြီ ၈ ရက်တွင် အမျိုးသမီးများ ကွန်ရက်မှ အကြံပေး ဒေါ်စုစုလှိုင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

မြန်မာနိုင်ငံတွင်း ကျန်းမာရေး အသိအမြင် တစ်ပြေးညီဖြစ်လျှင် HIV/AIDS ရောဂါ လျော့ကျသွားနိုင်ကြောင်း၊ လူတိုင်းသည် မိမိတို့ ကျန်းမာရေးအရ သွေးစစ်ရန် အထူးလိုအပ်ကြောင်း၊ HIV ပိုး ရှိသူများသည် ကျန်းမာရေး အသိပြည့်ဝရန် လိုအပ်ကြောင်း၊ ၎င်းတို့ အနေဖြင့် ခုခံကာကွယ်မှု ပြုလုပ်မှသာ HIV ပိုး ကူးစက်မှုနှုန်း လျော့ကျမည် ဖြစ်ကြောင်းတို့ကို “Sex Worker မှ ကူးတာ မဟုတ်ဘူး။ သာမန် အမျိုးသမီး ဘ၀နဲ့ ရပ်တည်နေရင်း ကူးစက်ခံရသူ အများကြီး ရှိတယ်။ တချို့ဆို အဖေ၊ အမေမှာရှိတဲ့ အတွက် မွေးလာတဲ့ ကလေးတွေမှာ ဒီရောဂါပိုး ပါလာရော။ အဲဒီလိုဆိုရင် လောကထဲကို HIV ပိုးရှိသူ အလိုလို ရောက်လာတာပဲလေ။ ဒီလိုဖြစ်တာ ကျန်းမာရေး အသိပညာ အားနည်းလို့ပါပဲ” ဟု ဒေါ်စုစုလှိုင်က ပြောကြားခဲ့သည်။

HIV ပိုးရှိသူသည် ပိုးရှိကြောင်း သိရှိပါက ရောဂါပိုး ထပ်မံဖြစ်ပွားမှု မရှိစေရန် သတိထားသင့်ကြောင်း၊ ရောဂါပိုး မရှိသူသည်လည်း သွေးစစ်ကာ စစ်ဆေးမှု ခံယူ သင့်ကြောင်း၊ ကျန်းမာရေး အသိပညာ အားနည်း၍ ခွဲခြား ဆက်ဆံ ခံရသူများ ရှိဆဲဖြစ်နေကြောင်း၊ HIV/AIDS ရောဂါသည် စိတ်ဓာတ်ပိုင်းဆိုင်ရာနှင့် သက်ဆိုင်ကြောင်း၊ HIV ပိုး ရှိရုံဖြင့် AIDS ရောဂါ မဖြစ်နိုင်ကြောင်း၊ ART ဆေး ပုံမှန်သောက်သုံး သူများသည် AIDS ရောဂါ အခြေအနေထိ မရောက်နိုင်ကြောင်း၊ HIV ပိုးရှိသော်လည်း AIDS ဖြင့် မသေဆုံးရေး၊ HIV ပိုးရှိသော် လည်းနောက် ထပ်ပိုးမပြန့်ပွားရေး စသည့် အဆိုပါ ရောဂါများကို ဇီးရိုး (၀) အဆင့် ကျအောင်ချရန် ကမ္ဘာက သတ်မှတ် ထားကြောင်းတို့ကို ၎င်းက ထပ်မံပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင်း HIV ပိုး ကူးစက်မှုနှုန်းသည် ၂၀၁၃ ခုနှစ် ကောက်ယူရရှိသော စစ်တမ်းများအရ တစ်နေ့လျှင် လူဦးရေ ၂၃ ဦးခန့် ကူးစက်ခံနေရကြောင်းကို MPG အဖွဲ့မှ လေ့လာ တွေ့ရှိခဲ့သည်။

ရန်ကုန်၊ ဧပြီ ၈
မြန်မာသံတော်ဆင့် - မြန်မာနိုင်ငံတွင်း HIV ပိုးကူးစက်မှုနှုန်း တစ်နေ့လျှင်၂၃ ဦးရှိ

ဆေးပညာ နှီးနှောဖလှယ်ပွဲ နှင့် ART ဆေးဝါးအသစ် မိတ်ဆက်ပွဲကျင်းပ

မန္တလေးမြို့ ၊ ချမ်းအေးသာစံ မြို့နယ်ရှိ ဆီဒိုးနား ဟိုတယ်တွင် ဧပြီလ ၇ ရက်နေ့ နံနက် ၉ နာရီက Cipla နှင့် Vimal Co., Ltd တို့မှ ကြီးမှူး ကျင်းပသော ဆေးပညာ နှီးနှော ဖလှယ်ပွဲနှင့် ဆေးဝါးသစ် မိတ်ဆက်ပွဲအား ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆေးပညာ နှီးနှောဖလှယ်ပွဲသို့ သမားတော်ကြီးများ၊ သားဖွားမီးယပ် အထူးကု ဆရာဝန်ကြီးများ၊ အစာအိမ် အူလမ်းကြောင်းဆိုင်ရာ ဆရာဝန်ကြီးများ၊ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ဆရာဝန်ကြီးများ၊ ရင်ခေါင်း အထူးကု ဆရာဝန်ကြီးများ၊ အထွေထွေ ရောဂါကု ဆရာဝန်ကြီးများ တက်ရောက် ကြသည်။ အခမ်းအနားတွင် မန္တလေး ဆေးပညာ ဌာနမှ အငြိမ်းစား ပါမောက္ခ ဒေါက်တာ အောင်ကြီးမှ သဘာပတိအဖြစ် ဆောင်ရွက်၍ အငြိမ်းစား ပါမောက္ခ ဒေါက်တာ ရဲမြမှ ART Simplified ခေါင်းစဉ်ဖြင့် ဆွေးနွေး ဟောပြောခဲ့ပြီး တက်ရောက် လာသူများ၏ သိလိုသည့် မေးမြန်းချက် များအပေါ် ပြန်လည် ဖြေကြား ဆွေးနွေးခဲ့သည်။

အဆိုပါ အခမ်းအနားအား HIV နှင့် AIDS ရောဂါ ကုသရန် အစွမ်းထက် ဆေးတစ်မျိုး ဖြစ်သော Viraday အမည်ရှိ ဆေးအား တင်သွင်း ဖြန့်ချိသည့် Cipla နှင့် Vimal Co., Ltd မှ ကူညီ ပံ့ပိုး ဆောင်ရွက် ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

မန္တလေး ၊ ၉-၄-၂၀၁၃

မြဝတီ - http://myawady-myawady.blogspot.com/2013/04/art.html

 
လမ်းကြောင်း ၄ ခုကနေ HIV ကူးစက်သူ အရေအတွက် တိုးနေဆဲ

မြန်မာနိုင်ငံတွင် အိပ်ခ်ျအိုင်ဗွီရောဂါပိုး ရှိသူများဖြင့် လမ်းကြောင်း ၄ ခုကနေ အိပ်ခ်ျအိုင်ဗွီ ကူးစက်မှုနှုန်း တိုးနေဆဲ ဖြစ်ကြောင်း သိရှိရသည်။

“အိက်ခ်ျအိုင်ဗွီရောဂါပိုးက ရောဂါပိုး ရှိသူတွေနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ ရောဂါပိုး ရှိသူ၏  သွေးသွင်းမိခြင်း၊ မူးယစ်ဆေး အကြောအတွင်း ထိုးသွင်းခြင်းနှင့် ရောဂါပိုး ရှိသူ ကိုယ်ဝန်ဆောင် မိခင်ထံမှ သားသမီးထံ ကူးစက်ခြင်းစတဲ့ လမ်းကြောင်း ၄-ခုက ကူးစက်တာ များပါတယ်။” ဟု အိပ်ခ်ျအိုင်ဗွီ ရောဂါ ပိုးနှင့် အေအိုင်ဒီအက်စ် ရောဂါ ကာကွယ် တိုက်ဖျက်ရေးနှင့် ကာကွယ် စောင့်ရှောက် မှုများ ဆောင်ရွက်နေသော အပြည်ပြည်ဆိုင်ရာ လူမှုရေး အဖွဲ့အစည်းတစ်ခု၏ အမည်မဖော်လိုသူ မန်နေဂျာ တစ်ဦးက ပြောသည်။

အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ ရောဂါပိုး ရှိသူ၏ သွေးသွင်းမိခြင်း၊ မူးယစ်ဆေး အကြောအတွင်း ထိုးသွင်းခြင်းနှင့် ရောဂါပိုး ရှိသူ ကိုယ်ဝန်ဆောင် မိခင်ထံမှ သားသမီးထံ ကူးစက်ခြင်း စတဲ့ လမ်းကြောင်း ၄-ခုကို ထိန်းချုပ်နိုင်ဖို့ အတွက် ခက်ခဲခြင်းကလည်း ရောဂါ ကူးစက်မှုနှုန်းကို တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ငွေကြေးအတွက် လိင်ဆက်ဆံနေသူတွေ၊ အမျိုးသားချင်း လိင်တူ ဆက်ဆံသူတွေ၊ အရွယ်မတိုင်မီ လိင်ဆက်ဆံမှုတွေ၊ တရားဝင် လက်ထပ် ထိမ်းမြားခြင်း မရှိဘဲ လိင်ဆက်ဆံမှုတွေ၊ လိင်အပျော်အပါး လိုက်စားသူတွေ၊ မိမိမှာငွေကြေးပေါ များတာကို အခွင့်အရေး ယူပြီး သားပျို သမီးပျိုတွေကို ငွေနဲ့ ဖျားယောင်းပြီး ဖျက်ဆီးသူတွေ များလာတာ၊ အိမ်ထောင်ရှင်တွေရော၊ အိမ်ထောင် မရှိသေးသူတွေပါ စည်းမဲ့ကမ်းမဲ့ လိင်တူ လိင်တူခြင်း လိင်ဆက်ဆံဖော် များလာကြတော့ အခုနကဖော်ပြခဲ့တဲ့ ရောဂါပိုး ကူးစက်ရာ လမ်းကြောင်းတွေထဲက ဘယ်လို ကူးမလဲ ဆိုတာ ပြောရခက်ပါတယ်၊” ဟု အဆိုပါ အပြည်ပြည်ဆိုင်ရာ လူမှုရေးအဖွဲ့အစည်း မန်နေဂျာက ပြောသည်။

Myanmar Positive Group ၏ လေ့လာတွေ့ရှိချက်များအရ မြန်မာနိုင်ငံတွင် တစ်နေ့လျင် ပျမ်းမျှ လူ ၂၃ ဦးခန့် ကူးစက်နေကြောင်း အမျိုးသမီးများ ကွန်ယက်မှ အကြံပေး ဒေါ်စုစုလှိုင်က မြန်မာ သံတော်ဆင့် သို့ ပြောကြား ခဲ့ကြောင်း သိရှိရသည်။

“အင်း၊ ဆက်သွယ်ရေး နည်းပညာနဲ့ ဖြေဖျော်ရေး လွှင့်တင်မှု နည်းပညာတွေ တိုးတက်လာတဲ့ အခါ၊ ရောဂါ ကူးစက်စေမဲ့ အရာတွေက လွတ်လွတ်လပ်လပ် ကူးလူးခွင့်မှာ တိုးတက်လာပေမယ့်။  ကူးစက်မှုကို တိုက်ဖျက်ပေးမယ့် အပြုအမူတွေက လိုက်လျောညီထွေ တက်မလာရင် တိုးတက်မှုရဲ့ ကောင်းကျိုးထက် ဆိုးကျိုးတွေကို ခံစားကြရမှာကို စိုးရိမ်ရပါတယ်” ဟု အငြိမ်းစား ဆေးရုံအုပ်ကြီး တစ်ဦးက  သတိပေးပြောကြား ခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံတွင် ကူးစက်မှုနှုန်း သုည၊ သေဆုံးမှုနှုန်း သုည ဆိုရာမှာ သေဆုံးမှုနှုန်း၊ အေအာဗွီ ဆေးဝါး ၊ စောင့်ရှောက်မှု အင်အားများ တိုးချဲ့နိုင်သော်လည်း ကူးစက်မှုကတော့  လူမှုရေးစနစ်ကြီး တစ်ခုလုံးကို ထိန်းချုပ်နိုင်ရေး အတွက် ခက်ခဲနေဆဲဖြစ်ကြောင်း၊ ဘာသာရေး အထိန်းအကွပ်၊ ယဉ်ကျေးမှု အထိန်းအကွပ် များနှင့်လည်း သက်ဆိုင်ကြောင်း အဆိုပါ ဆရာဝန်က သုံးသပ်ပြောဆိုသည်။

“ကျွန်တော်တို့ ဌာနနဲ့ ဆက်စပ်နေတဲ့ လူမှုရေး အဖွဲ့အစည်းတွေကတော့ ပညာပေးတယ်၊ အကာအကွယ် ပစ္စည်းတွေ ပံ့ပိုးတယ်၊ ဝေဒနာရှင်တွေနဲ့ မိသားစုတွေကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အကူအညီပေးတယ်၊ ခွဲခြားဆက်ဆံမှု ပပျောက်အောင် ပညာပေးတယ်။ ဒါပေမယ့် လူမှုရေးဆိုင်ရာ လူနေမှု စနစ်နဲ့ ယဉ်ကျေးမှု ထိန်းသိမ်းဖို့ကတော့ အတော်များများ ဝိုင်းဝန်းဆောင်ရွက်ကြဖို့ လိုပါတယ်” ဟု ကာလသားရောဂါနှင့် အိတ်ခ်ျအိုင်ဗွီနှင့် အေအိုင်ဒီအက်စ် ရောဂါ တိုက်ဖျက်ရေး အထူးအဖွဲ့ မှ တာဝန်ခံ ဆရာဝန် တစ်ဦးက ပြောသည်။

မျိုးဆက်ပွားပညာပေး၊ သားဆက်ခြား ပညာပေး၊ စိတ်ချ အန္တရာယ်ကင်းသော လိင်ဆက်ဆံမှု ဆိုင်ရာပညာပေး လုပ်ငန်းများကို  ယဉ်ကျေးမှုနဲ့ ကိုက်ညီမှု မရှိခြင်းဟု ဆိုခြင်းမှာ  အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်နှင့် ပတ်သက်သော အသိပညာ နည်းပါးနေခြင်းကြောင့် ဖြစ်ကြောင်း၊ အသိပညာ နည်းပါးခြင်းက ရောဂါ ကူးစက်မှု တိုးခြင်းရဲ့ အဓိက ပြဿနာကြီး ဖြစ်ကြောင်း  အေအိုင်ဒီအက်စ် ရောဂါ ကာကွယ် တိုက်ဖျက်ရေးနှ င့် ကာကွယ်စောင့်ရှောက်မှုများ ဆောင်ရွက်နေသော အပြည်ပြည်ဆိုင်ရာ လူမှုရေး အဖွဲ့အစည်းများက သုံးသပ်ပြောဆို လျက်ရှိသည်။
ညွန့်အောင်
မြစ်မခ - လမ်းကြောင်း ၄ ခုကနေ HIV ကူးစက်သူ အရေအတွက် တိုးနေဆဲ

မိခင်မှ သန္ဓေသားသို့ HIV ပိုး မကူးစက်နိုင်ရေး HIV စစ်ဆေးနိုင်ရေး ဆရာဖြစ် သင်တန်း ပို့ချ

TOT Training on HIV Counseling and Testing မြို့နယ် အတွင်း HIV စစ်ဆေးနိုင်ရေး ဆရာဖြစ် သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာစံ မြို့နယ် ၂၇ လမ်းနှင့် ၂၈ လမ်းကြား လမ်း ၇ဝ ပေါ်ရှိ တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ မန္တလေးတိုင်း ဒေသကြီး ကျန်းမာရေး ဦးစီး ဌာနမှူး  ဒေါက်တာမိုးဆွေက အဖွင့်မိန့်ခွန်း ပြောကြားပြီး ကျန်းမာရေး လမ်းညွှန်ကြားရေး ဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းမြင့်ညီ၊ ပြည်သူ့ ဓာတ်ခွဲဌာန ဓာတ်ခွဲရေးမှူး ဒေါက်တာ ရီရီ၊ ဗဟို အမျိုးသမီး ဆေးရုံကြီး သားဖွားနှင့် မီးယပ်ပါရဂူ ဒေါက်တာ မြတ်လေးတင့်၊ မန္တလေးတိုင်း ဒေသကြီး  ခုခံကျ/ ကာလသား ရောဂါ တိုက်ဖျက်ရေး  ဆရာဝန်ကြီး ဒေါက်တာ ကျော်စိုးတို့က မိခင်မှ သန္ဓေသားသို့ HIV ပိုး မကူးစက်နိုင်စေရေး အတွက် ရည်ရွယ်၍ သင်ကြား ပို့ချ သွားခဲ့သည်။

အဆိုပါ သင်တန်းသို့ မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ၂၈ မြို့နယ်မှ မြို့နယ် ကျန်းမာရေး ဦးစီး ဌာနမှူးများ၊ မြို့နယ် သူနာပြု ဆရာမကြီးများနှင့် ကျန်းမာရေး မှူးများ၊ INGO အဖွဲ့အစည်းများမှ စိတ်ပါ ဝင်စားသော စေတနာ့ ဝန်ထမ်းများ တက်ရောက်သည်။

No comments: