Tuesday, April 9, 2013

ဝက်နံရိုး ဂျူးမြစ်ဟင်း၊ ဒန့်သလွန်သီး နှင့်ငါးချဉ်ရည်၊ခရမ်းကြွ့ပ်သီးငါးပိချက်

ဒီတစ်လ ဆရာမလမင်းမိုမိုချက်ပြုတ်ပေးတဲ့ဟင်းအတွဲအစပ်လေးကတော့ ဗမာဆန်ဆန်ဟင်းအတွဲအစပ်လို့ဆိုနိုင်မယ် ထင်ပါတယ်။ ၀က်နံရိုးကို ဂျူးမြစ်လေးနဲ့ချက်၊ ဒန့်သလွန်သီးကို ငါးနဲ့ချဉ်ရည်ချက်ပြီး ခရမ်းကြွပ်သီးငါးပိချက်လေးနဲ့ ထမင်းစားမြိန်ဖွယ်လေးပါ။

ဝက်နံရိုး ဂျူးမြစ်ဟင်း
လိုအပ်သောပစ္စည်းများ
ဝက်နံရိုးနု ၅၀ကျပ်သား၊ ဆီ နှစ်ကျပ်သားခန့်၊ ဂျူးမြစ် လက်တစ်ဆုပ်ခန့်၊ ကြက်သွန်နီ နှစ်ဥ၊ ကြက်သွန်ဖြူ လေးမြွှာ၊ ချင်း နှစ်လက်မခန့်၊ ခရမ်းချဉ်ဆော့စ် စားပွဲဇွန်းနှစ်ဇွန်း၊ ပဲငံပြာရည်အကျဲ စားပွဲဇွန်း နှစ်ဇွန်း၊ ခရုဆီ စားပွဲဇွန်း နှစ်ဇွန်း၊ ထန်းလျက် တစ်လုံး၊ အရောင်တင် ငရုတ်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ဆား ဟင်းခတ်မှုန့် အနည်းငယ်စီ။

ချက်ရန်ကြာမြင့်ချိန် - ၄၅မိနစ်
ဝက်နံရိုးများကို သန့်စင်ပြီးလျှင် အနေတော်တုံးပါ။ ချင်းညက်ညက်ထောင်းညှစ်ထားသော အရည်ထည့်ပါ။
ကြက်သွန်ဖြူ ထုထောင်း၍ထည့်ပါ။

ထန်းလျက်ကို ထု၍ အရည်ဖျော်ထည့်ပါ။ ခရမ်းချဉ်ဆော့စ်၊ ပဲငံပြာရည်၊ခရုဆီ၊ ဆားဟင်းခတ်မှုန့်၊ အရောင်တင်ငရုတ်မှုန့် တို့ထည့်ပြီး အရသာရအောင်နယ်ပါ။

ရေခဲသေတ္တာတွင် ၁၀မိနစ်ခန့်ထားပါ။

ထို့နောက် Pressure Cooker တွင်ကြက်သွန်နီဥများစိတ်၍ထည့်၊ ဆီထည့်၊ ရေမြုပ်အောင် ထည့်၍ ၂၅မိနစ်ခန့်ချက်ပါ။
ထို့နောက် အိုးကိုအဖုံးဖွင့်၍ သန့်စင်ပြီး ဂျူးမြစ်များထည့်ပါ။ အိုးထဲအရည်ကျန်လျှင် လက်ကျန်အရည်နှင့် ဆက်ချက်ပြီး အရည်မကျန်လျှင် ရေအနည်းငယ်မျှ ထည့်ချက်ပါ။

ရေကို ဂျူးမြစ်အနူးနှင့် မှန်းဆပါ။ ဂျူးမြစ်များနူး၍ အရည်ပျစ်ပျစ်အနှစ်လေးကျန်လျှင်အိုးချ၍ သုံးဆောင်နိုင်ပါပြီ။

ဒန့်သလွန်သီးနှင့် ငါးချဉ်ရည်
လိုအပ်သောပစ္စည်းများ
ဒန့်သလွန်သီး ခြောက်တောင့်၊ ဆီ သုံးကျပ်သားခန့်၊ ငါး ၂၀သား၊(ငါးကြင်း၊ ငါးရံ့၊ငါးတန် နှစ်သက်ရာနှင့်ချက်နိုင်ပါတယ်။ ဒီဟင်းပွဲမှာတော့ ငါးရံ့ကိုသုံးထားပါတယ်) နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း ကြက်သွန်နီ နှစ်ဥ၊ ငရုတ်ပွအခြောက် လေးတောင့်၊ ချင်း တစ်လက်မခန့်၊ ငပိစိမ်းစား စားပွဲဇွန်း တစ်ဇွန်း၊ နံနံပင် အနည်းငယ်၊ ငရုတ်သီးစိမ်း ရှစ်တောင့်၊ မန်ကျည်းသီး သင့်ရုံ၊ ပုစွန်ငံပြာရည် စားပွဲဇွန်း နှစ်ဇွန်း၊ ဆား ဟင်းခတ်မှုန့် အနည်းငယ်

ချက်ရန် ကြာမြင့်ချိန် - ၂၀မိနစ်
ဒန့်သလွန်သီးကို အမျှင်သင် အနေတော်ပိုင်းဖြတ်ထားပါ။ ဟင်းခတ်မှုန့်တို့နှင့် နယ်ထားပါ။ ငရုတ်ပွခြောက်ရေစိမ်၍ ကြက်သွန်နီနှင့် ညက်ညက်ထောင်းပါ။ ဆီအပူပေးပြီး ကြက်သွန်ငရုတ်နှစ်ကို ဆီသတ်ပါ။

ချင်းပါးပါးလှီးထည့်ပါ။ ဒန့်သလွန်သီး ထည့်မွှေပါ။ မန်ကျည်းရည်ဖျော်၍ သင့်တော်ရုံမှန်းထည့်ပါ။ ငါးပိစိမ်းစားအရည်ဖျော် ထည့်ပါ။ ငရုတ်သီးစိမ်းတောင့်များထည့်ပါ။ ဒန့်သလွန်သီး နူးယောင်ရှိလျှင် ငါးများထည့်ပါ။ အတန်ကြာ လုံးမွှေချက်ပါ။

ထို့နောက် ငါးကျက်လာလျှင် ရေကိုလိုအပ်သလိုမှန်းဆထည့်ပြီးချက်ပါ။ ရေဆူလာလျှင် ငံပြာရည်၊ ဆား၊ဟင်းချိုမှုန့်တို့နှင့် အရသာသင့်တင်အောင်မြည်းပါ။ အရသာအပေါ့အငန်၊ ရေအနည်းအများ လိုသလိုရလျှင် နံနံပင်များထည့်မွှေပြီး အိုးချနိုင်ပါပြီ။

ခရမ်းကြွပ်သီးငါးပိချက်
လိုအပ်သောပစ္စည်းများ
ခရမ်းကြွပ်သီး ၁၀လုံး၊ ဆီ ငါးကျပ်သား၊ ပုစွန်ခြောက်မှုန့် စားပွဲဇွန်း နှစ်ဇွန်းမောက်မောက်၊ ကြက်သွန်နီ နှစ်ဥ၊ ကြက်သွန်ဖြူ သုံးမြွှာ၊ ငရုတ်သီးစိမ်း ၁၀တောင့်၊ ငါးပိစိမ်းစား စားပွဲဇွန်း နှစ်ဇွန်း၊ ပုစွန်ငံပြာရည် အနည်းငယ်၊ နနွင်း ဟင်းခတ်မှုန့် အနည်းငယ်။

ချက်ရန်ကြာမြင့်ချိန် - ၁၅မိနစ်ခန့်
ခရမ်းကြွပ်သီးများကို ရေစင်စင်ဆေးပြီး လေးစိတ်စိတ်ပါ။ ကြက်သွန်ဖြူ၊နီတို့ကို တောက်တောက်စဉ်းထားပါ။ ငရုတ်သီး စိမ်းကို ခပ်ညက်ညက်ထောင်းထားပါ။

ဒယ်အိုးတွင်ထည့်ရန် အမည်များအားလုံး တစ်ပြိုင်နက်ထည့်ပြီးလက်ဖြင့်နွမ်းတဲ့အထိဆုပ်ကာနယ်ပေးပါ။ အိုးကိုမီးဖို တွင်တင်၍ လုံးချက်ပါ။

ဆီခြောက်၍ အိုးကပ်လျှင် ရေကို စားပွဲဇွန်းနဲ့သာ တစ်ခါနည်းနည်းချင်းထည့်ပါ။ ခရမ်းကြွပ်သီးနူးအိလျှင် ဆီပြန်စေ၍ အိုးချနိုင်ပါပြီ။ အလွန်ထမင်းမြိန်စေသော ဟင်းတစ်ပွဲဖြစ်ပါတယ်။

No comments: