Thursday, December 8, 2011

Funk ဂီတရဲ့ နောက်ကြောင်း ရာဇ၀င်

ဒီနေ့ခေတ် ဂီတ ရေစီးကြောင်း ထဲမှာ  မပါဝင်တော့ ပေမယ့် တစ်ချိန်တုန်းက လူကြိုက်များ ကျော်ကြားခဲ့တဲ့ ဂီတ တစ်ခုရဲ့ အကြောင်းကို ပြောပြ ချင်ပါတယ်။
အဲဒီ ဂီတကတော့ Funk  ဂီတ ဖြစ်ပါတယ်။ Funk ဂီတကို ၁၉၆၀ ခုနစ် အလယ်ပိုင်းမှာ အာဖရိက အမေရိကန် လူမျိုးတွေဟာ ကလို့ရတဲ့ ဂီတတစ်ခု အနေနဲ့ စတင် တီထွင် ခဲ့ပါတယ်။ Soul ဂီတကို သံစဉ်တွေ ထပ်ဖြည့်ပြီး ပိုပြီး လေးနက်တဲ့ ဂီတ အနေနဲ့ Funk ဂီတကို တီထွင် ခဲ့တာပဲ ဖြစ်ပါတယ်။

Disco တေးဂီတမှာ Funk ဂီတရဲ့ လွှမ်းမိုးမှုတွေ အများဆုံး ပါဝင်နေပြီး Hip Hop နဲ့ House ဂီတတို့ မှာလည်း Funk ဂီတ ပုံသဏ္ဌာန်တွေ ပါဝင် နေပါတယ်။ Funk  ဂီတကနေ Disco, Hip Hop, Electro, Contemporary R&B, House, Liquid Funk, P- Funk, Deep Funk, Nu Funk အစရှိတဲ့ ဂီတတွေ ထပ်မံ ခွဲထွက်လာပြီး Metal, rock, Jazz, house  ဂီတတို့နဲ့ ပေါင်းစပ်ထားတဲ့ Funk metal, rock Funk, Jazz Funk, Funk house  ဆိုတဲ့ ပေါင်းစပ် ဂီတတွေလည်း ထွက်ပေါ် လာခဲ့ပါတယ်။

Funk  ဂီတရဲ့ အကျော်ကြားဆုံး အချိန်ကတော့ ၁၉၇၀ ခုနှစ် အတွင်းမှာ ဖြစ်ပြီး ၁၉၈၀ နဲ့ ၁၉၉၀ ခုနှစ်တွေ အတွင်းမှာတော့ အသင့်အတင့် ကျော်ကြား ခဲ့ပါတယ်။ Funk ဂီတရဲ့ တူရိယာတွေ ကတော့ ဘေ့စ်ဂစ်တာ၊ လျှပ်စစ်ဂစ်တာ၊ ဒရမ်၊ ကီးဘုတ်နဲ့ လေမှုတ် ကိရိယာ မျိုးစုံပဲ ဖြစ်ပါတယ်။ Funk  ဂီတ သီချင်းတွေကို တီးခတ်ကြတဲ့ အခါမှာ စည်းချက်ညီပြီး တူရိယာသံ တစ်ခုနဲ့ တစ်ခု ချိတ်ဆက်မိအောင် တီးခတ်ဖို့က နည်းနည်း ရှုပ်ထွေးပါတယ်။ တစ်ခါ တလေမှာ teen သီချင်းတွေကို တခြား တူရိယာ ပစ္စည်းတွေ မပါဘဲ နှဲအမျိုးမျိုး နဲ့သာ တီးခတ်ထားတာ ကိုလည်း တွေ့ရတတ် ပါတယ်။

Funk ဂီတကို တည်ထောင်ခဲ့တဲ့ ဖခင်ကြီးကတော့ James Brown အနု ပညာရှင်ပဲ ဖြစ်ပါတယ်။ James Brown ဟာ ၁၉၆၀ ခုနှစ် အလယ်ပိုင်းမှာ Funk  ဂီတကို စတင် တည်ထောင်ခဲ့ပြီး ၁၉၆၄ ခုနှစ်နဲ့ ၁၉၆၅ ခုနှစ်တွေမှာ Out of Slight  နဲ့ Pa Pa's Got a Brand New Bag  ဆိုတဲ့ သူ့ရဲ့ တစ်ကိုယ်တော် အလ်ဘမ်တွေကို ပထမ ဦးဆုံး Funk ဂီတ အလ်ဘမ်တွေ အဖြစ်နဲ့ စတင်ခဲ့ ပါတယ်။

James Brown ရဲ့ တီထွင် ဖန်တီးမှု တွေကြောင့် Funk ဂီတဟာ ၁၉၇၀ ခုနှစ်မှာ အကျော်ကြားဆုံး ဂီတတစ်ခု ဖြစ်လာ ခဲ့ပါတယ်။ Funk ဂီတဟာ အာဖရိက ကို ပျံ့လွင့်လာတဲ့ အခါမှာတော့ အာဖရိက ရိုးရာဂီတ စည်းချက်တွေနဲ့ ပေါင်းစပ်ပြီး ဂီတသစ်တစ်ခုကို ဖန်တီးခဲ့ပါ တယ်။ အဲဒီ ဂီတကို Afrobeat ရယ်လို့ နိုက်ဂျီးရီးယား တေးဂီတ ပညာရှင် Fela Kuti ကနာမည် ပေးခဲ့ပါတယ်။ ၁၉၈၀ ခုနှစ်ကို ရောက်တဲ့အခါ Funk ဂီတကို အမှီပြုပြီး ပေါ်ထွက် လာခဲ့တဲ့ Disco ဂီတဟာ ကျော်ကြား လာခဲ့တာမို့ Funk ဂီတဟာ ပိုပြီး လူကြိုက်များ ခဲ့ပါတယ်။ ၁၉၈၀ ခုနစ် အတွင်းမှာ Funk ဂီတနဲ့ ကျော်ကြား ခဲ့ကြတဲ့ အနု ပညာရှင်တွေ ကတော့ Cameo, Zapp, The Gap Band, The Bar-Kays နဲ့ Dazz Band တို့ပဲ ဖြစ်ပါတယ်။

၁၉၈၀ ခုနှစ် နောက်ပိုင်းနဲ့ ၂၀၀၀ ခုနှစ် အတွင်းမှာ Funk ဂီတဟာ နိုင်ငံ တကာက အသိ အမှတ်ပြုတဲ့ ဂီတတစ်ခု ဖြစ်လာခဲ့ပြီး ကနေဒါ၊ ယူနိုက်တက် ကင်းဒန်း၊ ပြင်သစ်၊ အီတလီ၊ စပိန်၊ ဂျပန်၊ အိနိ္ဒယ၊ ဘရာဇီး၊ တောင် အာဖရိကနဲ့ နိုက်ဂျီးရီးယား နိုင်ငံတွေ မှာပါ လူသိများ ထင်ရှား လာခဲ့ပါတယ်။၂၀၀၀ ခုနှစ်ကို ရောက်ရှိလာတဲ့ အချိန်မှာတော့ Punk  ဂီတနဲ့ ရောနှောပြီး Punk Funk ဂီတပါ ပေါ်ထွက်နေပြီ ဖြစ်ပါတယ်။ ၁၉၇၀ ခုနှစ် ကတည်းက စတင် ပေါ်ထွက် လာခဲ့ကြတဲ့ Funk ဂီတ ပုံစံခွဲ တချို့ကို ဖော်ပြပေးလိုက် ရပါတယ်။

Funk Rock
Funk Rock ဂီတဟာ Funk ဂီတနဲ့ Rock ဂီတကို ပေါင်းစပ်ထားတာ ဖြစ်ပြီး Funk ဂီတရဲ့ ဖြည်းညင်းတဲ့ စည်းချက်တွေနဲ့ မသခု ဂီတရဲ့ ပြင်းထန်တဲ့ သံစဉ်တွေကို ပေါင်းစပ် ထားတာပဲ ဖြစ်ပါတယ်။ ၁၉၈၀ ခုနှစ်က စပြီး ၂၀၀၀ ခုနှစ်အထိ  ကျော်ကြားလာခဲ့တဲ့ Funk Rock ဂီတရဲ့ အနု ပညာရှင်တွေကတော့ Jimi Hendrix,
Frank Zappa, Herbie Hancock, Gary Wright, David Bowie, Mother's Finestနဲ့ Funkadelic  တို့ပဲ ဖြစ်ပါတယ်။

Electro
Electro ဂီတကတော့ Funk ဂီတနဲ့ Electromic ဂီတရဲ့ မတူညီတဲ့ အရာတွေကို ပေါင်းစပ်ပြီး ဖန်တီး ထားတာပဲ ဖြစ်ပါတယ်။ တီးဝိုင်း တစ်ခုလုံးမှာ Electromic ဂီတရဲ့ တူရိယာ တွေကိုသာ အသုံးပြု ထားပြီး Funk ဂီတရဲ့ တီးခတ်ပုံတွေ အများဆုံး ပါဝင်နေတဲ့ ဂီတတစ်ခု ဖြစ်ပါတယ်။ Electro ဂီတရဲ့ အနုပညာရှင် တွေကတော့ Herbie Hancock, A frika Bambaataa, Vaughan Mason & Crew, Midnight Star နဲ့ Cybotron တို့ပဲ ဖြစ်ပါတယ်။

Funk Metal
Funk ဂီတနဲ့ Heavy Metal ဂီတကို  ပေါင်းစပ်ထားတာ ဖြစ်ပြီး တစ်ခါ တလေမှာ Hip Hop နဲ့ ပုံသဏ္ဌာန် တူပြီး တစ်ခါတလေ မှာလည်း Alternative Rock နဲ့ ပုံသဏ္ဌာန် တူနေတတ် ပါတယ်။

G-Funk
G-Funk ဂီတဟာ Gants Rap နဲ့ Funk ဂီတကို ပေါင်းစပ် ထားတာပါ။ Dr. Dre ကလွဲပြီး အနောက်တိုင်း ကမ်းရိုးတန်းက Rapper တွေရဲ့ ဂီတကို G- Funk ဂီတလို့ သတ်မှတ် နိုင်ပါတယ်။

ဂီတသက်တမ်း နှစ်ပေါင်း ၅၀ ကျော်လာခဲ့လို့ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်လု နီးပါး ဖြစ်နေပေမယ့် ဒီနေ့ခေတ် လူငယ်တွေ ကြားထဲ ကျော်ကြားနေတဲ့ Hip Hop ဂီတထဲမှာ Funk ရဲ့ အငွေ့ အသက်တွေ ပါဝင် နေတုန်းဖြစ်ပြီး Funk  ဂီတကို ခေတ်မီအောင် Urban Pop အဖြစ် အသွင်ပြောင်းပြီး ဒီနေ့ခေတ် အမျိုးသမီး တေးသံရှင်တွေ သီဆို နေကြတာကို တွေ့နေရ ပါတယ်။ ဒါကြောင့် အရှိန်ဟုန် ကောင်းကောင်းနဲ့ ကျော်ကြားနေဆဲ ဂီတ တချို့ရဲ့ မြစ်ဖျားခံရာ ဒေသ တစ်ခုဖြစ်တဲ့ Funk ဂီတ အကြောင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

စိမ့်စိမ့်လွင်ဦး
(Teen မဂ္ဂဇင်း၊နိုဝင်ဘာလ ၂၀၁၁)

No comments: