Thursday, December 8, 2011

(၃) ကြက်သားဟင်း ချက်စားရအောင် (အပိုင်း ၃)

'လူမှာအမျိုး ကြက်မှာအရိုး' လို့ဆိုကြတယ်။ ကြက်သားကတော့ တစ်ကောင်လုံး အရိုးထိအောင် ဟင်းအမည်စုံအဖြစ်ချက်ပြုတ်လို့ရ နေတာကိုးနော်။ ကြက်အရေပြားကိုတော့ ဖယ်ပြီးချက်ပြုတ်တတ်ကြတယ် အဆီများလို့တဲ့လေ။ အူကလီစာတွေကိုတော့ စားလို့မသင့် တော်တဲ့အစိတ်အပိုင်းလောက်သာ ဖယ်ရှားတတ်ကြတာဗျ။ ဒီတစ်ခါတော့ ကြက်သားနည်းလို့ အိမ်သားကများနေလို့အဆင်မပြေတဲ့ အခါမှာတော့ အာလူးလိုအသီးအနှံနဲ့ချက်ရင်ဟင်းဖြစ်တာပဲဆိုတော့ အဲလိုဆီပြန်ဟင်းလေးတွေအပြင် ချဉ်စပ်ချက်စားကြရအောင်နော်။

(၁) ကြက်သားအာလူးဟင်း
ပါဝင်သည့်ပစ္စည်းများ

(၁)        ကြက်သား - ၃၀ သား
(၂)        အာလူး - ၂၀သား
(၃)        ဆီ – ၅ကျပ်သား
(၄)        ကြက်သွန်ဖြူ/နီ – အနည်းငယ်
(၅)        ဂျင်း - အနည်းငယ်
(၆)        ဟင်းခတ်မှုန့် – အနည်းငယ်
(၇)        အရောင်တင် – စားပွဲတင်ဇွန်း (၁) ဇွန်း
(၈)        ဆား၊နနွင်း - အနည်းငယ်

ပြင်ဆင်ချက်ပြုတ်နည်း
ကြက်သားကို အတုံးတုံးပြီး ဆား၊နနွင်းနယ်ပါ။
အာလူးကို အခွံနွှာပြီး အတုံးလေးများဖြစ်အောင်လှီးပါ။
အိုးထဲကို ဆီထည့်ပြီးဆီပူလာလျှင် ထောင်းထားသော ကြက်သွန်ဖြူ/နီ၊ ဂျင်းထည့်ပြီးဆီသပ်ပါ။ အရောင်တင် (၁)ဇွန်းထည့်ပါ။ ဆား၊ နနွင်းနယ်ထားသော ကြက်သားထည့်ပြီးအုပ်ထားပါ။ တစ်ရေရလျှင် အာလူးထည့်ပါ။ အာလူးအိသွားပြီဆိုရင်တော့ အပေါ့၊အငန်မြည်း၍ သုံးဆောင်လို့ရပါပြီ။

(၂) ကြက်သားသုပ်
ပါဝင်သောပစ္စည်းများ
ကြက်သားပေါင်                ၂ ခု
ကြက်သွန်နီ                     ၅ ဥ
ပဲငံပြာရည်                       ထမင်းစားဇွန်း ၂ဇွန်း
သံပရာသီး                       ၁ လုံး
ငရုတ်သီးစိမ်း                   ၃ တောင့်
ဆား                              သင့်ရုံ

ချက်ပြုတ်နည်း
-           ကြက်ပေါင် ၂ခု သို့မဟုတ် ရင်အုပ်ပိုင်း ၂ခုကို ဆားသင့်ရုံဖြင့် ပြုတ်ပါ။
-           ရေအနည်းငယ်ဖြင့် ရေခန်းပြုတ်ပြီး ကြက်သားနူးလျှင်ချပါ။ ကြက်သားကို အမျှင်သေးသေး ရအောင် လက်ဖြင့်ဆွဲပေးပါ။ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းတို့ကို ပါးပါးလှီးပြီး အားလုံးရော၍ သံပရာရည်ညှစ်ထည့်ကာ သုံးဆောင်ပါ။
(ကြက်ကင်ဆိုင်က ကင်ပြီးသား ကြက်ပေါင်တွေကိုလည်း အလားတူသုပ်စားလို့ရပါတယ်။)

(၃) ကြက်ကုန်းဘောင်ကြီးကျော်
ပါဝင်ပစ္စည်းများ
ကြက်ရင်အုပ်သား - ၁၅ ကျပ်သား
ကြက်သွန်နီ/ကြက်သွန်ဖြူ - ၅လုံး
ပဲငံပြာရည်(အနောက်) - စတီးဇွန်းအကြီး ၂ဇွန်း
ဆား - အနည်းငယ်
ငရုတ်သီးခြောက်/ချင်း - အနည်းငယ်
ပန်းဂေါ်ဖီ၊ ရွှေပဲသီး - အနည်းငယ်
မုန်လာဥနီ - အနည်းငယ်

အဆင့်ဆင့်ပြုလုပ်ပုံ
မုန်လာဥနီ ရေဆေးထားသော ကြက်သားအား အနေတော်လေးများဖြစ်အောင်တုံးပါ။ အသားတုံးလေးများအား ဆား၊ ပဲငံပြာရည်တို့နှင့် ရောနယ်ပြီး ခဏထားထားပါ။ ပြီးလျှင် ကြက်သွန်နီများကို အတုံးလေးများဖြစ်အောင် လေးခြမ်းခြမ်းပြီး ဆား၊ပဲငံပြာရည်တို့နှင့် ရောနယ် ထားပါ။ ဆီပူလာလျှင် ဦးစွာငရုတ်သီးခြောက်များထည့်၍ မွှေပါ။ နီရဲလာလျှင် ခေတ္တ ဆယ်ပြီး ချင်းနှင့် ကြက်သွန်ဖြူကိုထည့်၍ ဆီသတ်ပါ။ အိုးထဲသို့ နယ်ထားသော ကြက်သားတုံးများ ထည့်၍မွှေပါ။ အသားနူးလာလျှင် ကြက်သွန်နီ အတုံးလေးများ၊ ပန်းဂေါ်ဖီ၊ ရွှေပဲသီး၊ မုန်လာဥနီများ ဆီသတ်ထားသော ငရုတ်သီးခြောက်လေးများ ထည့်၍ သုံးဆောင်နိုင်ပါပြီ။

(၄) နှင်းချယ်ရီကြက်သားချဉ်စပ်
ပါဝင်သည့် ပစ္စည်းများ
ကြက်သား - ၅၀ကျပ်သား    ခရမ်းချဉ်သီး - ၅လုံး
ကြက်သွန်ဖြူ - အနည်းငယ်   ကြက်သွန်နီ - ၅လုံး
ငပိ - အနည်းငယ်    ငရုတ်သီးအနှစ် - အနည်းငယ်
ငရုတ်သီးစိမ်း - အနည်းငယ်  ပင်စိမ်း^ချင်း - အနည်းငယ်
ငံပြာရည်/ဟင်းချိုမှုန့် - အနည်းငယ်

အဆင့်ဆင့်ပြုလုပ်ပုံ
ပထမဦးဆုံး ခရမ်းချဉ်သီးကို ရေခန်းလေးပြုတ်ပြီး အခွံကိုခွာ၍ နုပ်နုပ်စဉ်းထားပါ။ ဒယ်အိုးထဲသို့ ဆီအနည်းငယ်ထည့်၍ ချင်း၊ကြက်သွန် ဖြူ၊နီများကို ထည့်၍်ဆီသတ်ပါ။ ငရုတ်သီးအနှစ်နှင့် မျှင်ငပိကို ထည့်၍ဆီနာနာလေး သတ်ပေးပါ။ ထို့နောက် ပင်စိမ်းရွက်အနည်းငယ် ထည့်ပါ။ အရောင်ရဲ၍ အနံ့မွှေးလာလျှင် ကြိတ်ထားသော ငရုတ်သီးအစိမ်းများကိုထည့် ပါ။ အသင့်နယ်ထားသော ကြက်သားတုံးလေး များကို အိုးထဲသို့ထည့်ပါ။ နုပ်နုပ်စဉ်းထားသော ခရမ်းချဉ်သီးများကိုဆက်၍ ထည့်ပြီး မွှေပါ။ ဆူလာသည်အထိ ရေနွေးထည့်၍ ခဏထား ပါ။ အသားများနူး၍ အိသွားလျှင် အပေါ့၊အငံ မြည်း၍ အသင့် သုံးဆောင်နိုင်ရန် ပန်းကန်ပြားတစ်ချပ်ထဲသို့ ငှက်ပျော်ဖက်လေးခင်း၍ ချက်ထားသော ကြက်သားချဉ်စပ်ဟင်းကို ထည့်ပါ။ အစပ်ကြိုက်သူများအနေဖြင့် သီးသန့် စားနိုင်ရန် ဘေးပတ်ပတ်လည်တွင် ငရုတ်သီး ကွင်းလေးများကို အစီအရီထည့်၍ သုံးဆောင်နိုင်ပါပြီ။

(၅) ကြက်ရိုးနဲ့ဘူးသီးဟင်းအတွက်
ကြက်ရိုး                          သုံးဆယ်သား
ဆား၊နနွင်း၊ငံပြာရည်          သင့်ရုံ
ကြက်သွန်နီ၊ဖြူ                 နှစ်ဥ
စပါးလင်                         တစ်ချောင်း
ခရမ်းချဉ်သီး                    သုံးလုံး
ဆီ                                 နှစ်ကျပ်ခွဲသား
ရေနို့ဆီဘူး                     အနေတော်
ဘူးသီး                           နှစ်စိတ်ကြီးကြီး

ချက်ကြည့်မယ်
 ကြက်ရိုးသုံးဆယ်သား (ကြက်တောင်ပံတို့ ကြက်ခြေထောက်တို့ အသားကပ်နေတဲ့အရိုးတို့) လောက်ဝယ်၊ အမွှေးပြောင် အောင်နုတ် ၊ ကြက်ခြေထောက်ကို အရေခွံနွှာ၊ အရိုးကြေမွသွားအောင် ဓားပြားနဲ့ရိုက်၊ ကြက်ရိုးအားလုံးကို အိုးထဲထည့်၊ ဆား၊နနွင်း၊ငံပြာရည်သင့်ရုံနဲ့ ကြက်သွန်နီနှစ်ဥ၊ ကြက်သွန်ဖြူနှစ်ဥ၊ စပါးလင်တစ်ချောင်းရောထောင်းထားတဲ့ အဆာနဲ့ ခရမ်းချဉ်သီးသုံးလုံးကို ကြက်ရိုးအိုးထဲထည့်ပြီး ခပ်နာနာလေး နယ်ပေး၊ ဆီနှစ်ကျပ်ခွဲသားထည့်၊ မီးဖိုပေါ်တင်၊ ဆီပြန်လာ အောင် လုံးရမယ်၊ အနံ့မွှေးပြီး အရည်ခမ်းရင် ရေနို့ဆီဘူး တစ်လုံးစာလောက်ထည့်မယ်၊ အရိုးနူးအောင်တည်ရမယ်၊ အရိုး နူးလောက်ရင် အခွံသင်ပြီး စိတ်ထားတဲ့ ဘူးသီးကိုထည့် ၊ ဘူးသီး ကျက်ရင် နံနံပင် ဒါမှမဟုတ် ဆူးပုပ်ရွက် တစ်စည်း လောက်ခပ်၊ အပေါ့အငံမြည်း၊ ရေအနေတော် ထည့်ပြီးရင် အိုးချလို့ရပြီ။ ကြက်ရိုးနဲ့ ဘူးသီးဟင်းရပြီပေါ့။

(၆) ကြက်ခြေထောက် ခွေးတောက်ဟင်းချို
လိုအပ်သောပစ္စည်းများ
ကြက်ခြေထောက်ရိုး ငါးခုခန့်၊ ခွေးတောက်ရွက်သင်ပြီး လက်တစ်ဆုပ်ခန့်၊ ကြက်သွန်နီ နှစ်ဥ၊ ကြက်သွန်ဖြူ သုံးမြွှာ၊ ချင်း လက်တစ်ဆစ်၊ ဆား အနည်းငယ်စီ

ချက်ရန်ကြာမြင့်ချိန် ၁၅မိနစ်ခန့်
- ကြက်ခြေထောက်ကို ရေနွေးလောင်း၊ အရေခွံသင်ပြီး အဆစ်တွေကို အနည်းငယ်ထုတ်ထားပေးပါ။
- ကြက်သွန်ဖြူ၊ဆား၊ချင်းတို့နဲ့ အချိုရည်ထွက်ကာ ဖြူလာအောင်ပြုတ်ပါ။ ရေအများကြီးနဲ့ တစ်ခါတည်း မပြုတ်ပါနဲ့။
- အရည်ချိုလောက်ရင် ကြက်သွန်နီဥကို အဖတ်ခွာပြီးထည့်ပါ။ ခွေးတောက်ရွက်ထည့်ပါ။
- အပေါ့အငန်မြည်း၊ အဖုံးအုပ်ကာ ချက်ချင်းချပါ။
- ပူပူလေးသုံးဆောင်ရင် ခံတွင်းလိုက်စေတဲ့ ဟင်းချိုတစ်ခွက်ဖြစ်ပါတယ်။

No comments: