Tuesday, December 6, 2011

ကြက်သားဟင်း ချက်စားရအောင် (အပိုင်း ၂)

ကြက်သားကို ဆီပြန်၊ ဆီလည်ရေလည်၊ ကြော်ပြီးသုပ်၊ ရေနွေးငွေ့နဲ့ပေါင်း
စသဖြင့်ချက်ပြုတ်စားလို့ရပါတယ်။ ကျွန်တော်ကတော့ ဆီ သိပ်မပြန်တဲ့
တိုင်းရင်းသားရိုးရာနည်းနဲ့ချက်တဲ့ကြက်သားဟင်းတွေကို
ပိုပြီးခံတွင်းတွေ့ပါတယ်။ ထပ်မံပြီးတော့ စုဆောင်းတွေ့ရှိ သမျှထဲက
နှစ်သက်စရာဟင်းချက်နည်းလေးတွေကို ထပ်မံဝေမျှပါဦးမယ်။
(၁) ကြက်ကညွတ်ဟင်းလျာ
ပါဝင်ပစ္စည်းများ
ကြက်သား(အသား) - ၁၀ ကျပ်သား၊
တရုတ်ပဲငါးပိ (ယိုးဒယားမှဝင်သော ပုလင်းနှင့်ပဲငါးပိ) - ထမင်းစားဇွန်း ၃ ဇွန်း၊
စိမ်းပြီးနုနေတဲ့ ကညွတ်ဆယ်ချောင်းစည်း - တစ်စည်း
ကြက်သွန်နီ - လေးလုံး။
ပြုလုပ်ပုံအဆင့်ဆင့်
ကြက်သားအသားလေးတွေကိုပဲ ခပ်ပါးပါးလှီးပြီး ဟင်းခတ်မှုန့် ဆား၊
နနွင်းတို့နဲ့ နယ်ပြီး နှပ်ထားပါ။ ကညွတ်အချောင်းလေးတွေကိုတော့
ရေစင်အောင်ဆေးပြီး အရင်းပိုင်းက ခပ်ရင့်ရင့်အပိုင်းတွေကို
လှီးဖြတ်လိုက်ပါ။ ပြီးရင်တော့ အနေတော် သုံးပိုင်းပိုင်းပြီး
ကညွတ်ချောင်းလေးတွေကို ခပ်ဖွဖွလေး ဓားပြားရိုက်ရပါမယ်။ အချောင်းလေးတွေ
ပုံမပျက်စေဖို့ အရေးကြီးပါတယ်။ နောက်ဆုံးပြင်ရမှာကတော့ ကြက်သွန်ဥနီပဲ
ဖြစ်ပါတယ်။ ကြက်သွန်နီကို အလုံးလိုက် အကွင်းလေးတွေကွင်းပြီး
လှီးထားရပါမယ်။
စချက်ပြီဆိုရင်တော့ ဆီအနည်းငယ်ထဲကို ကြက်သွန်နီကို အရင်ထည့်ပြီး
အကွင်းလိုက်လေးတွေ ထွက်သွားတဲ့အထိ မွှေပေးပါ။ ပြီးရင် ကြက်သားထည့်ပြီး
ဆီနဲ့ လုံးသွားအောင် မွှေပေးရပါမယ်။ ပြီးရင်တော့ ကြက်သားနူးသွားအောင်
ရေနည်းနည်း ထည့်ပြီး အုပ်ပေးပါ။ ရေခန်းသွားပြီး ဆီသံ ညံလာပြီဆိုရင်တော့
ဓားပြားရိုက်ထားတဲ့ ကညွတ်ကို မီးပြင်းပြင်းမှာထည့်ပြီး မွှေပေးပါ။
မီးအားကောင်းမှ ကညွတ်က အစိမ်းရောင် မပျက်ဘဲ နူးညံ့သွားမှာပါ။
အသီးအရွက်ကို ကျက်မှ၊ နူးမှ ကြိုက်တဲ့သူတွေကတော့ ရေလေးနည်းနည်း
ဖျန်းပေးပြီး မွှေပေးရပါမယ်။ ကညွတ်ချောင်းလေးတွေ စိမ်းပြီး
နူးလောက်ပြီးဆိုရင်တော့ ပုလင်းထဲက တရုတ်ပဲငါးပိကို
သုံးဇွန်းလောက်ခပ်ထည့်ပါ။ ပဲငါးပိအရည်က အလေးဘက် သွားတာကြောင့်
ခပ်ပေါ့ပေါ့စားချင်သူတွေ အရည်ကို စစ်ပြီး ပဲအစေ့လေးတွေကိုပဲ
ထည့်သင့်ပါတယ်။ အရသာပေါ်ကြည့်ပြီး အရည်ကိုချိန်ဆပြီး ထပ်ထည့်လို့လည်း
ရပါတယ်။ ပဲငါးပိထည့်ပြီးသွားရင်တော့ ၃၊၄ ခါလောက်မွှေပေးပြီး
ချလိုက်လို့ရပါပြီ။
(၂) ကြက်သားကင်အစပ်သုပ်
ပါဝင်သည့်ပစ္စည်းများ
ကင်ထားသော ကြက်ရင်ပုံသား - ၂ခု
ကြက်သွန်မြိတ် – ၃ပင် (၁လက်မခွဲ အရှည်ခန့် လှီးထားပါ)
ဆလတ်ရွက် ၊ ဂေါ်ဖီထုပ်နှင့် ခရမ်းချဉ်သီး အလွှာများ (အတို့အမြှုပ်အတွက်)
အချဉ်ပြုလုပ်ရန်
နုပ်နုပ်စင်းထားသော ငရုတ်သီးအနီတောင့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
လှော်ထားသောမြေပဲ – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ (ထောင်းထားပါ)
ဆား - လက်ဖက်ရည်ဇွန်း ၄ပုံ ၁ပုံ
သကြား - လက်ဖက်ရည်ဇွန်း ၁ဇွန်း
ငံပြာရည် – စားပွဲတင်ဇွန်း ၂ဇွန်း
ရှာလကာရည် – စားပွဲတင်ဇွန်း ၂ဇွန်းခန့်
သံပရာရည် – စားပွဲတင်ဇွန်း ၂ဇွန်း
ပြင်ဆင်ချက်ပြုတ်နည်းအဆင့်ဆင့်
(၁) အချဉ်ရည်ပြုလုပ်ရန်အတွက် မြေပဲမှလွဲ၍ ပါဝင်ပစ္စည်းများအားလုံးကို
အိုးထဲထည့်ပြီး ဆူလာအောင် မီးအနေ တော်ဖြင့် တည် ထားပါ။ ဆူလာလျှင်
မီးပိတ်ပြီး မြေပဲထည့်မွှေပေးပါ။
(၂) ကြက်သားကို အလွှာလေးများလွှာပြီး ပန်းကန်လုံးတစ်ခုထဲထည့်ပါ။ အိုးထဲမှ
အချဉ်ရည်များ လောင်းထည့်ပြီး သမအောင်မွှေ ပေးပါ။ ကြက်သွန်မြိတ်ထည့်ပြီး
ထပ်မွှေပါ။
(၃) ပန်းကန်ပြားတစ်ချပ်ထဲတွင် ဆလတ်ရွက်၊ဂေါ်ဖီထုပ်နှင့်
ခရမ်းချဉ်သီးအလွှာများခင်းပြီး ကြက်သားသုပ်ထည့်ပါ။ သုံးဆောင်ရန်
အဆင်သင့်ဖြစ်ပါပြီ။
(၃) ကြက်အသည်းအမြစ်ထမင်း
ပါဝင်သောပစ္စည်းများ
ကြက်သွန်နီ ၄လုံး
ကြက်အသည်းအမြစ် ၁၅ကျပ်သား
ဆန် ၂လုံး
မုန်လာရွက် တစ်ပင်
တရုတ်နံနံပင် အနည်းငယ်
မှို ၁၀ကျပ်သား
ဆီ ၅ ကျပ်သား
ငရုတ်ကောင်း၊ဆား၊ချင်း အနည်းငယ်
ပြင်ဆင်ချက်ပြုတ်နည်း
- ကြက်အသည်းအမြစ်ကိုပြုတ်၍ သင့်လျော်ရုံ လှီးတုံးထားပါ။
- ကြက်သွန်၊ တရုတ်နံနံ၊ မုန်လာရွက်တို့ကိုလည်း လှီးထားပြီး ဆီနှင့်ကြော်ပါ။
- ဟင်းရွက်နူးလျှင် မှို၊ကြက်အသည်းအမြစ်ပြုတ်တို့ကို ရေဆေးပြီးသား
ဆန်၊ဆား၊ငရုတ်ကောင်းမှုန့်၊ချင်းတို့နှင့် အားလုံးရော၍
ပေါင်းအိုးတွင်ထည့်ပါ။
- စောစောက ကြက်အသည်းအမြစ်ပြုတ်ရည်တို့ကိုလည်း ထည့်၍ပေါင်းပါ။
(၄) ကြက်သားမွှကြော်
ပါဝင်ပစ္စည်းများ
ကြက်သား - ၂၅ ကျပ်သား
ဆီ - ၁၀ ကျပ်သား
ကြက်သွန်နီ - ၃လုံး
ငရုတ်ကောင်းအကြမ်းမှုန့် - အနည်းငယ်
ကြက်သားမှုန့် - အနည်းငယ်
ကြက်သွန်ဖြူ - ၂ လုံး
ပထမဆုံးအနေနဲ့ ကြက်သားကို ရေစင်အောင်ဆေး၍ပြုတ်ထားပါ။
ကြက်သားများနူးလာလျှင် အသားနွှင်၍ အရိုးကိုဖယ် ထားပါ။ နွှင်ထား သော အသားကို
ကြက်သားမှုန့်နှင့်နယ်ပါ။ ဒယ်အိုးထဲသို့ ဆီထည့်၍ ဆီပူလာလျှင်
အသားနွှင်ထားသော ကြက်သားကိုထည့်၍ အကြွပ် ကြော်ပြီး ဆယ်ထားပါ။ ပြီးလျှင်
ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို ပါးပါးလှီး၍ ကြက်သား ကြော်ထားသော
ဆီအိုးထဲသို့ထည့်ကြော်ပါ။ ကြက်သွန်များနီ၍ ကြွပ်လာလျှင်
ငရုတ်သီးအကြမ်းမှုန့်ထည့်ပါ။ ပြီးလျှင် အကြွပ်ကြော်ထားသောကြက်သားကို
ပြန်ထည့်ပြီး ရောကြော် လျှင် ကြက်သားမွှကြော်တစ်ခွက်ရပါပြီ။
(၅) ကြက်သားနာနတ်သီးချက်
ပါဝင်သောပစ္စည်းများ
ကြက်သား ၃၀ ကျပ်သား
နာနတ်သီးမှည့် တစ်လုံး
ပဲငံပြာရည် ၂ဇွန်း
ကော်ရည် ၂ဇွန်း
တရုတ်နံနံ ၁စည်း
ခရမ်းချဉ်သီး ၂လုံး
ငရုတ်ကောင်း၊ဆား သင့်ရုံ
ဆီ ၅ကျပ်သား
ချက်ပြုတ်နည်း
- ကြက်သားကို ရေဆေးခုတ်ဖြတ်ပြီး ဆားနှင့်နယ်ပါ။
- ထို့နောက် ညိုလာအောင် ဆီနှင့် အပြန်ပြန် အလှန်လှန်ကြော်ပါ။
- နာနတ်သီးစိတ်များနှင့် ပဲငံပြာရည်ကိုထည့်ပါ။
- အဖုံးအုပ်ပြီး ၁၅မိနစ်ဆူနေပါစေ။
- ရေနှင့်ကော်ရည်ကို သမအောင်ရောပြီး ထပ်ထည့်လိုက်ပါ။
- စေးပျစ်လာသည်အထိ မွှေချက်ပါ။
- တရုတ်နံနံ ၊ခရမ်းချဉ်သီး (လေးစိတ်စိတ်)၊ ငရုတ်ကောင်းမှုန့်တို့ကို ထည့်ပါ။
- အဖုံးအုပ်ပြီး ၁၀မိနစ် ဆူနေပါစေ။
- ထမင်းပူပူနှင့် သုံးဆောင်နိုင်ပါသည်။
















No comments: