Saturday, December 17, 2011

မြန်မာနိုင်ငံ၌ ထေရ၀ါဒသာ မတည်တံ့ခဲ့လျှင်

မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်းကိုးရာခန့်မှစ၍ ထေရ၀ါဒ
ဗုဒ္ဓသာသနာသည် စဉ်ဆက်မပြတ် စည်ပင်တည်တံ့လာခဲ့သည်။ ယင်း ကာလမတိုင်မီကပင်
မြန်မာနိုင်ငံသို့ ဗုဒ္ဓသာသနာ ရောက်ရှိခဲ့ပြီး ဖြစ်စေကာမူ ထေရ၀ါဒထက် တန္တရ၊
မန္တရ၊ ၀ိဇ္ဇာယာန၊ မဟာယာနတို့ ကသာ ပို၍အားကောင်းခဲ့သည်။ ထို့အပြင်
ဗြာဟ္မဏ၀ါဒကလည်း ဗုဒ္ဓ၀ါဒနှင့် ထွေးရောယှက်တင် ရှိနေခဲ့သည်။

သို့သော် ပုဂံခေတ် အနော်ရထာဘုရင်လက်ထက်မှစ၍ ထေရ၀ါဒဗုဒ္ဓဘာသာသည်
မြန်မာ့သမိုင်းစဉ်တလျှောက် မြန်မာတိုင်းရင်းသား အများစုကြီး၏
ကိုးကွယ်ယုံကြည်ရာ ဘာသာတရားအဖြစ် တည်တံ့ပြန့်ပွားလာခဲ့သည်မှာ
ယနေ့တိုင်အောင်ပင် ဖြစ်တော့သည်။

၁၁-ရာစုမှစ၍ နိုင်ငံတစ်ခုအနေဖြင့် ကမ္ဘာ့သမိုင်းစဉ်တွင်
တစ်သီးတစ်ခြားရပ်တည်လာခဲ့သော မြန်မာနိုင်ငံသည် ၁၉-ရာစုအရောက်တွင်
တိုင်းတစ်ပါးသားတို့၏ ကိုလိုနီပြုခြင်းကို ခံခဲ့ရသည်။

လာရောက်စိုးမိုးအုပ်ချုပ်သူတို့မှာ တိုင်းတစ်ပါးသား
ဘာသာခြားလူမျိုးများဖြစ်ကြ သည့်အလျောက် သူတို့၏အရှိန်အ၀ါကိုအမှီပြုလျက်
ဘာသာခြားသာသနာပြုမစ်ရှင်များလည်း အလုံူးအရင်းနှင့်ဝင်ရောက်လာခဲ့ကြသည်။

သူတို့မှာ ကမ္ဘာပတ်၍ သာသနာပြုလာခဲ့ကြသူများ ဖြစ်သည့်အလျောက်
သာသနာပြုအတွေ့အကြုံရင့်ကျက်သူများဖြစ်ကြသည်။ နယ် မြေဒေသတစ်ခုတွင်
သာသနာပြုလုပ်ငန်း လုပ်တော့မည်ဆိုသည်နှင့် ယင်းနယ်မြေဒေသခံလူမျိုးတို့၏
ရှိရင်းစွဲအယူဝါဒ၊ ဘာသာတရား၊ အသုံးပြုသည့်စာပေ၊ ဘာသာစကားနှင့်
နယ်ခံယဉ်ကျေးမှုတို့ကို စေ့စပ်စွာလေ့လာကြသည်။ ထို့နောက်
သူတို့၏ဘာသာရေးစာပေ တို့ ကို ယင်းဒေသခံတို့သုံးစွဲရာ ဘာသာစကားဖြင့်
ပြန်ဆိုရေးသားဖြန့်ချိခဲ့ကြသည်။


ထိုစဉ်က သာသနာပြုမစ်ရှင်တို့သည် ဒေသခံတို့ မူလကိုးကွယ်ရာ
အိမ်ရှင်ဘာသာတရားကိုလည်း စေ့စပ်စွာလေ့လာကြသည်။ ထို့ နောက်
အိမ်ရှင်ဘာသာတရား၏ ဟာကွက်၊ပျော့ကွက်တို့ကိုလိုက်ရှာကြသည်။
အိမ်ရှင်ဘာသာတရား၏ အားနည်းချက်နှင့် သူတို့၏ ဧည့်ဘာသာတရား၏ အားသာချက်ကို
နှိုင်းယှဉ်ဟောပြော ရေးသားဖြန့်ချိကာ ဆွဲဆောင်သိမ်းသွင်းကြသည်။
ယင်းသာသနာပြုနည်း သည် ကမ္ဘာ့ဒေသအသီးသီးတွင် အလွန်အောင်မြင်ခဲ့ပေသည်။
ဒေသအတော်များများတွင် ဧည့်ဘာသာတရားက အိမ်ရှင်နေရာတွင်
အခန့်သားရောက်ရှိသွားပြီး မူလအိမ်ရှင်ဘာသာတရားမှာ ပျောက်ကွယ်လုနီးပါး
ဖြစ်သွားခဲ့ရသည်။ အချို့ဒေသများတွင် လုံးဝပျောက် ကွယ်သွားခဲ့ရသည်။

သို့သော် သူတို့၏သာသနာပြုနည်းသည် မြန်မာနိုင်ငံတွင် မအောင်မြင်ခဲ့ပေ။

မြန်မာတိုင်းရင်းသားတို့၏ ရာနှုန်းအနည်းငယ်မျှသာ ဧည့် ဘာသာဝင်အဖြစ်
ခံယူခဲ့ကြသော်လည်း အများစုကြီးမှာ မူရင်းဗုဒ္ဓဘာသာဝင်အဖြစ်နှင့်
ယနေ့ထက်တိုင် တည်တံ့နေခဲ့သည်။ ကမ္ဘာ တစ်ဝန်းဒေသအတော်များများတွင်
အောင်မြင်ခဲ့သော သူတို့၏သာသနာပြုနည်းသည် မြန်မာနိုင်ငံကျမှ
အဘယ့်ကြောင့်ထင်သလောက် မပေါက် ဖြစ်ခဲ့ရပါသနည်း။ သူတို့ကိုယ်ကို
ပြန်လည်သုံးသပ်ခဲ့သည်။ သူတို့၏အကြောင်းပြချက်မှာ မြန်မာတို့သည်
အစွဲအလမ်းကြီးသူ များ၊ အယူသီးသူများဖြစ်သောကြောင့်ဟုဆိုသည်။

သူတို့မညံ့သည်ကား မှန်ပါသည်။ သူတို့လာရောက်ဖြန့်ဖြူးသည့် ဘာသာတရားမှာလည်း
အတိုင်းအတာတစ်ခုအထိ လူသားတို့ လက်ခံဖွယ်ရာ ဘာသာတရားလည်းဖြစ်ပါသည်။
သို့သော် သူတို့၏သာသနာပြုလုပ်ငန်းများ မြန်မာနိုင်ငံတွင် မှန်းသလောက်
မပေါက် ခဲ့ခြင်းမှာ မြန်မာတိုင်းရင်းသားတို့ အယူသီး၍ကား မဟုတ်ပါချေ။

မြန်မာတို့၏အိမ်ရှင်ဘာသာတရားဖြစ်သော ထေရ၀ါဒဗုဒ္ဓဘာသာသည် ဧည့်ဘာသာတရားက
မည်သို့မျှဟာကွက်ရှာထိုးဖောက်၍ မရနိုင်လောက်အောင်
အဆင့်အတန်းမြင့်နေသောကြောင့်သာဖြစ်ပါသည်။ ထေရ၀ါဒဗုဒ္ဓဘာသာတွင်
တိကျခိုင်မာသော သဘောတရားရေးလမ်းညွှန်ချက် (ပရိယတ္တိသာသနာ)နှင့်
လက်တွေ့ကျင့်စဉ် (ပဋိပတ္တိ သာသနာ)တို့ ပီပြင်စွာရှိနေသည်။
လက်တွေ့ကျင့်စဉ်ကို သဘောတရားက လမ်းညွှန်မှုပြုလျက်ရှိပြီး
သဘောတရား၏မှန်ကန်မှုကို လက်တွေ့ကျင့်စဉ်မှထွက်ပေါ်လာသည့် အကျိုးတရား
(ပဋိဝေဓသာသနာ)က သက်သေထူလျက်ရှိသည်။


အချို့ဒေသများမှာကား ဗုဒ္ဓဘာသာ ထွန်းကားသည်ဟုဆိုစေကာမူ သာသနာသုံးရပ်
ပြည့်စုံစွာမတည်ရှိပေ။ သူတို့ခံယူရာသဘော တရား မှာ မူရင်းဗုဒ္ဓဘာသာမှ
သွေဖည်လွဲချော်လျက်ရှိသည်။ သဘောတရား မမှန်တော့ ကျင့်စဉ်မှာလည်း
တလွဲတချော်၊ ထွက်ပေါ်လာသော ရလဒ်ကလည်း အကျိုးမဲ့လျက် မိရိုးဖလာယဉ်ကျေးမှု
ဓလေ့တစ်ရပ်အဖြစ်သာ သဘောထားခံယူနေကြသည်။ ဤသို့သောဒေသတို့တွင် ကား
ဧည့်သည်ဘာသာ သာသနာပြုတို့ အလွယ်တကူအောင်ပွဲခံနိုင်ခဲ့ကြသည်။

ဒေသခံတို့ကလည်း ဧည့်ဘာသာတရားနှင့် သူတို့ လက်ရှိခံယူထားသော
အိမ်ရှင်ဘာသာတို့အား နှိုင်းယှဉ်သုံးသပ်လိုက်ရာ ဧည့်ဘာသာတရားက
များစွာအားသာမှု၊ ခေတ်နှင့်လျော်ညီမှု ရှိကြောင်းတွေ့ရှိရပေရာ
မူရင်းဘာသာကို အလွယ်တကူ စွန့်လွှတ်ခဲ့ကြသည်။

ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင်လည်း ထေရ၀ါဒမဟုတ်သော
အမည်ခံဗုဒ္ဓဘာသာတစ်ခုခုသာ ထွန်းကားခဲ့ပါက ယခုလောက်ဆိုလျှင် ဗုဒ္ဓ ဘာသာသည်
မိရိုးဖလာကို ဇွတ်မှိတ်လက်ခံတတ်သော မြန်မာတိုင်းရင်းသား
အနည်းစုကိုးကွယ်ရာ ခေတ်မမီတော့သည့် ဘာသာတရား တစ်ခုအဖြစ်သာ
ရှိနေပေလိမ့်မည်။ တိုင်းရင်းသား အများစုကြီးမှာ ဧည့်ဘာသာတရား၏
စည်းရုံးသိမ်းသွင်းမှုအောက်သို့ အလွယ်တကူ ရောက်ရှိသွားမည်မှာ
မြေကြီးလက်ခတ်မလွဲပင် ဖြစ်ပေသည်။


၁၉-ရာစု ကိုလိုနီစနစ်တွင် ဘာသာတရားတို့သည် ကိုလိုနီအပြုခံသူများအား
စည်းရုံးသိမ်းသွင်းရာ၌ အရေးပါသောနိုင်ငံရေးလက်နက် တစ်ခုအဖြစ်လည်း
အသုံးချခြင်းခံခဲ့ရကြောင်းတွေ့ရှိရသည်။ စိုးမိုးအုပ်ချုပ်သူတို့သည်
သူတို့အုပ်ချုပ်ခြင်းကိုခံယူရသည့် ကိုလိုနီနိုင်ငံ သားတို့အား
သူတို့၏ဘာသာ၊ သူတို့၏ယဉ်ကျေးမှုဓလေ့စရိုက်ကို အထင်ကြီး
လေးစားလာစေလိုကြသည်။ သူတို့ကိုယ်ကို သာသနာ
ပြုမင်းများ၊ကယ်တင်ရှင်ကြီးများအဖြစ် ဒေသခံတိုင်းရင်းသားတို့က
ယုံကြည်လေးစားလာစေခြင်းဖြင့် ကိုလိုနီအုပ်ချုပ်ရေးစနစ် တည်ငြိမ် မှုကို
များစွာအထောက်အကူပြုစေခဲ့ကြသည်။ ထို့ကြောင့်လည်း မြန်မာနိုင်ငံကို
၁၉ရာစုက လာရောက်ကိုလိုနီပြုခဲ့သူတို့သည် သူတို့၏ ဧည့်ဘာသာသို့
မြန်မာတိုင်းရင်းသားများ ကူးပြောင်းဝင်ရောက်လာစေရေးအတွက် ဧည့်ဘာသာ
သာသနာပြုမစ်ရှင်များကို တိုက်ရိုက် ရော၊ သွယ်ဝိုက်၍ပါ
အားပေးအားမြှောက်ပြုခဲ့ကြသည်။


မြန်မာနိုင်ငံတွင် ထေရ၀ါဒဗုဒ္ဓဘာသာ ထွန်းကားခဲ့၍သာလျှင်
မြန်မာတိုင်းရင်းသားတို့သည် ဘာသာရေးကိုယ်ခံအား ကောင်းခဲ့ခြင်းဖြစ်ပါ သည်။
မြန်မာ့ယဉ်ကျေးမှုသည်လည်း ထေရ၀ါဒဗုဒ္ဓသာသနာ အဆုံးအမအောက်တွင်
ထွန်းကားလာရခြင်းဖြစ်ရာ အကယ်၍သာ ထေရ ၀ါဒ ဗုဒ္ဓဘာသာနေရာတွင်
အခြားဗုဒ္ဓဘာသာဂိုဏ်းကွဲတစ်ခုခု တည်ရှိနေခဲ့ပါလျှင်
ကျွန်ုပ်တို့၏မြန်မာတိုင်းရင်းသားအများစုကြီးသည် ၁၉-ရာစုကပင်
ဧည့်ဘာသာသာသနာပြုတို့၏ စည်းရုံးသိမ်းသွင်းမှုအောက်သို့ အလွယ်တကူ
ကျရောက်သွားမည့်အပြင် ဗုဒ္ဓ၀ါဒကိုအခြေခံ သောမြန်မာ့ယဉ်ကျေးမှုသည်လည်း
ထိုစဉ်ကပင် အနောက်တိုင်းယဉ်ကျေးမှုအောက်သို့ ရောက်ရှိသွားမည်သာ ဖြစ်သည်။


ဘာသာတရားနှင့် ယဉ်ကျေးမှုတို့ကို ၀ါးမျိုသိမ်းသွင်းခြင်းခံရသော
လူမျိုးတစ်မျိုးအနေနှင့် မည်သည့်အခါမျှ မျိုးချစ်စိတ်နှင့် လွတ်လပ်
ရေးရယူလိုသောစိတ်တို့ အညွန့်တက်လာတော့မည်မဟုတ်ချေ။ ကိုလိုနီပြုသူနှင့်
ကိုလိုနီအပြုခံရသူတို့အကြား ကွဲပြားသောအမြင် မရှိတော့သည့်အလျောက်
ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအား ကိုလိုနီဘ၀မှ လွတ်မြောက်အောင်
အားထုတ်ကြိုးပမ်းလိုစိတ်လည်း ရှိတော့ မည်မဟုတ်ပေ။

သို့ဖြစ်ရာ မြန်မာနိုင်ငံ၌ ထေရ၀ါဒ ဗုဒ္ဓဘာသာ မတည်တံ့ခဲ့လျှင်
မြန်မာနိုင်ငံနှင့် မြန်မာတိုင်းရင်းသားတို့သည် တိုင်းတစ်ပါးသားတို့၏
ကိုလိုနီပြုခြင်းကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သည့်နည်းဖြင့်ဖြစ်စေ၊
ယနေ့ထက်တိုင် ဆက်လက်ခံစားနေရမည်သာ ဖြစ်ပါသည်။ ထို့ကြောင့်
မြန်မာတိုင်းရင်းသားထုကြီးအနေဖြင့် မိမိတို့၏အမျိုးဘာသာ၊ သာသနာနှင့်
ယဉ်ကျေးမှုတို့ကို အဓွန့်ရှည်စွာ တည်တံ့ခိုင်မြဲ စေလိုပါလျှင် ထေရ၀ါဒ
ဗုဒ္ဓသာသနာ၏ ကျေးဇူးတရားကို အစဉ်မမေ့ဘဲ အဓွန့်ရှည်စွာတည်တံ့ခိုင်မြဲစေရန်
အားထုတ်ကြိုးပမ်းသင့်လှ ကြောင်း တင်ပြလိုက်ရပါသည်။


ဝင်းသိန်းဦး
(ဓမ္မရံသီ၊ အမှတ်-၁၃၀၊၂၀၀၀ပြည့်နှစ်၊အောက်တိုဘာလ။)























No comments: