Saturday, December 10, 2011

ရှိခိုးပူဇော်ခြင်းနှင့် ဗုဒ္ဓဘာသာ

အရာရာတိုင်းတွင် အသွင်သဏ္ဌာန်နှင့် အနှစ်သာရဟူ၍ ရှိပေသည်။ အသွင်သဏ္ဌာန်သည် အနှစ်သာရကို ပုံဖော်ဆောင်ကြဉ်းပေးရသလို၊ အနှစ်သာရသည် အသွင်သဏ္ဌာန်တည်ရှိမှုအား အဓိပ္ပာယ်ပြည့်ဝစေပေသည်။ ထို့ကြောင့် တစ်စုံတစ်ရာကို အကဲခတ်တန်ဖိုးဖြတ်မည်ဆို ပါလျှင် အသွင်သဏ္ဌာန်ရော အနှစ်သာရကိုပါ ခြုံငုံမိရန်အရေးကြီးလှပေသည်။ လူသားတို့၏ ဘ၀တစ်ခုလုံးနှင့် သက်ဆိုင်သော ယုံကြည် ကိုးကွယ်မှုတို့အား လေ့လာဆန်းစစ်မှုပြုရာတွင်လည်း အသွင်သဏ္ဌာန်မျှကိုသာ ကြည့်ပြီး အနှစ်သာရ၏တန်ဖိုးကို အကဲဖြတ်၍မရနိုင် သည်ကို သုတေသီတိုင်း အလေးဂရုပြုအပ်ပေသည်။

ဗုဒ္ဓဘာသာသည် ကမ္ဘာ့လူသားထုတစ်ရပ်လုံးကိုးကွယ်အားထားရာ ဘာသာကြီးလေးခုအနက်မှ တစ်ခုအပါအ၀င်ဖြစ်သည့်အလျောက် သုတေသီတို့က ဘက်စုံထောင့်စုံမှ လေ့လာစူးစမ်းမှုများပြုလုပ်ခဲ့ကြရာ အချို့မှာအပေါ်ယံ အသွင်သဏ္ဌာန်မျှကိုသာကြည့်ပြီး ဗုဒ္ဓဘာသာ ၏တန်ဖိုးကို အကဲဖြတ်ကြ၊ စာအုပ်စာတမ်းများ ရေးသားပြုစုကြသည်များလည်း ရှိနေပေသည်။

ထိုသို့အကဲဖြတ်သူများထဲတွင် ဗုဒ္ဓဘာသာ၏ အနှစ်သာရကို သိနားလည်ခြင်းမရှိသူအချို့က ဗုဒ္ဓဘာသာဝင်တို့၏ ဗုဒ္ဓဆင်းတုတော် ရှိခိုး ပူဇော်သည့်အလေ့အထကို ရုပ်တုဆင်းတုကိုးကွယ်မှုအဖြစ် အစဉ်တစိုက်ဝေဖန်ရှုံ့ချခဲ့ကြသည်။ ယင်းအလေ့အထသည် သူတို့အမြင်တွင် အဓိပ္ပာယ်မဲ့ကောင်း မဲ့နေပေလိမ့်မည်။

သို့ရာတွင် ဘာသာတရားအဆုံးအမနှင့် အညီမြင့်မြတ်သောဘ၀တစ်ခုအား မည်သို့တည်ဆောက်ရမည်ကို သင်ကြားပြသပေးခဲ့သည့် ဆရာသခင်ကျေးဇူးရှင် တစ်ဦးအား အရိုအသေပေး ဂါရ၀ပြုခြင်း၏ ထူးခြားချက်ကိုကား သိနားလည်ခြင်း မရှိကြချေ။
ဗုဒ္ဓဆင်းတုတော်တို့အား ရှိခိုးပူဇော်သည့် အလေ့အထသည် ဗုဒ္ဓ၏သစ္စာဥာဏ်၊ ပါရမီ၊ အသိပညာ၊ဂုဏ်ကျေးဇူးများနှင့် လူသားတို့ ကောင်းကျိုးအတွက် မြင့်မြတ်သောစွန့်လွှတ်မှုတို့အား အသိအမှတ်ပြု ကျေးဇူးတင်ရှိကြောင်းပြသသည့် နည်းလမ်းတစ်ရပ်သာ ဖြစ် သည်။အဆိုပါအကြောင်းတရားတို့အား သိနားလည်မှုမရှိသည့်အတွက် ဗုဒ္ဓရုပ်ပွားတော်များ ထုလုပ်ပူဇော်ခြင်းအပေါ် ဝေဖန်ပြောဆို ရေးသားကြခြင်း ဖြစ်သည်။

ဗုဒ္ဓဘာသာဝင်တစ်ဦးအနေနှင့် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူအား ပူဇော်ဂါရ၀ပြုခြင်းသည် မဖြစ်မနေ လုပ်ဆောင်ရမည့်ကိစ္စပေလောဟု ပြန် လည်သုံးသပ်ကြည့်သင့်ပေသည်။ ဆင်းတု၊ ရုပ်ပွားတော်တို့သည် ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူရေးအတွက် မရှိမဖြစ်လိုအပ်ချက် မဟုတ် သော်လည်း ဗုဒ္ဓရုပ်ပွားတော်အား ပူဇော်ဂါရ၀ပြုခြင်းသည် အဓိပ္ပာယ်ရှိပြီး အကျိုးယုတ်စရာမရှိသည့် ယုံကြည်ကိုးကွယ်မှုဆိုင်ရာ အလေ့ အထတစ်ရပ်သာဖြစ်ပေသည်။မြင့်မြတ်စင်ကြယ်သော ဘာသာတရားတစ်ခုအား ဝေဖန်ရှုတ်ချရန်အလို့ငှာ အဘယ့်ကြောင့်ဤကိစ္စကို ရှေ့တန်းတင်အသုံးချနေကြသည်ဆိုခြင်းကို ဗုဒ္ဓဘာသာဝင်များအဖို့ နားလည်ရန် ခက်ခဲလှပေသည်။

ဗုဒ္ဓဘာသာဝင်တို့က ရုပ်ပွားတော်တစ်ဆူဖြင့် ကိုယ်စားပြုထားသည့် သူတို့၏ဆရာသခင်အား ပူဇော်ဂါရ၀ပြုခြင်းသည် လူ့ဘောင်အဖွဲ့ အစည်း၏ ကိုယ်ကျင့်တရားဆိုင်ရာ မူဝါဒတစ်စုံတစ်ရာနှင့် တစ်ပါးသူတို့၏လွတ်လပ်ငြိမ်းချမ်း ပျော်ရွှင်မှုအား ထိပါးချိုးဖောက်ရာ ရောက် နေပါသလော။
အကယ်စင်စစ် ဗုဒ္ဓမြတ်စွာသည် ပကာသနလွှမ်းသော ဘာသာရေးအခမ်းအနားများကျင်းပရန် မည်သည့်အခါကမျှအဆိုမပြုခဲ့ဘဲ ဓမ္မကို ဖြန့်ဖြူးရန်နှင့် မှန်ကန်မြင့်မြတ်သောဘ၀တစ်ခုအား ဆောက်တည်ရေး လမ်းစဉ်တို့ကိုညွှန်ပြရန်သာ အာရုံစိုက်ခဲ့ပေသည်။ ဗုဒ္ဓမြတ်စွာ သက်တောင်ထင်ရှား ရှိစဉ်အခါက သူ၏နောက်လိုက်များအား သူ့ကိုယ်စားရုပ်ပွားဆင်းတုများ ထုလုပ်ကိုးကွယ်ကြရန်လည်း မည်သည့် အခါကမျှ တိုက်တွန်းမှုမပြုခဲ့ပေ။
ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်ပြုပြီးနောက် အနည်းဆုံးရာစုသုံးစုခန့်ကြာမှ သူ၏နောက်လိုက်တို့က အရိုအသေပြုစရာ အထိမ်းအမှတ်အဖြစ် သူ့ကိုယ်စား ရုပ်ပွားတော်များ ထုလုပ်ခဲ့ကြခြင်း ဖြစ်ပေသည်။ ရုပ်ပွားတော်များက ဗုဒ္ဓ၏ ပြီးပြည့်စုံသော ဖြူစင်မှု၊ ကရုဏာတရား၊ ပညာဥာဏ်နှင့် လူယဉ်ကျေးတို့ အလေးထားပူဇော်ခြင်းကို ခံယူထိုက်သော မြင့်မြတ်သည့် အရည်အသွေးများအား ကိုယ်စားပြု လျက်ရှိသည်။ မည်သို့ပင်ဆိုစေ ဗုဒ္ဓရုပ်ပွားတော်တို့သည် ကမ္ဘာ့အနုပညာရှင်တို့ စွမ်းဆောင်ခဲ့သည့် အလှပဆုံး၊ အကောင်းမွန်ဆုံး လက်ရာတို့အနက် တစ်ခုလည်းဖြစ်ပေသည်။

ဗုဒ္ဓဘာသာဝင်မဟုတ်စေကာမူ ဘာသာရေးအစွဲအလမ်းမကြီးသူတချို့မှာမူ ဗုဒ္ဓရုပ်ပွားတော်တို့က ကြည်ညိုသူ၏ စိတ်ဘ၀င်တွင် နက်ရှိုင်းသောတည်ငြိမ်အေးချမ်းမှုကို ဖန်တီးပေးနိုင်စွမ်းရှိကြောင်း သိရှိကြသည်။ သို့ဖြစ်ရာ သူတို့၏နေအိမ်၊ ရုံးခန်းစသည်တို့တွင် ဗုဒ္ဓရုပ်ပွားတော်များကို အမြတ်တနိုးထားရှိလေ့ရှိကြသည်။ ထိုသို့လူ့စိတ်အာရုံကို ငြိမ်းချမ်းမှုပေးစွမ်းနိုင်သည့် ရုပ်ပွားတော်များအား မိမိတို့အနီးဝန်းကျင်တွင် ထားရှိဖူးမြော် အာရုံပြုခြင်းသည် ကျန်းမာရေးအတွက်လည်း တန်ဖိုးရှိသောလုပ်ရပ်တစ်ခု ဖြစ်ပေသည်။

အခြားတစ်ဖက်တွင်ကား အမည်ခံ ဗုဒ္ဓဘာသာဝင်အချို့သည် ဗုဒ္ဓရုပ်ပွားတော် ထုလုပ်ကိုးကွယ်မှုအား ဗုဒ္ဓ၀ါဒ၏အရေးကြီးဆုံးအနှစ်သာရ အဖြစ် သဘောထားကာ သူတို့၏ဘာသာရေးဆိုင်ရာ လှုပ်ရှားမှုအားလုံးကို ဤကြည်ညိုကိုင်းရှိုင်းမှုဆိုင်ရာ အသွင်သဏ္ဌာန်၌သာ အဓိက ဗဟိုပြု အားထားနေကြသည်ကိုလည်း တွေ့ရပေသည်။ထိုသူတို့ကိုမူ ရုပ်တုဆင်းတု ကိုးကွယ်သူများမဟုတ်ပါဟု ငြင်းဆိုပြောကြားရန် ခက်လှပေသည်။
ထိုသူတို့သည် ဒဏ္ဍာရီဆန်သော  ယုံကြည်မှုများကို အသိတရားကင်းမဲ့စွာ တီထွင်ခဲ့ကြသည်။ ဗုဒ္ဓမြတ်စွာ၏ မျက်နှာတော်အသွင်အပြင်၊ လက်ဟန်ခြေဟန်၊ မျက်လုံးနှင့် ဦးခေါင်းတော်တို့ကို ပုံစံမျိုးစုံဖြင့်ထုလုပ်ကြသည်။

မဟာလူသားတည်းဟူသော မြတ်ဗုဒ္ဓဘုရားရှင်ကို ကောင်းကင်ဆန်စေခဲ့သည်။ တန်ခိုးရှင်၊ ဖန်ဆင်းရှင်နတ်ဘုရားအသွင်သို့ ပြောင်းစေခဲ့ကြသည်။ ယင်းရုပ်ပွားတော်များထံ ဆုတောင်း ပတ္တနာပြုခြင်းဖြင့် သူတို့၏လောကီရေးရာလိုအပ်ချက်များ ပြည့်ဝလာလိမ့်မည်ဟု စိတ်ကူးယဉ်နေကြသည်။ ထိုရုပ်ပွားတော်များသည် ယင်းတို့ကို တီထွင်ထုလုပ်ကိုးကွယ်သူတို့၏ အသိဥာဏ်ခေါင်းပါးမှုနှင့် ကစဥ့်ကလျားဖြစ်နေသည့် စိတ်နေသဘောထားတို့၏ ရောင်ပြန် ဟပ်မှုမျှသာ ဖြစ်ပေသည်။

ယခုအချိန်အခါသည် ဓမ္မအစစ်အမှန်ကို အလေးအနက်ထားအားရုံပြုလျက် အဆိုပါရုပ်ပွားတော်များအပေါ် အစွဲအလမ်းကြီးမှုကို လျှော့ချ ရမည့်ကာလ ဖြစ်ပေသည်။ ကိုးကွယ်ယုံကြည်သူတို့ စုဝေး၀တ်ပြုရာ ဗဟိုချက်မအဖြစ် ဗုဒ္ဓရုပ်ပွားတော်များအား ထိန်းသိမ်းသွားရပေမည်။ ယင်းသို့ပြုမူနိုင်မည်ဆိုလျှင် ဗုဒ္ဓ၀ါဒ၏ကောင်းမြတ်သော ဂုဏ်သတင်းကို ဆက်လက်ထိန်းသိမ်းသွားနိုင်ပေလိမ့်မည်။ကျွန်ုပ်တို့သည် မိမိ တို့၏ရိုးရာယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်းရင်း ဗုဒ္ဓ၀ါဒအား ခံယူကျင့်သုံးသွားနိုင်ပါသည်။ သို့သော် မိမိတို့၏မိရိုးဖလာ ဓလေ့ထုံး တမ်းများကို ဗုဒ္ဓ၀ါဒအတွင်းသွပ်သွင်းခြင်းဖြင့် အရိုးကိုအရွက်ဖုံးစေရန်ကား မပြုအပ်ပေ။ အဘယ်ကြောင့်ဆိုသော် မိရိုးဖလာ ဗုဒ္ဓဘာသာ ၀င်များက သူတို့၏လူမျိုးဓလေ့ထုံးတမ်းနှင့် သက်ဆိုင်သော ပွဲလမ်းသဘင် အခမ်းအနားများအား သားစဉ်မြေးဆက်ခံယူကျင်းပ ကြသည် ကို ဘာသာခြားတို့က ဗုဒ္ဓ၀ါဒ၏ လမ်းညွှန်မှုအရ ပြုလုပ်နေသည်ဟု လွဲမှားစွာမှတ်ယူတတ်ကြသောကြောင့်ဖြစ်သည်။

ဘာသာရေးအယူသီးသည့် အစွန်းရောက်ဘာသာခြားအဖွဲ့အစည်း အချို့ကလည်း ဗုဒ္ဓဘာသာဝင်ပညာမဲ့တို့အား သူတို့၏ဂိုဏ်းဂဏ အတွင်းသို့ ကူးပြောင်းဝင်ရောက်လာစေရန် ရည်ရွယ်ကာ ပရိယာယ်ဆင်လျက် ဗုဒ္ဓ၀ါဒအား သရော်လှောင်ပြောင်၊ ဝေဖန်ရှုတ်ချမှုပြု ရာတွင် ယင်းအခြေအနေအား အသုံးချအမြတ်ထုတ်လေ့ရှိကြသည်ကို ကျွန်ုပ်တို့သတိပြုအပ်ပေသည်။

သို့ဖြစ်ရာ အဆိုပါအခမ်းအနား ပွဲလမ်းသဘင်များကို ရိုးရာဓလေ့ထုံးစံ၏ တစ်စိတ်တစ်ဒေသအဖြစ်ကျင်းပလိုသူများအနေဖြင့် ဗုဒ္ဓ၀ါဒနှင့် ထွေးရောယှက်တင်မဖြစ်စေရန် ယင်းတို့ကို ဗုဒ္ဓဘာသာဘုရားကျောင်းကန်တို့၏ ပြင်ပတွင်သာ ကျင်းပသင့်သည်။ ဗုဒ္ဓ၀ါဒကို လူထု အကြားအထင်အမြင်လွဲမှားမှုနှင့် ထိပါးဖျက်ဆီးမှုကို ဖန်တီးနိုင်ရန်အခွင့်သာစေမည့် အဆိုပါအလေ့အထများအား ခွင့်မပြုမိရန် သတိ ကြီးစွာထားကြရမည်။

ဒေသတစ်ခု လူမျိုးတစ်မျိုးတွင် ရှေးကာလကပင် အမြစ်တွယ်တည်ရှိခဲ့သော မိရိုးဖလာယဉ်ကျေးမှု ဓလေ့ထုံးတမ်းတစ်ရပ်ကြောင့် ကိုးကွယ်ရာဘာသာတရားအပေါ် အထင်အမြင်လွဲမှားစေခြင်းသည် မိမိတို့ယုံကြည်ကိုးစားရာဘာသာတရား အဓွန့်ရှည်စွာ တည်တံ့ ပြန့်ပွားရေးအတွက် ကြီးမားသောအန္တရာယ်တစ်ခု ဖြစ်သည်ဆိုခြင်းကို ကျွန်ုပ်တို့အလေးဂရုပြုသင့်ကြောင်း တင်ပြလိုက်ရ ပါတော့ သည်။

Ref: The Buddhist Concept of Worship by K. Sri Dhammananda

ဝင်းသိန်းဦး
(မြတ်သတိဝါဒီ၊ အမှတ်စဉ်-၁၊ ၂၀၀၀-ပြည့်နှစ်၊ဇူလိုင်လ။)

No comments: