Thursday, June 11, 2020

ဗီဒီယိုကွန်ဖရင့် အစည်းအဝေးပြုလုပ်ရာတွင်

ဗီဒီယိုကွန်ဖရင့် အစည်းအဝေးပြုလုပ်ရာတွင် သတိထားသင့်သည့် အချက်များ
============================================


နိဒါန်း

အခုအချိန်မှာ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် တစ်ကမ္ဘာလုံးမှာ ခပ်ခွာခွာနေခြင်း၊ လူစုလူဝေးမပြုလုပ်ဘဲ မိမိအိမ်မှာပင် နေထိုင်ခြင်း၊ နေအိမ်ကနေ အလုပ်လုပ်ခြင်း၊ နိုင်ငံတကာခရီးသည်တင် လေကြောင်းလိုင်းတွေ ပိတ်ပင်ထားခြင်း စတဲ့ကန့်သတ်ချက်တွေရှိနေချိန်မှာ အစိုးရအဖွဲ့အစည်းတွေအကြား၊ စီးပွားရေးလုပ်ငန်းတွေအကြား၊ လူမှုအဖွဲ့အစည်းတွေအကြား၊ မိတ်ဆွေတွေအကြား မျက်နှာချင်းဆိုင် စုစည်းတွေ့ဆုံဆွေးနွေးမှုတွေ မပြုလုပ်နိုင်သေးတဲ့အတွက် အင်တာနက် online ကို အသုံးပြုပြီး ဗီဒီယိုကွန်ဖရင့် အစည်းအဝေးတွေ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လာကြတာကို တွေ့မြင်ရပါတယ်။

ဒီလို online ဗီဒီယိုကွန်ဖရင့်အစည်းအဝေးတွေ ပြုလုပ်လာတာဟာ အများစုအတွက် အသစ်အဆန်းဖြစ်နေတာကြောင့်  နားလည်မှုလွဲမှားမှုတွေ၊ အမှားအယွင်းတွေ၊ မဖြစ်သင့်တာတွေ ရှိနေ တာကိုလည်း တွေ့မြင်ရပါတယ်။ online အစည်းအဝေးတွေဟာ ရုပ်မြင်သံကြား (သို့မဟုတ်) လက်ပ်တော့ကွန်ပျူတာကို အများဆုံးအသုံးပြုကြတာဖြစ်တဲ့အတွက် အစည်းအဝေးမှာ ပါဝင်သူများလေလေ၊ ရုပ်မြင်သံကြားနဲ့ ကွန်ပျူတာဖန်သားပြင်မှာ ပါဝင်ဆွေးနွေးသူကိုယ်စားလှယ်တိုင်းရဲ့ပုံကို ဖော်ပြနိုင်မှုအချိုးအစား နည်းလေလေဖြစ်ပါတယ်။

တချို့ကိစ္စတွေမှာဆိုရင်   ၃-၄    ဦးလောက်ကိုသာ ဖန်သားပြင်မှာ ဖော်ပြထားနိုင်တာ ရှိပါတယ်။ ဒါကြောင့် အချို့သူတွေဟာ မိမိပါဝင်ပြောဆိုဆွေးနွေးချိန်လောက် ကိုသာ အထူးဂရုပြုကြပြီး ကျန်အချိန်တွေမှာ မိမိနေချင် သလိုပုံစံမျိုးနဲ့ နေထိုင်ကြတာ၊ အစားအသောက်စားကြ တာ၊ မိမိအခန်းတွင်းရှိ အခြားသူများကို လှည့်စကားပြော တာ၊ သန်းဝေတာ၊ မကြာခဏ ထိုင်ခုံကထသွားတာစတဲ့ အပြုအမူတွေကို ပြုလုပ်ကြလေ့ရှိတာကို တွေ့မြင်ရပါ တယ်။

သူတို့သတိမထားမိတာက သူတို့ကိုအချိန်တိုင်း ကင်မရာကရိုက်ထားပြီး   အစည်းအဝေးမှာ   ပါဝင်နေ ကြတဲ့ တစ်ဖက်ကိုယ်စားလှယ်တွေရဲ့ ရုပ်မြင်သံကြားနဲ့ ကွန်ပျူတာဖန်သားပြင်မှာ ပေါ်နေတယ်ဆိုတဲ့ အချက် ရယ်၊ မိမိအပြုအမူကြောင့် တစ်ဖက်ကိုယ်စားလှယ်တွေမှာ ကသိကအောက်ဖြစ်ရတယ်ဆိုတဲ့ အချက်တွေပဲ ဖြစ်ပါ တယ်။ အထူးသဖြင့် အစည်းအဝေးမှာ မိမိအထက်အကြီး အကဲတွေ၊ နိုင်ငံတော်အဆင့်အကြီးအကဲတွေ ပါဝင်မယ့် အစည်းအဝေးတွေဆို တစ်ဖက်သူတွေ မျက်နှာမပျက် စေဖို့ရော၊ မိမိအပေါ် အထင်အမြင်လွဲမှားမှုတွေကို ရှောင် ရှားနိုင်ဖို့အတွက်ရော  ပိုမိုသတိထား  ဆောင်ရွက်သင့် ကြပါတယ်။

ဒါကြောင့်  online ဗီဒီယိုကွန်ဖရင့်အစည်းအဝေး တွေ ပြုလုပ်ရာမှာ ဆောင်သင့်တဲ့ အချက်တွေ၊ ရှောင်သင့် တဲ့အချက်တွေကို စုစည်းဖော်ပြလိုက်ရပါတယ်။

အသုံးပြုတဲ့အခန်းကို အလင်းရောင်ကောင်းစွာ ရရှိဖို့  ဂရုပြုပါ

online ဗီဒီယိုကွန်ဖရင့်အစည်းအဝေး ပြုလုပ်ဖို့ မိမိအသုံးပြုမယ့်အခန်းဟာ အလင်းရောင်ကောင်းစွာရရှိမှ ကိုယ့်ကို ကျန်ပါဝင်သူတွေက ကောင်းမွန်စွာမြင်တွေ့ နိုင်မှာ ဖြစ်ပါတယ်။ ဒါမှ  သင်နှင့်ကျန်ပါဝင်သူတွေအကြား ဆွေးနွေးနေတယ်ဆိုတာကိုလည်း   တစ်ဖက်သားက ခံစားနိုင်မှာဖြစ်ပါတယ်။  ဒါကြောင့်  သဘာဝအတိုင်း အလင်းရောင်ကောင်းစွာ ရရှိတဲ့အခန်း (သို့မဟုတ်) အလင်း ရောင်လိုအပ်ရင် လိုအပ်သလောက် အတိုင်းအတာရှိတဲ့ မီးအလင်းရောင်သုံးဖို့ လိုအပ်ပါတယ်။
နေရာရွေးပါ၊ နောက်ခံအပြင်အဆင်ကို ဂရုပြုပါ။

online   ဗီဒီယိုကွန်ဖရင့်အစည်းအဝေးအတွက် ဖြစ်နိုင်ရင် သီးသန့်နေရာတစ်ခု ရွေးချယ်ပါ။ မိမိရဲ့ နံရံမှာ ချိတ်ဆွဲထားတာတွေ၊    အခန်းအပြင်အဆင်တွေဟာ အစည်းအဝေး တက်ရောက်သူတွေအားလုံးက တွေ့မြင် ကြမှာဖြစ်တဲ့အတွက် နံရံဟာ အလုပ်နဲ့ဆက်စပ်တဲ့ ပုံစံ မျိုးဖြစ်နေအောင်၊ သန့်ရှင်းနေအောင် ဂရုပြုပြင်ဆင်ဖို့ လိုအပ်ပါတယ်။  အလားတူ စားပွဲပေါ်မှာလည်း ကော်ဖီ ခွက်တွေ၊ ပန်းကန်တွေနဲ့ အခြားအမြင်မသင့်တော်မယ့် အရာတွေမရှိနေစေဖို့ လိုအပ်ပါတယ်။ အခန်းက ရှုပ်ပွ နေလို့ မရှင်းနိုင်ဘူး၊ အချိန်မရှိဘူးဆိုရင်တောင် နည်းပညာ အကူအညီနဲ့ Virtual background ကို ပြောင်းလဲထားနိုင် ပါတယ်။ Zoom၊ Skype နဲ့ Microsoft Teams တို့ရဲ့ Software အကူအညီနဲ့ ဆောင်ရွက်နိုင်ပါတယ်။

ဗီဒီယိုကင်မရာကို စနစ်တကျချိန်ပါ

မိမိရဲ့ ဗီဒီယိုကင်မရာကို ချိန်ရာမှာ မိမိကို ထင်ရှား စွာမြင်နိုင်မယ့် အနေအထားဖြစ်အောင် စနစ်တကျ ကြိုတင်ချိန်ထားဖို့  လိုအပ်ပါတယ်။ ရုပ်မြင်သံကြား (သို့မဟုတ်) ကွန်ပျူတာဖန်သားပြင်မှာ မိမိဟာ သိပ်ဝေး လွန်း၊ သိပ်နီးလွန်းအနေအထားတွေ မဖြစ်ဖို့ရယ်၊ ကင်မရာ ကို  သိပ်မြင့်တဲ့နေရာ၊ နိမ့်လွန်းတဲ့နေရာ (ဒါမှမဟုတ်) အခြားတစ်နေရာရာမှာ   အလွယ်တကူချိတ်ဆွဲထားခြင်း မျိုးကို ရှောင်ရှားသင့်ပါတယ်။ ကင်မရာ ဒီဂရီချိန်မှုအနေ အထားကြောင့်   မိမိရဲ့ခန္ဓာကိုယ်အနေအထား    ဖန်သားပြင်မှာ  အဆင်မပြေပေါ်နေခြင်းဟာ ပါဝင်တက်ရောက်သူအားလုံး အတွက်        စိတ်ကသိကအောက်ဖြစ်စေနိုင်တဲ့ကိစ္စ   ဖြစ်ပါတယ်။   ဒါကြောင့် ကင်မရာကို  အစည်းအဝေးမှာ   မိမိသုံးမယ့်  ကွန်ပျူတာမှာ မိမိရဲ့မျက်စိနဲ့ တစ်တန်းတည်း ထားတဲ့  အနေအထားမှာ      ချိန်သင့်ပါတယ်။   သီးခြား ကင်မရာကို အသုံးပြုတယ်ဆိုရင်လည်း     ရုပ်မြင်သံကြား (သို့မဟုတ်)  ကွန်ပျူတာဖန်သားပြင်နဲ့ အနီးဆုံးနေရာမှာ                         ထားရှိပါ။

အစည်းအဝေးမစတင်မီ မိုက်ခရိုဖုန်းကို ကြိုတင်စမ်းသပ် ထားပါ

online ဗီဒီယိုကွန်ဖရင့်အစည်းအဝေး မစတင်မီမှာ မိမိရဲ့ မိုက်ခရိုဖုန်း မှန်ကန်စွာ အလုပ်လုပ်/မလုပ်၊ မိမိအသံ ကို   ကျန်ကိုယ်စားလှယ်တွေက    ကောင်းကောင်းကြား/မကြားကို ကြိုတင်စစ်ဆေးထားဖို့ လိုအပ်ပါတယ်။ အထူး သဖြင့် အရေးကြီးအစည်းအဝေးတွေဆိုရင် ပိုပြီးဂရုစိုက်ရ ပါမယ်။ မိမိမိတ်ဆွေတွေနဲ့   ကြိုတင်ချိတ်ဆက်ထားပြီး စစ်ဆေးထားရပါမယ်။     အရေးကြီးတဲ့ကိစ္စရပ်တွေကို ဆွေးနွေးကြချိန်မှာ မိမိဆွေးနွေးမှုတွေကို ကျန်ကိုယ်စားလှယ် တွေ မကြားရတာ၊ အသံဝေဝါးတာမျိုး ဖြစ်တာတွေဟာ စိတ်ကသိကအောက်ဖြစ်စရာ  အကြောင်းတွေဖြစ်ပါတယ်။

အခြားသူများအပေါ် လေးစားမှုပြပါ

မိမိအနေနဲ့ အစည်းအဝေးမှာ ပါဝင်ဆွေးနွေးကြသူ တိုင်းကို အလေးဂရုပြုကြောင်းပြသတဲ့အနေနဲ့ သတ်မှတ် ချိန်အမီ   တိတိကျကျပါဝင်ပါ။  စကားပြောရာမှာလည်း   အားလုံးသိစေဖို့  မိမိဘယ်သူဆိုတာကိုလည်း မိတ်ဆက် ပေးပါ။   ဒါမှ  အခြားသူတွေက    သင့်ကို နာမည်တပ်ပြီး ရည်ညွှန်းပြောနိုင်မှာဖြစ်ပါတယ်။   အလားတူ   အခြား သူတွေရဲ့အမည်တွေကိုလည်း မှတ်မိအောင်လုပ်ထားပြီး လိုအပ်ရင် သူတို့နာမည်တွေကိုတပ်ပြီး စကားပြောပါ။ အခြားသူတွေ ဆွေးနွေးနေတုန်းမှာ ကြားဖြတ်ဝင်မပြောမိဖို့ လည်း ဂရုပြုရပါမယ်။

မိမိ၏ မိုက်ခရိုဖုန်းကို အသံပိတ်ထားပါ

မိမိအနေနဲ့ အစည်းအဝေးမှာ ပါဝင်ဆွေးနွေးဖို့ အလှည့် မရောက်သေးတဲ့အချိန်မှာရော၊ အစည်းအဝေးမစတင်မီ အချိန်မှာပါ   မိမိရဲ့မိုက်ခရိုဖုန်းကို   အသံပိတ်ထားပါ။ နောက်ခံအသံတွေဟာ အခြားဆွေးနွေးသူတွေရဲ့ ပြောဆို သံကို အနှောင့်အယှက်ဖြစ်စေရုံသာမက    ပါဝင်သူတွေ ကိုလည်း စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ မိမိပါဝင်ဆွေးနွေးတဲ့အချိန်ရောက်ရင်လည်း      မိုက်ခရိုဖုန်းကို ပြန်ဖွင့်ဖို့လိုအပ်ပါတယ်။ ဒါမှ မိမိရဲ့ဆွေးနွေးချက်ကို ကျန် ပါဝင်သူတွေအားလုံး   ကြားနိုင်မှာဖြစ်ပါတယ်။  အစည်း အဝေးပြုလုပ်မယ့်အိမ်မှာ (သို့မဟုတ်) ရုံးခန်းမှာ အတူနေ မိသားစုဝင်တွေ (သို့မဟုတ်) လုပ်ဖော်ကိုင်ဖက်တွေ၊ အခန်း ဖော်တွေ   ရှိနေတယ်ဆိုရင်လည်း  အစည်းအဝေးလုပ်ဖို့ ရှိတဲ့အကြောင်း ကြိုတင်အသိပေးထားခြင်းဖြင့်  မလိုလား အပ်တဲ့ အနှောင့်အယှက်ဖြစ်မှုတွေကို ကြိုတင်တားဆီးထား နိုင်မှာ ဖြစ်ပါတယ်။ အရေးကြီးတာက မိမိရဲ့လက်ကိုင်ဖုန်းကို အသံပိတ်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။

သင့်တင့်လျောက်ပတ်စွာ ဝတ်စားဆင်ယင်မှုပြုပါ

online   ဗီဒီယိုကွန်ဖရင့်   အစည်းအဝေးအတွက် တစ်ခါတရံ မိမိအိမ်ကနေပဲ  ပြုလုပ်တတ်ကြတဲ့အတွက် အိမ်နေရင်းအဝတ်အစားနဲ့ပဲ    ပါဝင်တတ်ကြပါတယ်။ မကြာခင်က Work  from  Home အစီအစဉ်နဲ့အလုပ်လုပ်နေတဲ့ သတင်းကြေညာသူတစ်ဦးဟာ အပေါ်ကကုတ်အင်္ကျီဝတ် ထားသော်လည်း အောက်ပိုင်းမှာ ဘောင်းဘီတိုကိုသာ ဝတ်ဆင်ပြီး သတင်းကြေညာခဲ့ပါတယ်။ သို့သော် ကင်မရာ အနေအထား မထင်မှတ်ဘဲ ပြောင်းလဲသွားမှုကြောင့်  သူ ဘောင်းဘီတိုကိုသာ ဝတ်ထားကြောင်း သတင်းကြည့်နေသူ အားလုံးတွေ့မြင်ခဲ့ရပါတယ်။ ဒါကြောင့် ကင်မရာအနေ အထား ပြောင်းလဲသွားနိုင်မှု ဖြစ်နိုင်ခြေရှိတာရယ်၊ စကား ပြောရင်းမေ့ပြီး မတ်တတ်ထသွားမိနိုင်တာရယ်တွေကြောင့် သင်ဟာ တစ်ဖက်လူတွေနဲ့   မျက်နှာချင်းဆိုင်   တွေ့ဆုံ ဆွေးနွေးနေတယ်လို့     သဘောထားပြီး     သင့်တင့်               လျောက်ပတ်စွာ ဝတ်စားဆင်ယင်ဖို့ လိုအပ်ပါတယ်။

ဖြစ်နိုင်ရင် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးစကား ပြောနေတယ်လို့ယူဆပြီး   ဝတ်စားဆင်ယင်ပါ။  အစင်း အကျားတွေနဲ့အင်္ကျီ၊ အရောင်တောက်လွန်းတဲ့အင်္ကျီတွေ ဟာ  ကွန်ပျူတာဖန်သားပြင်မှာ မှန်မှန်ကန်ကန် မပေါ်တတ် တဲ့အတွက် အနှောင့်အယှက် ဖြစ်စေတတ်ပါတယ်။ အလုပ် မှာ သတ်မှတ်ထားတဲ့ ယူနီဖောင်းဝတ်စုံရှိတယ်ဆိုရင်  ယူနီ ဖောင်းဝတ်တာ အကောင်းဆုံးပါ။ အနည်းဆုံး လိုအပ်ချက် ကတော့ ကြည့်ပျော်ရှုပျော်ရှိစေဖို့ သင့်တင့်လျောက်ပတ်စွာ  ဝတ်စားဖို့ ဖြစ်ပါတယ်။

အစည်းအဝေးပြုလုပ်နေစဉ်  စိတ်ဝင်တစားရှိပါ၊ 
တခြားအလုပ်များကို လုပ်ဆောင်ခြင်းမှ ရှောင်ပါ။

online ဗီဒီယိုကွန်ဖရင့်အစည်းအဝေး ပြုလုပ်နေ ချိန်မှာ မိမိအနေနဲ့ ဖုန်းပြောခြင်း၊ အင်တာနက်ကြည့်ခြင်း၊ အစားအသောက်စားခြင်း အပါအဝင် အခြားအလုပ်တွေ လုပ်မနေဖို့ ဂရုပြုရပါမယ်။ ကျန်ကိုယ်စားလှယ်တွေက သင်ဟာအစည်းအဝေးမှာ အာရုံရှိမနေဘူးဆိုတာ လွယ် လွယ်သိနိုင်သလို အစည်းအဝေးအပေါ် အလေးအနက် မရှိဘူးလို့လည်း ထင်မြင်သွားစေနိုင်ပါတယ်။ မိမိအလှည့် ကျလို့ စကားပြောရင်လည်း  ကွန်ပျူတာဖန်သားပြင် မှာပေါ်နေတဲ့   မိမိရဲ့ပုံကိုကြည့်ပြီးမပြောဘဲ  ကင်မရာကို ကြည့်ပြီးပြောပါ။   ဒါမှ   ကျန်ကိုယ်စားလှယ်တွေက သင်ဟာ အစည်းအဝေးမှာ အားလုံးနဲ့ ထိတွေ့မှုရှိနေတယ် ဆိုတဲ့ ခံစားမှုမျိုးရစေမှာဖြစ်ပါတယ်။

မိမိဆွေးနွေးနေချိန် လိုအပ်တဲ့စာရွက်စာတမ်းကို လှန်လှောကြည့်ရှုဖို့ အချိန်ခဏယူရမယ်ဆိုရင်တောင် အခြားသူတွေကို အသိပေးထားပါ။ အသံတိတ်ဆိတ်မှု အချိန်ကြာသွားခဲ့ရင်     ကျန်ကိုယ်စားလှယ်တွေက သင့်ဘက်က အင်တာနက်လိုင်း ပြတ်တောက်သွားပြီလို့ ယူဆသွားနိုင်လို့ ဖြစ်ပါတယ်။ မိမိစကားပြောရမယ့်အချိန် မဟုတ်ရင်လည်း အခြားသူများရဲ့ ဆွေးနွေးမှုတွေကို အလေးပေးအာရုံစိုက် နားထောင်ပါ။

online ဗီဒီယိုကွန်ဖရင့်အစည်းအဝေးလုပ်နေစဉ် မိမိရဲ့ မျက်နှာကို ဖန်သားပြင်မှာပေါ်အောင်လုပ်ထားပါ၊ ဒါမှ သင့်ကို ကင်မရာက အမြဲချိန်ရွယ် မှတ်တမ်းတင်နေတယ် ဆိုတာ ကိုယ့်ကိုယ်ကိုယ် သတိပေးထားသလိုလည်း ဖြစ်စေ ပါတယ်။

မိမိမှ ပါဝင်ဆွေးနွေးလိုပါက အချက်ပြပါ

မျက်နှာချင်းဆိုင် အစည်းအဝေးမှာ မိမိအနေနဲ့ ပါဝင်ဆွေးနွေးမယ်ဆိုရင် လွယ်လွယ်ကူကူ အသိပေးနိုင် ပေမယ့် online ဗီဒီယိုကွန်ဖရင့်အစည်းအဝေးမှာတော့  ထင်သာမြင်သာအောင် လက်ထောင်ပြခြင်း၊ Chat function ကိုအသုံးပြုပြီး မေးခွန်းမေးခြင်းစသည်ဖြင့်  အသိပေးနိုင်ပါ တယ်။ ဗီဒီယိုကွန်ဖရင့် အစည်းအဝေးတွေမှာ တစ်ဖက်လူက စကားပြောနေစဉ် မထင်မှတ်ဘဲ  ဝင်ပြောမိတာတွေလည်း    ဖြစ်တတ်လို့ ဂရုပြုရပါမယ်။ ပါဝင်ဆွေးနွေးရာမှာလည်း စကားကို ပီပီသသပြောကြားရပါမယ်။ တစ်ဖက်က မကြား ဘူးထင်လို့ စကားကိုအကျယ်ကြီး မပြောမိဖို့လည်း အထူး လိုအပ်ပါတယ်။ အကောင်းဆုံးကတော့ ဗီဒီယိုကွန်ဖရင့် အစည်းအဝေးတွေမှာ ဘယ်သူပြီးရင် ဘယ်သူပြောရမယ် ဆိုတဲ့  အလှည့်ကျစကားပြော အစီအစဉ် ကြိုတင်သတ်မှတ် ထားနိုင်ရင် ကောင်းပါတယ်။

မိမိရဲ့ကိုယ်ခန္ဓာလှုပ်ရှားမှု အနည်းဆုံးဖြစ်အောင် ထားပါ

မိမိအနေနဲ့ အစည်းအဝေးမှာ လက်ဟန်ခြေဟန်နဲ့ ပြောဆိုဆွေးနွေးတတ်သူဖြစ်ရင် online ဗီဒီယိုကွန်ဖရင့် အစည်းအဝေးမှာတော့  ဒီအချက်ကို ဂရုပြုရပါမယ်။ ဘာ ကြောင့်လည်းဆိုတော့ လက်လှုပ်ရှားမှုတွေဟာ တစ်ဖက် ဖန်သားပြင်ကကြည့်နေတဲ့ ကျန်ကိုယ်စားလှယ်တွေအတွက် အာရုံနောက်စေတတ်ပါတယ်။ အလားတူပဲ ခေါင်းလှုပ်ရှား မှုကို အနည်းဆုံးဖြစ်အောင်   အလေးထားရပါမယ်။ ခန္ဓာ ကိုယ်ကို ရှေ့ထိုးနောက်ငင် လှုပ်နေတာမျိုးတွေကိုလည်း ရှောင်ရှားရပါမယ်။

ဗီဒီယိုကွန်ဖရင့်အစည်းအဝေးတွေရဲ့ အားသာချက်များ

online ဗီဒီယိုကွန်ဖရင့်အစည်းအဝေး ပြုလုပ်ခြင်း ကြောင့် အားသာချက်တွေ ရှိပါတယ်။ ပထမအချက်က အစည်းအဝေးကို မိမိရုံးခန်း (သို့မဟုတ်) နေအိမ်ကနေ ပြုလုပ်ရတဲ့အတွက် အစည်းအဝေးရှိရာနေရာကို သွား ရောက်ဖို့ အချိန်နဲ့ကုန်ကျစရိတ် သက်သာမှုပဲ ဖြစ်ပါတယ်။ သူနဲ့တစ်ဆက်တစ်စပ်တည်း ဖြစ်ပေါ်လာတဲ့ အကျိုး              ကျေးဇူးကတော့  အစည်းအဝေးကို ပါဝင်တက်ရောက်မှုနှုန်း ထားကိုလည်း   ပိုမိုများပြားလာစေနိုင်ပါတယ်။  ဒုတိယ အချက်က  ဗီဒီယိုကွန်ဖရင့်အစည်းအဝေးတွေဟာ နေရာ ပေါင်းစုံက ပါဝင်တက်ရောက်သူတွေ ဖြစ်နေတတ်တာကြောင့် အစည်းအဝေးမစတင်မီ အစည်းအဝေးကြာမြင့်ချိန်ကို ကြိုတင်ညှိနှိုင်းထားတတ်ကြတဲ့အတွက် မလိုအပ်တဲ့ အကြောင်း အရာတွေထက် မိမိတို့ ဆွေးနွေးမယ့်ခေါင်းစဉ်အပေါ်   ပိုမို အလေးပေး  ဆွေးနွေးကြတဲ့အတွက်   ထိရောက်တဲ့ ဆွေးနွေးမှုကိုလည်း ဖြစ်စေနိုင်ပါတယ်။ ပိုမိုထိရောက်တဲ့ ရလဒ်ကိုလည်း ရရှိလာစေမှာဖြစ်ပါတယ်။

ဒါကြောင့် online ဗီဒီယိုကွန်ဖရင့်အစည်းအဝေးမှာ ဆောင်သင့်၊ ရှောင်သင့်တဲ့ အချက်တွေကို သိရှိထားခြင်းဖြင့် အစည်းအဝေးကနေ ရလဒ်ကောင်းတွေ ရရှိလာစေဖို့၊ လုပ်ငန်းရည်မှန်းချက်တွေ ထိရောက်အောင်မြင်စေဖို့ အထောက်အကူပြုမှာဖြစ်ပါကြောင်း တင်ပြလိုက်ရပါ တယ်။

တက္ကသိုလ်ဟန်စိုးဦး

ကိုးကား-

 (၁) Working Remote? These are the Biggest Does and Don’ts of Video Conferencing by Bryan Lovgren

 (၂) The  Does   and  Don’ts  of  Video Conferencing by Aliya Chaudhry

 (၃) 11 Does & Don’ts of Video Conferencing Etiquette by Nicole Marie Richardson

 (၄) The Dos & Don’ts of Video Conferencing Etiquette by Anita George

Source: Mirror

1 comment:

Luiz Gomes said...

မင်္ဂလာနေ့လည်ခင်း၊ နေကောင်းလား ငါရီယိုဒီဂျနေရိုမှဘရာဇီးဖြစ်ပြီးကျွန်ုပ်၏ blog အတွက်နောက်လိုက်အသစ်များကိုရှာဖွေသည်။ မိတ်ဆွေသူငယ်ချင်းအသစ်များလည်းဝေးကွာပါသည်။

https://viagenspelobrasilerio.blogspot.com/?m=1