Saturday, September 22, 2018

"စိတ်ဝင်စားဖွယ်အခင်းအကျင်းများ"




မြန်မာ့နိုင်ငံရေးသည် ယခုတလော စိတ်ဝင်စားဖွယ်ရာ ဖြစ်ရပ်များဖြင့်ပြည့်နှက်နေသည် ။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ကြီးမားသော အတိုင်းအတာတခုအထိ ကြီးမားသည်ဟုယူဆရသော အကောင်ကြီးကြီးများကို စတင်အရေးယူပြလိုက်ခြင်း ၊ ရွှေတိဂုံစေတီတော် ရွှေပြားများ အရောင်မှိန်လာခြင်းအပေါ် နိုင်ငံရေးဆန်ဆန် တဖက်ကိုတဖက်ဝေဖန်တိုက်ခိုက်ကြခြင်း၊ ဂန့်ဂေါတွင် သားဖွားဆရာမတဦးအား ကိုလိုနီခေတ်က ပုလိပ်များဘိန်းပစ်ဖမ်းသည့် နည်းလမ်းဆန်ဆန် မူးယစ်ဆေးဝါး ဆေးပြားများပစ်ဖမ်းခြင်း ၊ ဖားအံထောင်တွင် အကျဉ်းသား ၄၁ ယောက် ထောင်ဖောက်ပြေးခြင်း ၊ ကျောက်ဆည်တွင် လူသတ်တရားခံများ ကို တရားရုံးသို့ ထုတ်ရာတွင် ဇိမ်ခံကား Mark 2 မော်တော်ယာဉ်ဖြင့် ရုံးထုတ်လာခြင်း ၊ ထိုဇိမ်ခံကားမှာ နံပါတ်အတုဖြင့် လိုင်စင်မဲ့ကားဖြစ်နေခြင်း၊ တပ်ချုပ်၏ VK အကောင့် အပိတ်ခံရခြင်း တို့သည် ထူးဆန်းထွေလာသတင်းများဖြစ်သည် ။

   ကျွန်တော်သည် ထိုသတင်းများကိုလည်းစိတ်ဝင်စားပါ၏ ။ ထိုသတင်းများလို ထူဆန်းထွေလာမဟုတ်ပဲ ခပ်ရိုးရိုးသတင်းတပုဒ်ကိုလည်း နိုင်ငံရေးအမြင်ဖြင့် စိတ်ဝင်စားမိပါ၏ ။ ထိုအရာကားအခြားမဟုတ် ၊ ၂၀၁၈ စက်တင်ဘာလ ၁၅ ရက်  စနေနေ့က နေပြည်တော် လွှတ်တော်အဆောက်အအုံ၌ ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ တွင် စကားပြောကြသော လူသုံးဦး၏ မတူညီသော အမြင်များကိုစိတ်ဝင်စားခြင်းဖြစ်သည် ။ ထိုလူသုံးဦးမှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့် ၊တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးသန်းထိုက်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဒေါ်ကျော့ယဉ်ဝင်း တို့ဖြစ်သည် ။သမ္မတဦးဝင်းမြင့်က အခမ်းအနားသို့ သ၀ဏ်လွှာပေးပို့ ၍ ပြောကြားရာတွင်

“ဒီမိုကရေစီရဲ့အန္တရာယ်များဆိုသည်မှာ ဒီမိုကရေစီမလိုလားသူများ၊ ဒီမိုကရေစီကဖျက်ကယက်သမားများ၊ ဒီမိုကရေစီကိုမယုံကြည်သူများ ၊ ဒီမိုကရေစီကိုယုံကြည်သော်လည်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အားမလိုအားမလိုအားမရဖြစ်ပြီး မိမိသဘောနဲ့မိမိ လုပ်ချင်ရာလုပ်တဲ့အတွက် အာဏာရှင်စနစ်ဆီသို့ ပြန်ပြီး အသက်သွင်းပေးသလို ဖြစ်သွားသူများ၊ ဒီမိုကရေစီစနစ်နဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ အာဏာရှင်စနစ်တည်မြဲရေးအတွက် ဒီမိုကရေစီကို အလွဲသုံးစားလုပ်သူများ ၊ ဒီမိုကရေစီကျင့်စဉ်နဲ့မညီညွတ်တဲ့ နည်းလမ်းနဲ့ ပြည်သူ့ အာဏာကိုရယူဖို့ကြိုးစားသူတွေဟာ ဒီမိုကရေစီရဲ့ အန္တရာယ်တွေ ဖြစ်ပါတယ် ။ဒီအန္တရာယ်ကိုအထူး အလေးအနက်ထား သတိပြုဖို့လိုပါတယ် “  ဟု ထောက်ပြသွားသည် ။ သမ္မတအနေနှင့် အရှင်းလင်းဆုံးသတိပေးမှုဖြစ်သည် ။ မြန်မာနိုင်ငံတွင် အာဏာရှင်စနစ်ကို တမ်းတနေသူများကလည်း အစုအဝေးကြီးမားစွာရှိနေသေးသည် ။ ထိုသူများသည် ဒီမိုကရေစီစနစ်ကိုမကြိုက်  ရွေးကောက်ပွဲဖြင့်တက်လာသောလက်ရှိအစိုးရပြုတ်ကျသွားပါမှ အနေအစားချောင်ကာ ယခင်က ရထားခဲ့ဖူးသောအခွင့်အရေးများ ပြန်ရမည်ဟုတမ်းတနေသူများလည်း၇ှိသည် ။ ထိုသူများကိုသတိထားကြဖို့ သမ္မတကြီးဦးဝင်းမြင့်က ပြောင်ပြောင်တင်းတင်းသတိပေးလိုက်ခြင်းဖြစ်သည် ။ ၁၉၈၈ တွင်  လူထုအုံကြွမှုကြောင့် နိုင်ငံရေးအကြပ်အတည်းဖြစ်လာကာ အာဏာမှလက်လွှတ်ရဖို့ အကောင်အထည်မြင်လာရသောအခါ တည်ဆဲ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် အစိုးရသည် လူထုကိုအာရုံလွှဲသည့်အနေနှင့် တောင်ကြီးမြို့နှင့် ပြည်မြို့တို့တွင် ဘာသာရေးအဓိကရုဏ်းများဖြစ်ပေါ်လာစေတော့သည်။ ထို့ကြောင့် ပြည်မြို့တွင် မူဆလင်နှင့် ဗုဒ္စဘာသာဝင်များကြား ကုလား-ဗမာအဓိကရုဏ်းကြီးပေါ်ပေါက်လာခဲ့သည်ကို စာရေးသူ အသက်နှစ်ဆယ်အရွယ်ခန့်က လက်တွေ့မျက်မြင်တွေ့ ကြုံခဲ့ဖူးပါသည်  ။

တည်ငြိမ်နေသောမြို့များတွင် ပုဒ်မ ၁၄၄ ထုတ်ကာ စစ်အုပ်ချုပ်ရေးကြေငြာခံလိုက်ရလေတော့သည် ။ဇာတ်လမ်းအစတွင်ထောက်လှမ်းရေးများသည် ဘာသာရေးအဓိကရုဏ်းဖြစ်အောင် ကောလဟလသတင်းများဖြန့်ကြပြီး ကုလားဆိုင်များကို စတင်ဖျက်ဆီးပြလေ့ရှိသည် ။ လူထုကသွေးဆူကာ ပါဝင်လာပြီဆိုလျှင်သူတို့သည်နောက်ဆုတ်ပြီးကိုယ်ယောင်ဖျောက်သွားလေ့ရှိသည် ။မြို့လူထုသောက်မည့်သောက်ရေကန်ထဲသို့  မူဆလင်များအဆိပ်ခတ်တော့မည်ဆိုသော ကောလဟလများကိုလည်း လူတွေထဲသို့ပျံ့နှံ့အောင်လုပ်လေ့ရှိသည် ။ ဤနည်းဖြင့် မြို့လူထုသည်ထိမ်းမနိုင်သိမ်းမရသောအခြေအနေသို့ရောက်သွားလေ့ရှိသည် ။ထိုအကွက်မျိုးကို NLD အစိုးရတက်လာကာစက မန္တလေး၊ မိတ္ထီလာ စသောမြို့ကြီးများတွင် တကြော့ပြန် အကောင်အထည်ဖော်သေးသည် ။ ပြည်သူလူထု၏နိုင်ငံရေးအသိဥာဏ်မြင့်မားမှုကြောင့် ထို့ထက်ပို၍ကြီးမားမလာခဲ့ပေ ။NLD အစိုးရတက်လာကာစက အချို့သော သူများက ဒီအစိုးရကြာကြာခံမည်မဟုတ် ၊ မကြာမီသူတို့ပြန်လာမည်ဟု သတင်းဖြန့်ကြသည် ။ အထူးသဖြင့် ၀န်ထမ်းလောကမှာ ထိုကဲ့သို့ ဝါဒဖြန့်မှုများ ရှိခဲ့သည် ။ ထို့ကြောင့် NLD အစိုးရကိုအာဏာပြနေသောဝန်ထမ်းများရှိနေသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ခြင်းဖြစ်သည် ။ အချို့သောလူများသည် ဒီမိုကရေစီကို မနှစ်သက်ယုံမက ပြိုလဲစေချင်ကြလေသည် ။

      ၁၉၈၈ တွင် ရှစ်လေးလုံး ဒီမိုကရေစီရေးတော်ပုံဖြစ်သောအခါ ဗိုလ်ချုပ်ခင်ညွန့်ခေါင်းဆောင်သော ထောက်လှမ်းရေးအဖွဲ့သည် အရေးအခင်းကို ပုံပျက်သွားစေရန် နည်းမျိုးစုံဖြင့် ကြိုးစားခဲ့ကြသည် ။ ပထမဆုံး အနယ်နယ်အရပ်ရပ်မှ အကျဉ်းထောင်များကိုဖွင့်၍ ရာဇ၀တ်သားများကိုလွှတ်ပစ်သည် ။ ဒုတိယအဆင့် အနယ်နယ်အရပ်ရပ်တွင်  သောက်ရေကန်ထဲအဆိပ်ခပ်မည်ဟူသော ကောလဟလတွေပျံ့အောင် လူတွေထိတ်လန့်ခြောက်ချားအောင်လုပ်သည် ။ ထို့နောက် ဘယ်သူကခိုင်း၍ ဘယ်သူကစေလွှတ်လိုက်မှန်းမသိသူများသည် အမြို့မြို့အနယ်နယ်တွင်ပေါ်ပေါက်လာကာ  မသင်္ကာဖွယ်ရာ ရာဇ၀တ်မှူများကိုကျူးလွန်ကြသည် ၊ ကျူးလွန်ရန်ကြိုးစားကြသည် ။ ထိုအခါ လူထုကလက်ရဖမ်းဆီးပြီး ဒေါသအလျောက်စစ်ဆေးစီရင်ကြသည် ။ အချို့နေရာများတွင် ထို မသင်္ကာဖွယ်လူများကို ရဟန်းတော်များလက်သို့အပ်လိုက်ပြီးအေးအေးချမ်းချမ်းပြီးဆုံးသွားသည် ။ အချို့နေရာများတွင်မူ စိတ်မထိမ်းနိုင်သော မြို့ခံရွာခံများသည် ထိုသူများကို သေဒဏ်စီရင်ချက်ချကာ ခေါင်းဖြတ်သတ်ကြသည် ။ ထူးဆန်းသည်မှာ အသတ်ခံရတော့မည့်သူများ သည် ငိုယိုခြင်း၊တောင်းပန်ခြင်း၊ထိတ်လန့်တုန်လှုပ်ခြင်း စသော သာမန်လူသားတစ်ယောက်၏ စိုးရိမ်ကြောက်ရွံ့ခြင်းများမပြပဲ ဆေးမိနေသူများပမာ ဘာမှမေးမရ ၊ပြောမရပဲ ကြောင်တောင်တောင်ထုံပေပေဖြင့်အသေခံသွားကြခြင်းဖြစ်သည် ။စတုတ္ထအဆင့်ကတော့ စစ်ကားများသည် ဂိုထောင်များကို ဖွင့်ပေးကာ ပစ္စည်းအနည်းငယ်မျှသာယူပြီးထွက်သွားကြသည် ။ နောက်တစ်နေ့တွင် အစောင့်မရှိတော့သော ဂိုဒေါင်များကို ရပ်ကွက်နေပြည်သူလူထုက သွားရောက်ယူငင်ကြသောအခါမှ စစ်ကားများရောက်လာကာ ပစ်ခတ်ကြတော့၏ ။

၁၈.၉.၁၉၈၈ တွင်စစ်တပ်က အာဏာသိမ်းလိုက်သည့်အခါ အရေးအခင်းကာလအတွင်း ဂိုဒေါင်ဖောက်ကြခြင်း နှင့် ခေါင်းဖြတ်သတ်ကြခြင်းကိုသာ အဓိက အကြောင်းပြ၍တိုင်းပြည်အဖက်ဖက်မှယိုယွင်းနေသဖြင့် အာဏာသိမ်းလိုက်ရပါကြောင်း န.၀.တ အဖွဲ့ကကြေငြာဝါဒဖြန့်သည်မှာ ယခုအထိဖြစ်သည် ။ ယခုအခါ ဘားအံထောင်မှ ထောင်သား ၄၁ ယောက် ရုပ်ရှင်ဆန်ဆန် ထောင်တံခါးလေးထပ်ကို အမှိုက်သယ်သည့်ကားဖြင့် ထွက်ပြေးသည် ဟုပြောကြရေးကြသည် ။ ထောင်တံခါးဆိုသည်မှာ အလွန်ထူသောသံတခါးဖြစ်ပြီး တိုက်ပြေးသွားသောအမှိုက်ကားမှာ သိပ်ပြီးတောင့်တောင့်တင်းတင်းမဟုတ် ။ MAZDA အမျိုးအစား ပစ်ကပ်ကားလေးဖြစ်သည်။ တံခါးကိုတိုက်ဖွင့်၍ တွန့်ကြေနေသော ကားခေါင်းပုံစံမျိုးလည်းမရှိ ။ ထိုအနေအထားခြင့် လူ ၄၁ ယောက် ကားပေါ်တွင်ပါသွားပြီး လွတ်သွားသည်မှာ ထူးဆန်းအံ့သြဖွယ်ရာဖြစ်သည် ။ နောက်ပိုင်းတွင်ခေါင်းဆောင်ဖြစ်သူကို အသေပစ်ခတ်ဖမ်းမိသည်ဆိုသော်လည်း ပြည်သူလူထုကတော့ ထိတ်လန့်တုန်လှုပ်သွားလေသည် ။ သည်ကြားထဲ ပလပ်တတ်ရေသန့်ဘူးအခွံကောက်သူသုံးဦးကိုပင် ရဲက မှားယွင်းဖမ်းဆီးစစ်ဆေးသေးရာ မဖမ်းပဲပစ်သတ်လိုက်လျှင် အပြစ်မရှိပဲအချောင်သေရမည့်ကိန်းဖြစ်သည်။ စက်တင်ဘာလ ၁၈ ရက်နေ့ကလည်း ဘိုကလေးမြို့မရဲစခန်းအချုပ်ခန်းမှ တရားခံသုံးဦးထွက်ပြေးပြန်သည် ။ နှစ်ယောက်ကို ပြန်မိပြီး လွတ်နေသောတယောက်ကိုလိုက်လံရှာဖွေစုံစမ်းနေသည်ဆို၏ ။အချုပ်သားတွေ အကျဉ်းသားတွေမကြာခနပြေးကြတာ ရိုးရိုးသားသားတိုက်ဆိုင်တာလား ၊မြို့ကြီးတွေမှာ လူမိုက်တွေကြီးစိုးနေတာ ၊ လူသတ်မှုတွေများလာတာ ၊ ရာဇ၀တ်မှုတွေထူပြောနေတာ ရိုးရိုးလား ၊ လက်မည်းကြီးတွေစနက်လားဆိုတာတော့သတိပြုရမည် ။

ဒါတွေကို မြင်တော့ ၁၉၈၈ အရေးအခင်းကာလအတွင်းက ဗိုလ်ခင်ညွန့်၏အကွက်များကိုသတိရမိသည် ။ မြန်မာနိုင်ငံတွင် ထောင်သားတွေသည် အမြဲတမ်း စစ်တုရင်ခုံပေါ်မှ နယ်ရုပ်ကလေးတွေ  ပွန်းကလေးတွေဖြစ်သည် ။ စစ်ဆင်ရေးအလုပ်သမား (ပေါ်တာ )လိုသလား၊ ထောင်သားတွေကိုအထမ်းသမားအဖြစ်သုံးသည် ။ ပုသိမ်-မုံရွာလမ်းကြီးဖောက်ဖို့ အလုပ်သမား (labour ) တွေလိုသလား ၊ ထောင်သားတွေကိုသုံးသည် ။ လမ်းခင်းရင်းသေလိုက်ကြတာသောက်သောက်လဲ ၊ ရန်ကုန်-နေပြည်တော် -မန္တလေး အမြန်လမ်းကြီးဖောက်တော့ရော အလုပ်သမားမလုံလောက်မှာ မပူရ ၊ ထောင်သားတွေ ရဲဘက်စခန်းအကျဉ်းသားတွေရှိသည် ။ ဘယ်သူတွေ ဘယ်နှစ်ယောက် အလောင်းတောင်လိုပုံခဲ့သလဲဆိုတာ စာရင်းမရှိအင်းမရှိ ။ ယခုလည်းမြန်မာပြည်မှာ အချို့သော အာဏာကိုအချောင်လမ်းမှလိုချင်သူတွေက ဘာသာရေးဖြင့်မှိုင်းတိုက်သည် ၊ သိပ်အဆင်မပြေ ၊လူတွေကသည်အကွက်ကိုသိနေကြပြီ။သို့ဖြစ်ရာ တိုင်းပြည်မငြိမ်မသက်ဖြစ်နေပါပြီဟူသော အခြေအနေထင်မြင်လာစေရန် အခြားနည်းလမ်းပေါင်းစုံ ဖြင့် လုပ်ကြဦးမည်။စီးပွားရေးအခြေအနေမကောင်းသဖြင့် လူတွေလမ်းပေါ်ထွက်လာစေရန် ၀ိသမလောဘသားအချို့က ဒေါ်လာဈေးကို မွှေနှောက်ကစားသည် ။  ဒါကိုရည်ရွယ်၍ သမ္မတကြီးဦးဝင်းမြင့်က ပြောသည်

  “ဒီမိုကရေစီစနစ်နဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ အာဏာရှင်စနစ်တည်မြဲရေးအတွက် ဒီမိုကရေစီကို အလွဲသုံးစားလုပ်သူများ ၊ ဒီမိုကရေစီကျင့်စဉ်နဲ့မညီညွတ်တဲ့ နည်းလမ်းနဲ့ ပြည်သူ့ အာဏာကိုရယူဖို့ကြိုးစားသူတွေဟာ ဒီမိုကရေစီရဲ့ အန္တရာယ်တွေ ဖြစ်ပါတယ် ။ဒီအန္တရာယ်ကိုအထူး အလေးအနက်ထား သတိပြုဖို့လိုပါတယ် “ ဟူ၏။ ပြတ်သားရဲရင့်သောအမှာစကားဖြစ်ပါ၏ ။

     ထိုအပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့အခမ်းအနားတွင် တပ်မတော်ဘက်မှလည်းစာတမ်းဖတ်ကြားသည် ။

“ဒီမိုကရေစီ စနစ်ဆိုတာ မှန်ကန်မှုကိုအများဆန္ဒနဲ့ သဘောတူညီ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပါတယ် ။ မှားမှားမှန်မှန်အများစုညီသည်နှင့် “ ဤ “ ကို “ ကျွဲ” လို့ဖတ်ခြင်းဟာ ဒီမိုကရေစီ မဟုတ်ဘူးဆိုတာ အားလုံးအသိပင်ဖြစ်ပါတယ် ။ အဲဒိလိုသာဆောင်ရွက်နေမယ်ဆိုရင် အဓမ္မဒီမိုကရေစီသာ ဖြစ်သွားပါမယ် ။နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးအတွက် မှန်ကန်မျှတသောဒီမိုကရေစီ ကျင့်စဉ်ဖြစ်စေရေး အားလုံးပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ပြီး တဦးကောင်း တယောက်ကောင်း ဆောင်ရွက်ခြင်းဖြင့် မရနိုင် ပါဘူး “  ဟု ဗိုလ်မှူးကြီးသန်းထိုက်ကစာတမ်းထဲတွင်ထည့်သွင်းပြောကြားသည် ။ ယခင်အခါများကလည်း   လွှတ်တော်ထဲတွင် မဲခွဲသောအခါ  ကိုယ်စားလှယ်အများစု ရွေးချယ်ခံထားရသော NLD အမတ်များ၏အဆိုအောင်သွားခဲ့သောအချိန်တွင် ဒီမိုကရေစီအနိုင်ကျင့်ခံရသည်ဟု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အချို့ကပြောကြားခဲ့ဖူးသည်။ မှတ်မှတ်ရရ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးကို ပြည်ထောင်စုလွှတ်တော်တွင်မဲခွဲခဲ့စဉ်ကလည်းကောင်း ၊ သူရဦးရွှေမန်းကို လွှတ်တော်အထူးကိစ္စများလေ့လာဆန်းစစ်ရေးကော်မတီဥက္ကရာထူး သက်တမ်းတိုးပေးစဉ်ကလည်းကောင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်ခဲ့သဖြင့် မဲခွဲဆုံးဖြတ်ပြီး အတည်ပြုခဲ့ဖူးသည် ။ ထိုကိစ္စများကိုရည်ရွယ်၍ (လွှတ်တော်တွင်NLDအမတ် လူများစုဖြစ်နေခြင်းကိုရည်ရွယ်၍)  မှားမှားမှန်မှန်အများစုညီသည်နှင့် “ ဤ “ ကို “ ကျွဲ” လို့ဖတ်ခြင်းဟာ ဒီမိုကရေစီ မဟုတ်ဘူး ဟု ဗိုလ်မှူးကြီးသန်းထိုက်ထည့်သွင်းပြောကြားသွားသလားမသိပေ ။ အမှန်တော့ ဒီမိုကရေစီဆိုသည်မှာ ပြည်သူလူထုကရွေးချယ်တင်မြှောက်သောစနစ်ဖြစ်သည့်  ( Of the people , By the people , For the people )ဖြစ်သည် ။

မည်သူမဆိုဒီမိုကရေစီကိုတကယ်ယုံကြည်လျှင်  ရွေးကောက်ပွဲဝင်၍ ပြည်သူလူထု၏အဆုံးအဖြတ်ကိုခံကြယုံသာဖြစ်သည် ။ ပြည်သူကများများယုံကြည်လျှင် များများအရွေးချယ်ခံရမည် ။ နည်းနည်းယုံကြည်လျှင်နည်းနည်းသာအရွေးချယ်ခံရမည် ။ လုံးဝမယုံကြည်လျှင် လုံးလုံးရွေးချယ်ခံရမည်မဟုတ် ။ ဒါသည် ဒီမိုကရေစီဖြစ်ပါ၏ ။ ပြည်သူလူထုကရွေးချယ်တင်မြှောက်ခံရသောသူများသည် ပြည်သူလူထုကိုယ်စား လွှတ်တော်ထဲတွင် မဲပေးဆုံးဖြတ်ကြသည်ဖြစ်ရာ သူတို့ဆုံးဖြတ်ချက်မှာ ပြည်သူလူထု၏ဆုံးဖြတ်ချက်သာဖြစ်ပါသည် ။အဓမ္မဒီမိုကရေစီဆိုသည်မှာ  ပြည်သူလူထုကမရွေးချယ်ပဲ လွှတ်တော်ထဲဝင်ထိုင်ကာ အဆုံးအဖြတ်ကိစ္စများတွင်ပါဝင်ဆောင်ရွက်နေခြင်းကိုသာခေါ်ထိုက်မည်ထင်ပါသည် ။ ဘာပဲဖြစ်ဖြစ် နိုင်ငံတကာ ဒီမိုကရေစီနေ့တွင် မှတ်သားစရာ စကားတခွန်းရပါသည် ။တဦးကောင်းတယောက်ကောင်းဆောင်ရွက်၍မရဟုလည်း ပြောသေး၏။ ပါတီတခု၏ခေါင်းဆောင်ပြောသည့်အတိုင်း ဆုံးဖြတ်မဲပေးကြခြင်းကို တဦးကောင်းတယောက်ကောင်းဟု ထင်စရာ၇ှိသော်လည်း ထိုတဦး ကိုပင် ပြည်သူလူထုကယုံကြည်သဖြင့် ဘယ်သူမှန်းသေသေချာချာမသိသောသူများကိုပင်မဲပေးရွေးချယ်ခဲ့သည်ဖြစ်ရာ တဦးကောင်းတယောက်ကောင်း လုပ်ဆောင်ဖို့ ပြည်သူလူထုကမဲပေးထားသည်ဆိုလျှင် တဦး၏ဆန္ဒသည် ပြည်သူလူထု၏ဆန္ဒဟုပဲမှတ်ယူရမည်ဖြစ်သည်။ ဥပမာအားဖြင့် စတာလင်ကိုယုံ၍ လူထုက ဆိုဗီယက်ကွန်မြူနစ်စနစ်ကို အားပေးထောက်ခံခဲ့ကြခြင်း ၊မော်စီတုန်းကိုယုံသဖြင့် တရုတ်ကွန်မြူနစ်ပါတီကိုထောက်ခံခဲ့ကြခြင်း ၊ ဗိုလ်ချုပ်အောင်ဆန်းကိုယုံသဖြင့် ဖဆပလကိုပုံအောထောက်ခံခဲ့ကြခြင်း ၊ ဦးနုကိုယုံသဖြင့် သန့်ရှင်းဖဆပလ ကို မဲပေးခဲ့ကြခြင်း ၊ ဒေါ်အောင်ဆန်းစုကြည်ကိုယုံသဖြင့် NLD ကို ပုံအောမဲပေးခဲ့ကြခြင်းတို့သည် တဦးကောင်းတယောက်ကောင်းကြောင့် ပါတီကို အပြတ်အသတ်ထောက်ခံခဲ့ကြခြင်းသာဓကသက်သေကောင်းပင်ဖြစ်သည် ။ တယောက်မကောင်းသဖြင့်စုန်းစုန်းမြုပ်သွားသောပါတီမှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဖြစ်သည် ။ မျက်မှောက်ခေတ် ပါတီအချို့ကိုလည်း မြင်အောင်ကြည့်လျှင်တွေ့ နိုင်ပါ၏ ။ အကျယ်မချဲ့လိုတော့ပြီ ။

   ထိုကမ္ဘာ့ ဒီမိုကရေစီ နေ့အခမ်းအနားတွင် ကြံ့ခိုင်ရေးပါတီမှ ဒေါ်ကျော့ယဉ်ဝင်းလည်း ပါတီကိုယ်စားစာတမ်းဖတ်ကြားသေး၏။

“ ဒီမိုကရေစီစံနှုန်းမျာအတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ အနေဖြင့်ဆောင်ရွက်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ပြည်သူ့ဆန္ဒအရ အနိုင်ရပါတီကို စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ပါတယ် ။ဒါဟာ ဒီမိုကရေစီ ရဲ့ကျင့်စဉ်အတိုင်း လက်တွေ့အကောင်အထည်ဖော်ပေးခြင်းဖြစ်ပါတယ် ။ သို့သော်လည်း ဒီမိုကရေစီ၏အနှစ်သာရတခုဖြစ်သော ပြည်သူ့ထံမှဆင်းသက်လာသောအာဏာကို ၊ပြည်သူတို့အတွက် ၊ ပြည်သူ့ထံသို့ ပြန်လည် စီးဆင်းစေခြင်း ဆိုသော ကျင့်စဉ်ကတော့ မှေးမှိန်လာနေတာကို သတိပြုမိပါတယ် “ ဟု ပြောကြားခဲ့၏။ သူပြောတာကောင်းပေ၏ ။ သို့သော် သူတို့ပြောသလို လုပ်ခဲ့သလားဆိုတာ တော့ မေးစရာရှိပေမည် ။ ဒီမိုကရေစီစံနှုန်းမျာအတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ အနေဖြင့်ဆောင်ရွက်ခဲ့သည်ဆိုရာ၌ အပြင်ကိစ္စများကိုအသာထား၍ ပါတီတွင်း ဥက္ကဌနှင့် ဗဟိုအလုပ်အမှုဆောင်ရွေးပွဲကို ဒီမိုကရေစီနည်းလမ်းကျကျ ပါတီညီလာခံခေါ်၍မဲပေးရွေးချယ်ခဲ့သလား ၊ ဇိမ်အိမ်ပုလိပ်ဝိုင်းသလို ညကြီးမင်းကြီး နေပြည်တော်ရှိ ကြံခိုင်ရေးပါတီဌာနချုပ်ကို ရဲအင်အားများသုံးကာ (နိုင်ငံရေးပါတီအရှုပ်အရှင်းကိစ္စများအတွက် နိုင်ငံတော်လစာကိုစားသော ပြည်သူ့ ရဲကိုအသုံးချတာကိုက ဥပဒေနှင့်မညီပေ) အာဏာရှင် ဆန်ဆန် သန်းခေါင်ယံပါတီ လူရှင်းပွဲကြီးလုပ်ခဲ့ပြီး သူရဦးရွှေမန်းနှင့် ပါတီထိပ်တန်းခေါင်းဆောင်များကိုရာထူးမှ ဖယ်ထုတ်ခဲ့လေသည် ။

ဒါသည် ဒီမိုကရေစီလားဟုမေးရပေမည် ။၂၀၁၅ ရွေးကောက်ပွဲတွင်အာဏာလွှဲပေးတာကိုသာဒီမိုကရေစီဟု ပြောနေ၍မရပေ ။ ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရ NLD ပါတီကိုအာဏာလွှဲမပေးခဲ့သော အဖွဲ့ထဲမှခေါင်းဆောင်အတော်များများသည် ၂၀၁၅ ရွေးကောက်ပွဲကာလတွင် အာဏာလွှဲပေးသည်ဆိုသောပါတီတွင်ပြန်ပါနေပါသေးသည် ။ ရှုံးသောပါတီက နိုင်သောပါတီကိုအာဏာလွှဲပေးကြခြင်းမှာ ထူးဆန်းသောကိစ္စမဟုတ် ၊ လုပ်ကိုလုပ်ရမည့်ကိစ္စဖြစ်သည် ။ တကမ္ဘာလုံးမှာလည်းဤသို့လုပ်ကြသည် ။ ထူးဆန်းသည်တော့မဟုတ် ၊အာဏာမှမဆင်းခင်ရက်ပိုင်းအလိုတွင်တက်သုတ်ရိုက်ကာ မြေကွက်များ နာမည်ပြောင်းချထားခြင်း၊ နိုင်ငံပိုင် မြေယာနှင့်အဆောက်အအုံများကို မိမိလူများသို့ တက်သုတ်ရိုက်လွှဲပေးခြင်းသည်သာ ထူးဆန်းသောကိစ္စဖြစ်သည် ။ ညောင်မြစ်တူးလျှင်ပုတ်သင်ဥတွေပေါ်လာပေလိမ့်မည် ။

    ကျွန်ုပ်သည် NLD ပါတီဝင်မဟုတ် ။ NLD ဘာလုပ်လုပ်ထောက်ခံနေသော NLD လော်ဘီမဟုတ် ။ သူတို့အမှားလုပ်လျှင်လည်းအမြဲထောက်ပြနေခဲ့သည် ။ သို့သော် NLD သည်အချို့လူများစွပ်စွဲသလို ဒီမိုကရေစီကျင့်စဉ်မှေးမှိန်သည်ဆိုခြင်းမှာ ယုတ္တိမရှိ ။ ကြံ့ခိုင်ရေးပါတီ ၂၀၁၀ တွင် မဲနိုင်၍ အစိုးရဖွဲ့ခဲ့စဉ်က အစိုးရအဖွဲ့ထဲတွင် စစ်တပ်နှင့် ကြံ့ခိုင်ရေးပါတီမှ လဲ၍မည်သူ့ကိုမျှ ရာထူးမပေးခဲ့ ။ လူနည်းစုပါတီများကို တွဲခေါ်ခဲ့ခြင်းမရှိ ၊ အတိုက်အခံ ပါတီများမှဆိုလျှင်ဝေလာဝေး။  By the people တွေ For the people တွေ မလုပ်ခဲ့တာတော့အသေအချာဖြစ်သည် ။ယခုမှ ဒါတွေပြန်ပြောနေခြင်းသည်   ပုံပြင်ထဲက မြွေခွေးလို မစားရသောစပျစ်သီးချဉ်ခြင်းလား မသိပေ ။ NLD ကတော့ သူတို့အစိုးရထဲတွင် တပ်ကလူတွေ ၊တပ်ထွက်တွေပါသလို ကြံ့ခိုင်ရေးပါတီဝင်တွေလည်းပါသည် ။ နောက်မှ ထိုသူတွေနှင့် သူတို့မိခင်ပါတီလမ်းခွဲကြတာတော့တပိုင်းဖြစ်သည် ။ ကြံ့ခိုင်ရေးအမတ်များကိုနေရာပေးမှုအတွက် ၂၀၁၅ တွင်NLD ကိုမဲပေးခဲ့ကြသော မဲဆန္ဒရှင်များကပင်လျှင် မကြေနပ်ကြပါ ။ နောက်နောင် NLD သည် ရွေးကောက်ပွဲတွင်ထပ်အနိုင်ရခဲ့လျှင် ထိုသို့သဘောထားကြီးမှုမျိုးကို ပြမနေပါနှင့်တော့ ။ စိတ်ချရသောကိုယ့်လူ ကိုယ့် ဘက်သားတွေနှင့်သာ အစိုးရအဖွဲ့ဖွဲ့စေချင်သည် ။ ပြည်သူလူထုဘာကိုလိုချင်သည် ၊ဘာကိုမလိုချင်ဘူးဆိုတာ မဲပုံးတွေထဲကမဲတွေမှာ ရေတွက်ကြည့်လျှင်သိနိုင်ပါသည် ။

              ဘာပဲဖြစ်ဖြစ် သည် တပတ်ကတော့ စိတ်ဝင်စားစရာတွေပြည့်နှက်နေသောရက်သတ္တပတ်ဖြစ်သည် ။ ၁၉၈၈ စစ်အာဏာသိမ်းမှု နှစ် ၃၀ ပြည့်မြောက်သည့်ကာလဖြစ်သည် ။ ဒီမိုကရေစီအပြည့်အ၀မရသေးသည့်ကာလဖြစ်သည်။ မဖြစ်စလောက်ရထားသောဒီမိုကရေစီကိုပင် အပနာမ ပြောခံနေရသည့်ကာလဖြစ်သည် ။ လက်မည်းကြီးများတကြော့ပြန်ခေါင်းထောင်ဖို့ကြိုးစားနေသောကာလဖြစ်သည် ။ ဘုရားကရွှေပင်မှေးမှိန်နေရသောကာလဖြစ်သည် ။ ထောင်သားများလွယ်လွယ်ကူကူထွက်ပြေးနိုင်သောကာလဖြစ်သည် ။ဒုစရိုက်မှုများပေါများသောကာလဖြစ်သည် ။ ကိုယ်နှင့်မတဲ့လျှင် WY ဆေးပြားပစ်၍ ဖမ်းနိုင်သောကာလဖြစ်သည် ။ မိမိရေကန်ထဲမှ ငါးကြီးကြီးများ  ပိုက်ကွန်ထဲသို့စတင်ဖမ်းမိသောကာလဖြစ်သည် ။ အဓမ္မဒီမိုကရေစီဆိုသောစကား  ကို ထူးထူးဆန်းဆန်းကြားရသောကာလဖြစ်သည် ။ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲကြီးလည်း နီးလာသောကာလဖြစ်သည် ။ဒီမိုကရေစီကျင့်စဉ်နဲ့ မညီညွတ်တဲ့နည်းလမ်းနဲ့ ပြည်သူ့အာဏာကိုရယူဖို့ကြိုးစား သူတွေဟာဒီမိုကရေစီရဲ့အန္တရာယ်တွေဖြစ်တယ် ဟု သမ္မတကြီးဦးဝင်းမြင့် ခပ်ရှင်းရှင်းသတိပေးရသောကာလဖြစ်သည်။ ပြည်သူလူထု ပါးနပ်၍သတိရှိရတော့မည်ကာလဖြစ်ပေသတည်း ။

သရ၀ဏ်(ပြည်)  

စောင့်ကြည့်ဂျာနယ်
၂၁.၉.၂၀၁၈

No comments: