Monday, September 10, 2018

SLE (ခေါ်) အရေပြားလေးဖက်နာ


..................................................................

MWD : ဆရာရှင့်..ဒီကနေ့ ကျွန်မတို့ပတ်ဝန်းကျင်မှာ မကြာခဏဆိုသလို တွေ့မြင်လာနေရတဲ့အပြင် မြဝတီရုပ်မြင်သံကြားပရိသတ်တွေထဲမှာ မေးမြန်းတင်ဆက်ပေးဖို့ မကြာခဏတောင်းဆိုနေတဲ့ အရေပြားလေးဖက်နာ ရောဂါအကြောင်းကို မေးမြန်းဆွေးနွေးချင်ပါတယ်ဆရာ..ပထမဆုံးအနေနဲ့ အရေပြား လေးဖက်နာဆိုတာ ဘယ်လိုရောဂါမျိုးကိုခေါ်တာပါလဲဆရာ..

Dr. KML : အရေပြားလေးဖက်နာလို့ မြန်မာလိုသိတဲ့ အရေပြားတွေရောင်ရမ်းတဲ့ ရောဂါကို ဆေးပညာအရ SLE (Systemic Lupus Erythematosus) လို့ ခေါ်ပါတယ်..လူးပတ်စ် (Lupus) လို့လည်းအတိုကောက်ခေါ်လေ့ရှိပါတယ်.. သူဟာ နာတာရှည်ရောင်ရမ်းခြင်းကိုဖြစ်စေတဲ့ အော်တိုအင်မြူးရောဂါ (Chronic autoimmune disease) တွေထဲက တစ်ခုဖြစ်ပါတယ်.. အဓိကအနေနဲ့ အရေပြားနဲ့ အဆစ်အမျက်တွေကို ရောင်ရမ်းစေပါတယ်.. ဒါကတော့ အပြင်ပိုင်းအနေနဲ့ သိသိသာသာတွေ့မြင်ရပါတယ်..ဒါပေမယ့် ဒီရောဂါဟာ အရေပြားနဲ့အဆစ်အမျက်တွေသာ ရောင်တာမဟုတ်ဘဲ ခန္ဓာကိုယ်အတွင်းပိုင်းမှာရှိတဲ့ အစိတ်အပိုင်းတွေကိုပါ ရောင်ရမ်းစေပါတယ်.. ဥပမာ ကျောက်ကပ်ရောင်ခြင်း (Nephritis)၊ နှလုံးအမြှေးပါးရောင်ခြင်း (Pericarditis) နဲ့ အဆုပ်အမြှေးပါးရောင်ခြင်း (Pleuritis) တို့ကိုပါ ဖြစ်စေနိုင်ပါတယ်..

MWD : ခုနကဆရာပြောသွားတဲ့အထဲမှာ အော်တိုအင်မြူးရောဂါလို့ ပါသွားပါတယ်..အဲ့ဒါနဲ့ပတ်သက်လို့ နည်းနည်းရှင်းပြပေးပါ..

Dr. KML : ဆရာတို့ခန္ဓာကိုယ်မှာ ခုခံအားစနစ်ဆိုတာရှိပါတယ်.. ဒါကို Immune system လို့ ခေါ်ပါတယ်..ဒီလိုမျိုးရှိတဲ့အတွက် ပြင်ပကရောဂါပိုးမွှားတွေ အလွယ်တကူမဝင်ရောက်နိုင်အောင် ကာကွယ်ပေးလို့ ခန္ဓာကိုယ်ကြီးဟာ ကျန်းမာသန်စွမ်းနေတာဖြစ်ပါတယ်.. ဥပမာ ပြင်ပက ရောဂါပိုးတစ်မျိုးဝင်လာခဲ့ရင် အဲ့ဒီရောဂါပိုးကို တိုက်ဖျက်နိုင်တဲ့ အင်တီဘော်ဒီဆိုပြီး ထွက်လာပါတယ်.. အဲ့ဒီအင်တီဘော်ဒီတွေရဲ့ ခုခံတိုက်ခိုက်မှုကြောင့် ခုနကဝင်လာတဲ့ ရောဂါပိုးဟာ သေဆုံးသွားပါတယ်..လူဟာလဲ ရောဂါပိုးရဲ့ တိုက်ခိုက်ဖျက်ဆီးမှုဒဏ်ကနေ လွတ်ကင်းပြီး ကျန်းမာစွာ ဆက်လက်နေထိုင်နိုင်ပါတယ်..အော်တိုအင်တီဘော်ဒီဆိုတာကတော့ ခုနကမိမိခန္ဓာကိုယ်ကနေထုတ်လုပ်လိုက်တဲ့ အင်တီဘော်ဒီတွေဟာ အပြင်ကဝင်လာတဲ့ရောဂါပိုးတွေကို တိုက်ဖျက်မယ့်အစား မိမိရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို တိုက်ခိုက်ဖျက်ဆီးပါတယ်.. ဥပမာ အရေပြားကိုတိုက်ခိုက်ရင် အရေပြားလေးဖက်နာပေါ့.. ပြီးတော့ အဆစ်အမျက်တွေကိုတိုက်နိုင်တယ်..ခန္ဓာကိုယ်ရဲ့ သူတိုက်နိုင်တဲ့နေရာပေါ်မူတည်ပြီးတော့ရယ်၊ ထွက်တဲ့အင်တီဘော်ဒီ အမျိုးအစားပေါ်မူတည်ပြီး ရောဂါတွေလည်းကွဲပြားသွားပါတယ်.. အားလုံးကိုခြုံပြီး အော်တိုအင်မြူးရောဂါများလို့ ခေါ်ပါတယ်..အဲ့ဒီထဲမှာ ဘာတွေပါသလဲဆိုရင် ဒီကနေ့ဆွေးနွေးနေတဲ့ အရေပြားလေးဖက်နာရောဂါ (SLE)၊ သွေးလေးဖက်နာရောဂါ (Rheumatoid Arthritis)၊ ဆီးချိုရောဂါ အမှတ်-၁ (Type 1 Diabetes) နဲ့ လည်ပင်းအကျိတ်ရောင် ဂရေ့စ်ရောဂါ (Grave's disease) တို့ ပါဝင်ပါတယ်..

MWD : ရှင်းပါပြီဆရာ..ဒါဆိုရင် ဒီ SLE အရေပြားလေးဖက်နာရောဂါကရော ဘာကြောင့်ဖြစ်တာပါလဲဆရာ..

Dr. KML : SLE ဆိုတဲ့ရောဂါဟာ အကြောင်းအရာတစ်ခုတည်းကြောင့် ဖြစ်ရတာမဟုတ်ဘဲ အကြောင်းအရာအများစုပေါင်းဆုံပြီးတော့ ဖြစ်လာရတဲ့ရောဂါတစ်ခုဖြစ်ပါတယ်..အဓိကအကြောင်းအရာ (၄) ခု ရှိပါတယ်.. အဲ့ဒါတွေကတော့
(က) မျိုးဗီဇ (Genetic)
(ခ) ပတ်ဝန်းကျင် (Environmental)
(ဂ) ခုခံအားစနစ် (Immunological)
(ဃ) ဟိုမုန်း (Hormone) တို့ဖြစ်ပါတယ်..

(က) မျိုးဗီဇနဲ့ပတ်သက်လို့ပြောရရင် SLE ဟာ မျိုးဗီဇချို့ယွင်းမှုနဲ့ ပတ်သက်တဲ့အကြောင်း အခုနောက်ပိုင်းမှာ ပိုပြီးသိလာပါတယ်.. တခြားမျိုးဗီဇရောဂါတွေလို တိတိကျကျစွပ်စွဲလို့မရပေမယ့် SLE ရောဂါ ဖြစ်နေသူရဲ့ ၃၀% မှာ မျိုးဗီဇချို့ယွင်းမှုတွေ တွေ့ရှိရပါတယ်..ဥပမာ အမြွှာညီအစ်မတွေမှာ တစ်ယောက်က SLE ဖြစ်ရင် နောက်တစ်ယောက်လည်း SLE ဖြစ်လေ့ရှိတာတွေ့ရပါတယ်..တခြားမျိုးဗီဇဆိုင်ရာ အချက်အလက်တွေ အရလည်း မျိုးဗီဇနဲ့ပတ်သက်မှုရှိနေကြောင်း တွေ့ရပါတယ်..

(ခ) ဒုတိယအချက်ဖြစ်တဲ့ ပတ်ဝန်းကျင်ကြောင့်ဖြစ်ရတာက ၇၀% လောက် ရှိပါတယ်..ပတ်ဝန်းကျင်ဆိုရာမှာ လေထုညစ်ညမ်းမှုကြောင့်၊ ရောဂါပိုးတွေ ဝင်ရောက်မှုကြောင့်၊ ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မှုကြောင့်၊ စားသောက်တဲ့ အစားအစာတွေ၊ ဆေးဝါးတွေကြောင့်ဆိုပြီး ဖြစ်နိုင်တဲ့အကြောင်းတွေရှိပါတယ်..

(ဂ) ခုခံအားစနစ်ချို့ယွင်းမှုနဲ့လည်း ဆက်စပ်မှုရှိပါတယ်..အဓိကအနေနဲ့ အော်တိုအင်တီဘော်ဒီတွေ ထုတ်လုပ်မှုကြောင့် ဖြစ်ရတာဆိုတော့ ခုခံအားစနစ်ဖောက်ပြန်ခြင်းဟာလည်း လွန်စွာအရေးပါလှပါတယ်..

(ဃ) ဟိုမုန်းအနေနဲ့ပြောရရင် မဟိုမုန်းဖြစ်တဲ့ အီစထိုဂျင် (Estrogen) နဲ့ ဆက်စပ်မှုရှိကြောင်း တွေ့ရပါတယ်..ဘာဖြစ်လို့လည်းဆိုတော့ SLE ဟာ အမျိုးသမီးနဲ့ အမျိုးသားဖြစ်ပွားမှုနှုန်းနှိုင်းယှဉ်ရင် အမျိုးသမီးတွေမှာ ၁၀ ဆ လောက် ပိုဖြစ်တာတွေ့ရပါတယ်..ဆိုလိုတာက အမျိုးသားလူနာ ၁ ယောက်ဆိုရင် အမျိုးသမီးလူနာက ၁၀ ယောက်ရှိပါတယ်..အမျိုးသမီးထုထဲမှာ ကိုယ်၌က ကိုယ်ဝန်ဆောင်တဲ့အချိန်နဲ့ ရာသီသွေးပေါ်တဲ့အချိန်တွေမှာ SLE ရောဂါဟာ ပိုပြီးကြွလာပါတယ်.. (Flare လို့ ခေါ်ပါတယ်) ဒါကြောင့် မဟိုမုန်း အီစထိုဂျင်ဟာလည်း အဓိကအခန်းကဏ္ဍကနေ ပါဝင်နေကြောင်းတွေ့ရပါတယ်..

ခြုံပြီးပြောရရင် SLE ဖြစ်ရတဲ့အကြောင်းရင်းဟာ အကြောင်းအရာ တစ်ခုတည်းကြောင့်မဟုတ်ဘဲ ခုနကပြောပြခဲ့တဲ့ အချက် (၄) ချက်တို့ ပေါင်းစုံပြီး ဖြစ်ပွားရခြင်းဖြစ်ပါတယ်..



MWD : လူတစ်ယောက်မှာ SLE ရောဂါ ရှိ/မရှိ ဘယ်လိုသိနိုင်ပါသလဲဆရာ..

Dr. KML : အဓိကအနေနဲ့ (၂) ပိုင်း ပါဝင်ပါတယ်..ပထမပိုင်းကတော့ ရောဂါလက္ခဏာတွေဖြစ်ပြီး ဒုတိယပိုင်းအနေနဲ့ ဓာတ်ခွဲခန်းမှာ သေချာအောင်စမ်းသပ်ခြင်းတို့ပဲဖြစ်ပါတယ်..ပထမပိုင်းဖြစ်တဲ့ ရောဂါလက္ခဏာအနေနဲ့ အရေပြားလေးဖက်နာလို့ဆိုတဲ့အတိုင်း အရေပြားပေါ်မှာ အနီရောင်အကွက်တွေ ဖြစ်လာလေ့ရှိပါတယ်.. မျက်နှာပေါ်မှာ butterfly rash လို့ ခေါ်တဲ့ ပါးနှစ်ဖက်နဲ့နှာတံပေါ်မှာ အနီရောင်အကွက်တွေဖြစ်ရင် SLE လို့ ပြောနိုင်ပါတယ်..ခန္ဓာကိုယ်ရဲ့ အခြားနေရာတွေမှာလည်းဖြစ်နိုင်ပါတယ်..အထူးသဖြင့် နေရောင်ခြည်နဲ့ ထိတွေ့ပြီးတဲ့အခါ ပိုဆိုးလေ့ရှိပါတယ်..ခေါင်းမှာဖြစ်ရင် ဆံပင်တွေ ကြွပ်လေ့ရှိတာတွေ့ရပါတယ်..နောက်အဆစ်အမျက်တွေ နာကျင်ကိုက်ခဲတာ၊ ရောင်ရမ်းတာတွေဖြစ်ပါတယ်..ဒီလိုမျိုးဖြစ်တာဟာ အမြဲတမ်းတော့ ဆိုးနေတာ မဟုတ်ပါဘူး..ရောဂါဆိုးလာတဲ့အချိန် (SLE flare) ရှိသလို သက်သာနေတဲ့အချိန် (Remission) လည်း ရှိပါတယ်..အဲ့ဒီလိုဖြစ်လိုက် သက်သာလိုက်နဲ့ တရှောင်ရှောင်ဖြစ်လာလို့ ခန္ဓာကိုယ်အလေးချိန် တဖြည်းဖြည်းကျလာပါတယ်..တစ်ခါတလေ အနီကွက်တွေထွက်တာ များရင် ကိုယ်အပူချိန်ပါတက်လာလေ့ရှိပါတယ်..မလှုပ်ချင်မရှားချင်ဖြစ်ပြီး အားမရှိသလို နုံးချိမှုတွေခံစားရလေ့ရှိပါတယ်..ဒီ့ထက်ပိုပြီးဆိုးလာရင်တော့ လက်ထိပ်ကိုသွားတဲ့သွေးကြောလေးတွေ ရောင်ရမ်းပိတ်ဆို့တာမျိုးတွေ ဖြစ်ပြီး လက်ထိပ်ကိုသွေးမလျှောက်တော့တာတွေ ဖြစ်တတ်ပါတယ်.. (Raynaud's syndrome) ဒီလိုနဲ့ကြာလာရင် ကျောက်ကပ်တွေ ထိခိုက်ပျက်စီးလာတာတို့၊ နှလုံးနဲ့ အဆုပ်တွေ ထိခိုက်တာတို့ ဖြစ်တတ်ပါတယ်..ဒုတိယပိုင်းအနေနဲ့ သေချာအောင် သွေးစစ်၊ ဆီးစစ်လုပ်ဖို့လိုပါတယ်..အထူးသဖြင့် သွေးစစ်တဲ့အခါမှာ သွေးထဲမှာ autoantibody တွေ တွေ့ရရင် SLE လို့ ပြောနိုင်ပါတယ်.. ဥပမာ ANA (Anti-nuclear antibody) test တို့၊ Anti-dsDNA တို့ လုပ်ရပါတယ်..

MWD : SLE ဖြစ်ရင် ဘယ်လိုမျိုးကုသရပါသလဲဆရာ..

Dr. KML : ဒီနေရာမှာ (၃) ပိုင်း ခွဲပြောချင်ပါတယ်..
(က) အနေအထိုင်အစားအသောက်ပုံစံပြုပြင်ခြင်း (Lifestyle modifications)
(ခ) အနောက်တိုင်းဆေးဝါးများဖြင့်ကုသခြင်း (Drug treatment)
(ဂ) သဘာဝဆေးဝါးများဖြင့်ကုသခြင်း (Natural medicine) တို့ဖြစ်ပါတယ်..

MWD : SLE ဖြစ်တဲ့သူတွေအနေနဲ့ ဘယ်လိုမျိုးနေထိုင်စားသောက်သင့်တယ် ဆိုတာလည်း သိပါရစေ..

Dr. KML : အနေအထိုင်အစားအသောက်မှန်ကန်ဖို့ အလွန်အရေးကြီးပါတယ်.. အနေအထိုင်အစားအသောက်ကို မှန်ကန်အောင်ပြုလုပ်နိုင်ရင်၊ ရှောင်သင့်တာကိုရှောင်ပြီး လုပ်သင့်တာကိုလုပ်ရင် SLE လူနာတွေဟာ ရောဂါပိုဆိုးမလာဘဲ သက်တောင့်သက်သာနဲ့ တစ်သက်လုံးသက်တမ်းစေ့ နေသွားလို့ရပါတယ်..အားလုံးသိတဲ့အတိုင်း SLE ကို အမြစ်ပြတ်ကုသနိုင်တဲ့ ဆေးဝါးအနေနဲ့ မပေါ်သေးတဲ့အတွက် အနေအထိုင်အစားအသောက်ကို ဂရုပြုဖို့ပိုပြီးအရေးကြီးပါတယ်..

(၁) နေရောင်ခြည်- နေပူထဲအကာအရံမပါဘဲ လုံးဝမသွားရပါဘူး..အထူးသဖြင့် ခရမ်းလွန်ရောင်ခြည် များတဲ့အချိန်ဖြစ်တဲ့ မနက် ၉ နာရီကနေ ညနေ ၄ နာရီအတွင်း နေရောင်ခြည်နဲ့တိုက်ရိုက်မထိတွေ့အောင်နေရပါမယ်..မတတ်သာလို့ သွားရမယ်ဆိုရင် SPF 15 အနည်းဆုံးပါဝင်တဲ့ Sunscreen လိမ်းရပါမယ်.. ထီး (သို့မဟုတ်) ဦးထုပ်ဆောင်းရပါမယ်..ခြေလက်တွေဖုံးအောင် အင်္ကျီအဝတ်အစား ဝတ်ထားရပါမယ်..

(၂) လေကောင်းလေသန့်- လေကောင်းလေသန့်သာရှူဖို့ အတတ်နိုင်ဆုံး ကြိုးစားရပါမယ်..မကောင်းတဲ့လေတွေဖြစ်တဲ့ ဥပမာ ခြင်ဆေးခွေက အငွေ့တွေ၊ မီးစက်ကအခိုးအငွေ့တွေ၊ မော်တော်ကား exhaust က ထုတ်တဲ့ အခိုးအငွေ့တွေ၊ စက်ရုံအလုပ်ရုံကနေ ထွက်လာတဲ့မီးခိုးတွေ၊ ကတ္တရာစေးကြိုလို့ထွက်လာတဲ့ မီးခိုးတွေ အစရှိတဲ့ မကောင်းတဲ့လေထုကို မရှူမိအောင် ဂရုပြုရပါမယ်..အပြင်သွားရင် နှာခေါင်းစည်း (Mask) ဆောင်သွားရပါမယ်.. အခုနောက်ပိုင်း SLE လူနာတွေ များလာခြင်းဟာ လေထုညစ်ညမ်းမှုနဲ့ ပတ်သက်နေတယ်လို့ဆိုပါတယ်..

(၃) ဆေးလိပ်- ဆေးလိပ်သောက်တဲ့သူဆိုရင် ဆေးလိပ်ဖြတ်ရပါမယ်.. SLE ဖြစ်ရင် သွေးကြောလေးတွေ ရောင်ရမ်းပြီး ကျဉ်းစေပါတယ်.. ဆေးလိပ်သောက်ရင် သွေးကြောတွေပိုကျဉ်းစေတဲ့အတွက် လေဖြတ်တာတွေ၊ ခြေထိပ်လက်ထိပ်တွေ သွေးမလျှောက်ဘဲ ပုပ်သွားတာတွေ၊ အဆုပ်တွေ နှလုံးတွေ ပိုမိုထိခိုက်ပျက်စီးစေတာတွေ ဖြစ်နိုင်လို့ လုံးဝရှောင်ကြဉ်ရပါမယ်.. SLE ဖြစ်တဲ့သူက ဆေးလိပ်မသောက်တဲ့ အမျိုးသမီးဖြစ်ပေမယ့် သူနဲ့အတူနေတဲ့တစ်ယောက်ယောက် ဥပမာ ခင်ပွန်းတို့၊ ဖခင်တို့ ဆေးလိပ်သောက်ခဲ့ရင် သူတို့ဆီကတစ်ဆင့် ဆေးလိပ်ငွေ့တွေ မရှူမိအောင် ဂရုပြုကြရပါမယ်..

(၄) အစားအစာ- အစားအစာစားတဲ့အခါမှာ အတတ်နိုင်ဆုံးလတ်လတ်ဆတ်ဆတ်နဲ့ အာဟာရဓာတ်ပြည့်စုံအောင် ဗီတာမင်၊ သတ္တုဓာတ်နဲ့ အပါအဝင် လုံလောက်စွာစားပေးဖို့ လိုအပ်ပါတယ်..အထူးသဖြင့် ဓာတုပစ္စည်းတွေ အသုံးပြုပြီး တာရှည်ခံအောင်ပြုလုပ်ထားတဲ့အစားအစာတွေကို အတတ်နိုင်ဆုံးရှောင်ကြဉ်ရပါမယ်..ဓာတုဆိုးဆေးတွေပါတာကိုရှောင်ရပါမယ်.. ကဖင်းဓာတ်ပါဝင်တဲ့ ကော်ဖီ၊ လက်ဖက်ရည်တွေကိုလည်း များများမသောက်ရပါဘူး.. တစ်နေ့ ၁ ခွက်၊ ၂ ခွက်သာ သောက်သင့်ပါတယ်.. အဆီအအိမ့်တွေစားတာ၊ ဆီကြော်တွေစားတာကို ရှောင်ရပါမယ်.. အချိုရည်တွေ သောက်သုံးခြင်းကိုလည်း တတ်နိုင်သလောက် ရှောင်ကြရပါမယ်.. မိမိနဲ့ ဓာတ်မတည့်တဲ့အစားအစာတွေကို မှတ်သားထားပြီး လုံးဝရှောင်ကြဉ်ရပါမယ်..

(၅) ကိုယ်ဝန်ဆောင်ခြင်း- အမျိုးသမီးတွေအနေနဲ့ ရောဂါဆိုးနေချိန်မှာ ကိုယ်ဝန်မဆောင်သင့်ပါဘူး..ကိုယ်ဝန်ဆောင်စဉ်မှာ ရောဂါပိုဆိုးတတ်လို့ ဖြစ်ပါတယ်..ကိုယ်ဝန်မရအောင်ပြုလုပ်တဲ့အခါမှာလည်း အီစထိုဂျင် (Estrogen) ပါဝင်တဲ့ သန္ဓေတားဆေးတွေကို မှီဝဲခြင်းမပြုလုပ်ရပါဘူး.. ဒါကြောင့် အခြားသင့်တော်တဲ့နည်းနဲ့ သန္ဓေတားနည်း (ဥပမာ IUCD ထည့်ခြင်း) ကိုသာ အသုံးပြုရပါမယ်..

(၆) လေ့ကျင့်ခန်း- ပုံမှန်ကိုယ်လက်လှုပ်ရှားမှုလေးတွေ ပြုလုပ်နိုင်ပါတယ်.. ဒါပေမယ့် ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေတော့ လုပ်လို့မရပါဘူး.. ပုံမှန်ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးတဲ့အတွက် အဆစ်အမျက်တွေ ပိုပြီးလှုပ်ရှားလို့ကောင်းတဲ့အပြင်၊ သွေးကြောပိတ်တာ၊ သွေးကြောထဲမှာ သွေးခဲတာ၊ နှလုံးသွေးကြောရောဂါနဲ့ လေဖြတ်ရောဂါတွေကနေ ကာကွယ်ပေးနိုင်ပါတယ်..လေ့ကျင့်ခန်းအပြင်းအထန်လုပ်ရင်လည်း ရောဂါပိုဆိုးတတ်ပါတယ်..

(၇) အနားယူခြင်း- ပင်ပင်ပန်းပန်း အလုပ်တွေလုပ်တာရှောင်ရပါမယ်.. ပုံမှန်အနားယူဖို့လည်း လိုပါတယ်..ပုံမှန်အလုပ်တွေတော့လုပ်နိုင်ပါတယ်.. ညဘက်အိပ်ရေးဝ၀အိပ်ဖို့ အရေးကြီးပါတယ်..တစ်နေ့ကို ၈ နာရီလောက် အိပ်စက်အနားယူရပါမယ်.. ရောဂါကြွနေတဲ့အချိန် (SLE Flare) မှာ မဖြစ်မနေအနားယူရပါမယ်..

(၈) စိုးရိမ်ပူပန်စိတ်- အတတ်နိုင်ဆုံးလျှော့ချရပါမယ်.. Stress လို့ ခေါ်တဲ့ စိုးရိမ်ပူပန်မှုတွေများရင် SLE ရောဂါ ပိုဆိုးလာပါမယ်..ဒါကြောင့် စိတ်တည်ငြိမ်မှုကို အထောက်အကူပြုစေမယ့် တရားထိုင်ခြင်း (Meditation)၊ ယိုဂါ (Yoga) ပြုလုပ်ခြင်းတွေဟာ ကောင်းမွန်ပါတယ်..

(၉) ဆရာဝန်နဲ့ပြသခြင်း- ဒီရောဂါဟာ ပျောက်သွားတယ်လို့မရှိတာကြောင့် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ ပုံမှန်ပြသနေဖို့လိုပါတယ်..ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို လိုက်နာရပါမယ်..တိုင်းရင်းဆေးဝါးနဲ့ကုသမယ်ဆိုရင်လည်း နားလည်တတ်ကျွမ်းတဲ့ တိုင်းရင်းဆေးသမားတော်နဲ့ မပြတ်ပြသနေဖို့ လိုပါတယ်..ဆေးတွေကိုလည်း လိုအပ်ရင်လိုအပ်သလို အတိုးအလျှော့ လုပ်ပေးရလေ့ရှိပါတယ်..မိမိသဘောအတိုင်း ဆေးတွေဖြတ်တာ၊ တိုးတာ မလုပ်သင့်ပါဘူး..

MWD : အနောက်တိုင်းဆေးဝါးတွေနဲ့ ကုသမှုအကြောင်းကိုလည်း အနည်းငယ်ရှင်းပြပေးပါ..

Dr. KML : အနောက်တိုင်းဆေးဝါးတွေနဲ့ကုသရာမှာ အဓိကအသုံးပြုတဲ့ဆေးဝါးတွေကတော့

(က) အရောင်ကျဆေး၊ အကိုက်အခဲပျောက်ဆေးများ (NSAID) ဥပမာ- အက်စ်ပရင် (Aspirin)၊ အိုင်ဗျူပရိုဖန် (Ibuprofen)၊ ဒိုင်ကလိုဖီနက် (Diclofenac)

(ခ) ငှက်ဖျားရောဂါမှာအသုံးပြုတဲ့ဆေး (Antimalarials) ဥပမာ- ဟိုက်ဒရော့ဆီ ကလိုရိုကွင်း (Hydroxy-chloroquine)

(ဂ) ကော်တီကိုစတီးရိုက်ဆေးများ (Corticosteroids) ဥပမာ- ပရက်နီစိုလုံး (Prednisolone)၊ ပရက်နီစုံး (Prednisone)၊ မီသိုင်းပရက်နီစိုလုံး (Methylprednisolone)၊ ဟိုင်ဒရိုကော်တီစုံး (Hydrocortisone)

(ဃ) ခုခံအားစနစ်ကိုထိန်းချုပ်ဆေးများ (Immunosuppressives) ဥပမာ- မီသိုထရီဇိတ် (Methotrexate)၊ အေဇာသိုင်ယိုပရင်း (Azathioprine)

(င) သွေးခဲမှုကိုဟန့်တားဆေးများ (Anticoagulants) ဥပမာ- ဝါဖရင် (Warfarin) အဲ့ဒီဆေးတွေဟာ အာနိသင်ထက်မြက်သလို ဘေးထွက်ဆိုးကျိုးတွေလည်း ရှိတဲ့အတွက် နားလည်တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ ပြသတိုင်ပင်ပြီးမှသာ ဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့ သုံးစွဲရမှာဖြစ်ပါတယ်..မိမိသဘောအတိုင်း သောက်သုံးခြင်း၊ ဆေးကိုရပ်နားခြင်း မပြုလုပ်ရပါ..ဆရာဝန်နဲ့ ပုံမှန်ပြသပြီး ဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့သာ သုံးစွဲရမှာဖြစ်ပါတယ်..

MWD : သဘာဝဆေးဝါးများနဲ့ကုသတဲ့အခါမှာရော ဘယ်လိုမျိုးဆေးတွေ သုံးရသလဲဆိုတာ ရှင်းပြပေးပါ..

Dr. KML : သဘာဝဆေးဝါးတွေနဲ့ကုသပေးတဲ့ အဓိကရည်ရွယ်ချက်ကတော့ လူနာကိုအာဟာရဓာတ်ပြည့်ဝအောင်ဖြည့်ဆည်းပေးတာ၊ ခုခံအားစနစ်တွေ ပုံမှန်ပြန်ဖြစ်အောင် လုပ်ဆောင်ပေးတာ၊ ခန္ဓာကိုယ်တွင်းရောင်ရမ်းခြင်းတွေ မဖြစ်အောင် ကာကွယ်ပေးတာ၊ လူနာရဲ့နေထိုင်မှုအခြေအနေကို သက်တောင့်သက်သာဖြစ်စေဖို့ ရည်ရွယ်ပါတယ်.. သဘာဝဆေးဝါးတွေကို CAM (Complementary and Alternative Medicine) လို့ ခေါ်ပါတယ်..အခုနောက်ပိုင်းမှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က TMHS (Traditional Medicine & Health Supplement) ဆိုပြီး သုံးပါတယ်..

အဓိကအသုံးပြုတာတွေကတော့
(က) ပရိုဘိုင်အိုတစ်လို့ခေါ်တဲ့ အကျိုးပြုအဏုဇီဝပိုးလေးတွေ (Probiotics)
(ခ) အိုမီဂါ-၃ ဖက်တီးအက်ဆစ် (ခေါ်) အကျိုးပြုအဆီဓာတ် (Omega-3 Fatty acid)
(ဂ) အင်တီအောက်ဆီဒင့်များ (Antioxidants)
(ဃ) ဂါမာလီနိုလီရစ်အက်ဆစ် (ခေါ်) ဂျီအယ်အေ (Gamma-Linoleic acid or GLA)
(င) ဗီတာမင် ဒီ-၃ (Vitamin D3)
(စ) နနွင်းမှာပါဝင်တဲ့ကာကူမင် (Curcumin)
(ဆ) နာနတ်သီးမှာပါဝင်တဲ့ ဘရိုမယ်လင် (Bromelain)
(ဇ) ဆင်တုံးမနွယ် (Tinospora cordifolia)
(ဈ) မိုးမခ (Salix spp.) တို့ပဲဖြစ်ပါတယ်..



သဘာဝဆေးဝါးတွေကတော့ ဘေးထွက်ဆိုးကျိုးနည်းတဲ့အတွက် အသုံးပြုရတာ ပိုပြီးအဆင်ပြေပါတယ်.. OTC လို့ခေါ်တဲ့ လွတ်လပ်စွာ ဝယ်ယူအသုံးပြုနိုင်လို့ ဆရာဝန်လက်မှတ်နဲ့ ညွှန်ကြားချက်မလိုဘဲ အသုံးပြုနိုင်ပါတယ်..ဒါပေမယ့် ရောဂါအနေနဲ့က ပြင်းထန်လေ့ရှိတော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်ဖြစ်စေ၊ တိုင်းရင်းဆေးသမားတော်ဖြစ်စေ တိုင်ပင်ပြီးကုသရင်တော့ အကောင်းဆုံးဖြစ်ပါတယ်..ခုနကပြောခဲ့တာတွေကတော့ အသုံးပြုနိုင်တဲ့ဆေးဝါးတွေပေါ့..ဒါပေမယ့် လူနာတစ်ယောက်ထဲမှာ အကုန်လုံးသုံးဖို့မဟုတ်ပါဘူး..ရောဂါဖြစ်နေသူရဲ့ အသက်အရွယ်၊ ကျား/မ၊ ရောဂါရဲ့အနုအရင့်၊ ခံစားရတဲ့ဝေဒနာ၊ တခြားနောက်ဆက်တွဲ ဝေဒနာတွေ ရှိ/မရှိ၊ တခြားဆက်စပ်ရောဂါတွေ ရှိ/မရှိပေါ်မူတည်ပြီး ဆေးတွေကို အသင့်တော်ဆုံးရွေးချယ်အသုံးပြုနိုင်ဖို့ အလွန်အရေးကြီးပါတယ်..

ဒေါက်တာ ခင်မောင်လွင် (FAME Pharmaceuticals)

# MWD Health Talk Program

No comments: