Tuesday, September 4, 2018

⚠️️️️️ဂတ်စ်မီးဖိုအသုံးပြုမည့်သူများ သိထားရမည့် အန္တရာယ်ကင်းစွာ အသုံးပြုနည်း (၈)ချက်⚠️




👇အခုပြောမယ့်အကြောင်းအရာက အများသုံးနေကြတဲ့ Portable Gas Stove လို့ခေါ်တဲ့ ဂတ်စ်တစ်ဗူးထည့်သုံးလို့ရတဲ့ ဂတ်စ်မီးဖိုကို မူတည်ပြီး ပြောပြထားခြင်းဖြစ်ပါတယ်👇

1️⃣ဂတ်စ်ရေဗူးတပ်ရန် အဖုံးဖွင့်ခြင်း🔴

✳️ဒါက လွယ်ကူပါတယ်။ ဂတ်စ်ဗူး ထည့်မယ့်ဘက် အခြမ်းမှာ လက်ညှိုးထည့်လို့ရတဲ့ အပေါက်လေး ဂတ်စ်မီးဖို တိုင်းမှာပါပါတယ်။ လက်ညှိုးထည့်ပြီး လှန်လိုက်ရုံပါပဲ။ ဒါဆို ပွင့်ပါပြီ

2️⃣ဂတ်စ်မီးဖိုနှင့် ဂတ်စ်ဗူး မိတ်ဆက်ခြင်း🔴

✳️ဂတ်စ်ဗူးတိုင်းမှာ notch collar လို့ခေါ်တဲ့ လည်ပတ်အထစ်ကလေးပါဝင်ခြင်းကို သတိထားမိပါသလား?
အဲဒီ့ လည်ပတ် အထစ် ကလေးက တကယ့် အဓိက အသက်ပါ၊ အရေးကြီးပါတယ်။

✳️ နောက်တစ်ခုက Gorvenor လို့ခေါ်တဲ့ ဂတ်စ်မီးဖိုမှာ ပါတဲ့ ဂတ်စ်ဗူးထည့်ခြင်း၊ ဂတ်စ်ရေလျှောက်ခြင်းကို အလုပ်လုပ်ပေးတဲ့ အုံလိုက်ခေါင်းကြီး တစ်ခုကို တွေ့ရပါမယ်။ တစ်ချို့က သံခေါင်း၊ တစ်ချို့က ခဲခေါင်း တစ်ချို့ကလည်း ကြေးခေါင်း ကြေးပိုက်ကို အသုံးပြုထားတဲ့ ဂတ်စ်မီးဖိုတွေ မျိုးစုံ ဈေးကွက်ထဲရှိပါတယ်။ တစ်ဆက်တည်း ပြောချင်တာက ဈေးကွက်ထဲမှာ ဂတ်စ်မီးဖိုက အကောင်းဆုံး အကောင်း မကောင်းတကောင်း အညံ့နဲ့ အညံ့ဆုံးဆိုပြီး ခွဲခြားနိုင်လောက်အောင် ပစ္စည်းတွေ အများကြီး ရှိနေပါတယ်။

✳️အညံ့ထိ တကယ် အဆင်ပြေ သုံးလို့ရနေပေမယ့် အညံ့ဆုံးကိုတော့ မ၀ယ်ဖို့ တိုက်တွန်းချင်ပါတယ်။ ဆိုင်တွေကိုလည်း သေချာမေးဝယ်စေချင် ရှင်းပြခိုင်းစေချင်ပါတယ်။ ပြန်ဆက်ရရင် အဲဒီ့ခေါင်းလေးကလည်း အဓိကအသက်ထဲက တစ်ခုပါပဲ။

✳️ နောက်တစ်ခု မိတ်ဆက်ပေးချင်တာကတော့ index arm လို့ခေါ်တဲ့ ခုနက ခေါင်းမှာ တွဲလျက်ပါတဲ့ စပရိန် မောင်းတံလေးပါ။ သူက အပေါ်အောက် အတင်အချ လက်လေးနဲ့ လှုပ်လို့ရပါတယ်။ ဒါကလည်း နောက်ထပ် အဓိက အရေးကြီးတဲ့ တစ်ခုပါပဲ။


👉ဒီလောက်ဆို ဂတ်စ်ရေဗူးထည့်နည်း ပြောလို့ရပါပြီ👈

‼️မပြောခင် အရေးအကြီးဆုံးအချက်က ဂတ်စ်မီးဖိုမှာ ပါတဲ့ လှည့်လို့ရတဲ့ ခလုတ်က မျှားကို “off” နေရာမှာရှိလား? ဆွဲချလို့ရတဲ့ မောင်းတံကြီးက အပေါ်အနေအထားမှာရှိလား? အရင်စစ်ပါ‼️ 👌OK ဆို ဂတ်စ်ဗူးထည့်ပါမယ်👌

3️⃣ဂတ်စ်ဗူးထည့်နည်း🔴

▪️ဂတ်စ်မီးဖို အဖုံးကို ရှေ့ကပြောခဲ့တဲ့နည်းအတိုင်းဖွင့်ပါ။ ထို့နောက် ဂတ်ရေဗူးမှာ အဖုံးပါရင် ဖွင့်ပါ။

▪️ဂတ်ရေဗူးက လည်ပတ်အထစ် ကလေးကို ရှာပါ။ ပြီးလျှင် Govenor (အုံလိုက်ခေါင်းကြီး)မှ မောင်းတံကိုရှာပါ။

▪️ မောင်းတံရဲ့ ထိပ်ဖက်မှာ ဂတ်စ်ဗူးက ထပ်အတံလေးထည့်လို့ရတဲ့ အ၀ိုင်းပေါက်လေးတွေ့ပါလိမ့်မယ်။

▪️အဲဒီ အ၀ိုင်းပေါက်လေးထဲဝင်အောင် ဂတ်စ်ဗူးကို လှဲထည့်ပါ။

▪️ထည့်ပြီးပြီ ဆိုတာနဲ့ ဂတ်စ်ဗူးက လည်ပတ်အထစ်လေးအပေါ် စပရိန်မောင်းတံလေး ကျမကျ စစ်ပါ။ မကျရင် လှဲနေတဲ့ ဂတ်စ်ဗူးကို လှည့်ပေးလိုက်ရုံပါ။ ဒါလေးဟာ လွယ်ကူလွန်းလို့ သတိလက်လွတ်ဖြစ်တတ်ကြပါတယ်။

▪️အဓိကလိုရင်းချုပ်ရင် ဂတ်စ်ဗူးတပ်တဲ့အခါ ဂတ်စ်ဗူးလည်ပတ်အထစ်နဲ့ ခေါင်းကြီးက စပရိန်မောင်းတံလေး အံဝင်ခွင်ကျအောင် တပ်ဖို့လိုပါတယ်။ တပ်ပြီးရင် အဖုံးပြန်ပိတ်လိုက်ရပါပြီ။

👆ဒါဆို အပေါ်မှာစစ်ခဲ့တဲ့ လှည့်တဲ့ခလုတ်နဲ့ မောင်းတံကြီး အသုံးပြုရမယ့် အလှည့်ရောက်ပါပြီ👇

4. မောင်းတံချခြင်း🔴

ဂတ်စ်ဗူးထည့်နည်းအတိုင်းထည့်ပြီးတာနဲ့ မောင်းတံကြီးကို အောက်ကို ဆွဲချလိုက်ပါ။ ဒါဆို ဂတ်စ်ရေတွေ စပြီး ပိုက်လိုင်းထဲ စီးပါပြီ။

ဒီနေရာမှာ နှစ်ချက်စစ်ပါ ✔ 

မောင်းတံကိုဆွဲချတဲ့အခါ ကိုယ်ပုံမှန်တင်ထားတဲ့အားနဲ့ ဆွဲချလို့မရရင် ဆက်မဆွဲချပါနဲ့ ။ လှည့်တဲ့ဘု(လှည့်တဲ့ခလုတ်) ကိုစစ်ပါ။ မျှားက “off” နေရာမှာရှိရဲ့လား။ မရှိရင် “off” မှာပြန်ထားပါ။ ပြီးလျှင် ပြန်ဆွဲကြည့်ပါ အဆင်ပြေပါလိမ့်မယ်။ မျှားက “off” မှာမရှိပဲ အတင်းဆွဲချရင် မောင်းတံကြီး ကျိုးသွားပါလိမ့်မယ် (ပြန်ပြင်မရ အသစ်ဝယ်ရုံသာ)
အပေါ်မှာ ဂတ်စ်ဗူးမထည့်ခင် စစ်ခဲ့ရင် ဒီလိုဖြစ်စရာ အကြောင်းမရှိပါဘူး။ အခုချိန်ထိ ဘာကြောက်စရာမှမရှိပါဘူး။ အေးဆေးပါ။ နောက်တစ်ချက် စစ်ရန် …

◼️ မောင်းတံဆွဲချပြီးတဲ့အခါ  “ရှီးးးးး” ဆိုတဲ့ အသံအကျယ်ကြီး ထွက်လာလား? နားထောင်စေချင်ပါတယ်။ အကယ်၍ အသံကြားရင်လည်း စိတ်မပူပါနဲ့။ ဂတ်စ်ဗူးထည့်တုန်းက စပရိန်မောင်းတံနဲ့ ဂတ်ဗူး လည်ပတ်အထစ် မကျလို့ပါ။ မောင်းတံမြန်မြန်ပြန်တင်ပြီး ဂတ်စ်ဗူးထည့်တာကျမကျပြန်စစ်ပါ။ (အညံ့ဆုံးဆိုတဲ့ ပစ္စည်းတွေက ဒီနေရာမှာ Error{အပျက်}များပါတယ်) ဒီလိုထုတ်ကုန်တွေမှာ သေချာကျအောင်ထည့်လည်း တစ်ချို့အလုံးတွေမှာ “ရှီးးးးး” အသံထွက်တုန်းပါပဲ။ ဒါဆိုရင်တော့ (လုံးဝ) မသုံးသင့်ပါဘူး။ ဒါက ကိုယ်တွေ့လေးပြောပြပေးတာပါ။

မောင်းချလို့လည်း OK တယ်၊ “ရှီးးးးး” သံလည်း မထွက်ဘူး ဆိုရင် နောက်တစ်ဆင့် မီးညှိပါမယ်။

5️⃣️️မီးညှိခြင်း🔴

မောင်းတံကြီးရဲ့ဘေးနားက လှည့်လို့ရတဲ့ဘုက လက်ရှိအခြေအနေအရဆို “off” မှာ ရှိနေမှာပါ။ အဲဒါကို နာရီလက်တံပြောင်းပြန်(ဘယ်ဘက်သို့) အဆုံးထိ (“ထောက်” လို့မြည်တဲ့အထိ) *မြန်မြန်* လှည့်ပါ။

ဒါဆို ဂတ်စ်ဖိုရဲ့ အလယ်ဘေးမှာရှိတဲ့ တစ်ခုတည်းသော အချွန်လေးက “spark” ရိုက်ပြီး မီးညှိပြီးသားဖြစ်သွားကာ ဂတ်စ်ဖိုမှာ မီးရလာပါလိမ့်မယ်။ အကယ်၍ မီးမရသေးလျှင် လှည့်တဲ့ဘုကို “off”မှာ ပြန်ထားပြီး ခုနကအတိုင်း ဘယ်ဘက်သို့ (“ထောက်” လို့မြည်တဲ့အထိ) *မြန်မြန်* လှည့်ပါ။

ဒီနေရာမှာလည်း သိထားရမည့် နှစ်ချက်ရှိပါသေးတယ်

◼️*မြန်မြန်* ဆိုတဲ့ စကားဟာ ဖြည်းဖြည်း မလှည့်ပါနဲ့လို့ ဆိုလိုချင်တာပါ။ လှည့်တဲ့ဘု ကို လှည့်တာနဲ့ ခုနက မောင်းတံကြီး ချခဲ့လို့ ပိုက်လိုင်းထဲ စီးဆင်းတွေတဲ့ ဂတ်စ်တွေဟာ ဂတ်စ်မီးဖို အလယ်က ပင်မနေရာကို ဂတ်စ်တွေရောက်အောင် ထုတ်လွှတ်ပေးလိုက်ခြင်းဖြစ်ပါတယ်။ တစ်နည်းပြောရရင် ဂတ်စ်တွေထွက်နေပြီပေါ့။ ဒါကြောင့် မြန်မြန် မီးညှိပေးခြင်း၊ မြန်မြန် လှည့်ပေးခြင်းအားဖြင့် ဂတ်စ်ထွက် ပျံ့နှံ့ခြင်းကို လျော့စေပါတယ်။

◼️ နောက်တစ်ချက်က ဖြည်းဖြည်းချင်း လှည့်လာလို့ ဂတ်စ်ထွက်များလာရင်လည်း မီးညှိလို့ “ထောက်”ကနဲ မြည်တဲ့အခါ ဂတ်စ်ငွေ့ပျံ့နေတဲ့နေရာ အထိ မီးဟပ်တတ်တာမို့ ကြောက်တဲ့သူအဖို့ လန့်စေနိုင်ပါတယ်။ ဒါကြောင့် မြန်မြန်လှည့်စေခြင်းဖြစ်ပါတယ်။

6️⃣️️မီးအတိုးအလျှော့ချိန်ခြင်း🔴

မီးညှိပြီး မီးများနေတယ်လို့ ထင်ရင် အဲဒီ့ လှည့်တဲ့ဘုလေးကိုပဲ ညာဘက်သို့ ဖြည်းဖြည်း မှန်မှန် လှည့်ကာ လိုသလို အတိုးအလျှော့ ကစားနိုင်ပါတယ်။

7️⃣အန္တရာယ်ကင်းစွာ ပိတ်နည်း🔴

ချက်ပြီး ပြုတ်ပြီး ပိတ်မည်ဆိုလျှင်လည်း လှည့်တဲ့ဘုကို “off”မှာ ပြန်ထားပါ။ မီးငြိမ်းသွားပါလိမ့်မယ်။
ထို့နောက် မောင်းတံကြီးကို အပေါ်သို့ ပြန်တင်လိုက်ရုံနဲ့ ဘာအန္တရာယ်မှ တစ်စုံတစ်ရာမရှိပဲ အချိန်ကုန်မြန် မီတာခမကုန်ပဲ အဆင်ပြေချောမွေ့စွာ ချက်ပြုတ်မှုပြီးစီး သွားပါလိမ့်မယ်😋

8️⃣ဂတ်စ်ဗူးအသစ်လဲခြင်း🔴

ချက်ပြီး ဂတ်စ်ဗူးပြန်မထုတ်လည်းရပါတယ်။ မကြောက်ပါနဲ့ ဘာအန္တရာယ်မှ မရှိပါဘူး။ ဂတ်စ်ကုန်မကုန် ဘယ်လိုသိလဲ? ဆို ပုံမှန်ချက်နေကျ မီးတောက်ကလျော့လာပြီဆို ကုန်တော့မှာမို့ပါ။

ဂတ်စ်ဗူးထုတ်တာကတော့ အဖုံးကို လက်ညှိုးနဲ့ ဖွင့်ပြီး ထည့်ထားတဲ့ ဗူးဆွဲထုတ်ရုံပါပဲ။ (မီးပိတ်ထားချိန်ပဲလုပ်ပါ) နောက်ပုံမှန်အတိုင်း အသစ်တစ်ဗူးထည့်ပါ။

✴️ဒီနေရာမှာ တစ်ခုပြောချင်သေးတာက မိမိလဲတဲ့ဗူးက အသစ်ဆိုရင်တော့ အကြောင်းမဟုတ်ပါဘူး။ ဂတ်စ်ဆိုင်တွေက ပြန်ဖြည့်ထားတာမျိုးဆို ဗူးကို သေချာစစ်ပြီး ယူသင့်ကြောင်း သတိလေးပေးရုံပါ။ (သံချေးအရမ်းကိုက်နေတာမျိုးမယူပါနဲ့)☑️

ဖြစ်နိုင်ရင် စပြီး ဂတ်စ်မီးဖို ၀ယ်ကတည်းက ကိုယ်က အသုံးများမယ်ဆို ၃ဗူးလောက် ဗူးသစ်ဆောင်ထားပြီး တစ်ခုကုန်လို့ တစ်ခုလဲတဲ့အချိန် ဂတ်စ်ဆိုင်မှာ ကိုယ့်ဗူးကိုပဲ ဂတ်စ်ဖြည့်ခိုင်းလည်းရတာမို့ ကိုယ်ဗူးနဲ့ကိုယ်လည်တာပေါ့☑️

!သြော် နောက်တစ်ခု ဂတ်စ်တစ်ဘူးကို သုံးနာရီလောက်တော့ အသုံးခံပါတယ်နော်။


📣📣📣 ကဲ ဒီလောက်ဆို အိမ်ရှင်မ👩‍🍳 အိမ်ရှင်ထီး👨‍🍳များ ဂတ်စ်မီးဖို ဆိုတာကြီးကို ကြောက်နေသေးရင်တောင် လက်တည့်စမ်း လုပ်တတ် ကိုင်တတ်သွားမယ်လို့ အထူး ယုံကြည်ပါတယ်...🤩🤩🤩

👍ခုရေးသားထားတဲ့ အကြောင်းရာတွေက မိတ်ဆွေ သူငယ်ချင်းများအတွက် အကျိုးကျေးဇူးတစ်ခုရတယ်ဆိုရင်ပဲ ကျေနပ်ပါပြီ👍

မိတ်ဆွေလိုပဲ အခြားမိတ်ဆွေကောင်များ သိခွင့်ရအောင်လည်း share လုပ်ပေးစေချင်ပါတယ်🗣️🗣️🗣️…

🙏 ကျေးဇူးအထူး🙏

🌐New World Wholesale🌐
(လက္ကားဈေးကြီးသင့်ဆီလာပြီ)

#newworldwholesale #NWW
#ButaneGas #PortableGasStove
#SundaySharing

No comments: