Thursday, September 20, 2018

အနာအဆာကင်းသည့် အသားအရေရဖို့ သုံးသင့်သော အသားအရေထိန်းသိမ်းဆီ (၇)မျိုး



(How to Get Naturally Flawless Skin With These 7 Skincare Oils)

ယနေ့ခေတ် မြန်မာနိုင်ငံအတွင်း ဘယ်နေရာကိုပဲကြည့်ကြည့် အသားအရေ ထိန်းသိမ်းရေး ပစ္စည်းထုတ်ကုန်အများအပြား ဈေးကွက်ထဲမှာတွေ့နေနိုင်ပါပြီ။ ဒါပေမယ့် အကောင်းစားပါ အထိရောက်ဆုံး ဖော်မြူလာတွေနဲ့ ဖန်တီးထားတာပါဆိုတဲ့ ထုတ်ကုန်အများစုက ဈေးကြီးမြင့်သလို သုံးစွဲသူရဲ့ အသားအရေကို ပျက်စီးစေမယ့် အန္တရာယ်ရှိဓာတုပစ္စည်းများပါဝင်မှုက ရှိကောင်းရှိနေနိုင်ပါတယ်။

သို့သော် အဆိပ်အတောက်နည်းစွာ အနာအဆာကင်းတဲ့ အသားအရေကို သဘာဝကျကျ ပိုင်ဆိုင်ခွင့်ရနိုင်သေးတာတော့ သိတယ်မဟုတ်​လား?

အစိုဓာတ်ထိန်း အလှဆီ (moisturizers) အမျိုးအစားများစွာရဲ့ ပါဝင်ပစ္စည်းများထဲမှာ  အဆီ(oil)ဓာတ်က အလုပ်ဖြစ်တဲ့ တစ်ခုတည်းသော အရာပါ။ အပင်ထွက်ပစ္စည်းကို အခြေခံသော အဆီဟာ အရေပြားအစိုဓာတ်ပြန်လည်ဖြစ်စေဖို့ အထိရောက်ဆုံး ဖြစ်ပါတယ်။ အပင်ထွက် အဆီ (Plant Oils) ဟာ အရေပြားကထွက်သော အဆီနဲ့ ဆင်တူလို့ပါ ခင်ဗျ။

အနာအဆာကင်းပြီး ကြည့်ကောင်းတဲ့ အသားအရေကို သဘာဝကျကျ ရဖို့ ဘယ်အဆီအနှစ်က အကူအညီဖြစ်မလဲ ဆိုတာရယ် စာဖတ်သူရဲ့ အလှအပမှာ ထင်သာမြင်သာရှိသော အရေပြားကောင်းခြင်းအတွက် အသုံးပြုနိုင်တဲ့ အသားအရေ ထိန်းသိမ်းဆီ (၇) မျိုးအကြောင်းရယ် ရေးပြဝေငှပါ့မယ်။

(၁) အာဂန် အဆီ (Argan Oil)


အာဂန်သီး အဆီ (Argan Oil) ရှိခဲ့တာ အချိန်ကာလ တော်တော်ကြာပါပြီ။ မော်ရိုကိုနိုင်ငံက လူတွေကတော့ အာဂန် အရည်တွေကို အရေပြား ချောမွေ့ဖို့ အသုံးပြုခဲ့ကြပါတယ်။

အကျိုးကျေးဇူး (Benefits)

အာဂန်အဆီက ၀က်ခြံတွေ ရှင်းဖို့နဲ့ အရေပြားကို ပိုးကူးစက်မှု (infection) မရှိအောင် ကာကွယ်​ဖို့ ကူညီနိုင်ပါတယ်။  အမျိုးသမီးတွေမှာဖြစ်လေ့ရှိသော နှင်းခူ (eczema) သို့မဟုတ် အနီပိန့်များထတတ်သော အရေပြားရောဂါ (psoriasis)ကြောင့် အရေပြားခြောက်တဲ့အခါ အသားအရေ ဖူးယောင်နီရဲခြင်းဖြစ်လာပါက သက်သာပြေပျောက်စေနိုင်တဲ့ အကျိုးကျေးဇူး အာဂန်အဆီမှာရှိပါတယ်။ အာဂန်အဆီက အဆီပြန်အသားအရေပိုင်ရှင်တွေအတွက်လည်း ကောင်းကောင်း အလုပ်ဖြစ်ပါတယ်။




အသုံးပြုပုံ အညွှန်း (Directions)

(၁) နုညံ့တဲ့ မျက်နှာသန့်စင်ဆေးတစ်ခုကို အသုံးပြုပြီး မျက်နှာကို ဆေးကြောပါ။
(၂) လက်ဖ၀ါးထဲ အာဂန်အဆီ တစ်စက် နှစ်စက်ချကာ လက်ဖ၀ါးနှစ်ဖက်ကို နွေးလာအောင် တပြိုင်နက် ပွတ်သပ်ပါ။
(၃) မျက်နှာပြင်အနှံ့နဲ့တကွ လည်တိုင်ကိုပါ လိမ်းကျံပါ။
(၄) မိတ်ကပ်လိမ်းဖို့ အစီအစဉ်​ရှိသူဆိုရင်တော့ အသားအရေထဲ အာဂန်အဆီကောင်းကောင်း စိမ့်ဝင်သွားချိန်အထိ ခဏစောင့်ပါ။

စာကြွင်း ။ ။ ရေပြန်ဆေးစရာမလိုတဲ့ ကွန်ဒင်ရှင်နာ (leave-in conditioner)တစ်ခုထဲ အာဂန်အဆီ သုံး၊လေးစက်ချရောမွှေလိုက်ကာ ဆံပင်အရင်းပိုင်းတွေကို လိမ်းကျံပေးလို့ရပါတယ်။

(၂) ထောပတ်သီးအဆီ (Avocado Oil) 



ထောပတ်သီးအဆီက အတော်ပျစ်တဲ့ အဆီအမျိုးအစားတစ်ခုပါ။ ဒါပေမဲ့ အရေပြားကျန်မားရေးအတွက် အကောင်းမွန်ဆုံးသော အဆီတစ်မျိုးဖြစ်ပါတယ်။ ဗီတာမင် အေ၊ ဗီတာမင်​ E နှင့် အခြား ကော်လာဂျင်ထုတ်လုပ်မှု မြှင့်တင်ပေးနိုင်တဲ့ အပင်ထုတ် ဓာတုဓာတ်ပေါင်းများ(plant sterolins) ကြွယ်ဝစွာပါဝင်ပါတယ်။

ထောပတ်သီးအဆီက ပျစ်လွန်းတာကြောင့် ညအချိန်မှာ လိမ်းကျံရတဲ့ အရည်ကြည်(serums) အဖြစ်သုံးဖို့ ညွှန်းချင်သလို နေ့အချိန် အိမ်မှာ တနေကုန် နေဖြစ်တဲ့နေ့တွေမှာ သုံးပါ။ တကယ်လို့ ကိုယ်သုံးနေကြ အသက်​အရွယ်​ရသူလိမ်းသော အရည်ကြည် (anti-aging serum)က စေးကပ်ကပ်ဖြစ်နေတယ်ဆိုရင် ထောပတ်သီးအဆီနဲ့ ရောစပ်အသုံးပြုနိုင်ပါတယ်။


(၃) စပျစ်စေ့အဆီ (Grape Seed Oil)

စပျစ်စေ့အဆီက အရေပြားအတွက် အလွန်ကောင်းသော အဆီဖြစ်ပါတယ်။ အရေပြားဖူးရောင်တာကို ကာကွယ်ဖို့ (anti-inflammatory)နဲ့ အရေပြားချောမွေ့ဖို့ ဆိုသောအကျိုးကျေးဇူးတွေရအောင် အလှပြင်ပစ္စည်းအဖြစ် အသုံးပြုလို့အကောင်းဆုံးဖြစ်ပါတယ်။


အကျိုးကျေးဇူး (Benefits)
စပျစ်စေ့အဆီမှာ အရေပြားဆဲလ်အမြှေးများ ပိုမိုသန်စွမ်းအောင် ပြုလုပ်ပေးတဲ့ လီနိုလီအစ် အက်ဆစ် (linoleic acid) တော်တော်များများပါရှိပါတယ်။ အရေပြားပေါ်က အရေးအကြောင်း အတွန့်များကို လျော့နည်းစေနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants)လည်း ကြွယ်ဝစွာပါဝင်ပါတယ်။

စပျစ်စေ့အဆီမှာ ၀က်ခြံထွက်ခြင်းကို အကာအကွယ်ပြုတဲ့ ပိုလီဖင်န်နောလ် (polyphenols) လည်း အများအပြား ပါပါတယ်။ တကယ်လို့ ကိုယ်က အဆီပြန်အသားအရေပိုင်ရှင်ဆိုပါလျှင်လည်း ပေါ့ပေါ့ပါးပါး အစိုဓာတ်ထိန်း လိမ်းဆေး တစ်ခုလို စပျစ်စေ့အဆီကို အသုံးပြုနိုင်တယ် အရေပြားမှာ ​ချောကျိကျိ ဖြစ်မနေဘူးလေ။


အသုံးပြုပုံ အညွှန်း (Directions)
(၁) အရေပြားက အတွန့်အရေးအကြောင်းပေါ်ကို စပျစ်စေ့အဆီ အစက်အနည်းငယ်လောက် လိမ်းပေးပါ။
(၂) အရေပြားက ကောင်းကောင်း မစုပ်ယူသွားခင် အသာအယာ နှိပ်​နယ်​ပေးပါ။ နေ့စဉ်သုံးနေကြ အစိုဓာတ်ထိန်းပစ္စည်းတစ်ခုကဲ့သို့ လည်တိုင်မှာလည်း အသုံးပြုနိုင်ပါတယ်။

(၄) ဟိုဟိုဘ အဆီ (Jojoba Oil)

သည်အဆီက အမေရိကန်နိုင်ငံနဲ့ မက္ကဆီကိုနိုင်ငံတို့တွင် ပေါက်ရောက်တတ်သည့် အစေ့ထွက်သော အပင်ငယ်တစ်မျိုး (Simmondsia chinensis) မှလာတာ သိနိုင်ပါတယ်။ မျက်နှာအလှပြင်အဆီ တစ်ခုအဖြစ် ကောင်းကောင်း ကြိုက်နှစ်သက်ခြင်း မခံရမှီမှာ ဝေလငါးအဆီ (whale oil) နေရာကို အစားထိုးဖို့အတွက် ဟိုဟိုဘ အဆီကို အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။


အကျိုးကျေးဇူး (Benefits)

အရေပြားအမျိုးအစားအားလုံးအတွက် နေ့စဉ်သုံး အစိုဓာတ်ထိန်း ပစ္စည်းတစ်ခုအဖြစ် ဟိုဟိုဘအဆီက အကောင်းဆုံးပါ။ အရေပြားကို ​ချောကျိကျိ မဖြစ်စေဘဲ အစိုဓာတ်ကို ထိန်းသိမ်းနိုင်စွမ်းရှိသူပါ။

အရေပြားပေါ်မှာ ဘက်တီးရီးယားတွေ ပွားများကြီးထွားမှုကြောင့် ဖြစ်ပေါ်သော ပြဿနာများ(anti-microbial)ကို တားဆီးပေးသလို အရေပြား ဖူးယောင်တာကို ဆန့်ကျင့်ပြီး အသားအရေ ဖူးယောင်နီရဲခြင်း(anti-inflammatory) အား လျေားပါးဖို့အကူအညီပေးပါတယ်။ ပြီးတော့ ဟိုဟိုဘအဆီအနေနဲ့ အရေပြားရှိ အဆီဓာတ်ပမာဏ ညီမျှနေအောင် အထောက်အကူပြု ပေးတာကြောင့် မျက်နှာမှာ ​ချောကျိကျိ အဆီပြန်တာမျိုး ဖြစ်စေမှာ မဟုတ်ပါဘူး။


အသုံးပြုပုံ အညွှန်း (Directions)

(၁) မျက်နှာသန့်စင်ဆေးတစ်ခုအနေနဲ့သုံးမယ်ဆိုပါက ဟိုဟိုဘအဆီကို (jojoba oil) လက်ချောင်းတွေပေါ် အနည်းငယ်လောင်းချကာ မျက်နှာအနှံ့ လိမ်းကျံပါ။

(၂) နုညံ့တဲ့ မျက်နှာသစ်ဆေးနဲ့ ရေကို အသုံးပြုပြီး ပြန်လည်ဆေးကြောပစ်ပါ။

စာကြွင်း ။ ။ အစိုဓာတ်ထိန်း ပစ္စည်းတစ်ခုအနေနဲ့သုံးမယ်ဆိုပါက ဟိုဟိုဘအဆီ နှစ်စက် သုံးစက်လောက် မျက်နှာသစ်ပြီးစ အစိုဓာတ်မပြယ်သေးတဲ့အချိန် အရေပြားကို သေချာလိမ်းကျံပေးပါ။

(၅) ဒန့်သလွန်စေ့အဆီ (Moringa Oil)

ဒန့်သလွန်သီးက လူတိုင်းမသိတဲ့ အစားအစာတော့မဟုတ်လောက်ပါဘူးနော်။ အရွက်၊ အမြစ်၊ အသီးတောင့်ကအစ တိုင်းရင်းဆေးသမားတွေပါ အသုံးပြု ကြတာ ကြားဖူးမှာပါ။ ဒန့်သလွန်သီးအစေ့ကနေ အနှစ်ထုတ် အဆီထုတ်ထားတဲ့ အဆီဟာ အရေပြားအခြေအနေအမျိုးမျိုးအတွက် ပြုစုကုသ(treatment)တဲ့နေရာမှာ အသုံးပြုကြပါတယ်။



အကျိုးကျေးဇူး (Benefits)

ဓာတ်တိုးဆန့်ကျင်ပစ္စည်း (antioxidant) ကြွယ်ဝတဲ့ သည်အဆီက အသက်​အရွယ်​ ကြီးရင့်မှုကြောင့်ဖြစ်လာမယ့် အခြေအနေတွေကို နှေးကွေးစေပါတယ်။ ၀က်ခြံ၊ ဆားဝက်ခြံခေါင်းမည်းနဲ့ အမည်း​ရောင်​ အစက်အပြောက်တွေကို အရေပြားပေါ်က ဖယ်ရှားသန့်စင်ဖို့ အထောက်အကူပြု တယ်လေ။

အသုံးပြုပုံ အညွှန်း (Directions)

(၁) အစိုဓာတ်ထိန်းပစ္စည်းတစ်ခုကဲ့သို့ အသုံးပြုမည်ဆိုပါက လက်ချောင်းတွေပေါ် ဒန့်သလွန်စေ့အဆီ (moringa oil) ၂စက် ၃စက်လောက်ချပါ။

(၂) မျက်နှာနဲ့တကွ လည်တိုင်ကိုပါ နှိပ်နယ်လိမ်းကျံပေးပါ။ အရေပြားဆဲလ်ဟောင်းတွေ ဖယ်​ရှားရှင်းလင်းချင်ပါက သကြားအညို အနည်းငယ်နဲ့ ဒန့်သလွန်စေ့အဆီကို ပေါင်းစပ်ကာ ပွတ်သပ်ဖယ်ရှားနိုင်ပါတယ်။



စာကြွင်း ။ ။ နေပူလောင် မီးပူလောင်တာ၊ အင်းဆက်ပိုးမွှား အကိုက်ခံရတာ၊ ကုတ်ခြစ်မှုကြောင့် ပွန်းပဲ့သွားတာတွေကို ကုသဖို့အတွက် ဖြစ်တဲ့နေရာဝန်းကျင်ကို ဒန့်သလွန်စေ့အဆီ အနည်းငယ်လောက် သေချာလိမ်းကျံပေးပါ။

(၆) နှင်းဆီသီးစေ့အဆီ (Rose Hip Oil)

နှင်းဆီအရိုင်းလို့ပြောလို့ရတဲ့ ခြုံပုတ်သဏ္ဌာန်အပင်မျိုးဖြစ်တဲ့ Rosa rubiginosa ရဲ့ အသီး အစေ့ကို အခြောက်ခံ ကြိတ်ပြီး အဆီထုတ်ထားတာပါ။ သည်နှင်းဆီက မျိုးစိတ်အများကြီးရှိပြီး တကယ့် နှင်းဆီစေ့အဆီကိုတော့ Rosa rubiginosa မျိုးကပဲထုတ်ယူကြပါတယ်။ အမွှေးနံ့သာအတွက် ထုတ်ယူကြတဲ့ နှင်းဆီပွင့်ဖတ်အဆီ(rose petal oil)နဲ့ ကွဲပြားပါတယ် ခင်ဗျ။


အကျိုးကျေးဇူး (Benefits)
နှင်းဆီသီးစေ့အဆီ မှာ အရေပြားဆဲလ် ပြန်လည်အသစ်ဖြစ်ထွန်းတဲ့ဖြစ်စဉ်အတွက် ပဓာနကျတဲ့ လင်နိုလီအစ် အက်ဆစ် (linoleic acid)ပါဝင်ပါတယ်။ အရေပြား အရေးအကြောင်းတွေ၊ ကျီးခြေရာတွေကို လျော့ပါးစေတဲ့ ရီတင်နွုက်အက်ဆစ် (retinoic acid)နဲ့ အရေပြား အသားအရောင်တောက်ပဖို့ အကူအညီပေးတဲ့ ဗီတာမင် စီလည်းပါဝင်ပါတယ်။

အသုံးပြုပုံ အညွှန်း (Directions)

(၁) သဘာဝ နှင်းဆီသီးစေ့အဆီ နှစ်စက်-သုံးစက်လောက်ကို လိမ်းကျံလိုသောနေရာတ၀ိုက် လိမ်းပေးပါ။
(၂) အရေပြားက အဆီကို ကောင်းကောင်း မစုပ်ယူသွားခင် အသာအယာနှိပ်နယ်ပေးပါ။


စာကြွင်း ။ ။ အမည်းစက်တွေက ရက်သတ္တပါတ် နှစ်ပတ်အတွင်း အရောင်ဖျော့သွားပါလိမ့်မယ်။ မျက်နှာသစ်ပြီးနောက် မျက်နှာတပြင်လုံးကိုလည်း နှင်းဆီသီးစေ့အဆီကို လိမ်းကျံပေးနိုင်ပါတယ်။ အရေပြားကွက်ပြီး ခြောက်နေတဲ့နေရာနဲ့ အရေးအကြောင်း ပေါ်လာမည့်ဟန်တွေကို လျော့ချချောမွေ့စေနိုင်တာပေါ့။

(၇) လက်ဖက်အဆီ (Tea Tree Essential Oil)

လဖက်အဆီက ၀က်ခြံကြောင့် ပျက်နေတဲ့ အရေပြား (acne-prone skin) အတွက် အကောင်းဆုံးဖြစ်ပါတယ်။ ၀က်​ခြံ ၀န်းကျင်မှ ဘက်တီးရီးယားတွေကို တိုက်ခိုက်ဖို့ အကူအညီပေး အကာအကွယ်ဖြစ်စေသလို အနာကျက်အောင် ကုသဖို့အထောက်အကူရပါတယ်။ အရေပြား ကွဲအက်တာ ပြဲသွားတာ ပွန်းပဲ့သွားတာတွေကို လျော့ပါးစေနိုင်သလို အထိန်းအကွပ်ပေးတဲ့ အရေပြားသဘာဝအဆီထုတ်လုပ်ဖို့ အကူအညီဖြစ်ပါတယ်။


အသားအရေက နေ၊လေ၊ရေ သဘာဝဘေးဒဏ်ကြောင့်ရော အသက်​အရွယ်​အရပါ ပြောင်းလဲယိုယွင်းကြတာ မှန်ပေမယ့် အပေါ်က ပြောပြခဲ့တဲ့ သဘာဝအတိုင်း အရောအနှောမပါ အဆီများကို သုံးစွဲထိန်းသိမ်းဖို့လိုပါတယ်။ လူ့ခန္ဓာကိုယ် အသားအရေနဲ့ လိုက်လျောညီထွေဖြစ်သော အဆီမျိုးလည်း ဖြစ်ဖို့ အရေးကြီးပါတယ်။

အဆင်ပြေကြပါစေကြောင်း 
Alex Aung (18 September 2018)

Ref; How to Get Naturally Flawless Skin With These 7 Skincare Oils By Georgia Landry

No comments: