Friday, September 28, 2018

ဝက်သားနှင့် သရက်သီးချဉ်စပ်သုပ် - အသီးအရွက်စုံဟင်းရည် - ပူဒီနာငါးပိထောင်း

ဝက်သားနှင့် သရက်သီးချဉ်စပ်သုပ်


ပါဝင်ပစ္စည်းများ
ဝက်သားသုံးထပ်သား  –  ၃၀ဝ ဂရမ်
သရက်သီးစိမ်း  –  ၁ လုံး
ကြက်သွန်နီ  –  ၁ လုံး
ငရုတ်သီးစိမ်း  –  ၇ တောင့်ခန့်
နံနံပင်  –  အနည်းငယ်
ခရမ်းချဉ်သီး  –  ၁ လုံး
မြေပဲဆံ  –   စားပွဲဇွန်း ၂ ဇွန်း (ထောင်းပြီး)
ကြက်သွန်ဖြူကြော်  –  စားပွဲဇွန်း ၁ ဇွန်း
ကြက်သွန်ဖြူဆီချက်  –  စားပွဲဇွန်း ၂ ဇွန်း
ဆား  –  အနည်းငယ်
သကြားရည်  –  အနည်းငယ်
ငံပြာရည် အကြည်  –  လိုအပ်သလို
သံပရာသီး  –  ၁ လုံး

ပြုလုပ်နည်း
၁။       ဝက်သားကို ရေ၊ ကြက်သွန်ဖြူ၊ ချင်း၊ နံနံပင် (အမြစ်)၊ ဆား၊ ပဲငံပြာရည် အကြည်၊ ငရုတ်ကောင်း မှုန့်တို့ဖြင့် နူးအိလာအောင် ပြုတ်ပါ။
၂။       ဝက်သားနူးအိသွားပြီဆိုလျှင် အအေးခံပြီး ပါးပါးလှီးထားပါ။
၃။       ဇလုံတစ်လုံးထဲ ပါးပါးလှီးထားတဲ့ ဝက်သား၊ သရက်သီးတစ်ခြမ်း (အခွံနွှာ ပါးပါးလှီး)၊ ငရုတ်သီး (ပါးပါးလှီး)၊ နံနံပင်(ပါးပါးလှီး)၊ သံပရာတစ်လုံး အရည်ညှစ်ပြီး အခွံပါထည့်၊ အရသာများနှင့် ကျန်တဲ့ ပါဝင်ပစ္စည်းများ အားလုံးထည့်ပြီး နယ်ပြီး သုပ်ပါ။
၎။       အရသာမှာ ချဉ်၊ စပ်၊ ဆိမ့်ပြီး ချိုတဲ့အရသာရပြီဆိုလျှင် ထမင်းနဲ့ပဲဖြစ်ဖြစ်၊ ဒီအတိုင်းပဲ ဖြစ်ဖြစ် စားလို့ရပါပြီ။

*        ဒီအသုပ်လေးက ဝက်သားရဲ့ အီတဲ့အရသာနဲ့ သရက်သီးရဲ့ချဉ်တဲ့အရသာနှစ်ခုကို မျှတအောင် ဖန်တီးထားတာဖြစ်တဲ့အတွက် တကယ်ကို ထူးခြားပြီး အရသာ တကယ်ရှိတယ်ဗျာ။
          သရက်သီးက အရမ်းချဉ်နေမယ်ဆိုရင် သံပရာမထည့်ပါနဲ့။ သကြားရည်နည်းနည်း ပိုထည့်ပေးပါ။ အချဉ်အရသာကြိုက်တယ်ဆိုလျှင် သကြားရည်မထည့်ဘဲ သုပ်လည်း ရပါတယ်။
          နောက်တစ်ခုက ဝက်သား အရမ်းနူးပြဲသွားအောင် မပြုတ်ပါနဲ့။ နူးပြီး အခေါက်လေးက နည်းနည်းလေး အိပြီး မာဆတ်ဆတ်လေးဖြစ်နေတဲ့ အနေအထားဆိုလျှင် ပိုကောင်းပါတယ်။
          သုပ်တဲ့အခါမှာလည်း ဝက်သားပြုတ်ရည်လေး နည်းနည်းထည့်ပြီး သုပ်ကြည့်ပါ။ ပိုစားကောင်းပါတယ်။
          ငရုတ်သီးအပြင် ငရုတ်သီးမှုန့်ထည့်ပြီးသုပ်လည်း ရပါတယ်။ ဝက်သားပြုတ်ထားတဲ့ အရည်ကိုလည်း အရသာပြင်၊ ကြက်သွန်မြိတ် (သို့) နံနံပင်ထည့်ပြီး ဟင်းချိုလုပ်သောက်လို့ ရပါသေးတယ်။
          အိုကေ… ဒါဆိုရင် ဒီတစ်ပတ် ပိတ်ရက်လေးမှာ ဝက်သားနှင့် သရက်သီးချဉ်စပ်သုပ်လေး သုပ်စားလို့ရပြီပေါ့ဗျာ။

ချက်ပြုတ်ပြသူ - အံ့ဝင့်ထွဋ် (MRTV4)

အသီးအရွက်စုံဟင်းရည်


 ဒီအသီးအရွက်စုံဟင်းရည်ကို တိုင်းရင်းသားချက်နည်းတစ်မျိုးကို နည်းယူပြီး ချက်ပြုတ်ထားတာဖြစ်ပါတယ်။ ချက်နည်းမှာ ဖော်ပြထားတဲ့ ဟင်းသီးဟင်းရွက်များတင်မက မိမိနှစ်သက်ရာများပေါင်းစပ်ပြီး ချက်ပြုတ်နိုင်ပါတယ်။

ပါဝင်ပစ္စည်းများ
• ပဲပုပ် - ထမင်းစားဇွန်း ၂ ဇွန်း
 (ကင်ပြီး ထောင်းပြီးသား)
• ကြက်သွန်ဖြူ - ၄ မြွှာ
• ငရုတ်သီးစိမ်းအနီ - ၄ တောင့်
• ဆား - အနည်းငယ်
• ခရမ်းကစော့သီး - အလုံး ၂၀
• ဖရုံညွန့် - ပန်းကန်လုံး ၁ လုံး
• ဆူးပုပ် - ပန်းကန်လုံး ၁/၂ လုံး

ပြုလုပ်နည်း
၁။ ကြက်သွန်ဖြူနဲ့ ငရုတ်သီးတို့ကို မီးပြင်းပြင်းနဲ့ မွှေးလာအောင် လှော်ပေးပြီး ညက်အောင် ထောင်းထားပါ။
၂။ ရေ ၅၀ဝ မီလီလီတာကို ဆူအောင်တည်ပြီး ထောင်းထားသော အဆာများနဲ့ ပဲပုပ်မှုန့် များ ထည့်ပေးပါ။ ခရမ်းကစော့သီးများနဲ့ ဖရုံညွန့်များထည့်ပြီး တည်ပါ။ ဆားခတ်ပြီး အရသာ မြည်းပါ။ နောက်ဆုံး ဆူးပုပ်ထည့်ပြီး ချက်ပြုတ်ခြင်းကို အဆုံးသတ်နိုင်ပါပြီ။
ချက်ပြုတ်ပြသူ - ကိုသစ်ထူး

ပူဒီနာငါးပိထောင်း


 မြန်မာထမင်းဝိုင်းမှာ မြန်မာထမင်းဟင်းအရသာကို ပိုပြီး ပြည့်စုံဖို့ဆိုလျှင် ဒီလို အရန်ဟင်းလေး လိုပါတယ်။

ပါဝင်ပစ္စည်းများ
• ငါးပိ                         - စားပွဲဇွန်း ၂ ဇွန်း  (မီးကင်ထားပါ)
• ငရုတ်သီးစိမ်း           - ၂၀ တောင့် (မီးကင်ထားပါ)
• ငရုတ်သီးမှည့်အတောင့်ရှည်    - ၂ တောင့် (မီးကင်ထားပါ)
• ပူဒီနာ                           - ၄ ပင် (ချွေထားပါ)
• ပုစွန်ခြောက်မှုန့်              - စားပွဲဇွန်း ၂ ဇွန်း
• ဆား                           - အနည်းငယ်

ပြုလုပ်နည်း
၁။ မီးကင်ထားတဲ့ ငရုတ်သီးကို ဆားအနည်းငယ်ထည့်ပြီး ထောင်းပါ။
၂။ ပြီးလျှင် ငါးပိနှင့် ပုစွန်ခြောက်မှုန့်ထည့်ပြီး ထောင်းပါ။
၃။ ပူဒီနာထည့်ထောင်းပါ။
၎။ ပြီးလျှင် ထောင်းထားတဲ့ ပူဒီနာ ငါးပိထောင်းကို မီးပြန်ကင်ပါ။
၅။ မီးပြန်ကင်ထားတဲ့ ပူဒီနာငါးပိထောင်းက ပိုမွှေးပြီး စားကောင်းတယ်။ မီးပြန်မကင် လည်း စားလို့ကောင်းပါတယ်။
.....................................
MyintOoTha


No comments: