Monday, December 19, 2011

ပဒေးကျွန်းမှ ရခိုင်ပြည်သူများပေးစာ

သို့
တာဝန်ခံအရာရှိ
တရုတ်ရေနံကုမ္ပဏီ

ရက်စွဲ။ ။ နိုဝင်ဘာလ (၃) ရက်၊ ၂၀၁၁။

အကြောင်းအရာ။ ။ စီအန်ပီပီ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ စီမံကိန်းများကြောင့်
ကျွန်တော်တို့၏ ဘိုးစဉ်ဘောင်ဆက်မှ လုပ်ကိုင်စား သောက်လာသော
လယ်ယာမြေများ၊ဥယျာဉ်ခြံများ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ
ဆုံးရှုံးပျက်စီးနေရခြင်း၊ ကျွန်တော်တို့ ၏အနာဂတ်
အသက်ရှင်ရပ်တည်ရေးတို့ကို ခြိမ်းခြောက်နေခြင်းနှင့် ပတ်သက်၍ အမြန်ဆုံး
ကာကွယ်စောင့်ရှောက်ပေးရန်တင်ပြ တောင်းဆိုခြင်း။

စီအန်ပီပီသည် (၂၀၀၄) ခုနှစ်မှ စ၍ ယနေ့အထိ ကျွန်တော်တို့
ပဒေးကျွန်းပေါ်တွင် ရေနက်ဆိပ်ကမ်း၊ ကမ်းလွန်ရေနံနှင့် သဘာဝ ဓာတ်
ငွေ့တူးဖော်ခြင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း
တည်ဆောက်ခြင်းစသည့် စီမံကိန်းလုပ်ငန်းများကို အကောင် အထည်ဖော်
လုပ်ဆောင်လျက်ရှိပါသည်။ ထို့သို့ လုပ်ဆောင်ချက်များကြောင့်
ကျွန်တော်တို့ပဒေးကျွန်းနေ ဒေသခံပြည်သူများ၏ အသက်မွေးဝမ်း
ကျောင်းလုပ်ငန်းများ၊ မှီခိုအားထားနေရသော သဘာဝပတ်ဝန်းကျင်များနှင့်
ရိုးရာဓလေ့ထုံးတမ်းစဉ်လာများကို လုံးဝ ကာကွယ်စောင့် ရှောက်မှုမရှိဘဲ
လုပ်ဆောင်သောကြောင့် ရှေးနှစ်ပေါင်းများစွာကတည်းက မှီခိုအားထားလာရသော
ကျွန်တော်တို့၏ အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ၊
သဘာဝပတ်ဝန်းကျင်များနှင့် ရိုးရာဓလေ့ထုံးတမ်းစဉ်လာများမှာ ရေနံနှင့်
သဘာဝဓာတ်ငွေ့စီမံကိန်းကို အကောင် အထည်ဖော်လာချိန်မှစ၍ လုံးဝလုံးဝ
လုံခြုံမှုမရှိတော့ဘဲ ကျွန်တော်တို့၏ဘ၀များအသက်ရှင်ရပ်တည်ရေးကို
နေ့စဉ်နှင့်အမျှ စိုးရိမ်ကြောင့် ကြနေကြရပါသည်။

ရခိုင်ပြည်၏ ကျောက်ဖြူမြို့နယ်အတွင်းရှိ
ပဒေးကျွန်းတွေင်နေထိုင်သည့်ကျွန်တော်တို့သည် ရှေးနှစ်ပေါင်းများစွာကတည်းက
ပဒေး ကျွန်းနှင့် ယင်းအနီးတ၀ိုက်ရှိသဘာဝပတ်ဝန်းကျင်နှင့်
မြစ်ကြောင်းများကို မှီခိုအားထား၍ ငြိမ်းချမ်းစွာ လုပ်ကိုင်စားသောက်
နေထိုင် လာခဲ့သည်မှာ ယနေ့အထိပင်ဖြစ်ပါသည်။ ရခိုင်ပြည်၏
ပဒေးကျွန်းဒေသခံပြည်သူများဖြစ်သည့် ကျွန်တော်တို့သည် ရှေးဗဝေသဏီကပင်
ဤမြေ၊ ဤရေ၊ ဤပင်လယ်ကို ဘိုးဘွားစဉ်ဆက်ပိုင်ဆိုင်လာကြသည်။ ဤမြေ၊
ဤရေ၊ဤသဘာဝပတ်ဝန်းကျင်သည် ကျွန်တော်တို့၏ ပိုင်နက်နေမြေဖြစ်သည်။ ယခု
ကျွန်တော်တို့ ပဒေးကျွန်းနေပြည်သူများ ပိုင်ဆိုငသည့် မြေယာများကို
အတင်းအဓမ္မသိမ်းယူပြီး စီမံကိန်း လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေသည်။
ကျွန်တော်တို့ ပဒေးကျွန်းတွင်တရုတ်နိုင်ငံမှ
ရေနံတင်ဆိပ်ကမ်းများတည်ဆောက်နေကြပြီး ဓာတ်ငွေ့ပိုက်လိုင်းများ၊
ရေနံပိုက်လိုင်းများ၊ ရေနံသိုလှောင်ရုံများတည်ဆောက်ရန် စီမံကိန်းများ
လုပ်ဆောင်သွားမည်ဟု သိရပါသည်။

သို့သော်လည်းထိုစီမံကိန်းလုပ်ငန်းများကြောင့် ဆိုးကျိုးသက်ရောက်လာမည့်
ကျွန်တော်တို့၏ လယ်မြေများ၊ အိုးအိမ်သေတ္တာအဆောက် အအုံများ၊
အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ကြိုတင်ကာကွယ်စောင့်ရှောက်ရန်
အစိုးရကသော်လည်းကောင်း၊ ကုမ္ပဏီများက သော်လည်းကျွန်တော်တို့ကို
ကြိုတင်အသိပေးခြင်း၊ ပညာပေးဆွေးနွေးခြင်းများ မရှိခဲ့ပါ။
ထိုထိုသောလုပ်ငန်းများလုပ်ဆောင်ရန် ကျွန်တော်တို့ ပဒေးကျွန်းနေ
ဒေသခံပြည်သူများ ပိုင်သည့်လယ်မြေများ၊ ဥယျာဉ်ခြံမြေများ၊
စိုက်ခင်းမြေများ စသည့် စီမံကိန်းဝင် ဧရိယာရှိ မြေများကိုကျွန်တော်တို့
ပဒေးကျွန်းဒေသခံ မြေပိုင်ရှင်များ၏ ဆန္ဒမပါဘဲ၊ ဆန္ဒကိုမယူဘဲ
အတင်းအဓမ္မသိမ်းယူခဲ့ကြသည်။ ထိုက်သင့် ထိုက်တန်သော
လျော်ကြေးတန်ဖိုးငွေများကိုလည်း မပေးခဲ့ကြပါ။

ကျွန်တော်တို့၏ အဓိကအသက်မွေးဝမ်းကျောင်းအဖြစ် မှီခိုအားထားနေရသော
ငါးဖမ်းလုပ်ငန်းများကိုလည်း ထိခိုက်လျက်ရှိပြီး ကျွန်တော် တို့၏
အနာဂတ်အတွက် စားဝတ်နေရေး၊အသက်ရှင်ရပ်တည်ရေးတို့ကိုပါ
ခြိမ်းခြောက်လျက်ရှိပါသည်။ ထို့အပြင် ကျွန်တော်တို့ ပဒေး
ကျွန်းနေဒေသခံပြည်သူများကို အတင်းအဓမ္မလုပ်အားစေခိုင်းခဲ့ကြပါသည်။
နိုင်ငံခြားသားတရုတ်လူမျိုးကုမ္ပဏီဝန်ထမ်းများကလည်း ပဒေးကျွန်းရှိ
ရခိုင်လူမျိုးများ၏ ရိုးရာယဉ်ကျေးမှုကို မထီမဲ့မြင်ပြုခြင်းများ
ကျူးလွန်လျက်ရှိနေကြပါသည်။

ပဒေးကျွန်းနေဒေသခံပြည်သူများလယ်မြေများဆုံးရှုံး၍
အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆုံးရှုံးကာ လုပ်စရာအလုပ်အကိုင်မရှိ
သော်လည်း တရုတ်ရေနံကုမ္ပဏီ၏စီမံကိန်းလုပ်ငန်းခွင်များထဲတွင်
အလုပ်လုပ်ခွင့်များ ဖန်တီးပေးမှုမရရှိခဲ့ကြပါ။ ရေနံနှင့် ဓာတ်ငွေ့
စီမံကိန်းစတင်သည့် အစောပိုင်းကာလမှစ၍ ထိုက်သင့်သော လျော်ကြေးငွေမပေးဘဲ
အတင်းအဓမ္မလယ်မြေသိမ်းမှုများ၊ အတင်းအဓမ္မ လုပ်အားစေခိုင်းမှုများ၊
ဒေသခံပြည်သူများ၏အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဆုံးရှုံးခြင်းနှင့်
သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ လူ့အခွင့် အရေးချိုးဖောက်မှု ဖြစ်ပေါ်ရခြင်း
စသည့်ဆိုးကျိုးများကို ကျွန်တော်တို့ ပဒေးကျွန်းနေဒေသခံပြည်သူများ
ရင်ဆိုင်ခံစားနေရပါသည်။ ထို ဖြစ်ရပ် လုပ်ရပ်များအတွက် ကျွန်တော်တို့
ပဒေးကျွန်းနေ ဒေသခံပြည်သူများသည် စိတ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း၊
ရုပ်ပိုင်းဆိုင် ရာအရာသော်လည်းကောင်းများစွာ ထိခိုက်နစ်နာခံစားရပါသည်။ ေ
ရှ့ဆက်ပြီး နောက်ထပ်၍ အကောင်အထည်ဖော်ဆောင်ရွက်မည့်
စီမံကိန်းလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရာတတွင်
အထက်ပါကဲ့သို့အလားတူဖြစ်ရပ်များ၊ ဆိုးကျိုးများကို
မဖြစ်ပေါ်မကျူးလွန်စေရန် နှင့် ကျွန်တော်တို့နှစ်ပေါင်းများစွာကတည်းက
ဘိုးဘွားစဉ်ဆက် လုပ်ကိုင်စားသောက်လာခဲ့သော ကျွန်တော်တို့၏အသက်မွေးဝမ်း
ကျောင်း လုပ်ငန်းများကို ကာကွယ်စောင့်ရှောက်ရန်အလို့ငှာ
အောက်ပါအချက်များကို လေးစားစွာဖြင့် အလေးအနက် တောင်းဆိုအပ် ပါသည်။

(၁) ပဒေးကျွန်းတွင် ကျွန်တော်တို့ယခုလုပ်ကိုင်နေသောလယ်မြေများသည်
ကျွန်တော်တို့ဘိုးဘွားစဉ်ဆက်ပိုင်ဆိုင်ပြီး သားစဉ်မြေးဆက် လုပ်ကိုင်လာသော
လယ်မြေများဖြစ်ပါသည်။ဤလယ်မြေများကို လုပ်ကိုင်စားသောက်ခြင်းသည်
ကျွန်တော်တို့ ပဒေးကျွန်းနေပြည်သူ များ၏
အသက်မွေးဝမ်းကျောင်းအလုပ်ဖြစ်ပါသည်။ ဤလယ်မြေများသည်
ကျွန်တော်တို့အသက်ရှင်ရပ်တည်ရန် မရှိမဖြစ်လိုအပ်သည့် အဓိကအားထားစရာများ
ဖြစ်သည်။ဤလယ်မြေများမရှိပါက ကျွန်တော်တို့၏ အသက်ရှင်ရပ်တည်ရေးအတွက်
အလွန်တရာအခက် အခဲရှိပါသည်။ လုပ်စရာအလုပ်အကိုင်မရှိဘဲ အလုပ်လက်မဲ့ဘဝ
ဖြစ်ရပါမည်။

ယခုပဒေးကျွန်းနေပြည်သူများဖြစ်သည့် ကျွန်တော်တို့၏ လယ်မြေများကို ကုမ္ပဏီက
အတင်းအဓမ္မ လိုက်သိမ်းကြပါသည်။ ကျွန်တော်တို့မှာ လုပ်စရာမြေလည်းမရှိ၊
အလုပ်လည်းမရှိဖြစ်၍ အသက်ရှင်ရပ်တည်ရေး အလွန်ပင်အခက်အခဲ ကြုံနေရပြီ
ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ကျွန်တော်တို့ ပဒေးကျွန်းနေ ဒေသခံပြည်သူများပိုင်
ဆိုင်သည့် လယ်မြေများကို သိမ်းပိုက်ခြင်းအတွက် လယ်မြေတန်ဖိုးအဖြစ်
ကျွန်တော်တို့၏မိသားစုများစားဝတ်နေရေး နှစ် (၃၀)စာနှင့် ညီမျှသော
ပမာဏာကို လျော်ကြေးပေးပပါရန် လေးစားစွာ တောင်းခံအပ်ပါသည်။ထို့အပြင်
ရေနက်ဆိပ်ကမ်း၊ ရေနံနှင့် ဂတ်စ်ပိုက်လိုင်း စီမံကိန်များ၏ နောက်ဆက်တွဲ
လုပ်ရပ်များကြောင့် ကျွန်တော်တို့၏ လယ်မြေများနှင့် အသက်မွေးဝမ်းကျောင်း
လုပ်ငန်းများကိုမထိခိုက် မဆုံးရှုံးရအောင် လုပ်ဆောင်သွားရန်
လေးစားစွာတောင်းဆိုအပ်ပါသည်။

(၂) ပဒေးကျွန်းဒေသခံပြည်သူများဖြစ်သည့် ကျွန်တော်တို့သည်
ဘိုးဘွားစဉ်ဆက်ကပင်ဤပင်လယ်၊ ဤမြစ်ချောင်းတွင် ငါးဖမ်းလုပ်ငန်း ဖြင့်
အသက်ဝမ်းကျောင်း ပြုလုပ်လာသူများဖြစ်ပါသည်။ ငါးဖမ်းလုပ်ငန်းသည်
ကျွန်တော်တို့ ပဒေးကျွန်းနေ ပြည်သူများ၏ အသက်ရှင် ဘ၀ရပ်တည်ရေးအတွက်
မရှိမဖြစ်လုပ်ငန်း ဖြစ်ပါသည်။ ငါးဖမ်းလုပ်ငန်းသည်သာ ကျွန်တော်တို့၏ဘ၀၊
ကျွန်တော်တို့၏အားထားမှီခိုရာ အသက်ဆက်ရာအလုပ် ဖြစ်ပါသည်။
ငါးဖမ်းလုပ်ငန်းမရှိလျှင် ကျွန်တော်တို့မှာ အားထားရာမှီခိုရာ
အသက်မွေးဝမ်းကျောင်း လုပ်စရာ လုပ်ငန်းမရှိတော့ပါ။ ဘ၀ရင်သန်ရပ်တည်ရေးအတွက်
လွန်စွာအခက်အခဲရှိပါသည်။ ယခုစီအန်ပီစီ၏ ရေနက်ဆိပ်ကမ်း၊ ရေနံနှင့်ဂတ်စ်
ပိုက်လိုင်းစီမံကိန်းများကြောင့် ကျွန်တော်တို့ပဒေးကျွန်းဒေသခံ
တံငါသည်များမှာ ငါးဖမ်းဧရိယာနေမြေများ ကျဉ်းလာပြီး အသက်မွေးဝမ်း
ကျောင်းလုပ်ငန်းကို ထိခိုက်နစ်နာခဲ့ရပါသည်။ထို့အပြင်
ဆိပ်ကမ်းဆောက်လုပ်ရန်အတွက် ရေအောက်တွင် မိုင်းခွဲခြင်း၊ ဓာတုပစ္စည်းများ
သုံးစွဲခြင်းကြောင့် ငါးများသေကြေပျက်စီးခြင်း၊ ငါးမျိုးပွါးမှုကို
ထိခိုက်ခြင်းများစသည့် ဘေးထွက်ဆိုးကျိုးများသည်လည်း ကျွန်တော်တို့
ပေဒေးကျွန်းနေ ဒေသခံ တံငါသည်များ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို
ထိခိုက်စေပါသည်။

ကျွန်တော်တို့၏အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ထိခိုက်ဆုံးရှုံးရ၍
ကျွန်တော်တို့၏ဘ၀ရပ်တည်ရေးအတွက် အလွန်တရာ အခက် အခဲကြုံနေရပါသည်။
သို့ဖြစ်ပါ၍ ကျွန်တော်တို့ ပဒေးကျွန်းဒေသခံ တံငါသည်များ
ဘိုးဘွားစဉ်ဆက်မှီခိုအားထား လုပ်ကိုင်စားသောက် လာခဲ့သော
ငါးဖမ်းလုပ်ငန်းကို လွတ်လပ်လွတ်လပ် လုပ်ကိုင်ခွင့်ရရှိနိုင်ရန်နှင့်
စီအန်ပီစီ၏ ရေနက်ဆိပ်ကမ်း၊ရေနံနှင့် ဂတ်စ်ပိုက်လိုင်းစီမံ ကိန်းများ၏
နောက်ဆက်တွဲလုပ်ရပ်များကြောင့် ကျွန်တော်တို့၏အသက်မွေးဝမ်းကျောင်း
ငါးဖမ်းလုပ်ငန်းများကို မထိခိုက်အနှောင့် အယှက် မရှိအောင် လေးစားစွာ
တောင်းခံအပ်ပါသည်။

(၃) ကျွန်တော်တို့ ပဒေးကျွန်းနေ နယ်မြေဒေသသည် ဖွံ့ဖြိုးမှုအလွန်နောက်ကျသော
ဒေသတခုဖြစ်သည်။ ကျန်းမာရေး၊ ပညာရေး၊ လူမှု ရေး၊ စီးပွါးရေး အစစအရာရာ
မဖွံ့ဖြိုးသေးပါ။ကုမ္ပဏီများသည် ကျွန်တော်တို့ ပဒေးကျွန်းဒေသကို
အခြေခံပြီးအကျိုးအမြတ်အမြောက် အမြားရရှိသည့် လုပ်ငန်းများကို
လုပ်ဆောင်ခွင့် ရရှိပြီးဖြစ်ပါသည်။ ကုမ္ပဏီများ အကျိုးအမြတ်များစွာ
ရရှိသော်လည်း ကျွန်တော်တို့ ပဒေး ကျွန်းဒေသခံပြည်သူများမှာ
မည့်သည့်အကျိုးအမြတ်မျှ မရရှိပါ။ ကုမ္ပဏီများအနေဖြင့် ပဒေးကျွန်းနေမြေကို
အခြေပြု၍ အကျိုးအမြတ်များ ရရှိနေသောကြောင့် ကျွန်တော်တို့
ပေဒးကျွန်းနေမြေဒေသကို ဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ တစုံတရာ
လုပ်ပေးသင့်ပါသည်။ သို့ဖြစ်ပါ၍ ကျွန်တော်တို့
ပဒေးကျွန်းနယ်မြေနှင့်နယ်မြေဒေသခံပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊
လူမှုရေး၊ စီးပွါးရေး စသည်တို့ကိုတတ်အား သရွှေ့ အားသွန်ခွန်စိုက်
လုပ်ဆောင်ပေးရန် လေးစားစွာ တောင်းဆို တောင်းခံအပ်ပါသည်။

ပဒေးကျွန်းနယ်မြေ သေခံပြည်သူများ
ပဒေးကျွန်း၊ ကျောက်ဖြူမြို့နယ်၊ ရခိုင်ပြည်။

မိတ္တူကို
=> ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP)
=> ရခိုင်ပြည်အစိုးရအဖွဲ့
Credit: Padauk Drum Vol.1, No.6, Nov 2011















No comments: