ကမ္ဘာတွင် ပေါ်ပေါက်ခဲ့သမျှသော ဘာသာတရားအသီးသီးသည် နဂိုမူလက
လူသားထုတစ်ရပ်လုံး ငြိမ်းချမ်းရေး၊ လူသားချင်းကိုယ်ချင်း စာတရား
ထွန်းကားရေးစသည့် ကောင်းမြတ်သောတရားများ ပေါ်ထွန်းလာစေရေးကို ရည်ရွယ်လျက်
ထွန်းကားလာခဲ့ခြင်း ဖြစ်ပေသည်။
သို့သော် အဆိုပါဘာသာတရား အသီးသီးကို ယုံကြည်ကိုးကွယ် ဆည်းကပ်ကြကုန်သော
လူသားတို့အနေနှင့် မိမိတို့ကိုးကွယ်ရာ ဘာသာတရားအပေါ် သင့်လျော်မှန်ကန်သော
်ဆင်ခြင်နှလုံးသွင်းမှုသာ မရှိခဲ့ပါလျှင် ငါ့ဘာသာမှ ငါ့ဘာသာဟူသော
တစ်ယူသန်အစွဲဖြင့် ဘာသာတရား ကိုင်းရှိုင်းမှုသည် လူသားတို့ကို
လမ်းမှားသို့ပို့ဆောင်ပေးတတ်ကြောင်း ကမ္ဘာ့သမိုင်းတွင် ပေါ်ပေါက်ခဲ့သည့်
သမိုင်းဝင် ဘာသာရေးစစ်ပွဲကြီးများက သက်သေခံလျက်ရှိပေသည်။
ဘာသာရေး ကိုင်းရှိုင်းသူများသည် အယူဝါဒရေးအရမဟုတ်ဘဲ
ပုဂ္ဂိုလ်ရေးအရယုံကြည်မှုကို အကြောင်းပြုလျက် သြဇာအာဏာထူထောင် ရန်
ကြိုးစားနေကြသော လူပုဂ္ဂိုလ်နှင့် ဂိုဏ်းဂဏမျိုးစုံ၏ကြိုးကိုင်မှုမှ
လွတ်ကင်းရန် အစဉ်သတိပြုလျက် မိမိတို့ကိုယ်ကို ကာကွယ်
စောင့်ရှောက်သင့်ပေသည်။
ကျွန်ုပ်တို့သည် ကောင်းမြတ်သောတရားများကို ခံယူကျင့်သုံးကာ
ပုထုဇဉ်ဘာဝအားနည်းချက်များကို လျော့ပါးသွားစေခြင်းဖြင့် မြင့်မြတ်
စင်ကြယ်သော ဘ၀အခြေအနေဆီသို့ တက်လှမ်းရပေမည်။ ထိုသို့တက်လှမ်းနိုင်ရန်
မိမိတို့ကိုယ်တိုင်မှတစ်ပါး အခြားပြင်ပတန်ခိုးရှင် ဖန်ဆင်းရှင်၊ နတ်ဒေ၀တာ
တစ်စုံတစ်ရာကို အားမထားဘဲ မိမိတို့ကိုယ်ကို ပြုစုပျိုးထောင်နိုင်မည့်
နည်းနာများကို ညွှန်ကြား ပြသပေး သည့် လမ်းစဉ်တစ်ခုအပေါ်သာ လေးနက်စွာ
ယုံကြည်အားထားမှု ပြုကြရပေလိမ့်မည်။
ဗုဒ္ဓ၀ါဒသည် ကိုယ်ကျင့်တရားဆိုင်ရာမူဝါဒများနှင့် စိတ်ပိုင်းဆိုင်ရာ
လေ့ကျင့်မှုများအပေါ် အခြေခံခြင်းဖြင့်သာလျှင် ဘာသာတရားနှင့် အညီ
စစ်မှန်စွာနေထိုင်သော ဘ၀တစ်ခုကိုရရှိနိုင်ပြီး
ပြင်ပစွမ်းအားရှင်များထံသို့ ယုံကြည်သက်ဝင်ခြင်းမှတစ်ဆင့် မရနိုင်ကြောင်း
သွန် သင်ညျွန်ပြခဲ့သည်။
ဗုဒ္ဓအလိုကျ ဘာသာတရားကိုင်းရှိုင်းသူ ဆိုသည်မှာ စိတ်ကောင်းစေတနာထားခြင်း၊
သနားကြင်နာခြင်း၊ ပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေနေထိုင်ခြင်းနှင့်
လူသားအချင်းချင်း နားလည်မှုရှိခြင်းတို့ကို လက်ကိုင်ထားလျက်
ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်သွားနိုင်သူ မျိုးကိုသာ
ဆိုလိုခြင်းဖြစ်ပေသည်။
ဘာသာတရားတစ်ခု၏ တာဝန်မှာ အဆိုပါပန်းတိုင်သို့ ရောက်စေရန်
လူသားထုတစ်ရပ်လုံးအား စိတ်ဓာတ်ရေးရာ ဖွံ့ဖြိုးတိုးတက်လာ စေဖို့
လမ်းညွှန်သင်ပြပေးရန်သာ ဖြစ်ပေသည်။ ယင်းတာဝန်ကို ထမ်းရွက်ခြင်းသည်
မျက်မှောက်ခေတ် လူသားထုအကြား ၀မ်းနည်း ဖွယ်ရာ လစ်လပ်နေသည့်
ဟာကွက်ကြီးတစ်ခုကို ဖြည့်ဆည်းပေးရာလည်း ရောက်ပေလိမ့်မည်။
စိတ်ဓာတ်ရေးရာ ရင့်ကျက်ဖွံ့ဖြိုးမှုကင်းမဲ့ခြင်းသည် လောကီအာရုံများအား
တွယ်တာမက်မောလျက်ရှိသော တစ်ကိုယ်ကောင်းဆန်သည့် လူသားများကိုသာ
ဖြစ်ထွန်းလာစေခဲ့သည်။ ထိုသူတို့ထဲမှတချို့သည်
ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုကို ပဓာနထားသည့် ဘာသာရေး အတွေးအခေါ်တစ်ရပ်ကို
ထူထောင်ခဲ့ကြသည်။ ဤသို့ပြုခြင်းအားဖြင့် သူတို့လိုက်နာကျင့်သုံးသည့်
ဘာသာတရားသည် စိတ်ပိုင်းဆိုင်ရာ ဖြူစင်သန့်ရှင်းမှုကို ပျောက်ဆုံးစေခဲ့သည်။
ဗုဒ္ဓ၀ါဒကမူ လောကီရေးရာကိစ္စများ၊ ရုပ်ဝတ္ထုပစ္စည်းများ
ရယူပိုင်ဆိုင်နိုင်ရေးအတွက်ရော၊ စိတ်ပိုင်းဆိုင်ရာ
ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ အသုံးဝင်သည့်နည်းလမ်းတို့ကို
သွန်သင်ညွှန်ပြခဲ့ပေသည်။
မည်သို့ဆိုစေ ဗုဒ္ဓဘာသာဝင်တို့အနေနှင့် စိတ်ပိုင်းဆိုင်ရာ
တိုးတက်ဖွံ့ဖြိုးမှုမပါသော ရုပ်ပိုင်းဆိုင်ရာ ပိုင်ဆိုင်မှုများကို
ဘာသာသာသနာ ထွန်းကားမှု၏ အထိမ်းအမှတ် သင်္ကေတတစ်ရပ်အဖြစ် မမှတ်ယူသင့်ပေ။
တစ်ချိန်တည်းမှာပင် ဘာသာတရားနှင့်ညီသော ဘ၀တစ်ခုကို ဆောက်တည်ခြင်းသည်
လူသားတစ်ဦးအနေနှင့် အသက်မွေးဝမ်းကျောင်း အလုပ်ကို လျစ်လျူရှုကာ
ကြွယ်ဝချမ်းသာမှုနှင့် ပစ္စည်းဥစ္စာပိုင်ဆိုင်မှုတို့အား အလေးထားရန်မလိုဟု
ဆိုလိုခြင်းလည်း မဟုတ်ချေ။
ကျွန်ုပ်တို့သည် ဘာသာတရားကို ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုဖြစ်ထွန်းစေမည့်
အလားအလာများအား ဟန့်တားဖျက်ဆီးပစ်မည့် လမ်းစဉ် တစ်ရပ်အဖြစ်
လိုက်နာကျင့်သုံရန်မဟုတ်ပေ။ ဘာသာတရား ကိုင်းရှိုင်းသူတစ်ဦးသည် သူတစ်ပါး၏
ငြိမ်းချမ်းရေးနှင့်ပျော်ရွှင်မှုကို ထိပါး စေမည့်
မည်သည့်နည်းလမ်းကိုမျှမကျင့်သုံးဘဲ ရုပ်ပိုင်းဆိုင်ရာရည်မှန်းချက်များကို
ရယူပိုင်ဆိုင်နိုင်အောင် ကြိုးပမ်းအားထုတ်မှု ပြုသင့်ပေ သည်။
သည်းခံခြင်းတရားသည်လည်း ဗုဒ္ဓဘာသာ၏ ထင်ရှားလှသော ၀ိသေသလက္ခဏာတစ်ခု ဖြစ်သည်။
သည်းခံခြင်းတရားကပင် ကွဲပြားခြား နားသော ဗုဒ္ဓဘာသာဂိုဏ်းကွဲများအကြား
နှစ်ပေါင်း (၂၅၀၀)ကျော်တိုင်အောင် သွေးထွက်သံယိုမှုကင်းမဲ့သည့်
ငြိမ်းချမ်းခိုင်ခံ့သော ဘာသာရေး အသိုင်းအ၀န်းတစ်ရပ်ကို တည်မြဲအောင်
ထိန်းသိမ်းပေးနိုင်ခဲ့ခြင်းဖြစ်သည်။
ယင်းဖြစ်ရပ်သည် ကမ္ဘာ့ဘာသာတရားတို့၏ ရာဇ၀င်တွင် စာတင်၍ချီးကျူးအပ်သော
အောင်မြင်မှုတစ်ခုလည်း ဖြစ်ပေသည်။ ဗုဒ္ဓ၀ါဒက ဘာသာတရားကို အကြောင်းပြု၍
ဆင်းရဲခြင်းကင်းသော ပုံမှန်ဘ၀တစ်ခုဆီသို့ ကျွန်ုပ်တို့အား
လွတ်လပ်ပေါ့ပါးစွာ ဦးဆောင်လမ်းညွှန်မှု ပေးလျက်ရှိပေသည်။
ဗုဒ္ဓဘာသာဝင်များအနေနှင့် ကျွန်ုပ်တို့သည် လောကီအာရုံများတွင်ဖြစ်စေ၊
သဘာဝလွန်ဖန်ဆင်းရှင် တစ်စုံတစ်ဦး ထံတွင်ဖြစ်စေ ကျေးကျွန်အဖြစ်
ခံယူသွားရန် မလိုအပ်ပေ။
သို့သော် လူ့ဂုဏ်သိက္ခာ၊ ဖြူစင်မြင့်မြတ်ခြင်းနှင့် အသိတရားတို့ကို
ပြုစုပျိုးထောင်ပေးခြင်းအားဖြင့် ကျွန်ုပ်တို့သည် မသိဆိုးရွားခြင်း
အလုံးစုံကို အနိုင်ယူမည့် စစ်မှန်သောပညာဥာဏ်ကို ရရှိနိုင်ပေသည်။
ဗုဒ္ဓ၀ါဒက စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက်
သဘာဝလွန်စွမ်းအင်များ သို့မဟုတ် အံ့ဖွယ်သရဲတန်ခိုးပြမှုများကို
မှီခိုအားထားကြ ရန် အားပေးတိုက်တွန်းမှုမပြုခဲ့ပေ။ အကယ်စင်စစ် အံ့ဖွယ်သရဲ
လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများကို ယုံကြည်သက်ဝင်ခြင်းသည်
မည်သူ့ကိုမျှ မည်သည့်အခါတွင်မဆို စိတ်ထားဖြူစင်သန့်ရှင်းအောင်
ဆောင်ကြဉ်းပေးနိုင်ခြင်းလည်း မရှိပါချေ။
ဗုဒ္ဓ၀ါဒအလိုအရ မြင့်မြတ်ခြင်းသည် ရုပ်ပိုင်းဆိုင်ရာ
အသွင်လက္ခဏာပေါ်တွင်မှုမတည်ဘဲ စိတ်ပိုင်းဆိုင်ရာ စင်ကြယ်မှုအပေါ်တွင်သာ
အခြေခံပေသည်။ အချို့သော တစ်ယူသန်အစွန်းရောက်များက ဗုဒ္ဓဘာသာဝင်တို့ကို
ကိုးကွယ်အားထားစရာ ဖန်ဆင်းရှင်မရှိသည့် ဘုရား မဲ့ဝါဒီမိစ္ဆာဒိဋ္ဌိများ၊
ရုပ်တုဆင်းတု ကိုးကွယ်သူများအဖြစ်ပြစ်တင် ရှုတ်ချကြသည်။ သို့သော်
ဗုဒ္ဓဘာသာဝင်များကမူ အခြားဘာသာဝင် များအား မည်သည့်အခါကမျှ
လက်တုံ့ပြန်ချေပမှုမပြုခဲ့ပေ။
ဗုဒ္ဓဘာသာဝင်တို့က ဗုဒ္ဓဘာသာကို မကိုးကွယ်ခြင်းကြောင့် အခြားဘာသာဝင်တို့သည်
ကောင်းကင်ဘုံ၏ သုခချမ်းသာကို ခံစားရလိမ့် မည်မဟုတ်ဟု မည်သည့်အခါကမျှ
ပုတ်ခတ်ပြောဆိုခြင်းမပြုခဲ့ပေ။ အကျဉ်းခြုံးဆိုရလျှင် ဗုဒ္ဓဘာသာဝင်များသည်
သူတို့ယုံကြည်ရာ ဘာသာတရားအား ကိုးကွယ်ခံယူကျင့်သုံးနေကြသလို
အခြားဘာသာဝင်တို့၏ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကိုလည်း လေးစားမှု
ရှိကြပါသည်။
ဗုဒ္ဓဘာသာဝင်တို့သည် ပဋိပက္ခနှင့်ရန်လိုမုန်းတီးမှုကိုဖန်တီးခြင်း သို့မဟုတ်
သူတို့ကိုးကွယ်ရာဘာသာတရားကိုစွန့်လွှတ်ခြင်းပြုရန် မလိုဘဲ
အခြားသောဘာသာဝင်တို့နှင့် အယူဝါဒကွဲပြားမှုအပေါ် ကျေအေးစွာ
လက်ခံနိုင်ကြပါသည်။
ဤဘာသာတရားက အခြားဘာသာဝင်များကို အပြစ်သားများအဖြစ်
ရှုတ်ချခြင်းမပြုသည့်အပြင် လူ့အဖွဲ့အစည်း၏ စာရိတ္တအဆင့် အတန်းအား
မြှင့်တင်ပေးရန် ကြိုးပမ်းခဲ့ကြသည့် ဘာသာရေးခေါင်းဆောင်ကြီးတို့၏
ဆုံးမသွန်သင်ချက်များကိုလည်း အလေးထား ပါသည်။
စစ်မှန်သောဗုဒ္ဓ၀ါဒသည် ဆုတောင်းနေရုံဖြင့် သဘာဝလွန်စွမ်းအားရှင်
တစ်စုံတစ်ရာ၏ကယ်တင်စောင်မမှုကို ရရှိနိုင်သည်ဟု သွန်သင်ခဲ့ သော
ဘာသာရေးမဟုတ်ပေ။ အခြားတစ်ဖက်တွင်လည်း ယုံကြည်မှုအယူဝါဒမျိုးစုံကို
မိမိတို့၏ ဘာသာအယူဝါဒထဲသို့ ဆွဲသွင်းကာ လာသမျှလက်ခံကျင့်သုံးတတ်သည့်
အမည်ခံဗုဒ္ဓဘာသာဂိုဏ်းကွဲအချို့၏ ဘာသာရေးမျိုးလည်းမဟုတ်ပေ။
ဗုဒ္ဓ၀ါဒအလိုအရ သဘာဝလွန်စွမ်းအားရှင်တစ်ဦးက အပြစ်များအားခွင့်လွှတ်သည်ဟု
ယုံကြည်သက်ဝင်ခြင်းသည် တရားမျှတမှုမရှိပေ။ ကျူးလွန်ခဲ့သော မကောင်းမှုတစ်ခု၏
အကျိုးသက်ရောက်မှုကို ကောင်းမှုကုသိုလ်ပြုခြင်းနှင့်
ဖြူစင်ကြံ့ခိုင်သောစိတ်ထား မွေးမြူခြင်းဖြင့် သာ
ကျော်လွှားလွန်မြောက်နိုင်ပေသည်။ တစ်စုံတစ်ဦးထံ ဆုတောင်းနေရုံဖြင့်
အပြစ်မှလွတ်ကင်းအောင်မလုပ်နိုင်ပေ။
ဗုဒ္ဓဘာသာသည် လူသားတို့အတွက် မိမိကျူးလွန်သည့်အပြစ်၏ အကျိုးဆက်ကို
မိမိတို့ဘာသာခံယူရခြင်းဟူသော သဘောတရား အပေါ် အခြေပြုထားပြီး ထာဝရငရဲကို
ကြောက်ရွံ့ခြင်းမပါဘဲ အမှန်တရားကိုနားလည် သဘောပေါက်စွာ
လိုက်နာကျင့်သုံးရသော ဘာသာတရားတစ်ခုသာ ဖြစ်ပေသည်။
ချမ်းသာသုခနှင့် ဒုက္ခဆင်းရဲခြင်းတို့သည် ယာယီမျှသာဖြစ်ကြပြီး လောကတွင်
မည်သည့်အရာမျှ ထာဝရမတည်မြဲကြောင်း သွန်သင်ခဲ့ သည့် ဗုဒ္ဓဘာသာအဖို့
သက်ရှိတို့အား ငရဲဘုံ၌ ထာဝရခံစားစေသည်ဆိုသော အတွေးအခေါ်မှာ လက်ခံနိုင်ဖွယ်
လုံးဝမရှိပါချေ။ သဘာဝ လွန်တန်ခိုးရှင် တစ်စုံတစ်ရာအား
သက်ဝင်ယုံကြည်ခြင်းသည် ဖန်ဆင်းရှင်ရှိသည့် ဘာသာတရားတို့၏
နောက်လိုက်များအတွက် အရေး ကြီးဆုံး သဘောတရားဖြစ်သည်။ သူတို့အတွက်
ထာဝရတည်မြဲနေသော ဖန်ဆင်းရှင်မပါရှိဘဲ 'ဘ၀' ဖြစ်စေ၊ 'ဘာသာတရား' ဖြစ်စေ
ပေါ်ပေါက်မလာနိုင်ပေ။
ဗုဒ္ဓဘာသာကမူ အလားတူယုံကြည်ကိုးကွယ်မှုမျိုးအား အသိအမှတ်မပြုပေ။
ဗုဒ္ဓဘာသာကျမ်းဂန်များတွင်ပါရှိသည့် နတ်ဒေ၀တာကဲ့ သို့သော
တန်ခိုးရှင်အယူအဆမှာ အခြားသောဘာသာတရားတို့နှင့်
လုံးလုံးလျားလျားကွဲပြားခြားနားပေသည်။
ဗုဒ္ဓဘာသာဝင်တို့သည် ဘာသာတရား အဆုံးအမနှင့်ညီညွတ်သောဘ၀ကို
ဆောက်တည်ခြင်းနှင့် စိတ်ထားဖြူစင်သန့်ရှင်းအောင် လုပ်ဆောင်ခြင်းတို့မှ
တစ်ဆင့်သာလျှင် မိမိတို့၏လွတ်မြောက်မှုကို ရှာဖွေကြရသည်။
နတ်ဒေ၀တာကဲ့သို့သော တန်ခိုးရှင်များတည်ရှိမှုကို ဗုဒ္ဓဘာသာဝင်တို့က
လက်ခံပါသည်။ နတ်ဒေ၀တာတို့က ရုပ်ဝတ္ထုပစ္စည်းများဖြင့် လူသားတို့ကို
ယာယီအားဖြင့် အကူအညီပေးနိုင်သော်လည်း လူသားတို့၏စိတ်ထားဖြူစင်မှုနှင့်
အဆုံးစွန်သော လွတ်မြောက်မှုကို ရရှိ စေနိုင်သည့် တန်ခိုးဣဒ္ဓိပါဒ်
ရှိသူများအဖြစ်ကား မည်သည့်အခါကမျှ ယုံကြည်လက်ခံခြင်း မပြုကြပေ။
ယင်းတို့ကို ရရှိစေရန်မှာ 'မိမိကိုယ်ကိုမိမိသာ ကိုးကွယ်ရာ' ဟူသည့်
မြတ်ဗုဒ္ဓ၏ အဆိုအမိန့်နှင့်အညီ ကိုယ်တိုင်ကျင့်ကြံအားထုတ်ကြ
ရမည်သာဖြစ်သည်ဆိုခြင်းကို စစ်မှန်သော ဗုဒ္ဓဘာသာဝင်တိုင်းက အလေးအနက်
ယုံကြည်လက်ခံထားကြပါကြောင်း တင်ပြလိုက်ရ ပါသည်။
Ref: Concept of God and Sin by K. Sri Dhammananda.
ဝင်းသိန်းဦး
(မြတ်သတိဝါဒီ၊ အမှတ်-၂၊၂၀၀၀ ပြည့်နှစ်၊ သြဂုတ်လ)

No comments:
Post a Comment