Friday, December 2, 2011

ကော်ရှူခြင်းသည် စွဲစေတတ်သည့် မူးယစ်ဆေးဝါး ထဲတွင် ပါဝင်

-->
ကော်ရှူခြင်းသည် စွဲစေတတ်သည့် မူးယစ်ဆေးဝါးများ အနက် တစ်မျိုးအပါအဝင် ဖြစ်သည်ဟု မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်းမှ အထူးကု ဆရာဝန်ကြီး ဦးမောင်မောင်လွင်က ပြောသည်။ ကော်ရှူတာက စွဲစေတတ် တဲ့ မူးယစ်ဆေး ၉ မျိုးထဲမှာ တစ်မျိုး အနေနဲ့ပါတယ်။ ဒါပေမဲ့ ဥပဒေအရ စွဲစေတတ်တဲ့ မူးယစ်ဆေးဝါး ၉ မျိုးထဲမှာ အရက်နဲ့ကော်ရှူတာကို အရေးယူမှုမပြုလုပ်ပါဘူး ဟု ၄င်း က ဆက်လက်ပြောသည်။

ကော်ရှူခြင်းဖြင့် မူးယစ်ဆေးဝါး စွဲသူများ စိတ်ကျန်းမာရေး ဆေးရုံ သို့ လာရောက်ကုသမှုခံယူခြင်းမျိုး လည်း မရှိကြောင်း အထက်ပါပုဂ္ဂိုလ် က ထပ်မံ ပြောသည်။ ကော်ရှူလို့ ဘာရောဂါ ဖြစ် နိုင်တယ်လို့ အတိအကျ မဖော်ပြ နိုင်သေးဘူး။ ကော်ရှူတာက ခံစား မှု သိပ်မရှိဘူး။ မူးဝေတယ်။ ထိုင်း မှိုင်းတယ်လောက်ပဲ ပြောလို့ရပါ တယ်။ ဒါကြောင့်မို့လည်း လာ ရောက်ကုသမှုခံယူတဲ့သူမရှိတာပါ ဟု သူ၏အမြင်ကို ပြောသည်။

ကော်ရှူခြင်းသည် ချက်ခြင်း ထိခိုက်မှုမရှိသော်လည်း ကြာမြင့် လာပါက နား၊ နှာခေါင်း၊ နှာခေါင်း အမြှေးပါးနှင့်အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါများ ဖြစ်ပွားလာနိုင်ဖွယ် ရှိသည်ဟု၎င်းကသုံးသပ်ပြောသည်။ ကော်ရှူနေတဲ့ သူတွေထဲမှာ ကလေးငယ်တွေ ပါတယ်လို့လည်း ကြားနေရပါတယ်။ ဒါကြောင့် ကော် မရှူသင့်ဘူးလို့ ပြောမယ်ဆိုတာ ထက် ကော်ရှူရင် ဘယ်လို အကျိုး သက်ရောက်မှုတွေ ဖြစ်လာနိုင်တယ် ဆိုတဲ့ မှန်ကန်တဲ့ ပညာပေးလုပ်ငန်း တွေကို လုပ်သင့်ပါတယ် ဟု ၄င်း က သုံးသပ်သည်။

ကော်ရှူခြင်းသည် ၁၉၈၀ ဝန်း ကျင်တွင် ဂျပန်နှင့် ဖိလစ်ပိုင်နိုင်ငံ များ၌ စတင် ပေါ်ပေါက်ခဲ့ပြီး မြန်မာ နိုင်ငံသို့ လွန်ခဲ့သည့် ငါးနှစ်ဝန်းကျင် တွင် နယ်စပ်မြို့များမှတစ်ဆင့် ဝင် ရောက်ခဲ့သည်ဟု ၄င်းက ဆက် လက်ရှင်းပြသည်။ ကော်ရှူခြင်းဖြင့် မူးယစ်စေ သည့် ကော်အမျိုးအစားများမှာ ပလတ်စတစ်ပစ္စည်းများကိုကပ်သည့် ကော်နှင့် စက်ဘီးဖာသည့်ကော် အမျိုးအစားများ ဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောသည်။

ကော်အပြင် ဓာတ်ဆီနဲ့အိတ် ဇောငွေ့ကို ရှူတဲ့သူတွေလည်း ရှိ တယ်။ ဓာတ်ဆီရှူတာစွဲလို့ ကျန်း မာရေးဆေးရုံမှာ လေးနှစ်ကြာ ဆေး ဖြတ်ပေးခဲ့ရတဲ့ အမျိုးသမီးတစ်ဦး ကို ကြုံခဲ့ဖူးတယ်ဟုသူ၏ အတွေ့ အကြုံကို ပြန်ပြောင်းပြောသည်။ ကော်ရှူခြင်းသည် အန္တရာယ် ကြီးမားစွာ ဖြစ်စေနိုင်သည်ဟု မထင် ရသော်လည်း ကလေးငယ်များ ကော်ရှူခြင်းကို စွဲလမ်းသွားပါက ယင်းအားအသုံးချ၍မသမာသူများမှ ငွေတောင်းခံခိုင်း၍ခိုင်းစေမှုများရှိလာ နိုင်ကြောင်း ၄င်းက သုံးသပ်ပြောသည်။ လက်ရှိ၌ သက်ဆိုင်ရာ အစိုးရ အဖွဲ့များမှ ကော်ရှူခြင်းကို ထိန်း သိမ်းကုသရန် ညှိနှိုင်းဆွေးနွေးနေကြ သည်ဟု စိတ်ကျန်းမာရေး အထူးကု ဝန်ကြီးဦးမောင်မောင်လွင်ကဆိုသည်။

နိုဝင်ဘာ လဆန်းပိုင်းမှ စ၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီးဌာနသို့ တောင်းရမ်း စားသောက်နေသော ကော်ရှူသည့် ကလေးငယ်များအား နောက်ကွယ် မှ ကြိုးကိုင်စေခိုင်းသူ ရှိမရှိနှင့် ကျောင်းသူကျောင်းသား ကလေး ငယ်များအား ကော်ရှူခြင်းဖြင့် ကျန်းမာရေး ဆိုးကျိုးများ ဖြစ်ပေါ် လာမှုကို သိရှိစေရန်အတွက် ပညာ ပေးလုပ်ငန်းများ ဆောင်ရွက်စေရန် ညွှန်ကြားစာ ထုတ်ပြန်ထားကြောင်း သိရသည်။

Credit: http://www.yoyarlay.com/health/health/other-articles/17216-2011-12-02-03-50-57

1 comment:

Anonymous said...

ကော်ရှူတာက လွန်ခဲ့တဲ့ငါးနှစ်ကမှ မြန်မာပြည်ရောက်တာ မဟုတ်ပါဘူး... လွန်ခဲ့တဲ့ ၁၉၉၅ ၀န်းကျင်ကတည်းက ဆယ်ကျော်သက် လူငယ်တွေ စသုံးနေခဲ့ကြတယ်... အထူးသဖြင့် အထက်တန်းကျောင်းသားတွေပေါ့...