Saturday, December 31, 2011

ဗုဒ္ဓ၀ါဒလာကိုယ်ကျင့်တရားနှင့် တမလွန်အယူ

လူသားတို့သည် လူဟူ၍ပီပီပြင်ပြင် ယဉ်ကျေးလာချိန်မှအစပြု၍ တမလွန်ဘ၀ကို စိတ်ဝင်စားခဲ့ကြသည်။ဘာသာအယူဝါဒ အတော်များ များကလည်း သူတို့၏အဆုံးအမကျင့်ဝတ်တို့ကို တမလွန်နှင့် ဆက်စပ်ထားကြသည်။ သူတို့၏ ဘာသာရေးပြဋ္ဌာန်းချက်တို့အား လိုက် နာခြင်း၊ မလိုက်နာခြင်းတို့၏ အကျိုးရလဒ်ကို တမလွန်တွင် ခံစားကြရမည်ဟု အဆိုရှိကြသည်။ ဤဘ၀တွင် ဘာသာရေး ပြဋ္ဌာန်းချက် များကို လိုက်နာသူတို့သည် တမလွန်တွင် ကောင်းကျိုးချမ်းသာ ခံစားကြရမည်ဖြစ်ပြီး၊ မလိုက်နာ ဆန့်ကျင်သူတို့မှာကား ဆင်းရဲဒုက္ခဖြင့် ကြုံတွေ့ရမည်ဟုဆိုကြသည်။

'ကောင်းကျိုးချမ်းသာ' ကိုစည်းစိမ်သုခအပေါင်းနှင့်ပြည့်စုံသော နေရာဌာနတစ်ခု အဖြစ်လည်းကောင်း၊ 'ဆင်းရဲ့ဒုက္ခ'ကို ညှင်းပမ်းနှိပ်စက်မှု ပေါင်းစုံအား ခါးစည်းခံစားနေရမည့် နေရာဌာနတစ်ခုအဖြစ် လည်းကောင်း တင်စားဟောပြောခဲ့ကြသည်။
ယင်းအယူအဆ အစဉ်အလာသည် ဗုဒ္ဓမပွင့်မီနှစ်ပေါင်း ထောင်ချီသောကာလမှအစပြု၍ ယနေ့တိုင်တည်ရှိခဲ့၊ တည်ရှိဆဲ၊ တည်ရှိနေဦး မည်သာ ဖြစ်သည်။ ဘာသာတရား အတော်များများမှာ သူတို့ပြဋ္ဌာန်းထားသည့် ကိုယ်ကျင့်တရားဆိုင်ရာ အဆုံးအမတို့ကို နောင်တမ လွန်တွင် ခံစားရမည့် ကောင်းကျိုးဆိုးပြစ်တို့နှင့် ချိတ်ဆက်ထားကြသည်။ 'တမလွန်ရှိသည်' ဆိုသောအယူအဆသည် ဘာသာတရား အတော်များများအဖို့ အဓိကပင်မထောက်တိုင်ကြီး ဖြစ်ခဲ့သည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။

အကယ်၍ နောင်တမလွန်ရှိသည်ဆိုသော အယူအဆကိုသာ ပစ်ပယ်လိုက်ပါက အဆိုပါဘာသာတရားအတော်များများအဖို့ ရပ်တည် ရန်မဖြစ်နိုင်ပေ။ ကောင်းမှုပဲလုပ်လုပ်၊ ဆိုးမှုပဲကျူးလွန်ကျူးလွန် နောင်တမလွန်သာ မရှိခဲ့ပါက လူဆိုးရော၊ လူကောင်းပါ ကွယ်လွန်ပြီး နောက် ဘာမျှကွဲပြားသောရလဒ်ကို ခံစားရမည်မဟုတ်တော့ပေ။ ထို့ကြောင့် လူသားတို့ ကိုယ်ကျင့်တရားကောင်းဖို့၊ တစ်နည်းဆိုသော် ဘာသာတရားအဆုံးအမကို လိုက်နာကြဖို့ 'တမလွန်ဘ၀တည်ရှိသည်' ဟူသော အယူအဆက မရှိမဖြစ်လိုအပ်နေပေသည်။ ဘာသာ တရား တစ်ခုနှင့်တစ်ခုအကြား တမလွန်နှင့်ပတ်သက်သည့် ပုံစံအနေအထားချင်း မတူကွဲပြားကြစေကာမူ တမလွန်တည်ရှိခြင်းကိုတော့ လက်ခံထားကြပေသည်။ ပမာဆိုရသော် မဇ္ဈိမဒေသတွင်ထွန်းကားခဲ့၊ ထွန်းကားဆဲဖြစ်သော ဘာသာအယူဝါဒတို့၏ တမလွန်အယူအဆ တွင် သတ္တ၀ါတစ်စုံတစ်ရာ၏ ဤဘ၀မှ ၀ိညာဉ်သည် တစ်ဘ၀အပြီးတစ်ဘ၀ ကူးပြောင်းကျင်လည်နေရသည်။ ဘာသာတရားအဆုံးအမ နှင့်အညီ လိုက်နာခဲ့သူ၏ ၀ိညာဉ်သည် ကောင်းမြတ်သော သတ္တ၀ါအဖြစ်ပြန်လည် ဖြစ်တည်လာကြရသည်။ အကယ်၍ ဘာသာတရား အဆုံးအမကို မလိုက်နာခဲ့ပါမူ ထိုသူ၏၀ိညာဉ်မှာ နိမ့်ကျသောသတ္တ၀ါအဖြစ် ပြန်လည်ဖြစ်တည်ရမည်။ ဤသို့ဖြင့် ဘာသာတရားအဆုံး အမကို လိုက်နာခြင်း၊ မလိုက်နာခြင်းတို့အပေါ် မူတည်ကာ တစ်ဘ၀ပြီး တစ်ဘ၀ပြောင်းလဲ ဖြစ်တည်နေရမည်သာဖြစ်သည်။

အာရှအရှေ့အလယ်ပိုင်းတွင် ထွန်းကားခဲ့သော အယူဝါဒတို့တွင်မူ ထိုသို့ တစ်ဘ၀ပြီးတစ်ဘ၀ ကူးပြောင်းဖြစ်တည်မှု မရှိစေကာမူ ဘာသာတရားနှင့်အညီ လိုက်နာခဲ့သူတို့အတွက် မြင့်မြတ်သော ကောင်းကင်ဘုံ ရှိပြီး၊ ဘာသာတရား အဆုံးအမအား မလိုက်နာခဲ့သူတို့ အတွက် အပြစ်ဒဏ်ခံစားရန် ထာဝရငရဲကရှိနေသည်။

သို့ဖြစ်ရာ အဆိုပါဘာသာတရားတို့တွင် လူသားတို့အား ကောင်းမြတ်သော ကိုယ်ကျင့်တရား လိုက်နာစေရေးအတွက် လမ်းညွှန်ဆုံးမ ရာတွင် တမလွန်တည်ရှိမှုက မရှိမဖြစ်သော အဓိကပင်မ မဏ္ဍိုင်ကြီးပင် ဖြစ်ပေသည်။ ကိုယ်ကျင့်တရား ကောင်းသူသည် တမလွန်တွင် ကောင်းကျိုးခံစားရမည်၊ ကိုယ်ကျင့်တရား မကောင်းသူသည် တမလွန်တွင် မကောင်းကျိုး ခံစားရမည်သာ ဖြစ်သည်။
ဤနေရာတွင် ကျွန်ုပ်တို့သတိပြုသင့်သည်မှာ ဗုဒ္ဓ၀ါဒလာ ကိုယ်ကျင့်တရား၏ အခြေခံအုတ်မြစ် မဏ္ဍိုင်သည် တမလွန်ရှိခြင်း၊ မရှိခြင်း အပေါ် လုံးဝအခြေမပြုထားခြင်းပင်ဖြစ်သည်။ ဗုဒ္ဓ၀ါဒက ညွှန်ပြခဲ့သော ကိုယ်ကျင့်တရားတို့မှာ လူသားချင်း စာနာစိတ်အပေါ်တွင်သာ အခြေပြုထားပေသည်။ ဗုဒ္ဓ၀ါဒလာ ကိုယ်ကျင့်တရားတို့သည် နောင်တမလွန်အကျိုးကျေးဇူးနှင့် ချိတ်ဆက်ထားခြင်း အလျဉ်းမရှိကြောင်း အောက်ဖော်ပြပါ ဗုဒ္ဓဒေသနာက သက်သေထူလျက်ရှိသည်။

x           x           x

"ဒါယကာတို့၊ ဤလောက၌ မြတ်သော တပည့်သာဝကသည် ဤသို့စဉ်းစား၏။ စဉ်းစားပုံမှာ - ငါသည် အသက်ရှင်နေချင်သည်၊ မသေ ချင်။ ချမ်းသာစွာ နေချင်သည်၊ ဆင်းရဲကို စက်ဆုပ်သည်။ တစ်စုံတစ်ယောက်သောသူသည် ဤသို့ အသက်ရှင်နေချင်သော၊ မသေချင် သော၊ ချမ်းသာစွာ နေချင်သော၊ ဆင်းရဲကို စက်ဆုပ်သော ငါ့ကိုသတ်မည်ဆိုလျှင်  ယင်းသို့သတ်ခြင်းကို ငါမကြိုက်ပေ။ ငါကလည်း အသက်ရှင်နေချင်သော၊ မသေချင်သော ချမ်းသာစွာနေချင်သော၊ ဆင်းရဲကို စက်ဆုပ်သော သူတစ်ပါးကို သတ်မည်ဆိုပါလျှင် ယင်းသို့ သတ်ခြင်းကို သူတစ်ပါးလည်း ကြိုက်မည်မဟုတ်ပေ။ ငါမကြိုက်သောအရာဖြင့် အဘယ့်ကြောင့် သူတစ်ပါးအပေါ် ပြုလုပ်သင့်ပါမည်နည်း။

ထိုသူသည် ဤသို့စဉ်းစားဆင်ခြင်းကာ မိမိလည်း သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏။ သူတစ်ပါးကိုလည်း သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ရန် ဆောက်တည်စေ၏။ သူ့အသက်သတ်ခြင်းမှရှောင်ကြဉ်မှု၏ ဂုဏ်ကျေးဇူးကို ပြောကြား၏။ ဤသို့အားဖြင့် ထိုသူ၏ကိုယ် ကျင့်ကောင်းခြင်းသည် အစွန်းသုံးပါးမှ စင်ကြယ်၏။"

x           x           x


ဗုဒ္ဓကဆက်လက်၍ သူ့ဥစ္စာခိုးယူခြင်း၊ သူ့သားမယားကို ကျူးလွန်ခြင်း၊ သူတစ်ပါး အကျိုးယုတ်အောင် မဟုတ်မမှန်ပြောဆိုခြင်း၊ သူတစ်ပါး ချစ်ခြင်းကွဲအောင် ကုန်းတိုက်ခြင်း၊ သူတစ်ပါး မခံသာအောင် ရုန့်ရင်းစွာပြောဆိုခြင်း၊ သူတစ်ပါးအတွက် အကျိုးမရှိစေမည့် အနှစ်သာရကင်းမဲ့သော စကားကိုဆိုခြင်းတို့နှင့် စပ်လျဉ်း၍လည်း ကိုယ်ချင်းစာတရားကို လက်ကိုင်ထား၍ ရှောင်ကြဉ်ကြရန်၊အခြားသူ တို့ကိုလည်း ရှောင်ကြဉ်ကြဖို့ တိုက်တွန်းရန်၊ ယင်းသို့ ရှောင်ကြဉ်ခြင်းကြောင့် ရရှိသည့် ဂုဏ်ကျေးဇူးကိုပြောဆိုရန် လမ်းညွှန်ဟောကြား ခဲ့ပေသည်။
(သောတာပတ္တိသံယုတ်၊ ဝေဠုဒွါရ၀ဂ်)

x           x           x


ဤဒေသနာကို ထောက်ရှုခြင်းဖြင့် ဗုဒ္ဓသည် လူသားတို့အား ကိုယ်ကျင့်တရားဆိုင်ရာ လမ်းညွှန်ချက်များအား မိန့်ကြားရာတွင် လူသား ချင်းကိုယ်ချင်းစာနာမှုကိုသာ အဓိကအခြေပြုထားသည်ကို သိရှိနိုင်ပေသည်။ သို့ဖြစ်ရာ ဗုဒ္ဓ၀ါဒလာ လူ့ကိုယ်ကျင့်တရားသည် တမလွန် ရှိခြင်းအား ယုံကြည်သူများရော၊ မယုံကြည်သူများပါ လက်ခံနိုင်သောတရား ဖြစ်ပေသည်။

စင်စစ်အားဖြင့်လည်း ဗုဒ္ဓ၀ါဒတွင် တမလွန်တည်ရှိခြင်းအယူအဆသည် အဓိကအရေးပါသောမဏ္ဍိုင်ကြီးမဟုတ်ပါချေ။ ဗုဒ္ဓ၀ါဒသည် လက်တွေ့ကျင့်သုံးသူတို့အဖို့လက်ငင်းဒိဋ္ဌ မျက်မှောက်ဘ၀တွင်ပင် အကျိုး ခံစားရသောအယူဝါဒသာ ဖြစ်ပေသည်။ ဗုဒ္ဓ၀ါဒ၏ အန္တိမ ရည်မှန်းချက်ပန်းတိုင်ဖြစ်သော မဂ်ဖိုလ်နိဗ္ဗာန်ဆိုသည်မှာလည်း လက်ရှိဘ၀မှာပင် မျက်မှောက်ပြုနိုင်သော ဆင်းရဲအပေါင်းမှ လွတ် မြောက်ခြင်းသာ ဖြစ်ပေသည်။

ဗုဒ္ဓသက်တော်ထင်ရှား ရှိစဉ်အခါကလည်း နောင်တမလွန်ဘ၀နှင့် ပတ်သက်၍ အလေးအနက်ထား မေးခွန်းထုတ်လာသူများ ရှိခဲ့ဘူး သည်။ ထိုအခါတိုင်း ဗုဒ္ဓက နောင်တမလွန်ဘ၀ရှိခြင်း၊ မရှိခြင်းဟူသည် ဗုဒ္ဓ၀ါဒ၏ အန္တိမ ရည်မှန်းချက်ပန်းတိုင်ဖြစ်သော ဆင်းရဲကိုသိခြင်း၊ ဆင်းရဲ၏အရင်းအမြစ်ကိုသိခြင်း၊ ဆင်းရဲကင်းရာကိုသိခြင်းနှင့် ဆင်းရဲကင်းရာလမ်းစဉ်ကို လိုက်နာကျင့်သုံးခြင်းဟူသည့် သစ္စာလေးပါးကို သိမြင်နိုင်မှုနှင့် မည်သို့မျှမပတ်သက်သော ကိစ္စသာဖြစ်ကြောင်း ဟောကြားခဲ့ပေသည်။ဗုဒ္ဓလမ်းညွှန်သည့်အတိုင်း အားထုတ်သူတို့သည် မျက်မှောက်မှာပင် သက်ရှိထင်ရှားဘ၀ဖြင့် လောက၏သစ္စာတရားကို သိခြင်း(မဂ်ဆိုက်ခြင်း)၊ သိခြင်း၏ရလဒ်အဖြစ် ဆင်းရဲအပေါင်းမှ လွတ်မြောက်ခြင်း( ဖိုလ်ဆိုက်ခြင်း) ဟူသည့် ရည်မှန်းချက်ပန်းတိုင်ကို လှမ်းကိုင်နိုင်မည်သာ ဖြစ်ပေသည်။

ထို့အပြင် အသက်ဝိညာဉ်ကောင်သည် သေလွန်ပြီးနောက် အခြားဘ၀သို့ပြောင်းကာ ခန္ဓကိုယ်သစ်တစ်ခုရရှိသွားခြင်းဖြင့် နောင်တမလွန် ဘ၀ရှိသည်ဟု လက်ခံခြင်း(သဿတဒိဋ္ဌိ) သည်လည်းကောင်း၊ နောင်တမလွန်ဘ၀မရှိဟု လက်ခံခြင်း (ဥစ္ဆေဒဒိဋ္ဌိ)သည်လည်းကောင်း၊ မရှိလည်းမဟုတ်/ရှိလည်းမဟုတ်ဟု လက်ခံခြင်း ( အမရာဝိက္ဓေပဒိဋ္ဌိ) သည်လည်းကောင်း မိစ္ဆာဒိဋ္ဌိ ၆၂ပါးတွင် အကျုံးဝင်သော တရား များသာဖြစ်ကြောင်း ပိဋကတ်တော်တွင် အထင်အရှားတွေ့ရှိနိုင်ပေသည်။ (အဗျာကတသံယုတ်၊ခေမာသုတ်)
သို့ပါ၍ ဗုဒ္ဓ၀ါဒလာကိုယ်ကျင့်တရားတို့ကို လိုက်နာကျင့်သုံးနိုင်ရန်မှာ နောင်တမလွန်ဘ၀ တည်ရှိခြင်း၊ မရှိခြင်းနှင့် စပ်ဆိုင်သည့်အယူ အဆများအပေါ် အခြေပြုစရာမလိုဘဲ၊ လူလူချင်း ကိုယ်ချင်းစာတရားနှင့် အဆိုပါ ကိုယ်ချင်းစာတရားကို မြဲမြံစေမည့် သတိတရားတို့အား အစဉ်သဖြင့် လက်ကိုင်ထားကာ ကြံစည်၊ ပြောဆို၊ လုပ်ကိုင်သွားရန်သာ လိုအပ်ပါကြောင်း တင်ပြလိုက်ရပါသတည်း။
ဝင်းသိန်းဦး
(၃-၈-၂၀၀၀)
(မြတ်သတိဝါဒီ၊ အမှတ်-၆၊ဒီဇင်ဘာ၊၂၀၀၀ပြည့်နှစ်။)

No comments: