Friday, December 23, 2011

သံဃာ့အားကို အများကြီးလိုသည်

ဗုဒ္ဓ၀ါဒ၏ အန္တိမရည်မှန်းချက်ပန်းတိုင်သည် ပြီးပြည့်စုံသော
အသိပညာနိုးကြားမှုပင်ဖြစ်သည်။ ယင်းကို ဗောဓိဥာဏ်နှင့် ပြည့်စုံခြင်းဟု
လည်းခေါ်သည်။ သို့ဖြစ်ရာ ဗုဒ္ဓ၀ါဒသည် အသိပညာကိုအထူးတလည် တန်ဖိုးထားသော
အယူဝါဒပင်ဖြစ်သည်။ လူ့ဘောင်သမိုင်း တစ်လျှောက် လူသားတို့
ကြုံတွေ့ခဲ့ရသော၊ ကြို့တွေ့ဆဲ၊ ကြုံတွေ့နေရဦးမည်ဖြစ်သော ဘ၀ပြဿနာအထွေထွေ၏
အကြောင်းရင်း သည် တပ်မက်မှု(တဏှာ)ဖြစ်ပြီး၊ ယင်းတပ်မက်မှုမှာလည်း
အသိပညာခေါင်းပါးခြင်း(အ၀ိဇ္ဇာ)ကို အရင်းခံ၍ ဖြစ်တည်လာရသည်ဟု ဗုဒ္ဓ၀ါဒက
ခံယူထားပေသည်။ သို့ဖြစ်ရာ ဗုဒ္ဓ၀ါဒီတို့အနေနှင့် လူ့ဘောင်လောကတွင်
အသိဥာဏ်ပညာလက်နက်ဖြင့် စွဲကိုင်ဖြေရှင်း၍ မရနိုင်သည့် ပြဿနာဟူသည်မရှိဟု
ခံယူထားကြရပေမည်။

အသိပညာရှိသူသည် မိမိအကျိုးရော၊သူတစ်ပါးအကျိုးကိုပါ မျှတစွာ
ဆင်ခြင်သုံးသပ်နိုင်စွမ်းရှိသည့်အလျောက် ကိုယ်ချင်းစာတရား နှင့် လည်း
ပြည့်စုံသူဖြစ်သည်။ ဗုဒ္ဓမြတ်စွာ လမ်းညွှန်ဟောကြားခဲ့သည့်
အခြေခံကိုယ်ကျင့်တရားတို့သည် အမိန့်အာဏာဖြင့်ပြဋ္ဌာန်းခဲ့ခြင်း မဟုတ်ဘဲ
လူသားချင်း ကိုယ်ချင်းစာတရားပေါ်၌သာ အခြေပြုထားခြင်းဖြစ်သည်။ သို့ဖြစ်ရာ
ဗုဒ္ဓ၀ါဒီတို့၏ အသက်မွေးဝမ်းကျောင်းမှု သည် ကိုယ်ချင်းစာတရားအပေါ် အခြေခံသော
အသက်မွေးမှုသာ ဖြစ်သင့်ပေသည်။ တစ်နည်းဆိုသော် 'သမ္မာအာဇီဝ' ဖြစ်ရပေမည်။
ကိုယ်ချင်းစာတရား ခေါင်းပါးသည်နှင့် လူသားတို့၏ စိတ်ဘ၀င်ဝယ် ၀ိသမလောဘများ
ပေါက်ပွားလာပြီး သမ္မအာဇီဝမကျသော၊ လူ့ ကိုယ်ကျင့်တရားနှင့် သွေဖည်သော
အသက်မွေးမှုတို့ကို ပြုလာတတ်ကြစမြဲ ဖြစ်သည်။
ကမ္ဘာနှင့် အ၀ှမ်း လူသားထုတစ်ရပ်လုံးကို ခြိမ်းခြောက်လျက်ရှိသည့် HIV/AIDS
ရောဂါ ကူးစက်ပျံ့နှံ့ရခြင်း၏ အကြောင်းအရင်းများစွာ ထဲတွင်
လူ့ကိုယ်ကျင့်တရားကို လျစ်လျူရှုကာ စာနာမှုကင်းသောစိတ်ဖြင့်
စီးပွားရှာခြင်းသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။
အမြင်သာအထင်သာဆုံးဥပမာမှာ လိင်ကုန်ကူးမှုနှင့် မူးယစ်ဆေးဝါး
ရောင်းဝယ်ဖောက်ကားမှုတို့ပင်ဖြစ်သည်။

အဆိုပါ မသမာသောနည်းဖြင့် စီးပွားရှာသော လုပ်ရပ်များသည်
ဗုဒ္ဓဘုရားရှင်၏အဆုံးအမသာသနာနှင့် သွေဖည်သည်ဆိုသော အချက် ကိုကား
အထူးပြောဖွယ်မရှိပါချေ။ ယင်းမသမာမှုတို့အား ဗုဒ္ဓဘာသာဝင်ထုကြီး တစ်ရပ်လုံးက
ဝိုင်းဝန်းဟန့်တား ဆန့်ကျင်ကြရမည် ဖြစ်သည်။ ထိုသို့ဆောင်ရွက်ခြင်းသည်
ဘုရားရှင်၏အဆုံးအမနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းဖြစ်သဖြင့်
ဗုဒ္ဓမြတ်စွာအား ဓမ္မပူဇာဖြင့် ပူဇော်ခြင်းပင်ဖြစ်လေရာ
ကောင်းမှုကုသိုလ်တရားပွားများခြင်းပင် ဖြစ်သည်။ မိမိရော၊
မိမိနေထိုင်ရာလူ့အဖွဲ့အစည်း၏ ကောင်းကျိုးကိုပါ
သယ်ပိုးဆောင်ရွက်ရာရောက်သဖြင့် မည်သည့်ဘာသာ အယူဝါဒကမဆို 'ကောင်းမြတ်သော
လူသားအကျိုးပြုလုပ်ငန်း' အဖြစ် အသိ အမှတ်ပြု ကောင်းချီးသြဘာပေးကြမည်သာ
ဖြစ်သည်။

အဆိုပါလုပ်ငန်းကို ဗုဒ္ဓဘာသာဝင်ထုကြီး တစ်ရပ်လုံးက
ပင်ကိုယ်နိုးကြားသောအသိစိတ်ဖြင့် တက်ကြွစွာပါဝင် ဆောင်ရွက်လာနိုင်ရန်
အဓိကလိုအပ်သောအချက်မှာ ဗုဒ္ဓဘာသာဝင်တိုင်းသည်
ဗုဒ္ဓ၀ါဒလာအခြေခံကိုယ်ကျင့်တရားတို့ကို ကောင်းစွာနားလည် သဘောပေါက်
ကြရန်ပင် ဖြစ်သည်။ ထိုသို့နားလည် သဘောပေါက်လာစေရန်အတွက်
ဗုဒ္ဓဘာသာဝင်ထုကြီးအား ၀ိုင်းဝန်းသွန်သင်ပညာပေးဆုံးမကြရန် မှာ သံဃာတော်
အရှင်သူမြတ်များ၊ သီလရှင်များ၊ ဘာသာရေးပညာရှင်များနှင့်
ဘာသာရေးအသင်းအဖွဲ့များ၏ အဓိကတာဝန်ကြီးတစ်ရပ် လည်း ဖြစ်သည်။
ထိုသို့ ဗုဒ္ဓတရားတော်လာ လူ့ကိုယ်ကျင့်တရားတို့ကို
လိုက်နာစောင့်ထိန်းခြင်းသည် HIV/AIDS ရောဂါကူးစက်ပြန့်ပွားသည့်ဘေးမှ
မည်သည့်အတိုင်းအတာအထိ ကာကွယ်တားဆီးနိုင်ကြောင်း ဗုဒ္ဓဘာသာဝင်တို့
သိရှိနားလည်ကြစေရန် ယင်းရောဂါ ကူးစက်ပြန့်ပွားရ သည့်
အကြောင်းရင်းတို့ကိုလည်း အသိပညာပေးသွားကြရမည် ဖြစ်ပေသည်။

ဗုဒ္ဓ၀ါဒလာ ကိုယ်ကျင့်တရားတို့ကို စောင့်ထိန်းခြင်းဖြင့် ဘာသာရေးအရ
ကုသိုလ်ကောင်းမှုပြုရာရောက်သည့်အပြင် ကျန်းမာရေး၊လူမှု ရေး၊စီးပွားရေး
အစရှိသော လောကီကိစ္စအ၀၀တွင်ပါ အကျိုးဖြစ်ထွန်းစေကြောင်း
ကောင်းစွာသိမြင်လာရန် အထူးအရေးကြီးလှပါသည်။
ဤနေရာတွင် ကျွန်ုပ်တို့သတိပြုရန်မှာ ဗုဒ္ဓတရားတော်လာ
ကိုယ်ကျင့်တရားတို့ကို လိုက်နာစောင့်ထိန်းမှုကင်းမဲ့ခြင်းသည် HIV/AIDS
ရောဂါ ကူးစက်ပြန့်ပွားမှုကို အားပေးနေသည် မှန်သော်လည်း၊ အဆိုပါရောဂါ
ကူးစက်ခံရသူတိုင်းသည် 'ကိုယ်ကျင့်တရားမစောင့်ထိန်းခဲ့ သူများချည်းမဟုတ်'
ဆိုသည့်အချက်ပင်ဖြစ်သည်။ ကိုယ်ကျင့်တရား မည်မျှကောင်းသူဖြစ်ပါစေ HIV/AIDS
ရောဂါကူးစက်ပြန့်ပွားစေ သည့် နည်းလမ်းတို့ကို မှန်ကန်စွာမသိရှိခဲ့ပါက
မည်သူမဆို ယင်းရောဂါပိုး ကူးစက်ခံရမည့်အခွင့်အလမ်း
များစွာရှိနေသောကြောင့်ပင် ဖြစ်သည်။

သို့ဖြစ်ရာ သံဃာတော်များ၊ သီလရှင်များ၊ ဘာသာရေးပညာရှင်များနှင့်
ဘာသာရေးအဖွဲ့အစည်းများအနေနှင့် HIV/AIDS ရောဂါ ကူး စက်နိုင်သည့်
နည်းလမ်းတို့ကိုလည်း သိရှိနားလည်ထားသင့်ပေသည်။ သို့မှသာ မိမိတို့နှင့်
နီးစပ်ရာအသိုင်းအ၀ိုင်းမှ ဗုဒ္ဓဘာသာဝင်တို့ အား တစ်ဆင့်ပြန်လည်
အသိပညာပေးနိုင်ကြပေမည်။ ဤနည်းဖြင့် ဗုဒ္ဓဘာသာဝင်တို့အကြား
ဘာသာရေးနှင့်ပတ်သက်၍လည်းကောင်း၊ အဆိုပါရောဂါဆိုးနှင့် ပတ်သက်၍လည်းကောင်း၊
မှန်ကန်သောအသိတရားများ ရရှိလာကာ မှားယွင်းသော အယူအဆများအား တိုက်
ဖျက်သွားနိုင်မည်ဖြစ်သည်။

ကျွန်ုပ်တို့သည် HIV/AIDS တားဆီးကာကွယ်ရေး လုပ်ငန်းများအား
အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်သလို ယင်းရောဂါ
ကူးစက်ခံထားရသူများအပေါ်၌လည်း ကိုယ်ချင်းစာတရား လက်ကိုင်ထားကာ လိုအပ်သော
အကူအညီများကို ပေးသွားကြရပေမည်။

ရောဂါရှိသူနှင့် မရှိသူဟူ၍မခွဲခြားဘဲ HIV ဗိုင်းရပ်စ်
စွဲကပ်ခံထားရသူတို့ကို သာမန်လူကောင်းများကဲ့သို့ သဘောထားဆက်ဆံကာ လို
အပ်သောစိတ်ဓာတ်ခွန်အားမြှင့်တင်မှုများကိုပါ ပြုလုပ်ပေးသွားကြရပေမည်။ HIV
ပိုးစွဲကပ်ခံထားရသူတို့ အနေနှင့်လည်း မိမိတို့ကိုယ် ကို မျှော်လင့်ချက်
ကင်းမဲ့သူများအဖြစ် ထင်မှတ်မသွားစေဘဲ၊ လူကောင်း ပကတိများနည်းတူ
မိမိကိုယ်ကိုရော မိမိပတ်ဝန်းကျင်လူ့အဖွဲ့ အစည်းကိုပါ
အကျိုးပြုနိုင်စွမ်းရှိသူများအဖြစ် ယုံကြည်မှုအပြည့်အ၀ ရှိနေစေရန်
ဝိုင်းဝန်းကူညီ ဆောင်ရွက်သွားကြရပါမည်။

မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာဝင်အများစုနေထိုင်ရာ လူ့အဖွဲ့အစည်း
ဖြစ်သည့်အလျောက် သံဃာတော်များနှင့် ဘိက္ခုနီအနွယ်ဝင် သီလရှင်များ၏
သြဇာသက်ရောက်မှုသည် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း
အရေးပါသောကဏ္ဍတွင်တည်ရှိနေပေသည်။ ယင်းအချက် သည် ဗုဒ္ဓဘာသာဝင်
မြန်မာတိုင်းရင်းသားထုကြီးအား HIV/AIDS တားဆီး၊ ကာကွယ်ရေးနှင့်
ရောဂါပိုးရှိသူများကို အားပေးနှစ်သိမ့် ကူညီပံ့ပိုးရေးတွင်
များစွာတန်ဖိုးရှိ အသုံးဝင်သော အခွင့်အလမ်းတစ်ရပ်ပင် ဖြစ်ပေသည်။

အထူးသဖြင့် သံဃာတော်တို့သည် မြန်မာလူထု၏ ကြည်ညိုလေးစားမှုကို
ရရှိထားသူများဖြစ်သည့်အလျောက် သူတို့မှတစ်ဆင့် HIV/AIDS ရောဂါ
တားဆီးကာကွယ်ရေးနှင့် ရောဂါပိုးရှိသူတို့အား နှစ်သိမ့်ကူညီရေးဆိုင်ရာ
အသိပညာ ဗဟုသုတများကို ဖြန့်ဖြူး ပေးသွား နိုင်ပေသည်။ ဤနည်းအားဖြင့်
သံဃာတော်တို့သည် တပည့်ဒါယကာ၊ ဒါယိကာမများ၏ အကျိုးစီးပွားကို လက်တွေ့ကျကျ
ပံ့ပိုးကူညီနိုင်ကြပေလိမ့်မည်။

ကျန်းမာရေးသည် စီးပွားရေး၊လူမှုရေး၊ နိုင်ငံရေးစသော လူ့အရေးအရာ အားလုံး၏
အခြေခံအုတ်မြစ်ပင်ဖြစ်သည်။ ကျန်းမာရေးကောင်း ပါမှ အဆိုပါ
လူ့အရေးအရာကိစ္စအ၀၀တွင် အောင်မြင်တိုးတက်မှုများ ရရှိလာမည်ဖြစ်သည်။
သံဃာတော်တို့အနေနှင့် တပည့်ဒါယကာ၊ ဒါယိကာမတို့၏ ကျန်းမာရေးကို
အလေးထားဆုံးမသွန်သင် အကျိုးပြုခြင်းသည် ဗုဒ္ဓဘာသာဝင်ထုတစ်ရပ်လုံး၏ လောကီ
လောကုတ္တရာ အကျိုးစီးပွားအ၀၀ကို ဖြည့်ဆည်းပေးခြင်းပင်ဖြစ်သည်။ ယင်းသို့
ဆောင်ရွက်ခြင်းအားဖြင့် ဗုဒ္ဓသာသနာတော်ကြီး အဓွန့်ရှည်စွာ တည်တံ့
ခိုင်မြဲရေးအတွက် ကြီးစွာသောအထောက်အပံ့ ပြုခြင်းလည်းမည်ပေသည်။ သို့ဖြစ်ရာ
ဤလုပ်ရပ်သည် လွန်စွာမွန်မြတ်သော သာသနာပြု လုပ်ငန်းကြီးလည်း ဖြစ်ပေသည်။

ဤသို့ ဘာသာရေးမှတစ်ဆင့် HIV/AIDS ရောဂါတားဆီးကာကွယ်မှု လုပ်ငန်းစဉ်များကို
ကမ္ဘာနှင့်အ၀ှမ်းဆောင်ရွက်လျက်ရှိရာ လွန်စွာ ထိရောက်
အောင်မြင်ကြောင်းတွေ့ရှိရပေသည်။ သက်ဆိုင်ရာ ဘာသာရေးပညာရှုင်များ၏
ဦးဆောင်မှုဖြင့် မိမိတို့နှင့်ဆိုင်ရာဆိုင်ရာ ဘာသာဝင်တို့အား HIV/AIDS
တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတဖြန့်ဝေခြင်း၊
မိမိတို့ကိုးကွယ်ယုံကြည်ရာ ဘာသာ တရားအဆုံးအမနှင့်ယှဉ်ကာ
ယင်းရောဂါကူးစက်စေနိုင်သော အမူအကျင့်ဆိုးတို့မှရှောင်ကြဉ်ရန်
ဟောပြောသွန်သင်ခြင်းတို့ကို
အောင်မြင်စွာဆောင်ရွက်နေကြပြီဖြစ်သည်။ယင်းလုပ်ငန်းဆောင်တာများ
အောင်မြင်စေရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများကလည်း
ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းအဆင့်ဆင့်နှင့် ပူးပေါင်းကာ လိုအပ်သော
အကူအညီများကို ပံ့ပိုးပေး လျက် ရှိပေသည်။

သို့ဖြစ်ရာ ကျွန်ုပ်တို့မြန်မာနိုင်ငံတွင်လည်း သံဃာတော် အရှင်သူမြတ်များ၊
ဘာသာရေးပညာရှင်များ၊ ဗုဒ္ဓဘာသာအဖွဲ့အစည်းများသည် နိုင်ငံတော်အစိုးရ၏
အားပေးမှု၊ ကမ္ဘာ့ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၏ ပံ့ပိုးမှုတို့ဖြင့်
HIV/AIDS ရောဂါတားဆီးကာကွယ် ရေးနှင့် ရောဂါပိုးကူးစက်ခံရပြီးသူများအား
နှစ်သိမ့်ကူညီရေးလုပ်ငန်းများတွင်
တက်ကြွစွာပါဝင်ဆောင်ရွက်ကြမည်ဆိုပါလျှင် HIV/AIDS
ရောဂါကူးစက်ပြန့်ပွားမှုသည် မြန်မာ့မြေ၊ မြန်မာ့ရေမှ များမကြာမီကာလအတွင်း
ရပ်တန့်သွားမည်မှာ မလွဲဧကန်ဖြစ်ကြောင်း တင်ပြ လိုက်ရပါသည် ။ ။

Ref: HIV/AIDS Prevention and Care: from Buddhism Perspective (Myanmar
Version) by Win Thein Oo.

ဝင်းသိန်းဦး
(မြတ်သတိဝါဒီ၊ အမှတ်-၁၁၊၂၀၁၁ခုနှစ်၊ မေလ။)

No comments: