Friday, April 5, 2019

ပိန်းဥကြော်သုပ် - ကြက်ချိုချဉ်ကြော် - မြန်မာရဲယိုရွက်ငါးပေါင်းထုပ် - သက်သတ်လွတ် Pad Thai

ပိန်းဥကြော်သုပ်
........................


ပါဝင်ပစ္စည်းများ
• ပိန်းဥ - ၁ လုံး
• ကော်မှုန့် - စားပွဲဇွန်း ၃ ဇွန်း
• ဆား - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁/၃ ဇွန်း
• ခရမ်းချဉ်သီး - ၁ လုံး
• ကြက်သွန်နီ - ၁ လုံး
• နံနံပင် - အနည်းငယ်
• ငရုတ်သီးစိမ်း - ၅ တောင့်ခန့်
• မြေပဲထောင်း - စားပွဲဇွန်း ၁ ဇွန်း
• ပုစွန်ခြောက်မှုန့် - စားပွဲဇွန်း ၁ ဇွန်း
• ငံပြာရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ဆား - အနည်းငယ်
• ကြက်သွန်ဖြူဆီချက် - စားပွဲဇွန်း ၁  ၁/၂ ဇွန်း

ပြုလုပ်နည်း
၁။ ပိန်းဥကို အနေတော်အချောင်းများ လှီးဖြတ်၍ ကော်မှုန့်၊ ဆား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် နယ်ပြီး ဆီပူပူမှာြွကပ်အောင် ကြော်ပါ။
၂။ ပြီးလျှင် ဆီစစ်ပြီး ဆယ်ယူထားပါ။
၃။ ဇလုံတစ်လုံးထဲ ကြော်ထားတဲ့ ပိန်းဥ၊ ပါဝင်ပစ္စည်းများ၊ အရသာများ၊ ပါးပါးလှီးဖြတ်ထားတဲ့ ခရမ်းချဉ်သီး၊ ကြက်သွန်နီနှင့် နံနံပင်တို့ကို ထည့်ပြီး နယ်သုပ်ပါ။
၎။ အရသာအနေတော်ဖြစ်ပြီဆိုလျှင် ပန်းကန်မှာပြင်ပြီး သုံးဆောင်နိုင်ပါပြီ။
......................
အံ့ဝင့်ထွဋ်

သက်သတ်လွတ်ကြက်ချိုချဉ်ကြော် (Vegetarian Sweet & Sour Chicken)


          ကြက်ချိုချဉ်ကြော်ဆိုမှတော့ ဘယ်မှာ သက်သတ်လွတ်ဖြစ်တော့မှာ လဲလို့ မပြောပါနဲ့နော်။ ကြက်သားအစား ပဲလိပ်ချောင်းကို သုံးပြီး ချက်မှာပါ။ ဒီချက်နည်းမှာ သက်သတ်လွတ်စားတဲ့ တရုတ်လူမျိုးတွေရဲ့ ချက်နည်းပါ။ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူ လုံးဝထည့်ချက်လို့မရပါဘူး။ ကျွန်တော် ပုံမှန်ချက်နေ ကျနည်းမှာတော့ သက်သတ်လွတ်တွေအတွက် လုပ်ထားတဲ့  ကြက်ပေါင်ကို သုံးပါတယ်။ အဲဒီကြက်သားအတုကလည်း Soy Beans နဲ့ပဲ လုပ်ထားတာပါ။ ဒီမှာ ကြက်သားအတုက အလွယ်တကူ မရနိုင်တဲ့အတွက် အလွယ်တကူ ဝယ်လို့ရတဲ့ ပဲပြားလိပ်ချောင်းကို သုံးထားပါတယ်။ တကယ်လို့ ကြက်သွန်နီ၊ ကြက်သွန်ဖြူစားတဲ့ သက်သတ်လွတ်ဆိုရင် ဆီသတ်တဲ့နေရာမှာ ကြက်သွန်ဖြူ ထည့်ပြီး ချက်နိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

ပဲပြားလိပ်ချောင်း  –  ၁၀ဝ ဂရမ်

နာနတ်သီး  –  ၂ စိတ် (အတုံးသေးသေးတုံးထားပါ)

ငရုတ်တောင့်ပွအနီ  –  ၁/၂ လုံး (အတုံးသေးသေးတုံးထားပါ)

ငရုတ်တောင့်ပွအစိမ်း  –  ၁/၂ လုံး (အတုံးသေးသေးတုံးထားပါ)

ငရုတ်တောင့်ပွအဝါ  –  ၁/၂ လုံး (အတုံးသေးသေးတုံးထားပါ)

ကြက်သွန်မြိတ်  –  ၅ ပင်

ချင်း  –  ၃၀ ဂရမ်

ဆီ  –  စားပွဲဇွန်း ၂ ဇွန်း

ချိုချဉ်ကြော်ဆော့စ်အတွက် လိုအပ်တာတွေကတော့-

ရေ  –  စားပွဲဇွန်း ၁၀ ဇွန်း

သကြား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ငရုတ်သီးဆော့စ်  –  စားပွဲဇွန်း ၂ ဇွန်း

ခရမ်းချဉ်သီးဆော့စ်  –  စားပွဲဇွန်း ၂ ဇွန်း

ပဲငံပြာရည်  –  စားပွဲဇွန်း ၁  ၁/၂ ဇွန်း

သက်သတ်လွတ်အရသာမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြောင်းဖူးမှုန့်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း +

ရေ  –  စားပွဲဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

၁။       ပဲလိပ်ကို အရှည်လိုက်ဖြတ်ပြီး ရေနွေးနဲ့ စိမ်ထားပါ။ ပျော့လာလျှင် ဆယ်ယူထားပါ။

၂။       ပြောင်းဖူးမှုန့်နှင့် ရေမှလွဲ၍ ဆော့စ်အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကို ဦးစွာ ပန်းကန်လုံး ၁ လုံးထဲ ထည့်ပြီး မွှေထားပါ။

၃။       လက်နဲ့ကိုင်လို့ရတဲ့ အနေအထားမှာ ပဲလိပ်ကို လက်ဖြင့်ဆုပ်ပြီး ရေညှစ်ပါ။

၎။       ကြက်သွန်မြိတ် အဖြူရောင်အပိုင်းကို ပါးပါးလှီးပြီး အစိမ်းရောင်အပိုင်းကို ၁ လက်မအရွယ် ဖြတ်ထားပါ။

၅။       ပြီးလျှင် ဒယ်အိုးထဲ ဆီထည့်ပြီး ရေနွေးစိမ်ထားတဲ့ ပဲလိပ်ကို ထည့်ပြီး ကြော်ပါ။

၆။       ပြီးလျှင် ပါးပါးလှီးထားတဲ့ ချင်း၊ အရှည်လိုက်ဖြတ်ထားတဲ့ ကြက်သွန်မြိတ် အဖြူပိုင်း ထည့်ပြီး မွှေပါ။

၇။       အနံ့မွှေးလာသည်နှင့် ငရုတ်ပွသုံးမျိုးထည့်ပါ။

၈။       အားလုံးနှံ့အောင်မွှေပြီးလျှင် စပ်ထားတဲ့ ဆော့စ်ထည့်ပြီး မွှေပါ။

၉။       ပြီးလျှင် ပြောင်းဖူးမှုန့်ကို ရေနဲ့ဖျော်ပြီး ထည့်မွှေပါ။

၁၀။     ဆော့စ်က တဖြည်းဖြည်းနဲ့ ပျစ်လာပါမယ်။

၁၁။     ဆော့ပျစ်လာသည်နှင့် နာနတ်သီးနဲ့ ကျန်တဲ့ကြက်သွန်မြိတ်ထည့်ပြီး မွှေပါ။

သက်သတ်လွတ် မြန်မာရဲယိုရွက်ငါးပေါင်းထုပ်
(Vegetarian Myanmar Steamed Fish in Norni Leaves)
......................................


 သက်သတ်လွတ်လည်း စားချင်၊ ငါးပေါင်းထုပ်လည်း စားချင်ဆိုတော့ သက်သတ်လွတ် ငါးပေါင်းထုပ်ချက်ကြမယ်။ ငါးအသားအစား ပဲပြားနုနုလေးတွေကို ခြေပြီး ထည့်ပါမယ်။ ချိုချိုမွှေးမွှေးလေးဖြစ်ဖို့အတွက် စပါးလင်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူကို ထောင်းပြီး ဆီသတ်ကာ ထည့်ပါမယ်။ စေးစေးပိုင်ပိုင်လေးဖြစ်ဖို့အတွက် ဆန်လှော်မှုန့်ထည့်ပါမယ်။ အရသာအတွက် ပဲငံပြာရည်နဲ့ ဆားပဲ ထည့်ပါမယ်။ ငါးပေါင်းထုပ်ကို ပေါင်းအိုးထဲ စီထည့်ပြီး ပေါင်းရုံပါပဲ။ ဒါမှမဟုတ် ငှက်ပျောရွက်ထဲ ရဲယိုရွက်ခံပြီးမှ ပေါင်းလျှင်တော့ ငှက်ပျောရွက်နံ့သင်းသင်းလေးနဲ့ စားကောင်းပြီပေါ့။

ပါဝင်ပစ္စည်းများ
• ပဲပြားနုနု                                    - ၃ တုံး
• မှိုအဖြူ (Oyster Mushroom)         - ၁၀ဝ ဂရမ်
• ဆန်စိမ်းမှုန့်                                  - စားပွဲဇွန်း ၂ ဇွန်း
• ရဲယိုရွက် - အရွက်ကြီး ၁၂ ရွက်+
 အရွက်အလတ်စား ၁၂ ရွက်
• ပဲငံပြာရည်                                  - စားပွဲဇွန်း ၂ ဇွန်း
• သက်သတ်လွတ်အရသာမှုန့်           - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ဆား                                           - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• ငရုတ်ကောင်းအဖြူမှုန့်                      - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• ဆီ                                              - စားပွဲဇွန်း ၁ ဇွန်း

အနှစ်အတွက် ထောင်းရန် လိုအပ်တာတွေကတော့-
• ကြက်သွန်နီ                                     - ၈၀ ဂရမ်
• ကြက်သွန်ဖြူ                                    - ၁၂ ဂရမ်
• စပါးလင်                                         - ၂ ချောင်း
• ချင်း                                               - ၁၀ ဂရမ်
• နနွင်းမှုန့်                                         - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• ငရုတ်သီးမှုန့်                                      - စားပွဲဇွန်း ၁ ဇွန်း

ပြုလုပ်နည်း
၁။ အနှစ်အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကို ညက်အောင် ထောင်းထားပါ။
၂။ ပြီးလျှင် ဒယ်အိုးအသေးထဲ ဆီထည့်ပြီး ဆီပူသည်နှင့် ထောင်းထားတဲ့အနှစ်ကို ဆီသတ်ပါ။
၃။ ပဲပြားကို ကြေအောင် ခြေထားပါ။ (ကျွန်တော်ကတော့ အာလူးခြေတဲ့ အတံနဲ့ ခြေပါတယ်။) မှိုကို အမျှင်သေးသေးလေးတွေရအောင် မျှင်ပြီး ခြေထားတဲ့ ပဲပြား ဇလုံထဲထည့်ပါ။ ဆီသတ်ထားတဲ့အနှစ်ကိုလည်း ပဲပြားဇလုံထဲ ထည့်ပါ။
၎။ ပြီးလျှင် အရသာအတွက် ပဲငံပြာရည်၊ ဆား၊ သက်သတ်လွတ်အရသာမှုန့်နှင့် ဆန်စိမ်းမှုန့်တို့ကို ထည့်ပြီး နယ်ပါ။
၅။ ပြီးလျှင် ၁၂ ထုပ်စာအတွက် အလုံး ၁၂ လုံး လုံးထားပါ။
၆။ သန့်ရှင်းထားတဲ့ ရဲယိုရွက်အကြီးကို ဖြန့်ခင်းပါ။ ပြီးလျှင် နောက်ထပ်ရဲယိုရွက် အလတ်စားတစ်ရွက်ကို ကန့်လန့်ဖြန့်ခင်းပြီး ပဲပြားလုံးထည့်ပါ။ ပြီးလျှင် ပဲပြားလုံး ကို လက်ဖြင့် အသာဖိပြီး၍ ပြားပေးပြီး လုံအောင် ထုပ်၍ ပေါင်းအိုး ထဲ အထုပ်ကို မှောက်ပြီး ထည့်ပါ။
၇။ ကျန်ရှိနေတဲ့ ပဲပြားလုံးတွေကိုလည်း ဆက်ထုပ်၍ ပေါင်းအိုးထဲ စီပြီး ထည့်ပါ။
၈။ ရေဆူနေတဲ့ ပေါင်းအိုးမှာ ၁၅-၂၀ မိနစ်ခန့် ပေါင်းပါ။
 (ငှက်ပျောရွက်နဲ့ထုပ်ပြီး ပေါင်းမည်ဆိုလျှင် ငှက်ပျောရွက်ကို ဖြန့်ခင်း၍ ရဲယိုရွက်၊ ငှက်ပျောရွက်ပေါ် တင်ပါ။ ပြီးလျှင် ပဲပြားလုံးထည့်ပြီး လုံအောင် ထုပ်ပါ။ အထုပ် မပြေစေဖို့ သွားကြားထိုးတံနဲ့ထိုးပါ။)
......................
Myint Oo Tha

သက်သတ်လွတ် Pad Thai
..............................


 သက်သတ်လွတ်ဆိုတော့ စားကောင်းပါ့မလားဆိုပြီး စိတ်ပူဖို့မလိုပါဘူး။ Pad Thai မှာ အရသာအတွက် ငံပြာရည်ကို သုံးပေမယ့် သက်သတ်လွတ်ဆိုတော့ ပဲငံပြာရည်ကို သုံးပါမယ်။ နည်းနည်း အငန်အရသာလေးရှိဖို့ဆိုရင် ပဲငါးပိနဲ့ မုန်လာဥခြောက် ထည့် ပါမယ်။ အချိုအတွက် ထိုင်းထန်းလျက်ထည့်ပါတယ်။ ပုစွန်တို့၊ ပြည်ကြီးငါးတို့မပါလို့ ပဲပြားကိုကြော်ပြီး ထည့်ပါတယ်။ Pad Thai ရဲ့ အရသာက ချို၊ ချဉ်၊ ငန်၊ စပ်ပါ။

Pad Thai ဆော့စ်အတွက် လိုအပ်တာတွေကတော့-
• ထိုင်းထန်းလျက်                         - ၃၅ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
• ပဲငံပြာရည်အကြည်                     - စားပွဲဇွန်း ၂ ဇွန်း
• မန်ကျည်းရည်                            - စားပွဲဇွန်း ၁၀ ဇွန်း
• ရေကျက်အေး                            - စားပွဲဇွန်း ၃ ဇွန်း

ခေါက်ဆွဲအတွက် လိုအပ်တာတွေကတော့-
• Pad Thai ခေါက်ဆွဲခြောက်ဖတ် - ၁ ထုပ် (၁၈၀ ဂရမ်) ၁ နာရီခန့် ရေစိမ်ထားပါ
• ကြက်သွန်နီ                                 - ၃၀ ဂရမ် (ပါးပါးလှီးထားပါ)
• ကြက်သွန်ဖြူ                                - ၃ မြွှာ (နုပ်နုပ်စဉ်းထားပါ)
• ပဲငါးပိ                                          - စားပွဲဇွန်း ၁ ဇွန်း (ခြေထားပါ)
• မုန်လာဥခြောက်                            - စားပွဲဇွန်း ၁ ဇွန်း
• ငရုတ်သီးအကျက်မှုန့်                        - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• မြေပဲလှော်                                    - စားပွဲဇွန်း ၂ ဇွန်း
 (မညက်တညက်ထောင်းထားပါ)
• ပဲပင်ပေါက်                                   - ၁၀ဝ ဂရမ်
• ကုဆိုင်                                        - ၁၅ ဂရမ်
• ပဲပြား                                          - ၁ တုံး (အတုံးသေးသေးတုံးထားပါ)
• ဆီ                                               - စားပွဲဇွန်း ၃ ဇွန်း

ပြုလုပ်နည်း
၁။ ရေစိမ်ထားတဲ့ ခေါက်ဆွဲကို ရေစစ်ထားပါ။
၂။ ဆော့စ်စပ်ရန်အတွက် ပန်းကန်လုံးအကြီးထဲ နုပ်နုပ်စဉ်းထားတဲ့ ထိုင်းထန်းလျက် ထည့်ပါ။ ပြီးလျှင် ရေကျက်အေးထည့်ပြီး ပျော်သွားအောင် မွှေပါ။
၃။ ပြီးလျှင် မန်ကျည်းရည်၊ ပဲငံပြာရည် ထည့်ပြီး မွှေထားပါ။
၎။ ခေါက်ဆွဲကြော်မည့် ဒယ်အိုးထဲ ဆီထည့်ပြီး အပူပေးပါ။ ဆီပူလျှင်  ကြက်သွန်နီနှင့် ကြက်သွန်ဖြူထည့်ပြီး ဆီသတ်ပါ။ ပြီးလျှင် ပဲပြားထည့်ကြော်ပါ။ ပြီးလျှင် ပဲငါးပိ၊ မုန်လာဥခြောက် ထည့်မွှေပါ။
၅။ နောက်ဆုံးမှာ ငရုတ်သီးအကျက်မှုန့်ထည့်ပြီး မွှေပါ။
၆။ ပြီးလျှင် ရေစစ်ထားတဲ့ ခေါက်ဆွဲထည့်ပြီး ကြော်ပါ။ စပ်ထားတဲ့ဆော့စ်ကို လောင်း ထည့်ပါ။
၇။ နှံ့စပ်အောင်မွှေပြီး ရေခန်းသည်အထိ ကြော်ပါ။
၈။ ရေခန်းသွားလျှင် ပဲပင်ပေါက်၊ ကုဆိုင်နှင့် မြေပဲလှော်တို့ကို ထည့်မွှေပြီးလျှင် အဆင် သင့် ဖြစ်ပါပြီ။
......................
Myint Oo Tha

သက်သတ်လွတ် ကုန်းဘောင်ကြီးကြော် (Vegetarian Kaung Poa Kai)



          ကြက်ကုန်းဘောင်ချက်မယ်ဆိုလို့ သက်သတ်လွတ်မဖြစ်နိုင်ဘူးလို့ မတွေးလိုက်ပါနဲ့။ ကြက်သားအစား ပဲပြားကိုသုံးပြီး ချက်မှာပါ။ ဒါပေမဲ့ ကုန်းဘောင်ကြီးကြော် အရသာကတော့ ပျောက်သွားမှာမဟုတ်ပါဘူး။ တကယ်တော့ ကျွန်တော်တို့တစ်တွေရဲ့ အိမ်တွေမှာ ချက်နေကြတဲ့ ကုန်းဘောင်ကြီးကြော်ကတော့ ကြက်သွန်များများနဲ့ ခြောက်ခြောက်လေးပေါ့။ တကယ့်ကုန်းဘောင်ကြီးကြော်က ငရုတ်သီးခြောက်များများ၊ လျှာကိုထုံစေတဲ့ စီချွမ်းငရုတ်ကောင်းများများ၊ ဆီများများနဲ့ ပူပူစပ်စပ်ထုံထုံအရသာပါ။ အခု ကျွန်တော် ချက်ပြမယ့်နည်းက ဆီလျှော့ထည့်ထားပြီး အရသာပိုင်းမှာတော့ ပူစပ်ထုံ အရသာဖြစ်ပါတယ်။ သက်သတ်လွတ်စားတဲ့ တရုတ်လူမျိုးတွေစားတဲ့ ဟင်းဖြစ်လို့ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူ လုံးဝမထည့်ပါဘူး။

ပါဝင်ပစ္စည်းများ

ပဲပြား  –  ၃၀ဝ ဂရမ် (အတုံးသေးသေးတုံးထားပါ)

သီဟိုဠ်စေ့  –  စားပွဲဇွန်း ၃ ဇွန်း

ငရုတ်သီးခြောက်အတောင့်ရှည်  –  ၁၂ တောင့်

ငရုတ်သီးအကြမ်းဖတ်  –  စားပွဲဇွန်း ၁/၂ ဇွန်း

စီချွမ်းငရုတ်ကောင်းစေ့  –  စားပွဲဇွန်း ၁ ဇွန်း

ချင်း  –  ၃၀ ဂရမ် (ပါးပါးလှီးထားပါ)

ကြက်သွန်မြိတ်  –  ၅ ပင်

ပြောင်ဖူးမှုန့်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း +

ရေ စားပွဲဇွန်း ၂  ဇွန်း

ဆီ  –  စားပွဲဇွန်း ၁၀ ဇွန်း

ပဲငံပြာရည်အကြည်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆော့စ်အတွက် လိုအပ်တာတွေကတော့-

ပဲငံပြာရည်အကြည်  –  စားပွဲဇွန်း ၂ ဇွန်း

ပဲငံပြာရည်အနောက်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဗနီကာ   –  စားပွဲဇွန်း ၁  ၁/၂ ဇွန်း

တရုတ်ဆန်အရက်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သက်သတ်လွတ်အရသာမှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ပြုလုပ်နည်း

၁။       အတုံးသေးသေးတုံးထားတဲ့ ပဲပြားကို ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပြောင်ဖူးမှုန့် လက်ဖက်ရည်ဇွန်း ၁/၂  ဇွန်း ထည့်ပြီး နယ်ထားပါ။

၂။       ဒယ်အိုးထဲ ဆီထည့်ပြီး အပူပေးပါ။ ဆီပူလျှင် ကြော်ပြီး ဆယ်ယူထားပါ။

၃။       ဒယ်အိုးထဲမှာ ကျန်တဲ့ ဆီနှင့် ငရုတ်ခြောက်အတောင့်ရှည်ကို ထည့်ပြီး ကြော်ပါ။ပြီးလျှင် ဆယ်ယူထားပါ။

၎။       ပြီးလျှင် သီဟိုဠ်စေ့ကိုလည်း ကြော်ပြီး ဆယ်ယူထားပါ။

၅။       ကျန်တဲ့ဆီထဲကို ချင်းနှင့် ကြက်သွန်မြိတ်အဖြူပိုင်းထည့်ပြီး ဆီသတ်ပါ။

၆။       ပြီးလျှင် ငရုတ်သီးအကြမ်းဖတ်နှင့် စီချွမ်းငရုတ်ကောင်းထည့်ပြီး ကြော်ပါ။

၇။       ပြီးလျှင် ကြော်ထားတဲ့ ပဲပြားအတုံးများ ထည့်ပါ။ စပ်ထားတဲ့ဆော့စ် လောင်းထည့် ပြီး မွှေပါ။

၈။       ပြီးလျှင် ပြောင်ဖူးမှုန့်ကို ရေနဲ့ဖျော်ပြီး ထည့်မွှေပါ။

၉။       နောက်ဆုံးမှာ ကြော်ထားတဲ့ ငရုတ်သီးခြောက်၊ သီဟိုဠ်စေ့နှင့် ကျန်တဲ့ ကြက်သွန်မြိတ်တို့ကို ထည့်ပြီး မွှေပါ။

No comments: