Monday, April 22, 2019

‘ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိတဲ့သူတွေဟာ ပြဿနာအရှာဆုံးပဲ’


ကျွန်တော်ရယ် မထက်ရည်ရယ် ပေါင်းပြီး လုပ်တဲ့ သင်တန်းတစ်ခုမှာ Tree Food ရဲ့ ပဲ့ကိုင်ရှင် ချိုလဲ့ကို Guest speaker အဖြစ် ဖိတ်ဖြစ်တော့ အဲဒီမှာ လူငယ်တွေကို သူ ဝေမျှသွားတဲ့ စကားလေးပါ။ ရင်ထဲ အတော်လေး မှတ်မှတ်ရရ ဖြစ်ခဲ့တယ်။ ပတ်ဝန်းကျင်မှာ ပြန်သတိထားကြည့်မိတော့လည်း အဲဒီအတိုင်း ဖြစ်နေတာ တွေ့ရတယ်။

တစ်ခါက အစ်မတစ်ယောက်က ဖုန်းဆက်တိုင်ပင်ပါတယ်။ သူ့ညီမလေးရဲ့ အိမ်ထောင်ရေးကိစ္စပါ။ ယောကျာ်းဖြစ်သူက အမျိုးမျိုး ရိုက်နှက်နှိပ်စက်နေလို့ ဘယ်လိုလုပ်ပေးရမလဲ ဆိုပြီး တိုင်ပင်တာ။ အဲဒီမှာ စဉ်းစားစရာကောင်းတာ တစ်ချက်ကို ကြားလိုက်ရတယ်။ အဲဒါ ဘာလဲဆိုတော့ ဒီလူဟာ ဘာအလုပ်မှ ရှိမနေတာပဲ။ တစ်ချိန်ကတော့ သူက စီးပွားရှာခဲ့တယ်။ အိမ်ထောင်ကို ဦးဆောင်ခဲ့တယ်။ အဲဒီအချိန်က အဆင်ပြေပြေပဲတဲ့။ နောက်တော့ အကြောင်းကြောင်းကြောင့် သူ အလုပ်မရှိတော့ဘူး။ မိန်းမကပဲ အလုပ်လုပ်တယ်။ ငွေရှာတယ်။ ဒီလူက တစ်နေ့တစ်နေ့ အိမ်မှာပဲ။ ဒီတော့မှ ခုလို ရိုက်တာနှက်တာက စလာတယ်။ ဘာလုပ်စရာမှ မရှိတော့ အရက်သောက်တဲ့အခါ သောက်။ မျက်စိထဲ မြင်သမျှက ပြဿနာ ရှာစရာတွေလိုချည်း ဖြစ်လာတယ်။ မိဘအိမ်သွားလည်း သွားပြန်ပြီ။ နောက်ကျရင်လည်း ကျပြန်ပြီ။ သူ့ကိုယ်သူ မကျေနပ်။ သူ့ဘ၀သူ အားမရ။ ဒါပေမဲ့ သူ့ကိုယ်သူလည်း သတိမထားမိ။ အဲဒီမကျေနပ်ချက်တွေ အကုန်လုံးကို မိန်းမကို ရိုက်နှက်ပြီး ထွက်ပေါက်ပေးနေတယ်လို့ ခံစားမိတယ်။

မိဘတွေနဲ့လည်း ဒီလိုသဘောလေး ရှိတတ်တယ်။ အထူးသဖြင့် အဖေတွေပေါ့။ သူတို့က တစ်ချိန်က မိသားစုကို ဦးဆောင်ခဲ့တယ်။ အလုပ်တွေ လုပ်ခဲ့တယ်။ အရွယ်တစ်ခုရောက်လာတော့ အလုပ်မရှိတော့ဘူး။ သားသမီးတွေက လွှဲပြောင်းတာဝန်ယူတယ်။ တကယ်ဆို အနားတောင် ရတယ် ထင်စရာ။ ဒါပေမဲ့ သူတို့ကိုယ်သူတို့ အသုံးမ၀င်တော့ဘူး ဆိုတဲ့ ခံစားချက်က ၀င်လာတယ်။ ဒီတော့ သားသမီးက ပြောနေကျပုံစံအတိုင်း ပြောရင်တောင် အခု မရတော့ဘူး။ မင်းတို့က ငါ ပိုက်ဆံမရှာနိုင်တော့လို့ ပြောတာလား ဆိုတာမျိုးတွေ တုံ့ပြန်လာတယ်။

သမီးရည်းစားတွေမှာလည်း ဒီလိုပဲ။ တစ်ယောက်က အလုပ်လုပ်၊ နောက်တစ်ယောက်က အလုပ်မရှိဘဲ နေကြည့်။ အဲဒီ အလုပ်မရှိတဲ့သူဟာ ပြဿနာ တအားရှာ၊ သ၀န်တွေ တိုလိမ့်မယ်။ ချုပ်ချယ်လိမ့်မယ်။ လုပ်ငန်းခွင်တွေမှာ ကြည့်လိုက်လည်း ဒီသဘောတရား သွားတွေ့မယ်။ ဘာမဟုတ်တာလေးကို အထအန ကောက်နေပြီဆို သူ့မှာ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတစ်ခု ရှိနေပြီပဲ။ အစိုးရတွေကို ကြည့်မယ်ဆိုလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အင်မတန်နည်းသူတွေဟာ တရားအစွဲဆုံး၊ အဖမ်းဆုံးလူတွေ ဖြစ်နေတာ တွေ့ရမယ်။

အဲ့ဒီတော့ ဒီအခြေအနေတွေကို ရင်ဆိုင်နေရတယ်ဆို သူတို့ကို ယုံကြည်မှု တက်လာအောင် လုပ်ပေးဖို့ လိုမယ်။ နည်းနည်းတော့ ခက်တာပေါ့။ ဒီထက် ပိုဖြစ်နိုင်တာက ကိုယ်တိုင် အဲ့လိုမျိုး မဖြစ်အောင်၊ အနီးအနားက လူတွေကို ကိုယ့်ကြောင့် ၀န်ထုပ်ဝန်ပိုး မဖြစ်စေအောင် ကြိုးစားဖို့ပဲ။

ဒီအတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ ပတ်သက်တဲ့ အချက် ၃ ချက်ကို ဝေမျှချင်တယ်။

၁။ တစ်နေရာရာမှာ အရေးပါ အရာရောက်နေဖို့

လေးစားရတဲ့ ဆရာလကာင်္ရည်ကျော်က တစ်ခါပြောဖူးတယ်။ သူ့ဘ၀ရဲ့ အဖြစ်ချင်ဆုံးဆန္ဒက ဘာလဲဆို ‘I want to be useful all the time’ အချိန်တိုင်းမှာ အသုံးဝင်တဲ့သူတစ်ယောက် ဖြစ်ချင်တယ်တဲ့။ အသုံးမ၀င်တော့ဘူးလို့ ခံစားလာရပြီဆိုတာနဲ့ လူဟာ စိတ်ဓါတ်ကျလာတာပဲ။ ဒါကြောင့် ဘယ်နေရာကို တာဝန်ကျကျ၊ အသက်ဘယ်လောက်ဖြစ်ဖြစ် တခုခုကို ရှာကြံလုပ်တယ်။ အကောင်းဆုံးလုပ်တယ်။ ရည်ရွယ်ချက်က အချိန်တိုင်းမှာ အသုံးဝင်သူတစ်ယောက် ဖြစ်ချင်လို့ပါတဲ့။

ပင်စင်ယူသွားတဲ့ လူကြီးတွေ ပရဟိတ အသင်းအဖွဲ့တစ်ခုခုမှာ ၀င်ပါနေတာ၊ ရပ်ရေးရွာရေး ၀င်လုပ်နေတာတွေက ဒါနဲ့ ဆက်စပ်တယ်။ အသုံးဝင်နေတယ်လို့ ခံစားရတော့ ကျေနပ်နေတာပေါ့။

မိဘတွေက ကိုယ့်ကို မချစ်ဘူးလို့ ထင်နေတဲ့ သားသမီးဟာ လမ်းမှားရောက်ဖို့ ရာခိုင်နှုန်းများတယ်။ သူတို့က အိုသွားပြီမို့ မိသားစုအတွက် သုံးမရတော့ပါဘူးလို့ ထင်နေတဲ့ လူကြီးတွေ ရောဂါအဖြစ်များတယ်။ ငါ တစ်နေ့တစ်နေ့ ရုံးကို ဘာလာလုပ်နေတာလဲ သေချာမသိတဲ့ ၀န်ထမ်းဟာ အလုပ်ထွက်ဖြစ်ဖို့ များတယ်။

တကယ်တော့ မနာလိုဖြစ်တယ်၊ J ၀င်တယ် ဆိုတာ ကိုယ့်ထက် သာတဲ့သူအပေါ်မှာသာ ဖြစ်တာပါ။ ပြောင်းပြန် ပြန်စဉ်းစားရင် ကိုယ့်ကိုယ်ကိုယ် သူနဲ့ယှဉ်ရင် နိမ့်နေတယ်လို့ ခံစားနေရလို့သာ မနာလိုတာပေါ့။

ကိုယ်က ကိုယ့်ပညာရပ်နဲ့ ပတ်သက်လို့ နေရာတစ်ခု ရနေတယ်လို့ ခံစားရတယ်ဆို စီးပွားရေးလောကထဲမှာ အောင်မြင်နေတဲ့ ကိုယ့်သူငယ်ချင်းကို လက်ခုပ်တီးနိုင်သွားလိမ့်မယ်။ ကိုယ်က ပရိသတ်အားပေးတဲ့ အနုပညာရှင်တစ်ယောက်ဆို အဖွဲ့အစည်းတစ်ခုမှာ ရာထူးကြီးကြီး ရထားတဲ့ ကိုယ့်သူငယ်ချင်းအပေါ် ဂုဏ်ယူနေနိုင်လိမ့်မယ်။

လူတွေပဲမို့ မနာလိုစိတ် ဆိုတာ အနည်းနဲ့အများ ရှိကြတာပဲ။ နည်းတဲ့သူနဲ့ များတဲ့သူပဲ ကွာမယ်။ သေချာတာကတော့ ရွယ်တူတွေကြားထဲ ငါက ဘာမှလည်း မဖြစ်ထွန်းဘူး ဆိုတဲ့ ခံစားချက်မျိုး ရှိနေလေလေ၊ J ၀င်မိဖို့ ရာခိုင်နှုန်းများလေလေ ဆိုတာပါပဲ။

ဒီတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိချင်တယ်ဆို ထိုင်အော်နေလို့ မရဘူး။ ကိုယ့်ကိုယ်ကိုယ် အရင် တည်ဆောက်ဖို့ လိုမယ်။ အရည်အချင်း မရှိရင်၊ အလုပ်မလုပ်ရင် ဘယ်နေရာမှာမှ အရေးပါလာမှာ မဟုတ်ဘူး။ ဒါဆို ယုံကြည်မှုကလည်း ရှိလာမှာ မဟုတ်တော့ဘူး။ ဒါကြောင့် ဘ၀မှာ နေရတာ ကျေနပ်ချင်တယ်၊ အဓိပ္ပါယ်ရှိချင်တယ်ဆို တစ်နေရာရာမှာ အသုံးဝင်နေအောင် လုပ်ဖို့ လိုပါလိမ့်မယ်။

၂။ Social media ပေါ် မြင်ရသမျှကို တကယ်မထင်ပါနဲ့

တကယ်တော့ လူမှုကွန်ရက်မှာ ကျွန်တော်တို့ တော်တော်များများ ပြသဖြစ်နေတာ ကောင်းတဲ့အပိုင်းတွေပါ။ ဟောပြောပွဲကြီး လုပ်နိုင်ခဲ့ပြီပဲ ပြောထားတာ၊ ထိုင်ခုံလွတ်နေတဲ့ ပုံတွေက တက်လာတာ မဟုတ်ဘူး။ ချစ်သူက ဘာလက်ဆောင်ပေးတယ်ပဲ ပြောတာ။ သူ့ကြောင့် စိတ်ဆင်းရဲရတာတွေကျ လူသိခံတာ မဟုတ်ဘူး။ အောင်မြင်တဲ့အခါမှ ပို့စ်ထတင်တာ၊ ရှုံးနိမ့်တဲ့အခါတွေမှာ ဘယ်သူမှ သူ ရှုံးသွားကြောင်း တက်မရေးဘူး။

တချို့ကျ အဲ့လို သူများရဲ့ အောင်မြင်မှုတွေ၊ ဘ၀တွေကို ကြည့်ပြီး အားတွေကျ၊ သူတို့လို ဖြစ်ချင်စိတ်တွေ ပေါ်လာ၊ တွန်းအားတွေဖြစ်၊ ကိုယ်လည်း လိုက်ကြိုးစား။ ဒီလိုလည်း ဖြစ်နိုင်တာပဲ။ ဒါပေမဲ့ တစ်ဖက်ကကျတော့လည်း သူများတွေကို ကြည့်ပြီး ကိုယ့်ဘ၀ကိုယ် အားမရတော့တာမျိုး ဖြစ်လာနိုင်တယ်။ ဒီတော့ မကျေမနပ် ဖြစ်လာ၊ ယုံကြည်မှုတွေ ပျောက်လာမယ်။

အကောင်းအဆိုး နှစ်ဖက်ရှိတာမို့ ကိုယ်က ဘယ်ထဲ ပါလဲဆိုတဲ့အပေါ် မူတည်ပြီး လူမှုကွန်ရက်ကို ချင့်ချိန်သုံးပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ကိုယ်တိုင် အပါအ၀င် လူ ၁၀၀ မှာ ၉၉ ယောက်ဟာ ကောင်းတဲ့ဘက်ခြမ်းကိုပဲ အသားပေးပြီး ပြသနေကြတယ် ဆိုတဲ့ စိတ်အခံလေးနဲ့တော့ အသုံးပြုစေချင်တယ်။

၃။ ကိုယ့်ကိုယ်ကိုယ် လျှော့မတွက်ဖို့

တစ်ခါတစ်လေ ကျွန်တော်တို့က ကိုယ့်မှာ မရှိသေးတာတွေကိုပဲ တွေးမိပြီး ရှိနေတာတွေကိုတော့ တန်ဖိုးထားရကောင်းမှန်း မသိကြဘူး။ ဒီအတွက် Intra-personal communication လုပ်ဖို့ (ကိုယ့်ကိုယ်ကိုယ် စကားပြန်ပြောဖို့) လိုမယ်။ တိတ်ဆိတ်တဲ့နေရာမှာ အချိန်လေး သေချာယူပြီး တစ်ယောက်တည်း လုပ်ကြည့်။ ခုလို နှစ်သစ်ကူးစ အချိန်ဆို ပိုကောင်းတယ်။ ဒါဆို ကိုယ့်ရဲ့ အားသာချက်တွေ၊ အသုံးဝင်မှုတွေ၊ ကိုယ့်ကြောင့် လူအများ အဆင်ပြေခဲ့တာတွေ စသဖြင့် မြင်လာလိမ့်မယ်။ ဒီအခါ နေရတာ ပိုပျော်လာမယ်။ ကိုယ့်ဘ၀ဟာ ဒီလောက်လည်း ဆိုးနေတာ မဟုတ်မှန်း သတိထားမိလာလိမ့်မယ်။ ဒါက တင်းတိမ်ရောင့်ရဲဖို့ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် လျှော့မတွက်စေချင်တာပဲ။ သူများပေတံတွေနဲ့ပဲ တိုင်းနေတဲ့အခါ တစ်ခါတစ်ခါ ကိုယ်ဟာ သေးသေးလေး ဖြစ်သွားတတ်လို့ပါ။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပျောက်ဆုံးနေသူတွေကြောင့် ကိုယ်ရေးကိုယ်တာဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာဖြစ်ဖြစ် အဆင်မပြေတဲ့ Relationship မျိုး ကြုံနေရသူတွေအတွက် ဒါကို ဘယ်လိုကျော်လွှားရမလဲ စဉ်းစားမိစေဖို့နဲ့ ကိုယ်တိုင် ယုံကြည်မှု ပျောက်ဆုံးနေသူတွေအတွက်လည်း တခုခုလေး အကျိုးရှိသွားစေဖို့ ရည်ရွယ်ရေးသားလိုက်ရပါတယ်။ မြန်မာနှစ်သစ်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသူတွေ ဖြစ်လာပါစေ၊ အဲ့လို ယုံကြည်မှုရှိသူတွေနဲ့ ပြည့်နှက်နေတဲ့ အဆင်ပြေ ပျော်ရွှင်စရာ ၀န်းကျင်တစ်ခုကိုလည်း ဖန်တီးတည်ဆောက်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။


ဒေါက်တာ ဖြိုးသီဟ
၁၇.၄.၂၀၁၉

No comments: