Saturday, April 27, 2019

နေရောင်ခြည်နှင့် အိပ်မပျော်ရောဂါ (Insomnia)


***********************************************
❓❓ MWD: ညဘက်အိပ်မပျော်ခြင်းဟာ နေရောင်ခြည်နဲ့ ဆက်စပ်မှုရှိတယ်လို့ ပြောပါတယ်.. အဲ့ဒါကို နားလည်အောင် ရှင်းပြပေးပါ ဆရာ..

Dr.KML: ကျွန်တော်တို့ သက်ရှိလောကမှာရှိတဲ့ လူတွေ၊ တိရိစ္ဆာန်တွေသာမကပဲ အပင်တွေပါမကျန် နေ့ဘက်နဲ့ ညဘက်ဆိုပြီး ရှိပါတယ်.. နေ့ဘက်မှာအလုပ်လုပ်ပြီး ညဘက်မှာ အနားယူရမယ်လို့ သဘာဝအားဖြင့် နားလည်ကြပါတယ်.. ဥပမာ- အပင်တွေဟာ နေ့ခင်းဘက်မှာ နေရောင်ခြည်အကူအညီနဲ့ အသက်ရှူခြင်း၊ အစာချက်ခြင်းတို့ကို လုပ်ဆောင်ပြီး ညဘက်မှာ အဲဒီအလုပ်တွေမလုပ်ဘဲ နေကြပါတယ်..အလားတူ ကျေးငှက်တွေကဆိုရင်လဲ နံနက်ခင်းနေရောင်ခြည်ထွက်လာပြီဆိုတာနဲ့ ပျော်ရွှင်စွာပျံသန်းကြ၊ ဂူအောင်းသတ္တဝါတွေဖြစ်တဲ့ ကျားတို့ခြင်္သေ့တို့ဆိုရင်လဲ ဂူထဲကထွက်လို့ အစာရှာထွက်ကြနဲ့ပေါ့လေ.. ဒါဟာ သဘာဝပဲ ဖြစ်ပါတယ်..
Sleep is a natural restorative လို့ ဆေးပညာက ဆိုပါတယ်.. ညဘက်ကောင်းစွာအိပ်ပျော်မှ ကုန်ဆုံးသွားတဲ့ အားအင်တွေ ပြန်လည်ဖြည့်တင်းပြီးသားဖြစ်ပြီး နောက်တစ်နေ့အတွက် ခွန်အားအပြည့်နဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်.. ညဖက်အိပ်မပျော်တဲ့အတွက် အားအင်ပြည့်ဖြိုးရုံတင်မကပါဘူး.. အနာကျက်မြန်ဖို့၊ နှလုံးရောဂါ၊ သွေးတိုးနဲ့ ဆီးချိုရောဂါတွေကနေ ကင်းဝေးဖို့ ပျောက်ကင်းဖို့၊ နေ့လယ်ဘက်မှာ ပျက်စီးသွားတဲ့ တစ်ရှူးတွေကို ပြန်လည်ပြုပြင်ဖို့၊ free radicals လို့ခေါ်တဲ့ခန္ဓာကိုယ်ကို ဖျက်ဆီးတဲ့ဓာတ်တွေ မထွက်ဖို့ကနေ ခန္ဓာကိုယ်ခုခံအားစနစ် ကောင်းမွန်အောင် ပြုလုပ်တဲ့အထိ အရေးပါလှပါတယ်..

❓❓ MWD: အိပ်စက်ခြင်းရဲ့အရေးပါမှုကိုတော့ သိရပါပြီ.. အိပ်မပျော်ရောဂါအကြောင်းလဲ ဆက်ပါဦး ဆရာ..

Dr.KML: ညအိပ်မပျော်ကိစ္စဟာ ရောဂါအချို့ရဲ့ လက္ခဏာလဲ ဖြစ်ချင်ဖြစ်မယ်.. ဒါမှမဟုတ် သူကိုယ်တိုင်က ရောဂါတစ်ခုအနေနဲ့လဲ ဖြစ်တတ်ပါတယ်.. Insomnia လို့ ခေါ်ပါတယ်.. ညအိပ်မပျော်ရောဂါကို သုံးမျိုးခွဲထားပါတယ်..

(၁) Sleep-onset insomnia
-----------------------------------
အိပ်ယာထဲဝင်ပြီး တော်တော်နဲ့ အိပ်မပျော်တဲ့ရောဂါ ဖြစ်ပါတယ်.. အိပ်ပျော်ချိန်နောက်ကျတာကို ဆိုလိုပါတယ်..

(၂) Sleep-maintenance insomnia
--------------------------------------------
အိပ်တော့ပျော်တယ်၊ ဒါပေမယ့် နှစ်နှစ်ခြိုက်ခြိုက်မပျော်ဘူး၊ ခဏခဏနိုးနေတယ်၊ တစ်ညကို ၅ ခါကနေ ၁၀ ခါလောက်အထိ နိုးနိုးလာတာကို ခေါ်ပါတယ်..

(၃) Early-morning insomnia
--------------------------------------
အိပ်တော့ပျော်တယ်၊ မနက်အစောကြီး ၂နာရီ - ၃နာရီလောက်မှာ နိုးလာတယ်.. ပြန်အိပ်လို့မရတော့ဘူး..
 ဒီလိုအမျိုးအစား အမျိုးမျိုးရှိပါတယ်..

❓❓MWD: အဲ့ဒီလို ဘာကြောင့်ဖြစ်ရပါသလဲ ဆရာ..

Dr.KML: ကျွန်တော်တို့လူတွေမှာလဲ တစ်နေ့လုံး နေ့ခင်းဘက်မှာ အလုပ်လုပ်ပြီးရင် ညဘက်မှာ ကောင်းစွာ အိပ်စက်အနားယူကြရပါတယ်.. အဲ့ဒီလိုပုံမှန်ဖြစ်ဖို့အတွက် ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ဟိုမုန်းတွေပုံမှန်ထွက်ရှိပြီး နေ့ညသတ်မှတ်ပေးတာကို Circadian Rhythm လို့ခေါ်ပါတယ်.. Circadian ဆိုတာကတော့ Latin စကားဖြစ်ပြီး around the day တစ်နေ့တာလို့ အဓိပ္ပါယ်ရပါတယ်.. ၂၄ နာရီမှာ တစ်ပတ်လည်တဲ့သဘောပါ.. တနည်းအားဖြင့် ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲမှာ “Internal Clock” ခေါ် Biological Clock လို့ခေါ်တဲ့ ဇီဝနာရီတစ်လုံးဟာ မွေးကထဲက ပါလာတယ်ပေါ့ဗျာ.. ဘယ်အချိန်မှာ အိပ်ယာထရမယ်၊ ဘယ်အချိန်မှာစားရမယ်၊ ဘယ်အချိန်မှာအိပ်ရမယ်ဆိုပြီး သတ်မှတ်ပေးထားတဲ့နာရီပေါ့.. ဒီလိုအချိန်မှန်ဖြစ်မှ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်အပူချိန် (Body temperature)၊ သွေးဖိအား (Blood pressure)၊ နှလုံးခုန်နှုန်း (Heart rate) စတာတွေဟာလည်း ပုံမှန်အနေအထားမှာရှိနေမှာ ဖြစ်ပါတယ်.. ကျွန်တော်တို့ အပြင်မှာရှိတဲ့နာရီကို ပုံမှန်သွားစေဖို့ သံပတ်ပေးမယ့်နာရီဆိုရင်လဲ သံပတ်မှန်မှန်ပေးရမယ်.. လှုပ်ရှားမှုကိုအခြေခံတဲ့ အော်တိုမစ်တစ်နာရီဆိုရင်လဲ မှန်မှန်ပတ်ပေးမှ မပတ်ဘဲ ထားရင်ရပ်သွားမယ်.. ဓာတ်ခဲနာရီဆိုရင်လဲ ဓာတ်ခဲအားကုန်ရင် မှန်မှန်လဲပေးမှ လဲမပေးရင် ရပ်သွားမယ်ပေါ့.. အလားတူပါပဲ.. ကျွန်တော်တို့ရဲ့ ဇီဝနာရီ “Biological Clock” ကို အချိန်မှန်မှန်လည်ပတ်အောင် ပြုလုပ်ပေမယ့် တစ်ခုတည်းသော Energy source ကတော့ နေရောင်ခြည်ပဲ ဖြစ်ပါတယ်.. နေရောင်ခြည်ဟာ မျက်စေ့ကနေတဆင့် ဝင်လာပြီး ဦးနှောက်ထဲမှာရှိတဲ့ အလင်းတွေကတော့ ဟိုမုန်းတွေ ပုံမှန်ထုတ်ပေးခြင်းဖြင့် အချိန်မှန်မှန်အိပ်၊ အချိန်မှန်မှန်ထ၊ အချိန်မှန်မှန်စား ဖြစ်စေပါတယ်..

❓❓MWD: ဘယ်လိုဟိုမုန်းတွေလဲဆိုတာ နဲနဲရှင်းပြပေးပါ ဆရာ..

Dr.KML: အဓိကအရေးကြီးဆုံးကတော့ မယ်လတိုနင် (Melatonin) လို့ခေါ်တဲ့ ဟိုမုန်းဖြစ်ပါတယ်.. ဒီဟိုမုန်းကို ဦးနှောက်ရဲ့အောက်ခြေမှာရှိတဲ့ Pineal gland လို့ခေါ်တဲ့ ပဲကြီးစေ့လောက်ရှိတဲ့ ဂလင်းက ထုတ်ပေးပါတယ်.. ဒီဟိုမုန်းဟာ နေ့ခင်းမှာ နဲနဲပဲထုတ်ရင်္ပြီး ညဘက်မှာ များများထွက်ရပါတယ်.. ဒီဟိုမုန်းကို သွေးထဲမှာတိုင်းကြည့်ရင် နေ့လယ်ဘက်မှာ 20 pg/ml ရှိသင့်ပြီး ညဘက်မှာ 150 pg/ml ရှိသင့်ပါတယ်.. အဲ့ဒီ Melatonin တွေကို နေ့လယ်မှာ နဲနဲပဲထွက်ပြီး ညဘက်မှာ များများထွက်ဖို့ ထိန်းချုပ်ပေးတဲ့အရာကတော့ အလင်းရောင်ပဲ ဖြစ်ပါတယ်.. အလင်းရောင် မျက်စေ့ထဲဝင်လာပြီးရင် Photocurrent အသွင်နဲ့ Optic nerve ကနေတဆင့် စီးသွားပြီး နောက်ဆုံး Pineal gland ကို ရောက်သွားပါတယ်.. အဲ့ဒီမှာ ဟိုမုန်းတွေမထွက်အောင် ဟန့်တားပေးလိုက်ပါတယ်.. ဒါကြောင့် အလင်းရောင်ဝင်လာရင် ဟိုမုန်းထွက်တာ နဲသွားပါတယ်.. အလင်းရောင်မရှိတဲ့ ညဘက်ကျမှ ဒီဟိုမုန်းတွေ များများထွက်လာပါတယ်..

❓❓MWD: ဒီမယ်လတိုနင်(Melatonin) ဟိုမုန်းဟာ ဘယ်လိုများ ခန္ဓာကိုယ်ပေါ်မှာ အကျိုးသက်ရောက်ပါသလဲ..

Dr.KML: ဒီဟိုမုန်းရဲ့ အဓိကတာဝန်ကတော့ အိပ်ပျော်အောင်လုပ်တဲ့ အိပ်ချင်စိတ်ဖြစ်စေတဲ့ စိတ်ရောကိုယ်ပါအနားယူဖို့ လှုံ့ဆော်တဲ့ဟိုမုန်းဖြစ်ပါတယ်.. ဒါ့ကြောင့် ညဘက်မှာ အမှောင်ထဲမှာ မီးပိတ်လိုက်ပြီး မိနစ်ပိုင်းအတွင်းမှာ ဟိုမုန်းတွေထွက်လာလို့ တစ်ခါထဲအိပ်ပျော်သွားရခြင်းဖြစ်ပါတယ်.. နေ့လယ်ဘက်မှာ ဒီဟိုမုန်းတွေထွက်နေရင်တော့ လူတွေစိတ်မကြည်မလင် ဖြစ်လာတတ်ပါတယ်.. နေ့ခင်းဘက်မှာ အိပ်ငိုက်တတ်ပါတယ်.. နေ့လယ်ဘက်စာသင်လို့ အလုပ်လုပ်လို့ မကောင်းတော့ပါဘူး.. ဒါ့အပြင် နေ့လယ်မှာထွက်ထားလို့ ညဘက်မှာ သိပ်များများစားစား မထွက်နိုင်တော့တဲ့အတွက် ညအိပ်မပျော်ခြင်းရောဂါကိုပါ ခံစားရတတ်ပါတယ်.. နံနက်ခင်းနေရောင်ခြည်နဲ့ တစ်နာရီလောက်ထိတွေ့ထားမယ်ဆိုရင် ဒီဟိုမုန်းဟာ နေ့လယ်မှာ တစ်နေ့လုံးမထွက်တော့တဲ့အတွက် တစ်နေ့ခင်းလုံး စိတ်ရွှင်လန်းစွာအလုပ်လုပ်နိုင်၊ စာသင်နိုင်မှာ ဖြစ်ပါတယ်.. နေ့လယ်ဘက်မှာ လုံးဝနီးပါးထွက်မထားတဲ့အတွက် ညကျရင် အမြောက်အမြားထွက်လာပြီး ချက်ချင်းအိပ်ပျော်သွားမှာ ဖြစ်ပါတယ်..

❓❓MWD: ဒီမယ်လတိုနင်ဟိုမုန်းဟာ အခြားကော ဘာတွေများ အထောက်အကူပြုစေပါသလဲ..

Dr.KML: Melatonin ဟိုမုန်းဟာ ညဘက်မှာထွက်ခြင်းဖြင့် ညဘက်မှာ အလုပ်လုပ်တဲ့ဟိုမုန်းတွေပေါ်မှာ များစွာသက်ရောက်မှုရှိပါတယ်.. ဥပမာ - နေ့လယ်ဘက်မှာ ပျက်စီးသွားတဲ့တစ်ရှူးတွေကို ပြန်လည်ပြင်ဆင်ရာမှာ အထောက်အကူပြုတဲ့အတွက် အနာတရဖြစ်သူတွေ၊ အရိုးကျိုးသူတွေအပါအဝင် ကင်ဆာရောဂါအထိ ပြန်လည်ပြုပြင်တည်ဆောက်ရေးမှာ များစွာအထောက်အကူ ဖြစ်စေပါတယ်.. ဒါ့အပြင် နှလုံးရောဂါ၊ သွေးတိုးရောဂါနဲ့ဆီးချိုရောဂါတွေဟာလဲ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ Catecholamine လို့ခေါ်တဲ့ ဟိုမုန်းတစ်မျိုးပေါ်မှာ မူတည်နေပါတယ်.. ဒီဟိုမုန်းတွေထွက်တာ ပုံမှန်ဖြစ်အောင် လုပ်ပေးခြင်းဖြင့် အဆိုပါရောဂါတွေကနေ သက်သာစေပါတယ်.. ဒါကြောင့် နှလုံးရောဂါဝေဒနာရှင်တွေ သွေးတိုးနဲ့ ဆီးချိုရောဂါသည်တွေဟာ ညဘက်မှာနှစ်ခြိုက်စွာအိပ်ဖို့ အရေးကြီးပါတယ်..

❓❓MWD: ညဘက်အိပ်မပျော်တဲ့ရောဂါဖြစ်ရင် ကျန်းမာရေးအပေါ်မှာ ဘယ်လိုများ ထိခိုက်နိုင်ပါသလဲ ဆရာ..

Dr.KML: ညဘက်အိပ်မပျော်ရောဂါ (Insomnia) ဟာ တစ်ညတစ်လေဆိုရင် သိပ်ပြဿနာမဟုတ်ပေမယ့်  နေ့စဉ်ရက်ဆက်ဖြစ်လာခဲ့ရင် ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်ပါတယ်.. ညဘက်အိပ်မပျော်တဲ့အတွက် နောက်တစ်နေ့မှာ စိတ်ရွှင်လန်းတက်ကြွမှုမရှိဘဲ ထိုင်းမှိုင်းလေးလံပြီး ငိုက်မျည်းတတ်ပါတယ်.. စာသင်ရင်လဲ စိတ်မဝင်စားနိုင်တော့ပါဘူး.. လုပ်ငန်းခွင်မှာလဲ စိတ်ပါဝင်စားမှု လျော့နည်းပြီး အမှားအယွင်းတွေ ဖြစ်နိုင်ပါတယ်.. ဒါ့အပြင် နှလုံးရောဂါနဲ့  သွေးတိုးရောဂါဝေဒနာရှင်တွေဟာ ပိုပြီးရောဂါဆိုးစေပါတယ်.. Catecholamine လို့ခေါ်တဲ့ ဟိုမုန်းတွေပိုထွက်လာလို့ သွေးကြောတွေကျုံ့သွားပြီး Blood Pressure ကိုပိုတက်စေပါတယ်.. ဆီးချိုရောဂါသည်တွေဆိုရင်လဲ insulin hormone ကောင်းကောင်းမထွက်နိုင်လို့ သွေးထဲမှာ Blood sugar တွေ ပိုတက်နိုင်ပါတယ်.. အနာရောဂါရှိသူတွေ အနာကျက်နှေးစေပါတယ်.. အရိုးကျိုးသူတွေ အရိုးပြန်ဆက်တာ နှေးစေပါတယ်..

❓❓MWD: ညအိပ်မပျော်လို့ အိပ်ဆေးသောက်တဲ့အကျင့်ရော ကောင်းပါသလား ဆရာ..

Dr.KML: အိပ်ဆေးဆိုတာ နောက်ဆုံးအဆင့် ဖြစ်ပါတယ်.. အခြားသော သဘာဝနည်းတွေနဲ့ ဘာနည်းနဲ့မှ မရမှသာ ဆရာဝန်ရဲ့ညွန်ကြားချက်နဲ့သာ သောက်သင့်ပါတယ်.. မိမိသဘောအတိုင်း လုံးဝမသောက်သင့်ပါဘူး..

❓❓MWD: ညအိပ်မပျော်ရောဂါကိုကုတဲ့အခါ နေရောင်ခြည်တစ်ခုပဲလား၊ အခြားဘာတွေများ ဂရုပြုဖို့လိုပါသေးသလဲ..

Dr.KML: အဓိကကတော့ နံနက်ပိုင်းနေရောင်ခြည်ကို မှန်မှန်ရဖို့ ဖြစ်ပါတယ်.. နံနက်ပိုင်းနေရောင်ရတာနဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဟိုမုန်းတွေပုံမှန်ဖြစ်ပြီး ပုံမှန်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်မှာဖြစ်ပါတယ်..
ဒုတိယကတော့ လေ့ကျင့်ခန်းပဲဖြစ်ပါတယ်.. နံနက်ခင်းနေရောင်ခြည်အောက်မှာ နေ့စဉ်နာရီဝက် တစ်နာရီလောက် လမ်းထွက်ရင်း လေ့ကျင့်ခန်းပါတစ်ခါထဲ ပြုလုပ်နိုင်ပါတယ်.. တတိယက လေကောင်းလေသန့် ရှူဖို့ဖြစ်ပါတယ်.. အခန်းထဲမှာပဲ နေတဲ့လူတွေဟာ လှောင်ပိတ်နေတဲ့လေကိုသာရတဲ့အတွက် ကျန်းမာရေးအတွက် မကောင်းပါဘူး..
ညနေဘက်မှာ အိပ်မပျော်စေတဲ့ ကော်ဖီတို့၊ လက်ဖက်ရည်တို့ကို ညနေ ၆နာရီနောက်ပိုင်း မသောက်သင့်ပါဘူး.. နေ့လယ်ဘက်မှာသာ သောက်သင့်ပါတယ်.. နေ့လယ်ဘက် အိပ်တဲ့အကျင့်ကို ရှောင်ရပါမယ်.. ဒီလိုဂရုတစိုက်ပြုမူပေးရင် ပုံမှန်နှစ်ခြိုက်စွာအိပ်ပျော်ပြီး စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွလာမယ်လို့ ပြောကြားလိုပါတယ်..

ဒေါက်တာ ခင်မောင်လွင် (FAME Pharmaceuticals) 
#MWDHealthTalkProgramme

No comments: