Wednesday, May 14, 2014

HIV ဝေဒနာရှင်များ နှင့် လိင်လုပ်သားများ အခက်အခဲဖြစ်နေသည့် အချက် (၂) ချက် လွှတ်တော် တင်မည်


HIV ဝေဒနာရှင် များနှင့် လိင်လုပ်သားများ အတွက် အခက်အခဲ အတားအဆီး ဖြစ်နေသည့် (၂) ချက်အား HIV အကူအညီ ပေးရေး ကွန်ရက် (၇) ခု ပူးပေါင်း၍ လာမည့် လွှတ်တော်တွင် ပေးဖို့ တင်ပြသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘာသာ ပေါင်းစုံ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့  HIV/AIDS မှ သိရသည်။

မော်တော်ယာဉ် လိုင်စင် လျှောက်ထားရာတွင် HIV ရောဂါရှိ၊ မရှိ စစ်ဆေးခြင်းအား ပယ်ဖျက် ပေးထား သော်လည်း လက်ရှိတွင် စစ်ဆေး နေဆဲ ဖြစ်ပြီး၊ လိင်လုပ်သားများ အဖော်ဆောင် ထားမှုကိုလည်း သက်ဆိုင်ရာမှ ဖမ်းဆီးမှုများ ရှိနေသေးသည့် အချက်တို့ကို တင်ပြ တောင်းဆို သွားမည် ဖြစ်ကြောင်း သိရသည်။

ဒါတွေက ပယ်ဖျက် ပေးထားပြီး ဖြစ်တဲ့ အချက်တွေပါ။ ဒါပေမဲ့ လက်တွေ့မှာ အခက်အခဲရှိ နေသေးတယ်။ အမှန်တကယ် ကျင့်သုံး လာအောင် တောင်းဆိုမှာပါဟု မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့  (HIV/AIDS) မှ ညှိနှိုင်း ရေးမှူး မခေါန်တောင်က ပြောသည်။

လက်ရှိတွင် HIV ဝေဒနာရှင် များနှင့် လိင်လုပ်သားများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်ရန် လွှတ်တော် ကိုယ်စားလှယ် များနှင့် HIV အကူအညီပေးရေးကွန်ရက် (၇) ခုမှ တာဝန်ရှိ သူများပူးပေါင်း၍ HIV ဆိုင်ရာ Working group ကို ဖွဲ့ စည်း ထားသည်။

HIV ဆိုင်ရာ Working group မှ HIV ဝေဒနာရှင်များ နှင့် လိင်လုပ်သား များကို အကာအကွယ် ပေးနိုင်မည့် ဥပဒေ တစ်ရပ် ရေးဆွဲ အတည်ပြုနိုင်ရန် ပြင်ဆင်လျက် ရှိပြီး၊ HIV အကူအညီပေးရေး ကွန်ရက် (၇) ခုမှ တစ်နိုင်ငံလုံး ရှိ ကွန်ရက် အဖွဲ့ ဝင်များ နှင့် ချိတ်ဆက်၍ လက်ရှိ ဖြစ်ပေါ် နေသည့် ခွဲခြား ဆက်ဆံနေ ရမှုများ၊ အတားအဆီးရှိ နေမှုများကို သက်သေနှင့် တကွ ချပြ နိုင်ရန် စုစည်းလျက် ရှိကြောင်း သိရသည်။

Messenger News Journal
https://mail.google.com/mail/u/0/images/cleardot.gif

တစ်ကိုယ်တော် စက်ဘီးဖြင့် သွားရောက်သူ ဦးစရကို ဂန့်ဂေါသို့ရောက်ရှိ

မြန်မာနိုင်ငံ အရပ်ဒေသ အသီးသီးသို့ တစ်ကိုယ်တော် စက်ဘီးဖြင့်နယ်လှည့်သူ ဦးစရကိုသည် မေ ၄ ရက်တွင် မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့ သို့ ရောက်ရှိပြီး မေ ၆ ရက်နံနက်တွင် ထီးလင်းမြို့နယ်သို့ ထွက်ခွါသွားသည်။ ဦးစရကိုသည် ဂန့်ဂေါမြို့တွင် လူမှုရေး အသင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ခရီးသွားအတွေ့အကြုံများနှင့် HIV/AIDS အကြောင်းတို့ကို စကားဝိုင်းဖွဲ့ ဆွေးနွေးသည်။

ဦးစရကိုသည် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် ရန်ကုန်မြို့မှ စက်ဘီးဖြင့် စတင်ထွက်ခွါခဲ့ပြီး ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်တို့သို့ ရောက်ရှိပြီးဖြစ်ကာ အချိန်ကာလ ၅ လနှင့် ၅ ရက်အတွင်း ခရီးမိုင်ပေါင်း ၃၉၄၆ မိုင်ရောက်ရှိကြောင်းနှင့် ရည်မှန်းချက်၏ ၃ ပုံ ၁ ပုံ ခရီးရောက်ပြီး ဖြစ်သည်ဟု ဆိုသည်။

“စက်ဘီးနဲ့ဘဲသွားပါတယ် အတက်ခရီးတွေမှာ တွန်းသွားတယ်၊ မြစ်ချောင်းကူးတွေမှာ စက်ဘီးနင်းပြီး သွားလို့မရမှ မော်တော်ပေါ် တင်ပါတယ်။ လူမှုရေး အသင်းအဖွဲ့များက ကျွန်တော့်ကို အကူအညီ ပေးကြပါတယ်’’ ဟု ဦးစရကိုက ပြောသည်။
ဦးစရကိုသည် မန္တလေးမြို့ ၁၉ လမ်း၊ (၈၉ နှင့် ၉၀ လမ်း) ကြားတွင် နေထိုင်၍ ဦးကက်နက်ထွန်းမောင်၊ ဒေါ်သန်းမြင့်တို့၏ သားသမီး ၃ ယောက်အနက် အလတ်ဖြစ်ကာ အသက် ၃၅ နှစ်ရှိပြီဖြစ်ပြီး ကျန်းမာရေးနှင့် ပတ်သက်သည့် လူမှုရေး လုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိသူဖြစ်ကြောင်း သိရသည်။

ဂန့်ဂေါ (မေ ၆)
CFHIV - တစ်ကိုယ်တော် စက်ဘီးဖြင့် သွားရောက်သူ ဦးစရကို ဂန့်ဂေါသို့ရောက်ရှိ

No comments: