Friday, May 16, 2014

ယူတဲ့နေရာ ပြန်ထားပါ



ကိုဘသစ် ကျွန်တော့်ကို ပြောပြတာပါ။

“ကျွန်တော်တို့အဘိုးနဲ့နေတုန်းကပေါ့ဗျာ။ တစ်ညမှာ ညကြီးမင်းကြီး သန်းခေါင်သန်းလွဲကြီးမှာ တစ်အိမ်လုံးကိုနှိုးပြီး ဧည့်ခန်းမှာ မတ်တတ်ရပ်ခိုင်းတယ်။ ကျွန်တော်က ကလေးပဲ ရှိသေးတယ်။ အိပ်မှုန်စုံမွှားနဲ့ ထွက်ရပ်တာပေါ့။

အဘိုးမှာ မြေးသုံးယောက်၊ သားသမီး ခြောက်ယောက်တို့နဲ့ အတူနေတယ်။ အားလုံးတိတ်နေကြတယ်။ အဘိုးကပြောတယ်။ ငါ့တူ ဘယ်သူယူသုံးလဲတဲ့။ ကျွန်တော့်ဦးလေးက လက်ထောင်တယ်။ သူယူတာပါတဲ့။
အေး ယူသုံးတာကို ငါသဘောကျပါတယ်။ ဒါပေမဲ့ ယူသုံးပြီးရင် သူ့နေရာသူထားလို့ပြောပြီး ပြန်အိပ်ခိုင်းလိုက်တယ်”

“ခင်ဗျား ဘာကိုပြောချင်လို့လဲ”

“နှစ်ချက်ပြောချင်တာပါ။ အဘိုးဟာ အင်မတန်တော်တယ်”

“ခင်ဗျားက အဘိုးအကြောင်း ခဏခဏ ပြောနေတာပဲ။ လူတိုင်းဟာ ကိုယ့်အဘိုးကိုယ် တော်တယ်ပဲ ပြောတာပေါ့”

“ဒီလိုမဟုတ်ဘူး ဆရာညိုရ၊ ကျွန်တော့်အဘိုး တော်တယ်ဆိုတာက ပထမအချက်က သူ့ပစ္စည်းကိုယူသုံးတာ သဘောကျတယ်ဆိုတဲ့ အချက်ပေါ့”

“ဘယ်လို”

“အဘိုးက သူ့ရဲ့လက်သမားကိရိယာတွေကို အိမ်မှာ ဗီရိုကြီးတစ်လုံးနဲ့ထားတယ်။ အဲဒါတွေနဲ့ သူအားရင် အိမ်တွေပြင် ခြံစည်းရိုးတွေကို ပြင်တယ်။ ပျက်တာတွေကို သူ့သားသမီးတွေ ပြင်သုံးတတ်အောင်လို့ သူ့ပစ္စည်းတွေကို ပေးသုံးတယ်။ တောအိမ်ဆိုတော့ ပြင်စရာတွေလိုတယ်။ ခုံဖိနပ် ပြတ်တာကအစ ကိုယ်တိုင်ပြင်ရတာကိုး။ ဒါပေမဲ့ ဒုတိယအချက်က သုံးပြီးရင် သူ့နေရာမှာသူ ပြန်ထားရတယ်။ ဒါကိုမလုပ်ရင် ပြဿနာဖြစ်ပြီပဲ”
တို့ပြည်သူတွေပိုင်တယ်။ ဒါတွေကို စနစ်တကျ ခွဲဝေပေးရမယ်။ပိုင်တာတွေကို အသိအမှတ်ပြုရမယ်။ အမျိုးမျိုးအကြောင်းပြ သိမ်းယူတယ်ဆိုတာ နှိပ်စက်သလို ဖြစ်နေတာပေါ့။ ခုခေတ်မှာ ခရိုနီကြီးတွေက ဘာမှမလုပ်တော့ပေမယ့် နောက်ခရိုနီ အငယ်တွေကလည်း ဒီလိုဥပဒေကို လက်တစ်လုံးခြား လုပ်လာကြတယ်  .  . .
“ဒါကကောင်းတဲ့အကျင့်ပဲ၊ ကဲ လက်ဖက်ရည်လေး သောက်လိုက်ပါဦး၊ ခင်ဗျားအဘိုး ချီးမွမ်းခန်းထုတ်နေတာနဲ့ လက်ဖက်ရည်တောင် အေးကုန်ပြီ”

“ကျုပ်က ချီးမွမ်းခန်းထုတ်တာ မဟုတ်ဘူး။ ကျွန်တော်တို့ ၁၉၅၈ ခုနှစ်က အိမ်စောင့်အစိုးရ တက်တဲ့အခါ ပြည်သူတွေ အင်မတန်သဘောကျတာကို စဉ်းစားမိလို့ပါ”

“ကျွန်တော်လည်း အဲဒီအချိန်ကိုမီပါတယ်။ သီချင်းတွေဆိုတဲ့အခါ ဗိုလ်ချုပ်အစိုးရ အချိုးကျကူညီဆိုတာမျိုးပေါ့”

“မြူနီစီပယ်မင်းကြီး ဗိုလ်မှူးကြီးထွန်းစိန်ဆိုတာ တောက်လျှောက် မြို့တော်စည်ပင်သာယာရေးအတွက် လုပ်တယ်။ ရန်ကုန်တစ်မြို့လုံး သန့်ရှင်းသွားတယ်”

“မြူနီစီပယ်ဟာလည်း မြို့တော်စည်ပင်သာယာရေး ဖြစ်လာတာပဲမဟုတ်လား”

ဒါကို ကျွန်တော်ပြောသည် မဟုတ်ပါ။လက်ဖက်ရည်ဝိုင်းကို ရောက်လာသည့် ကိုမြတ်လင်းက ဝင်ပြောတာပါ။

“ကိုမြတ်လင်းထိုင်ပါ။ ဘာသောက်မလဲ၊ မှာပါ”

“ဟုတ်ကဲ့ မှာပြီးပါပြီ၊ ဆရာတို့ စည်ပင်သာယာရေးအကြောင်း ဆွေးနွေးနေတာ နားထောင်ကောင်းလို့ပါ။ ဆရာတို့ ဆက်ဆွေးနွေးပါ ဆရာ”

“ကိုလိုနီလက်ထက်က ရန်ကုန်ဟာ တကယ့်ကို သန့်ရှင်းတာတဲ့။ အမှိုက်တစ်စ မရှိဘူး။ ညဘက်ဆို ရေဆေးတယ်။ နောက်ဖေးလမ်းကြားက အင်မတန် သန့်ရှင်းတယ်။ မြောင်းတွေဆိုလည်း ရေတွေ ကြည်နေတာပဲတဲ့”

ကျွန်တော်လည်း ဝင်ပြောပါသည်။

“ကျွန်တော် ရန်ကုန်ရောက်တာ ၁၉၆၈ ခုနှစ်ပါ။ ခုထက်ထိတော့ သန့်ပါတယ်။ လူတွေ စည်းကမ်းရှိတယ်လေ။ ဟီးနိုးကားတွေပေါ်ခါစပေါ့။ လူတွေဟာ တန်းစီပြီး ကားပေါ်တက်ကြရတယ်။ ထိုင်ခုံအရေအတွက် အတိုင်းပဲ လက်ခံတယ်”

“တကယ်လား ဆရာရယ်။ ဒါတွေဟာ နိုင်ငံခြားမှာပဲရှိတယ်     ထင်နေတာ”ဟု ကို မြတ်လင်းက ပြောပါသည်။

“ဟုတ်ပါတယ်၊ တပ်မတော်ဟာ တကယ့်ကိုအလုပ်လုပ်ပြီး ပြည်သူကို အကျိုးရှိစေတယ်”

“အဲဒီအချိန်က ပါလီမန် ဒီမိုကရေစီခေတ်ပေါ့နော်”

“ဟုတ်တယ်၊ ပါလီမန်ဒီမိုကရေစီ ကိရိယာတွေကို ခဏယူသုံးတယ်လေ။ အကောင်းဆုံးဖြစ်အောင် ပြုပြင်တယ်လို့ပြောနိုင်တယ်။ ဒီလိုသုံးတာ ကောင်းတာပေါ့။ ဒါပေမဲ့ ပြီးရင်ပြန်ထားပေါ့။ သူ့နေရာသူ ပြန်မထားတော့ အဆင်မပြေတာတွေ ဖြစ်ကုန်တာပဲကွ”

“ကျွန်တော်မေးမယ်ဆရာ၊ စိတ်တော့မရှိပါနဲ့။ ဆရာတို့ ဒီဘက်ခေတ်မှာ  ဘာတွေပြန်မထားတာလဲ”

“ပြောရမှာ အများကြီးပါပဲ၊ တို့ အတွင်းဝန်ရုံးကြီး ရှိတယ်မဟုတ်လား။ အဲဒီရုံးမှာ အတွင်းဝန်ဆိုတာတွေရှိတယ်။ အတွင်းဝန်တွေဟာ အုပ်ချုပ်ရေးကို ကျွမ်းကျင်တယ်။ သူတို့ဟာ ဝန်ကြီးတွေရဲ့ အကြံပေးတွေသာ မကဘူး။ အုပ်ချုပ်ရေးယန္တရားကို လည်ပတ်စေသူတွေ ဖြစ်တယ်။ ဥပမာ ဝန်ကြီးတစ်ဦးဟာ ဘာလုပ်ခွင့်ရှိတယ် မရှိဘူးဆိုတာ သူတို့ပြောပြနိုင်တယ်။ အရင်ဝန်ကြီးတွေ ဘာလုပ်ထားလဲဆိုတာတွေ ရှိတယ်။ စာရင်းဇယား အပြည့်အစုံတွေရှိတယ်”

“ဆရာပြောတာ ဗျူရိုကရေစီယန္တရားပေါ့ ဟုတ်လား”

“မှန်ပါတယ်”

“အဲဒါကို ကြိုးနီစနစ်လို့ ခေါ်တယ် မဟုတ်လား”

“ဒါလည်းမှန်ပါတယ်”

“ဒီကြိုးနီစနစ်တို့ ဗျူရိုကရေစီယန္တရားတို့ဟာ ပြည်သူတွေကို နှိပ်စက်တယ် မဟုတ်လား”

“မဟုတ်ဘူး။ မှားနေတယ်။ သူက စာရင်းဇယားကျန်အောင် လုပ်ပေးတာပဲ။ ဥပမာ မြေတစ်ကွက်ကို အဖွဲ့အစည်းတစ်ခုက သိမ်းပိုက်မယ်ဆိုရင် လုပ်လို့ရတာ မရတာတွေကို သူတို့ထောက်ပြလို့ရတယ်။ အမှားအမှန် ဝေဖန်ပြလို့ရတယ်။ ခုလက်ရှိတော့ မဟုတ်ဘူးပေါ့လေ။ စောဦးပိုင်းက မြေတွေကို ထင်ရာမြင်ရာလုပ်ပြီး ယူလိုက်ကြတာ မြေတိုင်းစာရေးတွေအားလုံး သူဌေးဖြစ်ကုန်တော့တယ်”

“ဒါက အတော်ဆိုးတာပဲပေါ့”

“ဆိုးတာပေါ့ကွာ၊ လွတ်လပ်ရေးဆိုတာ တို့ပိုင်တဲ့မြေ၊ တို့ဆိုင်တဲ့မြေ တို့တစ်တွေခံစား စံစားနိုင်ပါစေတဲ့”

“ပြည်သူတွေ ပိုင်တာပေါ့နော်”

“မှန်တယ် တို့ပြည်သူတွေ ပိုင်တယ်။ ဒါတွေကို စနစ်တကျ ခွဲဝေပေးရမယ်။ ပိုင်တာတွေကို အသိအမှတ်ပြုရမယ်။ အမျိုးမျိုးအကြောင်းပြ သိမ်းယူတယ်ဆိုတာ နှိပ်စက်သလို ဖြစ်နေတာပေါ့။ ခုခေတ်မှာ ခရိုနီကြီးတွေက ဘာမှမလုပ်တော့ပေမယ့် နောက်ခရိုနီ အငယ်တွေကလည်း ဒီလိုဥပဒေကို လက်တစ်လုံးခြား လုပ်လာကြတယ်။ လယ်တွေကို ရေဖြတ်တယ်။ ဒါမှမဟုတ် ရေကြီးအောင်လုပ်တယ်။ ပြီးတော့ စိုက်လို့မဖြစ်ဘူးဆိုပြီး သိမ်းတာတွေ အများကြီးပဲ”

“တို့နိုင်ငံမှာ စိတ်ကောင်းစေတနာကောင်းတွေနဲ့ လုပ်ပြဖို့လိုတယ်။ မမှန်တာတွေ မလုပ်ပါနဲ့။ သူ့နေရာသူ ပြန်ထားဖို့လိုတယ်။ ကြုံတုန်းပြောစရာတစ်ခုရှိတယ်”

“ဟုတ်ကဲ့ဆရာ”

“ဩစတြေးလျမှာ ညနေဘက်ဆို နေရောင်ကြောင့် အနီရောင်ပြောင်းသွားတဲ့ တောင်ရှိတယ်။ အဲဒီတောင်ကို ကမ္ဘာအရပ်ရပ်က လာရောက်လည်ပတ်လေ့ ရှိတယ်။ တောင်နံဘေးမှာ စာရေးထားတယ်။ ကျောက်တုံးတွေကို အမှတ်တရပစ္စည်းအနေနဲ့ မယူသွားရဘူးတဲ့”

“သူတို့က ပစ္စည်းကို တန်ဖိုးထားလိုက် ကြတာ”

“အင်း တန်ဖိုးထားတာထက် ပြဿနာ ဖြစ်တာတွေ အများကြီးပါပဲ။ ဒီကျောက်တုံးတွေကို ယူသွားတဲ့လူတွေဟာ အိမ်ထောင်ကွဲ၊ သားသမီးဆုံး၊ အလုပ်အဆင်မပြေ စတာတွေ ကြုံရသတဲ့။ ဒါကြောင့် ဒီကျောက်တုံးတွေကို ယူသွားတဲ့လူတွေဟာ သူတို့ယူသွားတဲ့ ကျောက်တုံးတွေကို ပြန်ပြန်ပို့တာ တစ်နှစ် တစ်နှစ်ကို ထောင်နဲ့ချီ ရောက်လာသတဲ့”

“သူတို့ ကြောက်သွားတယ်နော်”

“ဟုတ်တယ်လေ၊ သူ့နေရာမှာ သူရှိနေတာ အကောင်းဆုံးပဲ မဟုတ်လား”

“ဟုတ်ကဲ့ဆရာရယ်၊ ကျွန်တော်တို့ မြန်မာမှာလည်း အရှင်မပေးတဲ့ပစ္စည်းကို ယူတာတောင်မဟုတ်ဘူး။ နေရာပြောင်းထားရင် ခိုးမှုပဲ။ ရဟန်းတော်တွေမှာဆို အကြီးဆုံးပြစ်မှု ပါရာဇိကကံ ထိုက်တယ်။ ရဟန်းမဖြစ်တော့ဘူးပေါ့”

“ဒါကြောင့် ကျွန်တော့်အဘိုးပြောတာပေါ့။ ယူတော့ယူသုံးပါ၊ သုံးပြီးရင် ပြန်ထားပါဆိုတာ”

“ဒီမိုကရေစီယူသွားတဲ့ စစ်တပ်လည်း သုံးပြီး သူ့အတိုင်းထားဖို့ပေါ့”

“ကောင်းဗျာ၊ ကောင်းဗျာ”

Written by: 
ဒေါက်တာခင်မောင်ညို

No comments: