အခြေခံပညာကျောင်းများ ဖွင့်လှစ်မည့်အချိန် နီးကပ်လာသည်နှင့်အမျှ
ကျောင်းသားမိဘများတွင် ကိုယ်စီပူပန်မှုများ မြင့်တက်လာသည်။ ငွေကြေးတတ်နိုင်သော မိဘများအကြား
မိမိရင်သွေးကို အစိုးရကျောင်းအပ်မည်လား၊ ကိုယ်ပိုင်ကျောင်းတက်စေမည်လား၊ အင်တာနေရှင်နယ်ကျောင်းထားမည်လား
ဒွိဟစိတ်များဖြင့် ဗျာများနေကြသလို အခြေခံလူတန်းစားများအတွက် ကုန်ဈေးနှုန်းကြီးမြင့်ချိန်
ကျောင်းစရိတ်အတွက် ရင်ပူနေကြရခြင်းဖြစ်သည်။
ယခင်က ပညာရေးအခွင့်အလမ်းအတွက် အစိုးရကျောင်းများကိုသာ အားထားနေခဲ့ရာမှ ယခုနှစ်အနည်းငယ်အတွင်း ကိုယ်ပိုင်ကျောင်းအရေအတွက် ပိုမိုများပြားလာသလို အင်တာနေရှင်နယ်ကျောင်းများ၏ ဈေးကွက်လည်း ကြီးမားကျယ်ပြန့်လာနေသည်။
ဦးသိန်းစိန်အစိုးရသက်တမ်း သုံးနှစ်ပြည့်မြောက်ခဲ့ပြီးဖြစ်သော်လည်း အခြေခံပညာအတွက် ပညာရေးပြုပြင်ပြောင်းလဲမှုများ မရှိသေးပေ။ ပညာရေးဥပဒေနှင့် မူဝါဒများ တိတိကျကျ ထွက်လာမှုမရှိသေးပေ။ ယင်းအချက်က ပြည်သူများ၏ အစိုးရကျောင်းပညာရေး အပြောင်းအလဲ မျှော်လင့်ချက်ကို မှေးမှိန်စေသည်။ ပုဂ္ဂလိကပညာရေးအခွင့်အလမ်းကို ရွေးချယ်ရန် တွန်းအားပေးနေသလို အစိုးရကျောင်းများသည် ကျောင်းသား၊ ဆရာအချိုးကွာဟချက်ကြီးမားနေခြင်း၊ သင်ထောက်ကူပစ္စည်း လုံလောက်မှုမရှိခြင်းနှင့် သင်ကြားမှုနည်းစနစ်ပိုင်းဆိုင်ရာ အားနည်းချက်များရှိနေသည်။ ၂၁ ရာစု၏ ပညာရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် အခက်အခဲများစွာရှိနေသည်။
အစိုးရ၏ ကောင်းမွန်သော ပညာရေးဥပဒေသစ်ကို စောင့်မျှော်နေသော ကျောင်းသားမိဘ အများအပြားရှိနေသည်။ သို့သော် လက်ရှိ လွှတ်တော်တွင် ဆွေးနွေးနေဆဲ အမျိုးသားပညာရေးဥပဒေကိုကြည့်၍ ကျောင်းသားမိဘနှင့် ပညာရေးလေ့လာသူများ အားမလိုအားမရဖြစ်နေသည်။
နိုင်ငံတော်က ပြဋ္ဌာန်းထားသော အခြေခံပညာသင်ရိုးညွှန်းတမ်းများသည် ၂၀ ရာစုက ရေးဆွဲထားခြင်းကြောင့် ခေတ်နောက်ကျကျန်နေခြင်းနှင့် ဆရာ၊ ဆရာမများ လစာငွေနည်းပါး၍ ကျောင်းသားအပေါ် အာရုံစိုက်မှုအားနည်းနိုင်ခြင်းတို့အပေါ် ဖခင်တစ်ဦးဖြစ်သူ ကိုအောင်အောင်ထွန်းက စိုးရိမ်နေသည်။
‘‘ပုဂ္ဂလိကကျောင်းမှာ ထားချင်ပေမယ့် ကိုယ့်ရဲ့ဝင်ငွေနဲ့ ကလေးကို အဆုံးတိုင်ထားနိုင်မှာလားဆိုတဲ့အချက်က အရေးကြီးဆုံးပဲ။ အခုချိန်မှာ ထားနိုင်တယ်ဆိုပေမယ့် မနက်ဖြန် ဘာဖြစ်မလဲဆိုတာက အရေးကြီးဆုံးမေးခွန်းပါ’’ဟု မိမိရင်သွေးပညာရေးကို အစိုးရကျောင်းတွင် စတင်စေရန် ဆုံးဖြတ်ထားသော ကိုအောင်အောင်ထွန်းကပြောသည်။
အစိုးရကျောင်းများသည် ပုဂ္ဂလိကကျောင်းများထက် ပညာသင်ယူစရိတ်သက်သာခြင်း၊ ကျယ်ဝန်းသော ကျောင်းပရ၀ဏ်တွင် လူတန်းစားမျိုးစုံနှင့် ထိတွေ့ဆက်ဆံခွင့်ရရှိခြင်းကဲ့သို့သော အားသာချက်များရှိနေသည်။ ထိုနည်းတူ အလွတ်ကျက်မှတ်ရသော အလေ့အထ၊ ကျူရှင်ယူရသောစနစ်ဆိုးကြီးလည်းရှိသည်။
ယခုနှစ်ပိုင်းတွင် ငွေကြေးအတော်အသင့်တတ်နိုင်သော လူလတ်တန်းစားမိဘများသည် မိမိရင်သွေးကို အစိုးရကျောင်းတွင် ပညာသင်ယူစေပြီး ကျောင်းပိတ်ချိန်၌ အင်တာနေရှင်နယ်ကျောင်းများတွင် တက်ရောက်စေသောအလေ့အထ ခေတ်စားလာနေသည်။
‘‘အစ်မကတော့ ကလေးကို အစိုးရကျောင်းပဲထားမှာပါ။ စနေ၊ တနင်္ဂနွေပိတ်ရက်တွေမှာ အင်္ဂလိပ်စာကျောင်းတွေကိုပို့မယ်။ ကလေးပညာရေးအပေါ် စိတ်ပူမှုရှိတယ်။ အစ်မစိတ်ထင် ကလေးတွေရဲ့အခွင့်အရေးကို ပိတ်ထားသလိုပဲ။ ဥပမာ မာလ်တီမီဒီယာအခန်းတွေရှိနေပေမယ့် ကလေးတိုင်းမသုံးရဘူး။ ပြီးတော့ ကလေးတွေကို အိမ်စာအရမ်းပေးတယ်။ အဲဒါကို မကြိုက်ဘူး’’ဟု တစ်နှစ်ခွဲအရွယ်သားဦးမိခင်ဖြစ်သူ ဒေါ်ကလျာအောင်ကပြောသည်။
ဆရာ၊ ဆရာမများအနေဖြင့် ကလေး၏ အားနည်းချက်၊ အားသာချက်များကို ဂရုပြုကြည့်ရှုပေးစေရန် ဆန္ဒရှိနေပြီး ကလေးများ ကျောင်းစာ၊ အိမ်စာ၊ ကျူရှင်စာများဖြင့် ပင်ပန်း၍ အားလပ်ချိန်နည်းပါး ဖိအားများနေသည်ကို မလိုလားကြောင်း သူမကဆိုသည်။
အလွတ်ကျက်စနစ်နှင့် စာမေးပွဲဦးတည်သောပညာရေး ထွန်းကားလာမှုကို စိတ်ကုန်လာကြသော မိဘများအတွက် ပုဂ္ဂလိကပညာရေးက အားကိုးစရာ ကောက်ရိုးတစ်မျှင်ဖြစ်လာသည်။ သို့သော် ပုဂ္ဂလိကပညာရေးသည်လည်း ပညာရေးအရည်အသွေး အာမခံမှုနှင့် မူဝါဒပိုင်းဆိုင်ရာလိုအပ်ချက်များရှိနေပြီး ကျောင်းသားမိဘများအတွက် စွန့်စားခန်းတစ်ခုဖြစ်နေသည်။
‘‘မနှစ်က ၃၈ ရာခိုင်နှုန်း ကျောင်းလခတက်ဖို့လုပ်တာ ဆန္ဒပြလိုက်လို့ ၁၈ရာခိုင်နှုန်းပဲ တိုးလိုက်တယ်။ အခုဒီနှစ် ၁၁ ရာခိုင်နှုန်း ထပ်တိုးမယ်ပြောတယ်။ မနှစ်က အမေရိကန်ဒေါ်လာ ၉၈၀၀ သွင်းရတယ်။ ဒီနှစ် တစ်သောင်းကျော်သွားမယ်။ အဲဒီကျောင်းကထွက်လိုက်ပြီ။ တခြားကျောင်း ပြောင်းအပ်ထားတယ်။ ကျောင်းစရိတ်တိုးယူရင် ပညာရေးလည်းမြင့်လာရမှာပေါ့။ ပညာရေးက ဒီအတိုင်းပဲ’’ဟု လှိုင်မြို့နယ်ရှိ အင်တာနေရှင်နယ်ကျောင်းတစ်ခုမှ ကျောင်းသားမိခင်တစ်ဦးကပြောသည်။
အင်တာနေရှင်နယ်ကျောင်းများ၏ ကျောင်းလခကောက်ခံနေမှုနှင့် ပညာအရည်အသွေးအာမခံမှုတို့အပေါ် အစိုးရက ဥပဒေနှင့်မူဝါဒများချမှတ်၍ ကျောင်းသားများနှင့် မိဘများ၏အခွင့်အရေးကို ကာကွယ်ပေးစေလိုကြောင်း သူမကဆိုသည်။
အင်တာနေရှင်နယ်ကျောင်းများသည် အစိုးရက အသိအမှတ်ပြုထားခြင်းမရှိသောကြောင့် ပညာရေး (သို့မဟုတ်) ငွေကြေးပြဿနာအခက်အခဲ ပေါ်ပေါက်ပါက မိမိတို့ဘာသာ ရင်ဆိုင်ဖြေရှင်းကြရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ အကြီးအကဲတစ်ဦးက ပြောထားဖူးသည်။
အင်တာနေရှင်နယ်ကျောင်းများတွင် အခြေခံပညာသင်ယူပြီးဆုံးသော ကျောင်းသားများသည် ပြည်တွင်းအစိုးရတက္ကသိုလ်၊ ကောလိပ်များသို့ တက်ရောက်ခွင့်မရရှိပေ။အင်တာနေရှင်နယ်ကျောင်းများသည် အင်္ဂလိပ်ဘာသာစကားကို အသုံးပြု၍ ယူကေနှင့် အမေရိကန်နိုင်ငံတို့၏ သင်ရိုးညွှန်းတမ်းဖြင့် သင်ကြားပို့ချခြင်းဖြစ်သည်။ ယင်းအချက်က မြန်မာကလေးငယ်များကို မြန်မာဘာသာစကား၊ မြန်မာ့ယဉ်ကျေးမှုတို့နှင့် အလှမ်းဝေးသွားသည်။ မိမိနေထိုင်ကြီးပြင်းသောနိုင်ငံ၏ မိခင်ဘာသာစကား နားလည်တတ်ကျွမ်းမှု အားနည်းစေပြန်သည်။
‘‘အဲဒီတစ်ချက်က ကျွန်မတို့နိုင်ငံအတွက် အရမ်းအရေးကြီးတဲ့ကိစ္စပါ။ နိုင်ငံတကာမှာတောင် သင်ကြားရေးကို မိခင်ဘာသာစကားနဲ့ သင်ကြားတာကို အားပေးနေကြတယ်။ မိခင်ဘာသာစကား အခြေပြုသင်ကြားမှုကလည်း အအောင်မြင်ဆုံးပါပဲ။ ဘာသာစကားမူဝါဒကို ပြန်ပြောင်းသင့်တယ်လို့ထင်တယ်’’ဟု အင်တာနေရှင်နယ်ကျောင်းများတွင် အင်္ဂလိပ်ဘာသာစကား အခြေပြုသင်ကြားမှုနှင့်ပတ်သက်၍ Thinking Classroom Foundation မှ ဒေါ်သူသူမာကပြောသည်။
အင်တာနေရှင်နယ်ကျောင်းများသည် သင်ရိုးညွှန်းတမ်းအားကောင်းမှု၊ လွတ်လပ်စွာလှုပ်ရှားဆောင်ရွက်နိုင်မှုတို့ကြောင့် အားသာချက်များရှိနေသည်။ သို့သော် လူနည်းစုသာ လက်လှမ်းမီသော အခွင့်အရေးဖြစ်သည်ကို သတိပြုစေလိုကြောင်း ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) အဖွဲ့ဝင် ဒေါ်သူသူမာကဆိုသည်။
ပညာသင်နှစ်၊ သုံးနှစ်မြောက်ပြီဖြစ်သော ကိုယ်ပိုင်ကျောင်းများသည်လည်း အောင်ချက်မြင့်မားရေး ဦးတည်ဆောင်ရွက်နေခြင်းကြောင့် ပညာရေးအရည်အသွေး အားနည်းချက်ရှိဆဲဖြစ်သည်။
‘‘ပတ်ဝန်းကျင်ပြောင်းသွားတာပဲရှိမယ်။ တကယ့်အရည်အသွေးပိုင်းက သိပ်ကွာမယ်မထင်ဘူး။ ဖတ်စာအုပ်ကို အခြေခံတဲ့နည်းကိုပဲ သွားနေတာလေ။ ကိုယ်ပိုင်ကျောင်းကတော့ စာသင်ခန်းမှာ လူနည်းနည်းနဲ့ သင်နိုင်မယ်။ ပိုဂရုစိုက်နိုင်မယ်’’ဟု ကိုယ်ပိုင်ကျောင်းများနှင့်ပတ်သက်၍ ဒေါ်သူသူမာက သူမ၏အမြင်ကိုပြောသည်။
ကိုယ်ပိုင်ကျောင်းများအနေဖြင့်လည်း ဂုဏ်ထူးရကျောင်းသား များများမွေးထုတ်ခြင်းနှင့် အောင်ချက်မြင့်မားရေးဝဲဂယက်မှ ရုန်းမထွက်နိုင်သေးပေ။ ယင်းမှာ ကျောင်းသားမိဘများ၏ သဘောထားအမြင်များအပေါ်တွင်လည်း မူတည်နေကြောင်း ကိုယ်ပိုင်ကျောင်းတည်ထောင်ထားသူတစ်ဦးက ဆိုသည်။
တက္ကသိုလ်ဝင်ခွင့်စနစ်သည် တက္ကသိုလ်စာမေးပွဲတွင် အမှတ်အများဆုံးရရှိမှုပေါ်တွင် အခြေခံနေခြင်းကြောင့် ကျောင်းသားမိဘများအနေဖြင့် အောင်ချက်မြင့်မား၍ ဂုဏ်ထူးအထွက်များသော ကိုယ်ပိုင်ကျောင်းများကို ဦးစားပေးရွေးချယ်နေခြင်းဖြစ်သည်။
အစိုးရကျောင်း၊ ကိုယ်ပိုင်ကျောင်းနှင့် အင်တာနေရှင်နယ်ကျောင်းများ၏ အားနည်းချက်၊ အားသာချက်များနှင့်ပတ်သက်၍ စစ်ကိုင်းပညာရေးတက္ကသိုလ်၊ ပညာရေးစိတ်ပညာဌာန၊ အငြိမ်းစားပါမောက္ခဌာနမှူး ဒေါ်နုနုဝင်းတင်က‘‘ကျောင်းသားတွေအပေါ်မှာ စစ်မှန်တဲ့မေတ္တာ၊ စေတနာထားတဲ့၊ အရည်အချင်းပြည့်စုံတဲ့ ဆရာများများရှိတဲ့ကျောင်းက အကောင်းဆုံးပါ။ ကျောင်းသုံးမျိုးလုံးမှာ အားနည်းချက်၊ အားသာချက်တွေ အများကြီးရှိတယ်။ ကိုယ်ပိုင်ကျောင်းတို့၊ အင်တာနေရှင်နယ်ကျောင်းတို့ဆိုတိုင်းလည်း အထင်ကြီးလို့မရသလို အစိုးရကျောင်းတိုင်းလည်း အထင်သေးလို့မရပါဘူး။ သက်ဆိုင်ရာကျောင်းရဲ့ စီမံခန့်ခွဲမှုနဲ့ ဆရာတွေအပေါ်မှာ များစွာမူတည်နေပါတယ်’’ဟု သုံးသပ်သည်။
မည်သို့ဆိုစေ အစိုးရကျောင်းထက် ပုဂ္ဂလိကကျောင်းများတွင် မိမိရင်သွေးပညာရေးအပ်နှံလိုသော ကျောင်းသားမိဘအရေအတွက်မှာ မြို့ပြတွင်သာမက ကျေးလက်ဒေသတွင်ပါ မြင့်တက်လာသည်။ တအိအိနှင့် ကျဆင်းလာနေသော ပညာရေးအရည်အသွေးကို ပုဂ္ဂလိကပညာရေးဖြင့် ကျားကန်ထားလိုသူများပြားလာသည်။
‘‘အဓိကက ပံ့ပိုးမှုမလုံလောက်ဘူး။ ကျွန်တော့်သားကို အမြင်ကျယ်စေချင်၊ သွားတတ်လာတတ် ဖြစ်စေချင်တယ်။ ပြိုင်ဆိုင်မှုများလာတဲ့အတွက် တော်ရုံသင့်ရုံမရတော့ဘူး။ အဲဒါကြောင့် ကြိုတင်ပြင်ဆင်ပေးတာပါ’’ဟု ပဲခူးမြို့နယ်၊ ပျဉ်ပုံကြီးကျေးရွာမှ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၎င်း၏သားကို ဘော်ဒါကျောင်းအပ်နှံထားသော ဦးမင်းသန့်ကပြောသည်။
ပြည်သူ့လွှတ်တော်သည် အမျိုးသားပညာရေးဥပဒေကြမ်းကို အတည်ပြုထားပြီး ပညာရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများကလည်း ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်မှုလုပ်ငန်း (CESR)ဖြင့် မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲရန် အစီအစဉ်များ ရေးဆွဲနေသည်။
စစ်အစိုးရလက်ထက်တွင် ချမှတ်ခဲ့သော ပညာရေးစနစ်ဆိုးကြောင့် ဆယ်စုနှစ်ငါးခုကျော်အတွင်း အဘက်ဘက်မှ နိမ့်ကျခဲ့သော မြန်မာ့ပညာရေးကဏ္ဍကို လက်ကျန်သမ္မတသက်တမ်းတွင် ဦးသိန်းစိန်အစိုးရက ကောင်းမွန်သော ပညာရေးဥပဒေတစ်ရပ်ပြဋ္ဌာန်းကာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်စေမည်လားဆိုသည်က မိသားစုများ၏အနာဂတ်၊ နိုင်ငံ့အနာဂတ်အတွက် အရေးကြီးလှသည်။
နေလင်းထွန်း
7Day News Journal အတွဲ (၁၃)၊ အမှတ်(၁၀)

No comments:
Post a Comment