Tuesday, June 18, 2024

ဗယ်လီရိုက်တိုင်း_ဗယ်လီပေါ်မလား ❓

ဗယ်လီရိုက်တိုင်း_ဗယ်လီပေါ်မလား ❓

••••••••••••••••••••••••••••••••••••••••••••



Gym ကစားသူများကြားမှာ အများဆုံးမေးတတ်ကြတာ ဗယ်လီ ၆ လုံးတွေ ၈ လုံးတွေဆိုတာပင်။

တစ်ယောက်နှင့်တစ်ယောက် ကြုံဆုံတိုင်း ကြွားဝါတတ်သည်မှာလည်း ထို  6packs 8packs အကြောင်းပင်။

ဘယ်နှစ်လုံး ပေါ်ပြီ၊
အပေါ် ပေါ်ပြီ၊
အောက် ပျောက်နေပြီ ဆိုတာတွေပင်ဖြစ်သည်။
တစ်ယောက်နှင့်တစ်ယောက်လည်း အကြံဥာဏ်လေးတွေ ဝေမျှသံများ ကြားရသလို တစ်ချို့ကျတော့လည်း အဆင့်မြင့် ကစားနည်းတစ်ချို့ကို တက်လှမ်းပြီး လေ့ကျင့်ကြသည်။

ဗယ်လီဆိုသည်မှာလည်း
ဘဘဦးတင်မောင်ဆွေဆီ ကျွန်တော်ငယ်ငယ်တုန်းက သွားလည်ရင်း ပါးစပ်သရမ်းပြီး မေးတုန်းက ဗယ်လီကစားနည်း အမျိုး ၆၀ ကျော်ရှိကြောင်း ပြောတုန်းက မယုံချင်။ ပြီးတော့ တကယ်ထိထိရောက်ရောက် ကစားရင် ၈မျိုးလောက်နဲ့ ပြည့်စုံကြောင်းလည်း ပြောပြဖူးပါတယ်။ ကိုယ်ကလည်း ခပ်ငယ်ငယ် မေ့ပျောက်ပျောက်ဖြစ်ပြီး အင်တာနက်မှလေ့လာ၊ စာအုပ်စာပေတွေ လေ့လာမိတော့မှ ဗယ်လီကစားနည်းများ မြောက်များစွာရှိတာကို သတိထားမိလာသည်။ တကယ်တမ်းကျတော့ သေချာ စစ်ထုတ်လိုက်ရင် ဘဘပြောခဲ့တာ မှန်သည်ကို တွေ့ရသည်။

နောက်ထပ်မေ့နေသည်က ဗယ်လီတွေ ထောင့်စုံအောင် ထောင်သောင်းမက ရိုက်နေလည်း
Dietကို ပေါ့ပေါ့တွေး နေရင် ရွှေပြည်တော် မျှော်တိုင်းဝေးမှာ အသေအချာပါ။ ဒီကြားထဲ တစ်ချို့နည်းပြ ပေါက်စတွေက ဗယ်လီပေါ်အောင် ဗယ်လီမှ မရိုက်တာ ဆိုသည့်စကားပြောသေးသည်။ မှန်ပါသလား။ လီပရိစ် ဆိုသော ကာယဗလမောင်သည် နှစ်ပေါင်းများစွာ ဗယ်လီမရိုက်ခဲ့သည့် ကာယဗလမောင်ဖြစ်သည်။ ဟာ အဲဒီ့တော့ သူ့ဗယ်လီကောင်းနိုင်ပါ့မလား။ သူသည် ကြေးစားမောင်အိုလံပီယာ ပြိုင်ပွဲ၀င်ဖြစ်သည်အထိ တကိုယ်လုံး ကြွက်သားများ လှပနေသူဖြစ်၏။

(၁) အစားအသောက် ကောင်းကောင်းစားပါ။
--------------------------------------------------------

မှန်ပါသည်။ ဗယ်လီရိုက်ခြင်းသည် ဗယ်လီကြွက်သားကို ဖွံ့ဖြိုးတိုးတက်ကောင်းမွန်စေသည် ဆိုတာတော့ မငြင်းနိုင်ပါ။ သို့သော် ၄င်းသည် ဗယ်လီကိုသာ ရိုက်နေခြင်းဖြစ်၏။ ဗယ်လီဆိုသည့် ကြွက်သားကိုသာ။ အပေါ်ကဖုံးနေသည့် အဆီကိုတော့ မဟုတ်ပေ။

ထို့ကြောင့် ဆိုကြပါစို့။ ပုံးတစ်ပုံးထဲကို ရေထည့်သည်ကဲ့သို့ပင် ဥပမာပေးကြပါစို့။ ပုံးပြည့်နေသ၍တော့ ပုံးသည် ပြည့်ဖောင်းသပ်ရပ်နေမည်။ ပုံးမှ လျှံအောင်ထည့်လိုက်ပါက ဘေးမှာ အဖိတ်အစင်တွေဖြစ်ကာ ညစ်ညမ်းရှုပ်ပွသွားပေမည်။ ဤသည်မှာ ကျွန်တော်တို့ ခန္ဓာကိုယ်နှင့် အစားအသောက်တို့၏ အလွန်သင့်တော်သော သာဓကပင်။ ကျွန်တော်တို့ကိုယ်ထဲကို အစားအသောက်တွေပိုထည့်လိုက်လျှင် ကိုယ်ထဲမှာ ပိုလျှံပြီး ဘေးမှာ ဖိတ်စင်သွားသော အဆီတွေဖြစ်လာလိမ့်မည်။ ထို့ကြောင့် အစားကသာ သင်ရိုက်ထားသော ဗယ်လီကို ပေါ်စေပါလိမ့်မည်။

အစားအသောက်နှင့်ပတ်သက်လို့ သင့်အနေနဲ့ အောက်ပါအချက်တွေကိုသတိထားမိပြီလား။

(၂) တစ်ပန်းကန် စနစ်
-------------------------------

ကျွန်တော်တို့ အများစုသည် သင်္ချာပါရဂူများ မဟုတ်သည်မှာ သေချာပါသည်။ အလေးချိန်တွေချိန်၊ စားသောက်တိုင်းကို ကယ်လိုရီတွေ တွက်ပြီး စားသောက်နေဖို့ အချိန်မရ။ လွယ်လည်း မလွယ်ကူ။ သင်သည် လွယ်ကူချင်၍ ဤစာတွေကို အင်တာနက်မှ ဖတ်နေခြင်းဖြစ်သည်။ လွယ်လွယ်နှင့် အသုံးကျမည့် နည်းလမ်း ရလို့ ရငြား ၀င်ဖတ်ခြင်းဖြစ်နိုင်သည်။

တစ်ပန်းကန်စနစ်။
ကျွန်တော်တို့ မြန်မာလူမျိုးများသည် များသောအားဖြင့် ထမင်းကို အရင်ထည့်၊ ပြီးတော့ ဟင်းရည်စမ်း၊ ထို့နောက် လိုသလောက်တစ်ခါစား ဟင်းတုံးထည့်။ ပြီးလျှင် ဟင်းများ ကျန်သေးလျှင် ထမင်းပါရောထည့်ပြီး နောက်တစ်ပန်းကန်။
ကျွန်တော်တွေ့ရှိခဲ့သော အလွန်အသုံး၀င်သည့် နည်းလမ်းမှာ ထမင်းတစ်ပန်းကန် ပုံမှန် ဆိုဒ် တစ်ချပ်ယူ။ ၄င်းပန်းကန် တခြမ်းဖက်ကိုသာ ထမင်းထည့်။ လိုလျှင်လိုသလောက်၊ ဗိုက်ဆာသလောက် မောက်မောက်ထည့်။ သို့သော် တခြမ်းတည်းမှာသာ ဖြစ်ပါစေ။ ကျန်လွတ်နေတဲ့ တ၀က်မှာ ကိုယ့်အတွက်ဝေစု ဟင်းတုံး၊ ဟင်းရည်၊ အရွက်၊ အသီးအနှံ အကုန် ပြုံထည့်ပါ။ ပြီးတော့ ဟင်းဝိုင်းကို တတ်နိုင်သမျှ ထပ်မတို့တော့ဘဲ ထိုပန်းကန်နှင့် စားပါလေ။ ထိုပန်းကန်ထဲက ဟင်းနှင့် ထမင်းကို ကိုယ့်ဘာသာကိုယ် ညှိပြီးသာ စားပါလေ။

(၃) ၄ နာရီခြားလောက် စားပါ။
-----------------------------------------

အိပ်ချိန်ဖယ်လိုက်လျှင် ကျန်တဲ့ ၁၆နာရီကို ၄နာရီခြားပြီး ထမင်းတစ်ပန်းကန်စီစားပါ။ ၄ ကြိမ်ပေါ့။ ၄င်းကဲ့သို့ အချိန်နှင့် စနစ်တကျ စားခြင်းသည် ကြားထဲမှာ ဗိုက်ဆာပြီး မုန့်ပဲသွားရေစာတွေ လျှောက်စားခြင်းကို ကာကွယ်နိုင်၏။

(၄) ဖြည်းဖြည်း ဝါးစားပါ။
------------------------------------

ကျွန်တော်တို့ ဦးနှောက်သည် (Satiety Centreသည်) ကျွန်တော်တို့ ဗိုက်ထဲ အစာရှိနေသည်ကို စားပြီး မိနစ်နှစ်ဆယ်လောက်နေမှ သိ၏။ ထို့ကြောင့် ထိုမိနစ် ၂၀အတွင်း ကျွန်တော်တို့ စားချင်သလောက်စားနိုင်၏။ အများကြီးစားလည်း အဲဒီလောက်ကြာမှ ဗိုက်ပြည့်မည်ကို သိမည်။ နည်းနည်းစားလည်း ငှင်းကျမှ သိမည်။ ထို့ကြောင့် မြန်မြန်စားခြင်းသည် များများ၀င်ခြင်းဖြစ်ပြီး ဗိုက်ကိုလည်း ချက်ချင်း မပြည့်စေနိုင်သောကြောင့် ထပ်စားပြီး ထပ်၀င်သွားစေပါသည်။ လူကြီးများပြောခဲ့သလို တစ်လုပ်ကို ၃၂ ချက် ဝါးစားပါလေ။

(၅) ရေသောက်ပါ။
---------------------------

သုတေသနများဖော်ပြလာသည်မှာ ရေကို သူများထက်ပိုသောက်သူများသည် သူများထက်ပို၍ အဆီချနိုင်ကြ၏ ဟူ၍။ ရေကို ၁၅မိနစ် ၁ခွက်လောက်သောက်ပါ။ ဆီးကို ကြည်နေသည်အထိ သောက်ပါ။ အဲဒီံ ထမင်း တစ်ပန်းကန်တည်းနှင့် ဖြည်းဖြည်းစားပြီး ဗိုက်ဝအောင် ရေကို ခဏခဏနည်းနည်းချင်းသောက်ပြီး စားပါ။ မစားခင်လည်းသောက်၊ စားပြီးလည်းသောက်ပါ။ ရေသောက်ခြင်းကြောင့် အဆီမတက်နိုင်သည့်အပြင် ကျတောင်ကျနိုင်ပါသည်။

မှန်ပါသည်။
ဗယ်လီကြွက်သားများကောင်းအောင် ဗယ်လီရိုက်သင့်ပါသည်။ သို့သော် အဲဒီ့ကောင်းနေတဲ့ ကြွက်သားတွေကို မီးခဲပြာဖုံး မဖြစ်ရအောင် ဖော်ပြပေးမည်ကတော့ သင်၏ စားသောက်နည်းပင်ဖြစ်သည်။ အထက်ပါနည်းများကို နေ့စဉ် ကျင့်သုံးစားသောက်လျှင် ကောင်းမွန်သော စားသောက်နည်းတစ်ခုရရှိလာလိမ့်မည်ဟု ကျွန်တော် မျှော်လင့်မိပါသည်။


(Ko Aung Aung)


*** Muscle Professor စာမျက်နှာမှကူးယူဖော်ပြသည်။

Monday, June 17, 2024

မားကက်တင်း 4Ps Mix က အခုခေတ်ဈေးကွက်မှာ အသုံးဝင်သေးလား ?

မားကက်တင်း 4Ps Mix က အခုခေတ်ဈေးကွက်မှာ အသုံးဝင်သေးလား ?




ယခုခေတ်ကာလမှာ ဈေးကွက်အခြေအနေတွေက တစ်ခါတလေ နေ့နဲ့ညတောင် မတူနိုင်ဘဲ တရိပ်ရိပ် လှုပ်ရှားပြောင်းလဲနေတယ်။


နည်းပညာတွေကလည်း တိုးတက်လာတာနဲ့အမျှ စားသုံးသူ/သုံးစွဲသူတွေရဲ့ လိုအပ်ချက် လိုလား ချက်တွေကလည်း တဟုန်ထိုး ပြောင်းလဲနေပါတယ်။ဒီလို ဈေးကွက်အခြေအနေမှာ ၁၉၆၀ လောက်က လူကြိုက်များလာတဲ့ မားကက်တင်း ဈေးကွက်ထိုးဖောက်ရေး ဗျူဟာဖြစ်တဲ့ 4Ps Mix က အသုံးချလို့ ရသေးလား၊ ခေတ်မီသေးရဲ့လားလို့ မေးခွန်းထုတ်စရာတစ်ခု ဖြစ်လာပါတယ်။


4Ps Mix က အခုထိ အသုံးဝင်နေဆဲပါ။ခိုင်မာစနစ်ကျတဲ့ မားကက်တင်း အစီအစဉ် (Plan) တစ်ခု ရေးဆွဲတဲ့ နေရာမှာ 4Ps ကို ပစ်ပယ်လို့ မရသေးပါ။ 4Ps Mix နဲ့ အခြေခံပါမှ စနစ်ကျပြီး ရေရှည်တည်မြဲတဲ့ မားကက်တင်း Plan ဖြစ်အောင် လုပ်နိုင်ပါတယ်၊ မိမိရဲ့ လုပ်ဆောင်ချက်တွေရဲ့ အောင် မြင်မှု အတိုင်းအတာကို ဆန်းစစ်ရာမှာလည်း ဘယ် Mix က များနေလည်း၊ နည်းနေလည်း၊ လိုတိုးပိုလျှော့ ဘယ် Mix မှာ လုပ်ဆောင်သင့်လဲဆိုတဲ့ အမြင်နဲ့ ချိန်ထိုးလိုက်ရင် လွယ်ကူရှင်းလင်းပြီး၊ အလျင်အမြန် ပြောင်းလဲဆောင်ရွက်နိုင်တဲ့ ဗျူ ဟာဖြစ်လို့ ဈေးကွက်ထိုးဖောက်ရေးသမားတွေအတွက် သိပ်အသုံးဝင်ပါတယ်။ Service Marketing (ဝန်ဆောင်မှုဈေးကွက် ထိုးဖောက်ရေး) အတွက် 7Ps အထိ တိုးချဲ့ရင် ပိုကောင်းပေမယ့် 4Ps ကတော့ တကယ့် အခြေခံအုတ်မြစ်ပါပဲ။


4Ps Mix က ဘာတွေလည်းလို့ ပြန်နွေးပေးရရင် Product, Price, Place နဲ့ Promotion တို့ ဖြစ်ပါ တယ်။ P လေးလုံးပေါင်းရင် ၁၀၀% လို့ သဘောထားပြီး၊ ဘယ် P ကို ဘယ်နှစ်ရာခိုင်နှုန်း ထားမလဲဆိုတာကို ဈေးကွက်သုတေသနအချက်အလက်တွေပေါ် မူတည် ချိန်ဆလုပ်ဆောင်ရတာဖြစ်ပါတယ်။ဈေးကွက် အခြေအနေအလိုက် ကုန်ပစ္စည်း Product ကို ပိုကောင်းအောင်လုပ်ပြီး Promotion ကို လျှော့လုပ်တာမျိုး၊ ဈေးကွက်ဝေစု ပိုယူရမယ့်အချိန်မို့ Place ကို ပိုအားစိုက်လုပ်တာ၊ စသဖြင့် Mix တွေကို လိုအပ်သလို ချိန်ဆပြီး၊ မိမိရဲ့ ဖောက်သည်တွေ၊ စားသုံးသူ/သုံးစွဲသူတွေရဲ့ လိုအပ်ချက် လိုလားချက်ကို အစွမ်းနိုင်ဆုံး ဖြည့်ဆည်းပေးနိုင်တဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ် တစ်ခုဖြစ်လာအောင်၊ ရေရှည်တည်တံ့အောင်၊ စဉ်ဆက်မပြတ် တိုးတက်အောင်မြင်နေအောင် လုပ်ဆောင်ရတာဖြစ်ပါတယ်။


မိမိတို့ရဲ့ လုပ်ဆောင်မှုတွေ အစဉ်လတ်ဆတ် ခေတ်မီနေအောင် Marketing 4Ps Mix နဲ့ ဘယ်လိုလုပ်ယူရမှာလည်း ကြည့်ကြရအောင် -


Product - ကုန်ပစ္စည်းအရည်အသွေးကို စားသုံးသူ/သုံးစွဲသူတို့ရဲ့ လိုအပ်ချက်လိုလားချက်ကို ဖြည့်ဆည်းပေးနိုင်အောင် လုပ်ဆောင်ခြင်း၊


အခုကာလ စားသုံးသူ/သုံးစွဲသူတွေဟာ အရင်ကလူတွေထက် သူတို့ရွေးချယ်မယ့် ကုန်ပစ္စည်းအကြောင်းကို ပိုပြီးထဲထဲဝင်ဝင်သိလာပြီး သူတို့ လိုအင်တွေ ကလည်း ပိုများလာပါတယ်။အင်တာနက်ကျေးဇူးနဲ့ ဗဟုသုတပိုများလာတဲ့ အပြင် ကုန်ပစ္စည်းချင်းတူရင် အရည်အသွေးချင်း၊ ဈေးနှုန်းခြင်း ဘယ်လို ကွာခြားသလဲဆိုတာ ပိုပြီးနှံ့နှံ့စပ်စပ်သိလာနိုင်ကြတာမို့ ကုန်ပစ္စည်းထုတ်လုပ်၊ ဈေးကွက်ထိုးဖောက်သူတွေအနေနဲ့ စားသုံးသူ/သုံးစွဲသူတွေရဲ့ လိုအပ်ချက်လိုလားချက် ပြောင်းလဲမှုအရွေ့နဲ့အညီ ဖြည့်ဆည်းပေးနိုင်ဖို့ အစဉ်လေ့လာနေ ရမှာဖြစ်သလို မိမိရဲ့ကုန်ပစ္စည်းကိုလည်း အမြဲမွမ်းမံမြှင့်တင်နေရမှာဖြစ်ပါတယ်။မိမိကုန်ပစ္စည်းရဲ့ ဘယ်အပိုင်း (အသွေးအရောင်၊ အနံ့အရသာ၊ အရွယ်အစား စသည်) ကို ပြုပြင်မွမ်းမံရမယ်ဆိုတာကို မိမိရဲ့ အခိုင်အမာဖောက်သည် နှစ်မျိုးစလုံး (စားသုံးသူ/သုံးစွဲသူနဲ့ လက်လီလက်ကားဆိုင်များ) ဆီကနေ feedback (ဝေဖန်အကြံပေးချက်များ) ကို ရယူလိုက်နာ ဆောင်ရွက်ရမှာဖြစ်ပါတယ်။


ကုန်ပစ္စည်းအမှတ်တံဆိပ်တစ်ခုဟာ - တစ်မူထူးခြားတဲ့ တန်ဖိုး (Unique Value) နဲ့ အဆင့်မြင့်အရည်အသွေး (High Quality) တွေကို စားသုံးသူ/သုံးစွဲသူဆီ ပေးပို့နိုင်ရမှာဖြစ်သလို၊ စားသုံးသူ/သုံးစွဲသူရဲ့ တိုးတက်ပြောင်းလဲလာတဲ့၊ သူတို့နှစ်သက်တဲ့ အလေ့အကျင့်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် မွမ်းမံပြုပြင်ပေးဖို့ရာက ယနေ့ခေတ် စားသုံးသူ/သုံးစွဲသူတွေအတွက် ဈေးကွက်ထိုးဖောက်သူက ဖြည့်ဆည်းပေးရမယ့် အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။


စားသုံးသူအုပ်စုအလိုက်၊ စားသုံးသူတစ်ဦးခြင်းအလိုက် အကြိုက်ဆောင်ပေးနိုင်သော (Personalization & Customization) ကုန်ပစ္စည်းကို ဖန်တီးထုတ်လုပ်ပေးရမှာကလည်း တိုးတက်လာတဲ့ ယနေ့ခေတ် စားသုံးသူ/သုံးစွဲသူတွေ အတွက် ဈေးကွက်ထိုးဖောက်သူက ဖြည့်ဆည်းပေးရမယ့် နောက်ထပ်အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။


Price - ဈေးအတက်အကျကြမ်းသော ဈေးကွက်အခြေအနေအလိုက် ဈေးတက်ခြင်းကို စားသုံးသူ/သုံးစွဲသူတွေက လက်သင့်ခံနိုင်အောင် လုပ်ဆောင်ခြင်း။


ယနေ့ခေတ်ကာလမှာ အခြေအနေအမျိုးမျိုးပေါ် မူတည်ပြီး ဈေးအတက်အကျ ကြမ်းတတ်ပါတယ်။အကျထက် အတက်က ပိုများပါတယ်၊ တက်ပြီးရင်လည်း တော်ရုံနဲ့ ပြန်မကျတတ်ပါဘူး။အားလုံးသိပြီးတဲ့အတိုင်း ကုန်ကြမ်းပစ္စည်း ဈေးတက်တာ၊ ငွေဈေးတက်တာ၊ ကုန်ကြမ်းတင်သွင်းဖို့ ခက်ခဲတာ၊ ပေးပို့ရောင်းချစရိတ်ကြီးလာတာ၊ ဝယ်လိုအားကို လိုက်မဖြည့်ဆည်းပေးနိုင်တာ၊ စတဲ့ အခက် 

 အခဲတွေကြောင့် ကုန်ဈေးနှုန်းတွေက အဆက်မပြတ် တက်လာတတ်ပါတယ်။ထို့အတူ မိမိရဲ့ကုန်ပစ္စည်းကိုလည်း ဈေးတန်းတစ်ခုမှာ တောင့်ခံမထားနိုင်တော့လို့ မတတ်သာဘဲ ဈေးလိုက်တက်ရမှာဖြစ်ပါတယ်။စားသုံးသူ/သုံးစွဲသူတို့ရဲ့ အမြင်မှာ ကုမ္ပဏီက အမြတ်ကြီးစားတယ်၊ ပေးရတဲ့ဈေးနဲ့ ရတာနဲ့ မတန်တော့ဘူးလို့ ထင်လာတတ်ပါတယ်။ဒါ့အပြင် အထွေထွေကုန်ဈေးနှုန်း တက်တဲ့အခါ စားသုံးသူ/သုံးစွဲသူတို့ရဲ့ ငွေသုံးစွဲနိုင်မှု ကျဆင်းပြီး ကုမ္ပဏီမှာ အ ရောင်းကျဆင်းမှု ပြဿနာနဲ့ ကြုံတတ်တာ ထုံးစံပါပဲ။ဒီလိုဖြစ်လာရင် မိမိ ကုန်ပစ္စည်းအမှတ်တံဆိပ်ကနေ အခြားကုန်ပစ္စည်းအမှတ်တံဆိပ်ကို ပြောင်းလဲဝယ်ယူ (Brand Switch) သွားနိုင်ပါတယ်။ဒီလိုအခြေအနေမှာ ပြိုင်ဖက်တွေနဲ့ ရေရှည်ယှဉ်ပြိုင်နိုင်အောင် ဈေးနှုန်းသတ်မှတ်/ပြောင်းလဲတဲ့ ဗျူဟာကောင်းကောင်းတစ်ခုရှိနေဖို့ လိုလာပါတယ်။


ဒီလိုအခြေအနေမှာ မိမိရဲ့ပြိုင်ဖက်တွေရဲ့ ဈေးပေါ်မူတည်ပြီး မိမိကုန်ပစ္စည်းအမှတ်တံဆိပ်ရဲ့ ဈေးနှုန်းကို ပြောင်းလဲသတ်မှတ်တာ၊ မိမိအသုံးပြုတဲ့ ကုန်ကြမ်း၊ ထုတ်လုပ်မှု/လုပ်ငန်းလည်ပတ်မှု ကုန်ကျ စရိတ်တို့အပေါ် တွက်ချက်အမြတ်တင်ပြီး ဈေးသတ်မှတ်တာတွေမျိုးက ဈေးကွက် အရွှေ့အပြောင်းနဲ့ မလိုက်ဖက်တော့ပါဘူး။အကောင်းဆုံးကတော့ Value Based Pricing လို့ ခေါ်တဲ့ မိမိကုန်ပစ္စည်းအမှတ်တံဆိပ်ရဲ့ တန်ဖိုး (စားသုံးသူ/သုံးစွဲသူက ထားရှိတဲ့တန်ဖိုး - ဈေးနှုန်းကို ဆိုလိုခြင်းမဟုတ်) ကို မြှင့်တင်အောင် ဆောင်ရွက်ထားပြီး တစ်နည်း မိမိကုန်ပစ္စည်းက စားသုံးသူ/သုံးစွဲသူက အမြတ်တနိုး တန်ဖိုးထား ဂုဏ်ယူတဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်ဖြစ်လာအောင် တည်ဆောက် ထားပြီး အဲဒီအပေါ် အခြေခံကာ ဈေးသင့်/ဈေးနှုန်းသတ်မှတ်တဲ့နည်းက အသင့်လျော်ဆုံးဖြစ်ပါတယ်။


ဒီနည်းစနစ်အရ ကုမ္ပဏီက မိမိကုန်ပစ္စည်းအမှတ်တံဆိပ်ရဲ့ သာလွန်တဲ့ အရည်အသွေး၊ ကောင်းမွန်တဲ့ ဂုဏ်သတင်း၊ တစ်မူထူးခြားတဲ့ အသွင်အပြင်တို့အပေါ် အခြေခံပြီး ဈေးနှုန်းသတ်မှတ်နိုင်ပါတယ်။ဒီနည်းလမ်းမှာ အဓိကလုပ်ဆောင်ရမယ့် အချက်ကတော့ - မိမိရဲ့ အဓိကစားသုံးသူ/သုံးစွဲသူတွေရဲ့ လိုအပ်ချက်၊ လိုလားချက် (Needs & Wants) ကို ထဲထဲဝင်ဝင် သိနားလည်ထားပြီး၊ အဲဒီသူတို့ရဲ့ လိုအပ်ချက်၊ လိုလားချက်ကို ဖြည့်ဆည်းပေးနိုင်တဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်ဖြစ်ကြောင်း သူတို့သိအောင် ထိထိရောက်ရောက် ဆက်သွယ်၊ ပြန်ကြား၊ ကြော်ငြာပေး/သတင်းပေးပို့နိုင်ဖို့က အဓိကအရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။


Place - ဖြန့်ချိရောင်းချတဲ့ အသင့်လျော်ဆုံး နည်းလမ်း၊ လမ်းကြောင်း၊ အမျိုးအစား (Omnichannel Distribution Strategy) အားလုံးနဲ့ တတ်စွမ်းသမျှ ဖြန့်ချိရောင်းချခြင်း။


မိမိကုန်ပစ္စည်းရဲ့ အရည်အသွေး၊ ဈေးနှုန်းတို့ကို စားသုံးသူ/သုံးစွဲသူက ကောင်းစွာသိရှိနေစေပြီးနောက်မှာ နောက်ထပ် အရေးကြီးတာတစ်ခုက မိမိကုန်ပစ္စည်း အမှတ်တံဆိပ်ကို စားသုံးသူ/သုံးစွဲသူတို့ရဲ့ လက်တစ်ကမ်းမှာ လွယ်လင့်တကူ ဝယ်ယူရရှိနိုင်စေဖို့ပဲဖြစ်ပါတယ်။ဒီလိုဖြစ်ဖို့ဆိုတာက စားသုံးသူ/သုံးစွဲသူတွေ ဝယ်ယူလေ့ရှိတဲ့ လက်လီဆိုင် (Convenience Stores ၊ ကုန်စုံဆိုင်၊ စတိုးဆိုင်၊ Online Store က အစ စားသုံးကုန်ဆိုရင်လဲ စားသောက်ဆိုင်၊ ဘား၊ ကလပ် စသည်) မျိုးစုံမှာ မိမိကုန်ပစ္စည်းအမှတ်တံဆိပ်ကို ဖြန့်ချိထားရှိ ရောင်းချစေရမှာဖြစ်ပါတယ်။


အဲဒီဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ကြောင်းလည်း စားသုံးသူ/သုံးစွဲသူတွေ သိဖို့လိုပါတယ်။နောက်တစ်ချက်က အဲဒီဆိုင်တွေမှာ ဘယ်တော့မှ ပစ္စည်းမပြတ်အောင်နဲ့ ရှိတဲ့ ပစ္စည်းတွေက လတ်ဆတ်ကောင်းမွန်တဲ့ ပစ္စည်းတွေ ဖြစ်နေအောင် ပစ္စည်းမှာယူ၊ ထားသို၊ ပေးပို့ရေးစနစ် (Logistic system, inventory system, delivery system) ကောင်းကောင်းထားရှိ သုံးစွဲဖို့ဖြစ်ပါတယ်။ထို့အပြင် ပြောင်းလဲလာတဲ့ ခေတ်မီဈေးကွက်အနေအထားအရ မိမိရဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်ကို မြေပြင်ဆိုင် (Offline shops) တွေမှာ ဝယ်ယူရရှိနိုင်သလို အွန်လိုင်းစတိုး (Online shops) တွေမှာပါ ဝယ်ယူရရှိနိုင်အောင် (Various Utmost Distribution Channels) လုပ်ဆောင်ဖို့ လိုပါတယ်။


အခုလို ဖြန့်ချိရောင်းချရာမှာလည်း ကိုယ့်ဒေသ၊ ကိုယ့်နိုင်ငံ အဝန်းအဝိုင်းလေးထဲမှာပဲ တွင်ကျယ်နေရုံနဲ့ ကျေနပ်မနေဘဲ နိုင်ငံရပ်ခြားဈေးကွက်တွေမှာပါ ထိုးဖောက်ဖြန့်ချိ ရောင်းချနိုင်ရင် ပိုကောင်းပါတယ်။အနည်းဆုံး အွန်လိုင်းကနေ ဝယ်ယူနိုင်ပြီး၊ နိုင်ငံခြားအထိ delivery ပို့ပေးနိုင်တဲ့ အနေအထားလုပ်နိုင်ရင် ကောင်းပါတယ်။ဆိုလိုတာက Place ကို ချဲ့နိုင်သမျှ ချဲ့နိုင်လေ ကောင်းလေပါပဲ။


အလှမ်းကျယ် အလယ်အလတ် မဖြစ်ဖို့တော့ ဂရုစိုက်ရပါမယ်။ကိုယ့်ဈေးကွက်ထဲမှာ မြတ်သမျှ တခြားမှာသွားရှုံးနေလို့လည်း မဖြစ်ပြန်ဘူး။နိုင်ငံတကာမှာပါ ပေးပို့ရောင်းချနိုင်မယ်၊ အောင်မြင်မယ်ဆိုရင်ဖြင့် စားသုံးသူ/သုံးစွဲသူတွေရဲ့ မိမိ ကုန်ပစ္စည်းအမှတ်တံဆိပ်အပေါ်မှာ အထင်အမြင်ကောင်းမှုနဲ့ သစ္စာစောင့်သိမှု (Brand Loyalty) ကိုပါ အလိုလိုရလာမှာဖြစ်ပါတယ်။တစ်ခုသတိထားရမှာကတော့ ပြည်တွင်းက စားသုံးသူ/သုံးစွဲသူတွေရဲ့ လိုအပ်ချက် လိုလားချက်ကို ဖြည့်ဆည်းနိုင်ဖို့လိုသလို မိမိရောင်းချမယ့် နိုင်ငံရပ်ခြားက စားသုံးသူ/သုံးစွဲသူတွေရဲ့ လိုအပ်ချက် လိုလားချက်နဲ့ သူတို့အကြိုက်ကိုဆောင်တဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်ဖြစ်အောင် ပြုပြင်မွမ်းမံပေးဖို့ လိုတာကိုလည်း သတိလွတ်လို့ မဖြစ်ဘူး ဆိုတာပါ။


Promotion – စားသုံးသူ/ သုံးစွဲသူတွေနဲ့ အစဉ်မပြတ် ဆက်သွယ်ပါ။အခုခေတ် အနေအထားအရ Digital နည်းလမ်းဖြင့် ဝယ်ယူသူတွေကို အထူးသဖြင့် အမြဲထိတွေ့ ဆက်သွယ်ပါ။


ဒီမြှင့်တင်ရေး Promotion Mix ကို မှတ်မိဦးမယ်ထင်ပါတယ်။ကြော်ငြာခြင်း (Advertising)၊ အရောင်းမြှင့်တင်ခြင်း (Sales Promotion)၊ ကိုယ်တိုင်ကိုယ်ကျ ရောင်းချခြင်း (Personal Selling)၊ လူထုဆက်သွယ် ပြန်ကြားခြင်း (Public Relations) တို့ ဖြစ်ပါတယ်။တိုတိုပြောရရင် မြှင့်တင်ခြင်း Promotion ဆိုတာ Communication ထိတွေ့ဆက်သွယ်ခြင်းပါပဲ။


အခုခေတ်ကာလမှာ Digital Marketing လို့ ခေါ်တဲ့ ဒစ်ဂျစ်တယ်နည်းလမ်းနဲ့ ဈေးကွက်ထိုးဖောက်ခြင်းဟာ အထိရောက်ဆုံးနဲ့ အတွင်ကျယ်ဆုံး ဖြစ်လာပါတယ်။ဒီဈေးကွက်ထိုးဖောက်ရေး နည်းစနစ်အရ လူမှုကွန်ရက်တွေကနေတစ်ဆင့် စားသုံးသူ/သုံးစွဲသူတွေကို ထိတွေ့ဆက်သွယ်ရမှာ ဖြစ်ပါတယ်၊၊


ရှာဖွေရေးအင်ဂျင်တွေကို အစွမ်းကုန်အသုံးချခြင်း (Search Engine Optimization – SEO) နည်းလမ်း၊ Content Marketing လို့ခေါ်တဲ့ မိမိ ကုန်ပစ္စည်းအမှတ်တံဆိပ်ရဲ့ ကောင်းခြင်းတွေ၊ ကမ်းလှမ်းချက်တွေ၊ စားသုံးသူ/သုံးစွဲသူရဲ့ လိုအပ်ချက် လိုလားချက်ကို ဖြည့်ဆည်းပေးနိုင်တဲ့ အချက်တွေ၊ စတဲ့ ဆွဲဆောင်မှုကောင်းတဲ့ အချက်တွေကို ဆောင်းပါးသဖွယ်ရေးသားခြင်း၊ ဗွီဒီယိုနဲ့တင်ပြခြင်း၊ စသဖြင့် စားသုံးသူ/သုံးစွဲသူတွေကို မပြတ်ထိတွေ့ ဆွဲဆောင်စည်းရုံးရန် အွန်လိုင်းပလက်ဖောင်းတွေကနေ ဆက်သွယ်ဆက်ဆံပြန် ကြားခြင်းနည်းလမ်း၊ အီးမေးလ် မားကက်တင်းလို့ခေါ်တဲ့ စားသုံးသူ/သုံးစွဲသူရဲ့ အီးမေးလ်ထဲအရောက် အထက်ပါအချက်တွေ ပေးပို့ စည်းရုံးပြီး၊ မိမိရဲ့ကုန်ပစ္စည်းအမှတ်တံဆိပ်ကို သိရှိစေအောင် (Brand Awareness) ဝယ်ယူလာအောင် (Sales Driving) လုပ်ဆောင်ရမှာဖြစ်ပါတယ်။သြဇာကြီးမားပြီး လွှမ်းမိုးနိုင် စွမ်းရှိတဲ့ ပလက်ဖောင်းတွေနဲ့ ပူးပေါင်းပြီး (Influencer Partnership) စည်းရုံးတဲ့ နည်းကလည်း အလွန်ထိရောက်ပါတယ်။


ဒီနည်းရဲ့ အားသာချက်က တူညီတဲ့ စားသုံးသူ/သုံးစွဲသူ အုပ်စုအတွက်၊ သီးခြားပုဂ္ဂလိက တစ်ဦးချင်းအတွက်၊ သူတို့အကြိုက် ဖန်တီးထားတဲ့ ကြော်ငြာ၊ content ၊ အီးမေးလ်တွေနဲ့ တိုက်ရိုက်ဆက်သွယ်ထိတွေ့ စည်းရုံးနိုင်ခြင်းပဲဖြစ်ပါတယ်။


နောက်ထပ်ဆက်သွယ်နိုင်တဲ့ နည်းကတော့ လက်ရှိသုံးစွဲနေသူတွေ (အထူးသဖြင့် ဆယ်လီတွေ၊ လေးစားလောက်တဲ့ ပြည်သူ့မျက်နှာဖုံးတွေ) နဲ့ သူတို့ရဲ့ သုံးစွဲမှု အတွေ့အကြုံ၊ နှစ်သက်မှု စတာတွေကို ပြောပြစေပြီး စည်းရုံးတဲ့နည်းဖြစ်ပါတယ်။ဒီခေတ် စားသုံးသူ/သုံးစွဲသူတွေက အင်တာနက်ကနေတစ်ဆင့် အမြင်ကျယ်ကြပြီးဖြစ်တဲ့အတွက် ဖြောင့်မတ်မှန်ကန်မှုနဲ့ ပွင့်လင်းမြင်သာမှုတွေကို တန်ဖိုးထားလာကြပါတယ်။ဒီတော့ မိမိရဲ့ မှန်ကန်တဲ့ အရည်အသွေး၊ လုပ်ဆောင်မှုတွေကို များများဖော်ပြပြီး အစဉ်မပြတ် ထိတွေ့ဆက်ဆံ နိုင်ရင် စားသုံးသူ/သုံးစွဲသူတွေရဲ့ ရင်းနှီးမှု ယုံကြည်စိတ်ချမှုကို ပိုမိုခိုင်မာစွာရရှိလာနိုင်တဲ့အတွက် ရေရှည်လက်တွဲမယ့် တံဆိပ်အပေါ် သစ္စာစောင့်သိမှု (Brand Loyalty) ရရှိဖို့အတွက်ပါ စည်းရုံးဆွဲဆောင်ပြီးသားဖြစ်တဲ့ အကျိုးကျေးဇူးကို ရရှိမှာဖြစ်ပါတယ်။


Marketing 4Ps Mix ကို ယနေ့ခေတ်မှာ အသုံးချရာမှာ P တစ်လုံးချင်းကို သီးခြား အသုံးချရမှာ မဟုတ်ဘဲ P လေးလုံးစလုံး တစ်လုံးနဲ့ တစ်လုံး ထိရောက်အောင် ချိတ်ဆက် အသုံးချရမှာဖြစ်ပါတယ်။ဥပမာပြောပြရရင် ခေတ်အကြိုက် ပြုပြင်မွမ်းမံ ဖန်တီးလိုက်တဲ့ Product ကို သူ့ရဲ့တန်ဖိုးကို ထင်ဟပ်စေမယ့် Price ဈေးနှုန်းသင့်ပြီး သင့်တော်ကောင်းမွန်တဲ့ ဖြန့်ချိရေးလမ်းကြောင်းနဲ့ Place ကာ ထိရောက်တဲ့ ဒစ်ဂျစ်တယ် မားကက်တင်း လှုံ့ဆော်မှုနဲ့ ဆက်သွယ် ဆက်ဆံ ပြန်ကြားပြီး Promotion လုပ်ရမှာပေါ့။


4Ps မားကက်တင်းဗျူဟာက ဒီနေ့ခေတ် ရှုပ်ထွေးနက်နဲပြီး အပြောင်းအလဲကြီးမား မြန်ဆန်တဲ့ ဈေးကွက်သဘာဝကို သိမြင်နိုင်ဖို့နဲ့ ကိုက်ညီတဲ့ ဈေးကွက်ထိုးဖောက်ရေး ဗျူဟာကို ရေးဆွဲအ ကောင်အထည်ဖော်နိုင်ဖို့ အတွက် ထိရောက်တဲ့ လမ်းညွှန်ကိရိယာအဖြစ် ဒီနေ့အထိ ရပ်တည်နေဆဲပါ။ဆန်းသစ်တီထွင်မှု၊ ပြောင်းလွယ်ပြင်လွယ်ပြီး ဈေးကွက်အခြေအနေနဲ့ ကိုက်ညီတဲ့ ဈေးနှုန်းသတ်မှတ်မှု၊ ထိရောက်တဲ့ ဖြန့်ချိရေးလမ်းကြောင်း/နည်းစနစ်ကိုရွေးချယ်မှု၊ မှန်ကန်ပြီး ဆွဲဆောင်မှုရှိတဲ့ မြှင့်တင်ရေးနည်းလမ်းကို ရွေးချယ်မှု အကောင်အထည်ဖော်မှုတွေကို အာရုံစိုက်လုပ်ဆောင်ခြင်းဖြင့်၊ မိမိရဲ့ စီးပွားလုပ်ငန်းဟာ ဒီနေ့ခေတ် စားသုံးသူ/သုံးစွဲသူတို့ရဲ့ လိုအပ်ချက်၊ လိုလားချက်တွေကို ထိရောက်စွာ ဖြည့်ဆည်းပေးနိုင်တဲ့ ရေရှည်တိုးတက် အောင်မြင်တဲ့ အကျိုးကျေးဇူးကို ရရှိဆုပ်ကိုင်ထားနိုင်မှာဖြစ်ပါတယ်။


ဈေးကွက်ရဲ့ ကြီးမားတဲ့ ဆင့်ကဲပြောင်းလဲဖြစ်စဉ်နဲ့အညီ 4Ps ရဲ့ ပြောင်းလဲပြင်လွယ် ပရိယာယ်ကြွယ်ကြွယ် အသုံးချနိုင်မှုကို နက်နက်နဲနဲ သဘောပေါက်နားလည်ပြီး ပိုင်နိုင်စွာ အသုံးချတတ်ခြင်းဟာ ရေရှည်တိုးတက်အောင်မြင်မှုနဲ့ ပြိုင်ဖက်တွေကို ကောင်းစွာယှဉ်ပြိုင်နိုင်မှုကို ရရှိစေမယ့် အဓိကသော့ချက်ဖြစ်ပါတယ်။


ဒါ့အပြင် 4Ps Mix Marketing Strategy ဟာ FMCG လိုင်းတစ်ခုတည်းသာမက ဝန်ဆောင်မှုလုပ်ငန်း၊ နည်းပညာလုပ်ငန်း၊ စီးပွားလုပ်ငန်းအချင်းချင်းကြား ရောင်းဝယ်ဖောက်ကားမှုနဲ့ ကျန်းမာ ရေးစောင့်ရှောက်မှုကဏ္ဍတွေမှာပါ ကောင်းစွာအသုံးချနိုင်တာမို့ P တစ်လုံးခြင်းရဲ့ တန်ဖိုးနဲ့ အခန်းကဏ္ဍကို သေချာနားလည် သဘောပေါက်အောင် လေ့လာပြီး၊ ကောင်းမွန်ထိရောက် မှန်ကန်စွာ အသုံးချခြင်းဖြင့် အောင်မြင်တဲ့ ဗျူဟာတွေကို ချမှတ်ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။နောင်နှစ်ပေါင်းများစွာအထိ 4Ps Marketing Mix Strategy က ပျောက်ကွယ်ဦးမှာ မဟုတ်ဘဲ ဆက်လက်အသုံးဝင် တည်ရှိနေဦးမှာဖြစ်ပါတယ်။


အပြောင်းအလဲများတဲ့ ယနေ့ဈေးကွက်ထဲမှာ 4Ps ကို ကျင်လည်စွာ အသုံးချခြင်းဖြင့် ရေရှည်တည်တံ့ အောင်မြင်တဲ့ ဈေးကွက်ထိုးဖောက်ရေးသမားများ ဖြစ်ကြပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။


မေတ္တာဖြင့် .....


သက်ထွန်း (သျှမ်း)


#OpinionLeadersMedia


#Article

Friday, June 14, 2024

📚 မြန်မာကျောင်းသားများနဲ့ကလေးများ အတွက် အရေးပါတဲ့ IGCSE ခရီးလမ်း📚

 📚 မြန်မာကျောင်းသားများနဲ့ကလေးများ အတွက် အရေးပါတဲ့ IGCSE ခရီးလမ်း📚




မိဘတွေအနေနဲ့ ကိုယ့်ရဲ့သားသမီးတွေရဲ့ ပညာရေးအတွက် အကောင်းဆုံးကို အမြဲရှာဖွေနေကြပါတယ်။ IGCSE လိုမျိုး နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်တွေရဲ့ လူကြိုက်များလာမှုနဲ့အတူ IGCSE ဆိုတာဘာလဲ၊ ကိုယ့်ရဲ့ကလေးက ဘယ်လိုထူးချွန်အောင်မြင်နိုင်မလဲဆိုတာကို မိဘတွေစဉ်းစားနေကြမှာပါ။


IGCSE ဆိုတာဘာလဲ။


IGCSE (International General Certificate of Secondary Education) ဟာ အသက် ၁၄-၁၆ နှစ်အရွယ် ကျောင်းသားကျောင်းသူများအတွက် ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြုလက်မှတ်တစ်ခုဖြစ်ပါတယ်။ ကျောင်းသားများကို အဆင့်မြင့်ပညာရေးနှင့် အနာဂတ်အလုပ်အကိုင်တွေအတွက် ပြင်ဆင်ပေးနိုင်ရန် ကျယ်ပြန့်ပြီးမျှတသော သင်ရိုးညွှန်းတမ်းကို ပေးအပ်ရန် ပုံစံထုတ်ထားပါတယ်။


IGCSE ဟာ ကလေးအတွက် ဘာလို့ ကောင်းမွန်တဲ့ ရွေးချယ်စရာတစ်ခုဖြစ်သလဲ။


ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြုခြင်း - IGCSE ကို ကမ္ဘာတလွှားက တက္ကသိုလ်တွေနဲ့ ကောလိပ်တွေက လက်ခံထားပြီး အဆင့်မြင့် ပညာရေးအခွင့်အလမ်းတွေ ရရှိစေပါတယ်။


သင်ရိုးညွှန်းတမ်းက စဉ်းစားတွေးခြင်းစွမ်းရည်၊ ပြဿနာဖြေရှင်းခြင်းနှင့် သုတေသနကျွမ်းကျင်မှုတို့ကို မြှင့်တင်ပေးပြီး ကျောင်းသားများကို ကျောင်းပညာရေးလိုအပ်ချက်များ ပိုမိုမြင့်မားစေပါတယ်။


ကျယ်ပြန့်လှသော ဘာသာရပ်ရွေးချယ်မှု - ကျောင်းသားတွေဟာ ဘာသာရပ်ပေါင်းစုံကို ရွေးချယ်နိုင်ပြီး သူတို့ရဲ့စိတ်ဝင်စားမှုနဲ့ လုံ့လဝီရိယတွေကို လေ့လာနိုင်စေပါတယ်။


စုစည်းလုပ်ဆောင်မှုနှင့် အထောက်အကူပြုသော - IGCSE မူဘောင်က ရှင်းလင်းသော အကဲဖြတ်စံနှုန်းနှင့်အတူ စနစ်တကျ လေ့လာသင်ယူမှု ပတ်ဝန်းကျင်ကို ပံ့ပိုးပေးပါတယ်။


ဒီဂျစ်တယ် အရင်းအမြစ်များကို အသုံးပြုခြင်း -


IGCSE ခရီးစဉ်မှာ သင့်ကလေးအောင်မြင်ဖို့ ကူညီရန်အတွက် တန်ဖိုးရှိတဲ့ အွန်လိုင်းအရင်းအမြစ်တွေကို စုဆောင်းပေးထားပါတယ် -


ဝဘ်ဆိုက်များ -


Cambridge International - https://www.cambridgeinternational.org/ - သင်ရိုးအချက်အလက်၊ ယခင်စာမေးပွဲစာရွက်စာတမ်းများနှင့် ဆရာများအတွက် အရင်းအမြစ်များကို ပံ့ပိုးပေးသည့် Cambridge Assessment International Education ၏ တရားဝင်ဝဘ်ဆိုက်။ IGCSE တည်ဆောက်ပုံနှင့် သင်ရိုးအသေးစိတ်များကို နားလည်ရန် မရှိမဖြစ်လိုအပ်ပါwBf။


BBC Bitesize - https://www.bbc.com/bitesize - IGCSE ဘာသာရပ်အမျိုးမျိုးအတွက် ရှင်းလင်းသော ရှင်းလင်းချက်များ၊ အပြန်အလှန်လှုပ်ရှားမှုများနှင့် ဗီဒီယိုများပါဝင်သော အကျယ်ပြန့်ဆုံးသော အရင်းအမြစ်ဖြစ်ပြီး မိမိဘာသာ လေ့လာသင်ယူခြင်းနှင့် ရှုပ်ထွေးသော အယူအဆများကို နားလည်ရန် အထူးကောင်းမွန်ပါတယ်။


Khan Academy - https://www.khanacademy.org/ - အထူးသဖြင့် သင်္ချာနှင့်သိပ္ပံတွင် အားကောင်းသော အခမဲ့ပညာရေး ဗီဒီယိုများနှင့် လေ့ကျင့်ခန်းများ စာကြည့်တိုက်ကြီးတစ်ခုကို ကမ်းလှမ်းပြီး လေ့လာမှုကို ခိုင်မာအောင် ပြုလုပ်ရန်နှင့် လွတ်သွားသော အယူအဆများကို ပြန်လည်ဖမ်းယူရန် အကောင်းဆုံးဖြစ်ပါတယ်။


Study.com- https://study.com/ - IGCSE ဘာသာရပ်များအတွက် အွန်လိုင်းသင်တန်းများ၊ လေ့ကျင့်စာမေးပွဲများနှင့် တစ်ဦးချင်းစီ လေ့လာမှု အစီအစဉ်များကို ပံ့ပိုးပေးပြီး တစ်ဦးချင်းအထောက်အကူပြုမှုနှင့် လမ်းညွှန်မှုအတွက် အကူအညီရရှိရန် အသုံးဝင်ပါတယ်။


Oxford OpenLearn - https://www.openlearn.org/ - IGCSE အဆင့် သင်ရိုးများအပါအဝင် ဘာသာရပ်စုံလင်စွာအတွက် အခမဲ့သင်တန်းများနှင့် အရင်းအမြစ်များကို ကမ်းလှမ်းပြီး ကွဲပြားသောဘာသာရပ်များကို လေ့လာရန်နှင့် ကျယ်ပြန့်သော အမြင်ရရှိရန် အထူးကောင်းမွန်ပါတယ်။


IGCSE Tutoring - https://igcsetutoring.com/- IGCSE ကျောင်းသားများအတွက် တစ်ဦးချင်းအထောက်အပံ့နှင့် လမ်းညွှန်မှုများကို ပေးစွမ်းသော အွန်လိုင်းသင်ကြားပို့ချမှုနှင့် အရင်းအမြစ်များကို ပံ့ပိုးပေးပါတယ်။ ထပ်တိုးအကူအညီနှင့် တစ်ဦးချင်း သင်ယူမှု အစီအစဉ်များ လိုအပ်သော ကျောင်းသားများအတွက် အသုံးဝင်ပါတယ်။


Edx.org - https://www.edx.org/ - IGCSE ဘာသာရပ်များနှင့်သက်ဆိုင်သည့် အချို့သောဘာသာရပ်များအပါအဝင် ကမ္ဘာတစ်ဝှမ်းမှ ထိပ်တန်းတက္ကသိုလ်များမှ အွန်လိုင်းသင်တန်းများကို ပေးစွမ်းပါတယ်။ အဆင့်မြင့်အယူအဆများကို လေ့လာရန်နှင့် သီးခြားခေါင်းစဉ်များကို ပိုမိုနက်ရှိုင်းစွာ နားလည်သဘောပေါက်ရန် ကောင်းမွန်ပါတယ်။


Coursera - https://www.coursera.org/ - Edx နှင့်အလားတူ ကမ္ဘာကျော် တက္ကသိုလ်များနှင့် အဖွဲ့အစည်းများမှ အွန်လိုင်းသင်တန်းများ ကမ်းလှမ်းပြီး မတူညီသော နယ်ပယ်များမှ ကျွမ်းကျင်သူများထံမှ အရည်အသွေးမြင့် သင်ယူမှု အရင်းအမြစ်များကို ရရှိစေပါတယ်။


FutureLearn - https://www.futurelearn.com/ - ဦးဆောင်သော တက္ကသိုလ်များနှင့် ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းများမှ အွန်လိုင်းသင်တန်းများနှင့် တိုတောင်းသော အစီအစဉ်များကို ကမ်းလှမ်းပါတယ်။ ကွဲပြားခြားနားသော ဘာသာရပ်များကို စူးစမ်းလေ့လာရန်နှင့် လက်တွေ့ကျသော ကျွမ်းကျင်မှုများ ရရှိရန် ကောင်းမွန်သော platform ဖြစ်ပါတယ်။


Quizlet - https://quizlet.com/- အသုံးပြုသူများအား လေ့လာမှုပစ္စည်းများကို ဖန်တီးပြီး မျှဝေခွင့်ပြုသော ဖလက်ရှ်ကတ်နှင့် လေ့လာမှု platform လူကြိုက်များဖြစ်ပြီး။ အချက်အလက်များ၊ စကားလုံးများနှင့် အဓိကအယူအဆများကို မှတ်မိရန် ထိရောက်မှုရှိပါတယ်။


YouTube ချန်နယ်များ -


Khan Academy - https://www.youtube.com/user/khanacademy - အထူးသဖြင့် သင်္ချာနှင့် သိပ္ပံတွင် အားကောင်းသော အခမဲ့ပညာရေးဗီဒီယိုများ စုစည်းမှုကြီး တစ်ခုကို ဖြစ်ပါတယ်။


CrashCourse - https://www.youtube.com/user/crashcourse - သမိုင်း၊ ဇီHuman: ဝဘည်၊ စာပေနှင့်အတူ အမျိုးမျိုးသော ဘာသာရပ်များအပေါ် စိတ်ဝင်စားဖွယ်ကောင်းပြီး အသိပေးသော ဗီဒီယိုများကို ပံ့ပိုးပေးပါတယ်။


The Organic Chemistry Tutor - https://www.youtube.com/user/TheOrganicChemistryTutor - ဓာတုဗေဒ အယူအဆများကို အာရုံစိုက်ပြီး ရှင်းလင်းသော ရှင်းပြချက်များနှင့် လက်တွေ့ ဥပမာများ ပေးပါတယ်။


Physics with Mr. S - https://www.youtube.com/user/misterSizzle - IGCSE ကျောင်းသားများအတွက် အားကောင်းသော ရူပဗေဒ အယူအဆများနှင့် လက်တွေ့ ဥပမာများ အပြည့်အဝရှင်းလင်းသော ရှင်းပြချက်များကို ပေးပါတယ်။


The Science Asylum - https://www.youtube.com/user/theScienceAsylum - ပျော်စရာကောင်းသော သိပ္ပံ စမ်းသပ်မှုများနှင့် သရုပ်ပြမှုများဖြင့် အပျော်တမ်း၊ တက်ကြွစွာ လေ့လာမှုကို ပေးစွမ်းပါတယ်။


TED-Ed - https://www.youtube.com/user/TEDEducation - သိပ္ပံ၊ သမိုင်းနှင့် လူမှုရေးကိစ္စရပ်များအပါအဝင် အကျယ်ပြန့်ဆုံးသော အကြောင်းအရာများအပေါ် ရုပ်ရှင်ဖြင့် ပညာပေး ဗီဒီယိုများ ကမ်းလှမ်းပါတယ်။


Extra History - https://www.youtube.com/user/ExtraCreditz - အမျိုးမျိုးသော သမိုင်းကာလများနှင့် အဖြစ်အပျက်များကို လွှမ်းပြီးသော စိတ်ဝင်စားဖွယ် သမိုင်းမှတ်တမ်းရုပ်ရှင် မှတ်တမ်းတင်ဖော်ပြချက်များ ထုတ်လုပ်ပါတယ်။


The School of Life - https://www.youtube.com/user/TheSchoolofLife - အတွေးအခေါ်များ၊ စိတ်ပညာနှင့် ဘဝ၏ အဓိပ္ပာယ်အပေါ် အသိပေးသော ဗီဒီယိုများဖြင့် စဉ်းစားတွေးခြင်း စွမ်းရည်ကို မြှင့်တင်ပါတယ်။  


Kurzgesagt – In a Nutshell - https://www.youtube.com/user/Kurzgesagt - ရှုပ်ထွေးသော သိပ္ပံ အယူအဆများကို မျက်စိပန်းလည်ဖွယ် ရှင်းလင်းစွာ ရိုးရှင်းသော နည်းလမ်းဖြင့် တင်ပြပါတယ်။


Vsauce - https://www.youtube.com/user/Vsauce - စူးစမ်းလိုစိတ်ကြီးမားသော၊ စိတ်ဝင်စားဖွယ်သော ပုံစံဖြင့် သိပ္ပံနှင့် အတွေးအခေါ် ဆိုင်ရာ အကြောင်းအရာများကို လေ့လာပြီး လေ့လာနိုင်ပါတယ်။


သင့်ကလေးကို ထောက်ပံ့ကူညီနိုင်မည့် အကြံပေးချက်များ -


တက်ကြွစွာ လေ့လာမှုကို အားပေးပါ - ဒီ အရင်းအမြစ်များကို အသုံးပြု၍ စူးစမ်းလေ့လာမှု၊ စမ်းသပ်မှုနှင့် မေးခွန်းများမေးခြင်းဖြင့် လေ့လာသင်ယူမှုတွင် တက်တက်ကြွကြွ ပါဝင်စေရန် ကလေးကို အားပေးတိုက်တွန်းပါ။


အပြုသဘောဆောင်သော လေ့လာမှု ပတ်ဝန်းကျင်ကို ဖန်တီးပါ - လိုအပ်သော ကိရိယာများနှင့် အရင်းအမြစ်များကို ထောက်ပံ့ပေးပြီး ငြိမ်းချမ်းတိတ်ဆိတ်ပြီး သက်တောင့်သက်သာရှိသော လေ့လာမှု နေရာကို သေချာစေပါ။


ဆက်သွယ်မှုကို မြှင့်တင်ပါ - ကလေးနှင့်အတူ ၎င်း၏ IGCSE ခရီးစဉ်၊ စိန်ခေါ်မှုများနှင့် အောင်မြင်မှုများအကြောင်း ပွင့်လင်းစွာ ဆွေးနွေးပါ။


အတတ်ပညာရှင်များ၏ အကြံဉာဏ်ကို ရယူပါ - ကလေးအတွက် အပိုဆောင်း အကူအညီ သို့မဟုတ် နည်းပြသင်ကြားမှု လိုအပ်ပါက အရည်အချင်းပြည့်မီသော ပညာရှင်များ သို့မဟုတ် တစ်ဦးချင်း လမ်းညွှန်မှုပေးသော အွန်လိုင်း ပလက်ဖောင်းများနှင့် တိုင်ပင်ဆွေးနွေးပါ။


ဒီ အွန်လိုင်း အရင်းအမြစ်များကို အသုံးချပြီး အပြုသဘောဆောင်သော လေ့လာမှု ပတ်ဝန်းကျင်ကို အားပေးကူညီခြင်းအားဖြင့် IGCSE ခရီးစဉ်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ရန်နှင့် ပိုမို တောက်ပသော အနာဂတ်ကို စတင်ဖော်ဆောင်နိုင်ရန် ကိုယ့်ကလေးကို ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။

Tuesday, June 11, 2024

ရင့်ကျက်လာတဲ့အခါ...။

 ရင့်ကျက်လာတဲ့အခါ...။

________________________________________




9 June 2024(Sunday)


ပတ်ဝန်းကျင်ရဲ့

စကားနဲ့တိုက်ခိုက်ခြင်းတွေကို

အပြုံးလေးနဲ့ တုံ့ပြန်လာနိုင်တယ်။


အလုပ်တွေရဲ့ဖိအားကို

စိတ်ရှည် လက်ရှည်နဲ့ တွန်းလှန်နိုင်တယ်။


ကိုယ့်ကို မကောင်းမြင်တတ်တဲ့လူတွေကို

သည်းခံခြင်းနဲ့ အနိုင်ယူတတ်လာတယ်။


အချစ်နဲ့ ပတ်သက်လာရင်

အနားမနေချင်သူလည်း အရင်လို

အတင်းတွယ်ကပ်မနေဘဲ

စွန့်လွှတ်တတ်လာတယ်။


အလုပ်တွေကို အရင်ထက်ချစ်လာပြီး

မျှော်လင့်ချက်တွေ ပိုပီပြင်လာတယ်။


စာဖတ်ခြင်းဟာအကောင်းဆုံး

အားဆေးတစ်ခွက်ဖြစ်လာတယ်။


ဝမ်းနည်ရတဲ့နေ့တွေထက်

ပျော်စရာနေ့တွေ ပိုင်ဆိုင်လာပြီး

အေးချမ်းမှုတွေကို တွေ့ရှိလာတယ်။


"ဘဝ" ဆိုတဲ့ စကားလုံးနှစ်လုံးရဲ့

အဓိပ်ပါယျကို ပိုလေးနက်အောင်

ဖွင့်ဆိုနိုင်တယ်။


အခက်အခဲတွေ ကြုံလာတဲ့အခါ

ရုန်းကန် ကျော်ဖြတ်တတ်လာတယ်။


သိမ်ငယ်မှုတွေကြုံလာတဲ့အခါ

အားတင်းတတ်လာတယ်။


တိုက်ခိုက်မှုတွေ ကြုံလာတဲ့အခါ

ရင်ဆိုင်တတ်လာတယ်။


ပြိုလဲမှုတွေ ကြုံလာတဲ့အခါ

ပြန်ထနိုင်အောင် ကြိုးစားတတ်လာတယ်။


ဒုက္ခတွေကြုံလာတဲ့အခါ

အဆင်ပြေသွားမှာလို့ နှစ်သိမ့်ရင်း

ကိုယ့်ကိုယ်ကို အားကိုးတတ်လာတယ်


တစ်နေ့ပြီး တစ်နေ့ အကောင်းဆုံး

လျှောက်လှမ်းရင်းဘဝဟာ

ပြီးပြည့်စုံမှုမရှိပေမယ့်ဆန္ဒသာ

ရှိရင် ပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်

တယ်ဆိုတာ သိလာခဲ့ရတယ်။


ဒါကြောင့် ရင့်ကျက်မှုဟာ

လူတစ်ယောက်အတွက်

လိုအပ်ချက်တစ်ခုလို့ ခံစားသိလာတယ်။


ရင့်ကျက်ခြင်းရဲ့လက္ခဏာသင်္ကေတ(၁၀)ခု

***********************************


သင် ပိုပြီး ခွင့်လွတ်တတ်လာတယ် ။


မတူညီ ကွဲပြားတဲ့ အရာတွေအပေါ် သင် လေးစားတတ်လာတယ်။


အချစ်ကို တည်ဆောက်ဖို့ အချိန်ယူတတ်လာတယ်..။


ရင်နာဖွယ် ၀မ်းနည်းစရာဖြစ်ရပ်တွေကို သင် လက်ခံတတ်လာတယ်။


တစ်ပါးသူအပေါ် သင် ဝေဖန်တာ နည်းလာတယ် ။


အရေးမကြီးသော စကားဝိုင်းတွေအပေါ် သင် စိတ်လှုပ်ရှားမှု့နည်းပါးလာတယ်..။


ပိုပြီးလည်း အမြင်ကျယ်ပြီး သဘောထားကြီး တတ်လာတယ်..။


တစ်ခါတစ်လေ စကားများ ရန်ဖြစ်နေရတာထက်

ငြိမ်ငြိမ်လေး နုတ်ဆိတ်နေရတာ ပိုသဘောကျတယ် ။


ညနက် အပြင်သွားဖို့ထက် အိမ်မှာ အိပ်နေရတာ ပို သဘောကျလာတယ်..။


သင့် ပျော်ရွှင်မှုဟာ တစ်ပါးသူရဲ့သင့်အပေါ် အမြင်ထက်

သင့်အပေါ်မှာသာ မူတည်လာတယ်..။


( အသိတရားတွေ ရင့်ကျက်သွားရင်)

•••••••••••••••••••••••••••••••••


အရေးပါခြင်း မပါခြင်းတွေကို

နားလည်လာတဲ့အခါ

ဂရုစိုက်စရာတွေ နည်းလာတယ်။


ပြောသင့် မပြောသင့်ကို

ချင့်ချိန်တတ်လာတဲ့အခါ

စကားတွေ နည်းလာတယ်။


အမှန် အမှားကို

ခွဲခြားတတ်လာတဲ့အခါ

အပြစ်တွေ နည်းလာတယ်။


လိုအပ်တာနဲ့ မလိုအပ်တာ

ကွဲပြားသွားတဲ့အခါ

စွန့်လွှတ်ရဲတဲ့ စိတ်တွေရှိလာတယ်။


အကောင်းမြင်စိတ်တွေ

ရှိလာတဲ့အခါ

ဒေါသဖြစ်စရာတွေ နည်းလာပါတယ်။


အသိတရားတွေ

ရင့်ကျက်သွားသူတိုင်း


အရင်ကထက် ကိုယ့်စိတ်ကို

ဆင်ခြင်ထိန်းချုပ်ပြီး အေးချမ်းဖို့ကို

အလေးထားတတ်လာတယ်။


(ရင့်ကျက်မှုဆိုတာ)

============


ရင့်ကျက်နေတဲ့ သူတွေမှာ တွေ့ရတဲ့ အချက်တွေကတော့....


၁-တစ်ခြားလူတွေကို ပြောင်းလဲဖို့ မကြိုးစားတော့ပဲ

ကိုယ့်ကိုယ်ကို ပြောင်းလဲဖို့ပဲ အာရုံစိုက်လာတဲ့အခါ

သင်ဟာ ရင့်ကျက်တဲ့သူတစ်ယောက် ဖြစ်လာပါတယ်။


၂-ရင့်ကျက်တဲ့သူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို

တစ်ခြားသူတွေနဲ့ နှိုင်းယှဉ်ပြီး စိတ်ဆင်းရဲတာမျိုးတွေ

မရှိတော့ဘူး။


၃-ရင့်ကျက်တဲ့သူတစ်ယောက်ဟာ လိုချင်တာတွေကို

ဦးစားမပေးတော့ဘဲ တကယ်လိုအပ်တာတွေကိုပဲ

လုပ်တတ်လာကြပါတယ်။


၄-မျှော်လင့်ချက်တွေ အရမ်းကြီးမထားတော့ဘဲ

ရယူပိုင်ဆိုင်လိုစိတ်တွေ လျှော့ချလာနိုင်တဲ့အခါ

ရင့်ကျက်လာပါတယ်။


၅-လူတိုင်းမှာ သူ့အယူအဆနဲ့သူ၊ သူ့အမြင်နဲ့သူ ရှိပြီး

သူတို့ကိုယ်သူတို့ မှန်တယ်လို့ ထင်နေကြပါလား

ဆိုတာကို နားလည်လာတဲ့အခါ သင်ဟာ ရင့်ကျက်

လာပါပြီ။


၆-တစ်ယောက်တည်း ငြိမ်းချမ်းစွာ နေတတ်လာတဲ့အခါ

ရင့်ကျက်လာတာပါပဲ။


၇-တစ်ခြားလူတွေရဲ့ ခွင့်လွှတ်မှုတွေကို မရှာဖွေတော့ပဲ

ကိုယ့်သဘောကျ နေတတ်လာတဲ့အခါ ရင့်ကျက်လာပြီလို့

ပြောလို့ရပါပြီ။


၈-သင့်ကိုယ်သင် နားလည်လာတဲ့အခါ သင်ဟာ

ရင့်ကျက်လာပါပြီ။


၉-စွန့်လွှတ်မှုတွေကို နားလည်လာတဲ့အခါ သင်ဟာ

ရင့်ကျက်နေပါပြီ။


၁၀-ကိုယ့်ကိုယ်ကို ဘယ်လောက်တော်ကြောင်း

လူတွေသိအောင် မကြိုးစားတော့တဲ့အခါ သင်ဟာ

ရင့်ကျက်နေပါပြီ။


၁၁-ကိုယ့်ရဲ့ပျော်ရွှင်မှုဟာ ရုပ်ဝတ္ထုပိုင်ဆိုင်မှုတွေအပေါ်

မမှီခိုတော့ဘူးဆိုရင် သင်ဟာ ရင့်ကျက်လာပါပြီ။


၁၂-လူတွေအပေါ် နားလည်လာတဲ့အခါ

ရင့်ကျက်မှုဟာ ဖြစ်ပေါ်လာပါပြီ။


(ရင့်ကျက် တည်ငြိမ်သူ)

================


✍️ဘဝမှာ ကိုယ်လုပ်ချင်တာထက်

ကိုယ်လုပ်သင့်တာတွေကို ရွေးချယ်လုပ်ကိုင်ပါ။


✍️အမှားတစ်ခုခု ကျူးလွန်မိတဲ့အခါ ဝန်ခံတတ်ပါ။

အမှားတွေကနေ သင်းခန်းစာ ယူတတ်ခြင်းက ကိုယ့်ကို ပိုပြီး ရင့်ကျက်သော လူသားတစ်ဦးအသွင် ပုံဖော်ပေးသွားမယ်ဆိုတာကို ယုံကြည်ပါ။


✍️ဘာမှမလုပ်ဘဲ လေးလံထိုင်းမှိုင်းနေတာနဲ့ အလုပ်တွေ အရမ်းလုပ်ပြီး မောပန်းနေတာဟာ ပင်ပန်းတာချင်း တူပေမဲ့ အဓိပ္ပာယ် ကွာခြားလွန်းလှပါတယ်။ ဒါကြောင့် ကိုယ်စိတ်ဝင်စားတဲ့ အလုပ်တစ်ခုမှာ စိတ်ရောကိုယ်ပါ ရင်းပြီး တစိုက်မတ်မတ် ကြိုးစားလိုက်ပါ။


✍️တစ်ခါတစ်လေ ကိုယ်မလုပ်နိုင်တဲ့ အရာတွေအတွက် ငြင်းဆိုတတ်ပါ။ ဒါမှသာ ကိုယ်တကယ်လုပ်နိုင်တဲ့ အရာတွေအတွက် ပိုအားစိုက်နိုင်မှာပါ။


✍️ကိုယ့်ကို အမှန်တကယ် ချစ်မြတ်နိုးသူတွေကို ပိုမိုမေတ္တာထား အချိန်ပေး ဆက်ဆံပါ။ ဘဝဟာ တိုတောင်းလှပါတယ်။ ကိုယ့်ကို အကြောင်းအရင်းမရှိဘဲ မုန်းတီးနေသူတွေအကြောင်း စဉ်းစားဖို့ အချိန်မရှိပါဘူး။


✍️သူများတွေ ကိုယ့်ကို စိတ်ဝင်စားအောင် ကြိုးစားဖို့ထက် ကိုယ် စိတ်ဝင်စားတဲ့ အရာတွေကို ပိုမိုအာရုံစိုက် လုပ်ဆောင်ပါ။


✍️ကိုယ့်မှာရှိတဲ့ အရာတွေအတွက် အမြဲအသိအမှတ်ပြု ကျေနပ်တတ်ပါ။ ဆုံးရှုံးမှုတွေ ဘယ်လောက်ပဲ ကြုံတွေ့နေရပါစေ နောက်ထပ်ကြိုးစားဖို့ လက်ထဲမှာ အချိန်ရှိနေသေးတယ်။ ကျန်းမာသန်စွမ်းတဲ့ ကိုယ်ခန္ဓာ ရှိနေသေးတယ် ဆိုတာတွေကို အသိအမှတ်ပြုတတ်ပါ။


✍️အခြားသူတွေရဲ့ဘဝ အောင်မြင်ပျော်ရွှင်နေတာမြင်ပြီး ကိုယ့်ကိုယ်ကို အလိုမကျ ဖြစ်နေတာတွေ ရပ်လိုက်ပါ။ ကိုယ်လုပ်နိုင်တာတွေကို အကောင်းဆုံး လုပ်ဆောင်ပြီး ဘဝကို မြင့်မားလာအောင် စတင်ကြိုးစားလိုက်ပါ။


✍️ကိုယ့်လွတ်လပ်ခွင့်ကို အကောင်းဆုံး

အသိအမှတ်ပြုပြီး အပြည့်အဝ ခံစားပျော်ရွှင်ပါ။


✍️အခြေအနေ တစ်ခုကနေ တစ်ခုကို ပြောင်းလဲတဲ့အခါ ကိုယ်ပေးဆပ်လိုက်ရတဲ့ အရာတွေအတွက် ပိုကောင်းတာတွေ ရလာနိုင်တယ်ဆိုတာကို နားလည်ထားပါ။


✍️ဒီအချက်တွေအတိုင်း လိုက်နာနေထိုင်နိုင်မယ်ဆိုရင်တော့ စိတ်ရဲ့ ရင့်ကျက်တည်ငြိမ်မှုတွေကို အတိုင်းအတာ တစ်ခုထိ ခံစားနိုင်မှာဖြစ်တယ်။


✍️ကိုယ့်စိတ်ထဲမှာ ဖြစ်ချင် လုပ်ချင်နေတာလေးတွေကိုလည်း ပိုမိုခံစားနားလည်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဆိုရင်တော့ ကျွန်တော်တို့ဟာ ဘဝမှာပိုပြီး အကျိုးရှိရှိ ရပ်တည်လာနိုင်ပါမယ်။ ဆုံးဖြတ်ချက်တွေ ပိုမို ပြတ်သားခိုင်မာပါလိမ့်မယ်။


(ရင့်ကျက်လာသူတွေရဲ့ သဘာဝ)

🌿🌿🌿🌿🌿🌿🌿🌿


🌺 စိတ်ကောက်တယ်ဆိုတာ ……

🌺 ဆယ့်ခြောက်နှစ်အရွယ် အလုပ်ပါ။


🌺 စိတ်ဆိုးတယ်ဆိုတာ ……

🌺 မရင့်ကျက်သေးတဲ့အရွယ် သဘာဝပါ။


🌺 စိတ်နာပေမယ့်လည်းပဲ ခွင့်လွှတ်နိူင်တယ်ဆိုတာက ……

🌺 ရင့်ကျက်သူတွေရဲ့ သဘာဝပါ။


🌺 မပြောချင်ပေမယ့်လည်းပဲ ပြုံးပြနိူင်တာ ……

🌺 ရင့်ကျက်သူတွေရဲ့ သဘာဝပါ။


🌺 နာကျင်နေနေပေမယ့် ဘာမှမဖြစ်သလို နေနိူင်တာကလည်း

🌺 ရင့်ကျက်နေသူတွေရဲ့ ထိမ်းချုပ်နိူင်စွမ်းပါပဲ။


🌺 ဒေါသဖြစ်နေပေမယ့် အပြင်ကိုထုတ်မပြတတ်တာ ……

🌺 ရင့်ကျက်သူတွေရဲ့ ဂုဏ်သတ္တိပါပဲ။


🌺 ရင့်ကျက်လာခြင်းဆိုတာက ဟန်ဆောင်လာခြင်းမဟုတ်ဘဲ

🌺သဘာဝကိုသိနားလည် လက်ခံလာနိူင်ပြီး မကောင်းတဲ့ စိတ်ကို

🌺 ဥပက္ခာပြု ထိမ်းချုပ်လာနိူင်ခြင်း ဖြစ်ပါတယ်။


"မငယ်တော့တဲ့အခါ"

🍎🍎🍎🍎🍎🍎


🍏 လူစည်စည် အသံဆူဆူ ပျော်ပွဲရွှင်ပွဲတွေသွားဖို့ထက် ……

🍏 လူရှင်းရှင်း နားအေးအေးနေရာမှာ ……

🍏 သက်တောင့်သက်သာလေး ပိုနေချင်လာတယ်။


🍏 အပေါ်ယံမိတ်ဆွေ များများစားစားရှိဖို့ထက် ……

🍏ရင်ဖွင့်ဖော်သူငယ်ချင်း တစ်ယောက်တစ်လေလောက်ရှိနေရင်ပဲ

🍏 လုံလောက်လာတယ်။


🍏 ဘာမဖြစ်လို့ သေလောက်အောင်စိတ်ညစ်တယ်……

🍏 ဆိုတာတွေလည်း နည်းလာပြီး .……

🍏 ဖြစ်လာသမျှကို အရင်ကထက် ပိုလက်ခံနိုင်လာတယ်။


🍏 ဘာရလို့ ပိုပျော်တယ် ဆိုတာလည်း……

🍏 မရှိသလောက် ရှားသွားပြီး………

🍏 ရှိလာတဲ့အပျော်တွေ ပြန်ပျောက်သွားရင်လည်း ……

🍏 အလိုက်သင့်လေး နေတတ်လာတယ်။


🍏 ငွေတန်ဖိုးကို ပိုသိလာတယ်……

🍏 မိဘဆွေမျိုးအသိုင်းအဝိုင်းရဲ့တန်ဖိုးကို ပိုမြင်တတ်လာတယ်။


🍏 ကိုယ့်အပေါ် မကောင်းတဲ့သူတွေကို သည်းခံနိုင်လာပြီး……

🍏 ကိုယ့်အပေါ်ကောင်းတဲ့သူတွေကို ပိုချစ်တတ်လာတယ်။


🍏 အလှအပထက် ကျန်းမာရေးကို ဂရုစိုက်တတ်လာပြီး……

🍏ဖြစ်ချင်တာထက်ဖြစ်သင့်တာကိုလည်းဦးစားပေးတတ်လာတယ်


🍏ကြီးရင့်ခြင်းဆိုတာနုပျိုလန်းဆန်းခြင်းရဲ့ အဆုံးသတ်ဖြစ်ပေမယ့်

🍏 တည်ငြိမ်ရင့်ကျက်ခြင်းရဲ့အစဖြစ်ကြောင်းကိုလည်း

🍏 ပြောင်းလဲစပြုလာတဲ့


🍏 ကိုယ့်စိတ်နေသဘောထားတွေဆီကနေ တစ်ဆင့်

🍏 သတိထား လက်ခံတတ်လာတယ်။

<><><><><><><><><><><><><><><><><><>><><>

Monday, June 10, 2024

ဗိုင်ကင်း ( Vikings ) တို့ရဲ့ ရာဇ၀င်

 ဗိုင်ကင်း ( Vikings ) တို့ရဲ့ ရာဇ၀င်




       ဗိုင်ကင်း ရာဇ၀င်ကို လေ့လာကြည့်တဲ့အခါ သူတို့ဟာ စကင်ဒီနေးဗီးယန်း နိုင်ငံများ ( ဒိန်းမတ်၊နော်ဝေ၊ ဆွီဒင် ) ကနေ လာခဲ့ကြတဲ့ လူတစ်စု ဖြစ်ပါတယ်။ ဗိုင်ကင်း ( Viking ) ဆိုတာ ဒိန်းမတ်ဘာသာစကား ဗိုင်ကင်းဂျာ (Vikinger) ကနေဆင်းသက်လာတာဖြစ်ပြီး ပင်လယ်ပျော်များ ဆိုတဲ့ အဓိပ္ပာယ်ပါ။ ဗိုင်ကင်းခေတ် အေဒီ 793 မှ 1066 အတွင်း၊ ယခု ကနေဒါ ကနေ အရှေ့အလယ်ပိုင်းထိ ၀င်ရောက်စီးနင်းကာ ရောင်း၀ယ်ဖောက်ကားခဲ့သူများ ဖြစ်ကြပါတယ်။ ဗိုင်ကင်း များဟာ 8 ရာစုကနေ11 ရာစုအတွင်း ထက်မြက်သော စစ်သည်များ၊ ပါးနပ်သော ကုန်သည်များ၊ စွန့်စားရဲသော စူးစမ်းရှာဖွေသူတွေအဖြစ် နာမည်တစ်ခု ထူထောင်ရပ်တည်နိုင်ခဲ့ကြသူတွေပါ။ တကယ်တော့ ကိုလံဘတ်စ် မရောက်ခင် နှစ်ပေါင်း 1000 လောက်ကတည်းက အမေရိကကို ဗိုင်ကင်း တွေရောက်ခဲ့ကြပြီးပါပြီ။ သူတို့ရဲ့ အသုံးအဆောင်ပစ္စည်းတွေကို ရုရှားနိုင်ငံ အရှေ့ဘက်ထိ သုတေသနပညာရှင်တွေက ရှာတွေ့ခဲ့ကြပြီး ဒါဟာ ဗိုင်ကင်း သမိုင်းရဲ့ ဖြစ်ရပ်မှန်တစ်ခု ဖြစ်ပါတယ်။


       793 မှာ ဗိုင်ကင်း တွေဟာ ဗြိတိန် အရှေ့ဘက်ကမ်းရိုးတန်းရှိ Lindisfarne မှာ ဘုန်းကြီးကျောင်းတစ်ကျောင်းကို ၀င်စီးခဲ့ကြပါတယ်။ လူတွေကို သတ်ဖြတ်၊ ပစ္စည်းတွေကို လုယူပြီး ဗိုင်ကင်း တွေရဲ့ အဆိုးခေတ်မျက်နှာစာကို ဆွဲဖွင့်ခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။ ချမ်းသာပြီး အကာအကွယ်မဲ့တဲ့ ဘုန်းကြီးကျောင်းကို လုယူစီးနင်းမှုဟာနောက်နှစ်ပေါင်း 300အထိ ဥရောပမှာ ပဲ့တင်ထပ်ခဲ့ပါတော့တယ်။


       ဗိုင်ကင်း ခေတ် ဆိုတာ တကယ်တော့ သမိုင်းသုတေသီတွေအနေနဲ့ စကင်ဒီနေးဗီးယန်း လူမျိုးတွေ ဥရောပနဲ့ ရုရှားကို ပြန့်နှံ့ ခဲ့တဲ့ ကာလကို တင်စားပြောရုံသက်သက်ဖြစ်ပါတယ်။ ဗိုင်ကင်း တွေဟာ အကာအကွယ်ကင်းမဲ့တဲ့ အသိုက်အ၀န်းတွေကို ပစ်မှတ်ထားပြီးတိုက်ခိုက်ကြသူများ ဖြစ်ပါတယ်။ သူတို့ဟာ စကော့တလန်၊ အိုင်ယာလန်၊ အင်္ဂလန်၊ ပြင်သစ်၊ အီတလီ နဲ့ ရုရှားနိုင်ငံ ကမ်းရိုးတန်းက အားနည်းတဲ့ နေရာတွေကို လုယက်တိုက်ခိုက်ကြပါတယ်။ ဗိုင်ကင်း တို့ဟာ အကြမ်းဖက်လုယက်ခြင်း၊ ရောင်း၀ယ်ဖောက်ကားခြင်း၊ စူးစမ်းရှာဖွေခြင်း တို့အပြင် ရောက်တဲ့နေရာမှာ အခြေချပြီး ရောင်း၀ယ်စိုက်ပျိုးကြပါတယ်။ 1066 ခုမှာ ဝီလျံဟာ ဗိုင်ကင်း တွေ ပါ၀င်တဲ့တပ်ကို ဦးဆောင်ပြီး အင်္ဂ လန်ကို ကျူးကျော်သိမ်းပိုက်နိုင်ခဲ့ပါတယ်။


       ဗိုင်ကင်း သမိုင်းက သိပ်နှစ်သက်စရာကောင်းတာတော့မဟုတ်ပါဘူး။ ဗိုင်ကင်း လူမျိုးတွေဆိုတာ နော်ဝေ၊ ဆွီဒင်နဲ့ ဒိန်းမတ်လူမျိုးတွေသာ ဖြစ်ပါတယ်။ များသောအားဖြင့် သူတို့ဟာ လယ်သမား၊ ကုန်သည်၊ ပန်းပဲဆရာ နဲ့လက်သမားတွေသာ ဖြစ်ကြပါတယ်။ သူတို့ဟာ လျင်မြန်တဲ့ လှေတွေကိုသုံးပြီး အရောက်မြန်တဲ့ ကမ်းခြေတွေကို ဦးတည်တိုက်ခိုက်ကြပါတယ်။သတ်ဖြတ်လုယက်ပြီးပြီဆိုရင် သူတို့လှေတွေဆီကို အမြန်ပြေးပြီး ဆုတ်ခွာကြတော့တာပါပဲ။ အလစ်အငိုက် တိုက်ခိုက်ခြင်းကိုသာ အများဆုံး ရွေးချယ်ကြသူတွေ ဖြစ်တဲ့အပြင် ခံစစ် ဒါမှမဟုတ် တန်ပြန်အသေအကျေ တိုက်မယ့်သူတွေဆို ရှောင်ကြတာ များပါတယ်။ ဗိုင်ကင်း ဖြစ်သွားသူတွေဟာ အစပိုင်းမှာ အချိန်ပိုင်း အနေနဲ့ပဲ လုပ်ကြတာပါ။ လယ်သမားတစ်ဦး ဟာ စိုက်ပျိုးရေးနဲ့ ပက်သက်ပြီး အလုပ်ပါးလာချိန်မှာ လယ်ယာကို ထားခဲ့ပြီး လုယက်သတ်ဖြတ် တိုက်ခိုက်တာကိုလုပ်ကြပါတယ်။ ဒါပေမယ့် ရိတ်သိမ်းချိန်အမှီ ပြန်လာကြပြီး စိုက်ပျိုးရေးကို ပြန်လုပ်ကြပါတယ်။ လုယက်စီးနင်းခြင်းဟာ အကျိုးအမြတ် အရမ်းများတဲ့အတွက် လယ်သမားပေါင်းများစွာ ဟာ ပင်လယ်ဓါးပြများ၊ လုယက်သူများအဖြစ် ဘ၀ကိုပြောင်းလဲပစ်လိုက်ကြပါတော့တယ်။ သူတို့ဟာ လုယက်ရင်း စူးစမ်းရင်းနဲ့ အနောက်ဘက် ဆို အဝေးဆုံး နယူးဖောင်လန်ထိ၊ အရှေ့အလယ်ပိုင်းဆိုရင်တော့ ကွန်စတန်တီနုပယ်၊ ဘက်ဂ္ဂဒက် ထိရောက်ခဲ့သလို အရှေ့ဥရောပ ကိုတိုက်ခိုက်ရင်း 9 ရာစုမှာ ရပ်စ် ( Rus ) ဆိုတဲ့ပြည်နယ်ကို ထူထောင်ခဲ့ကြသေးတယ်လို့ ဆိုပါတယ်။


       ဗိုင်ကင်း တွေဟာ မြောက်ပိုင်းမှာ သားမွေး၊ ပယင်း၊ သံ နဲ့ သစ်တို့ကို ရောင်း၀ယ်သလို တောင်ပိုင်းမှာလည်း ငွေ၊ ရွှေ၊. ပိုးထည်၊ အမွှေးနံ့သာ နဲ့ အခြားကုန်ပစ္စည်းတွေကိုလည်း ရောင်း၀ယ်ကြပါတယ်။ကုန်သွယ်လမ်းကြောင်း တစ်လျှောက်လုံးမှာ သူတို့ ဟာ ကျွန် အရောင်းအ၀ယ်လည်း လုပ်ကြပါတယ်။


       ဗိုင်ကင်း တွေဟာ သူတို့မွေးရပ်တွေကို စွန့်ခွာပြီး ဘာကြောင့် လုယူစီးနင်းသူတွေ ဖြစ်လာကြတာလဲဆိုတာကို ကျွမ်းကျင်ပညာရှင်များက ဆွေးနွေးခဲ့ကြပါတယ်။ သူတို့ဘာကြောင့် လယ်တွေ၊ ပန်းပဲဖိုတွေနဲ့ သူတို့ရဲ့ လုပ်ငန်းခွင်တွေကိုထားခဲ့ကြတာလဲဆိုတာရယ် ဘာအတွက်ကြောင့် ဥရောပနဲ့ ရုရှားမှာအခြေချခဲ့ကြတာလဲ ဆိုတာရယ်ကို ကြည့်ကြရအောင်ပါ။


       ဗိုင်ကင်းတွေဟာ သင်္ဘော တည်ဆောက်မှုအပိုင်းမှာတော့ တော်တော်လေးကို တော်ကြပါတယ်။သူတို့ဟာ ကြီးမားရှည်လျားပြီး ပေါ့ပါးခိုင်ခံ့တဲ့ သင်္ဘော များကို တည်ဆောက်နိုင်ကြပါတယ်။ ဒါကြောင့် သူတို့ဟာ သင်္ဘောတစ်စီးကို လူ 200 လောက်ထိတင်ပြီး ခရီးအဝေးကြီးကိုသွားနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ရေကြောင်းပြနည်းပညာပိုင်း ကျွမ်းကျင်သလို ရွက်လွှင့်တဲ့ နေရာမှာလည်း အဲဒီခေတ်တုန်းက လူတွေထဲမှာ သူတို့ အတော်ဆုံးဖြစ်ပါတယ်။ ဗိုင်ကင်းများဟာ ကမ္ဘာ့သမိုင်းကို အထိုက်အလျောက်ပြောင်းလဲခဲ့သူတွေပါ။ သူတို့ဟာ အိုက်စလန်၊ ဂရင်းလန်း နဲ့ မြောက်အမေရိကတို့မှာ နယ်မြေသစ်တွေ ထူထောင်ခဲ့ကြပါတယ်။ သူတို့ဟာ သူတို့ကျွမ်းကျင်တဲ့ အရာနဲ့ လုပ်စားခဲ့ကြပုံပါပဲ။ သူတို့ လုယက်တိုက်ခိုက်ရခြင်းရဲ့ အကြောင်းရင်း ဖြစ်နိုင်ချေ နောက်တစ်ချက်ကတော့ ဗိုင်ကင်းတွေရဲ့ ထုံးတမ်းစဥ်လာတွေပါ။ သူတို့ဟာ သားအကြီးဆုံးကသာ အမွေအားလုံးကို ဆက်ခံခွင့်ရှိပြီး အငယ်တွေအတွက် ဘာခံစားခွင့်မှမရှိပါဘူး။ အကြီးဆုံးမဟုတ်တဲ့သားများဟာ နေထိုင်မှုဘ၀အတွက် ဥရောပသို့ ချဲ့ထွင်မှုကို အစပျိုးဖို့အတွက် တွန်းအားတစ်ခု ဖြစ်စေခဲ့တာတော့ အမှန်ဖြစ်ပါတယ်။ ဗိုင်ကင်းတွေဟာ ခရစ်ယာန်ဘာသာ၀င်တွေမဟုတ်ကြပါဘူး။ ဒါကြောင့်လည်း ခရစ်ယာန်ဘုရားကျောင်းတွေကို စီးနင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ ခရစ်ယာန်ဘာသာ၀င်တွေက စစ်ပွဲမှာ ခရစ်ယာန်ဘုရားကျောင်းနဲ့ ပိုင်ဆိုင်မှုတွေကို ဘယ်တော့မှ မတိုက်ခိုက်ပါဘူး။ ဒါကြောင့်လည်း ဥရောပက ခရစ်ယာန်ဘုရားကျောင်းတွေဟာ အကာအကွယ်မရှိဘဲ ဖြစ်နေခဲ့ခြင်းဖြစ်ပါတယ်။ ဒါကို ဗိုင်ကင်းတွေက ကောင်းကောင်းအသုံးချခဲ့ပုံပါပဲ။ ခရစ်ယာန်ဘုရားကျောင်းတွေဟာ အလွန်ချမ်းသာပြီး ဘုရင်တွေနဲ့ ကုန်သည်တွေရဲ့ စည်းစိမ်ထက်တောင်များပါသေးတယ်။ ဒါ့အပြင် ဘုရင်တွေနဲ့ ကုန်သည်တွေရဲ့ ပိုင်ဆိုင်မှုတွေထက် ပိုပြီး လုံခြုံရေးအားနည်းတဲ့အတွက် ဗိုင်ကင်းတွေမျက်စိကျခဲ့ပုံရပါတယ်။ ဗိုင်ကင်းများလုယက်ရခြင်းရဲ့ ဖြစ်နိုင်ချေနောက်တစ်ခုကတော့ စကင်ဒီနေးဗီးယန်း နိုင်ငံတွေဟာ အရင်အချိန်များတုန်းက လွယ်ကူချောမွေ့စွာ ရောင်း၀ယ်ခဲ့ကြပေမယ့်လည်း ဥရောပမှာ ခရစ်ယာန်ဘာသာ သက်၀င်သူပိုမိုများပြားလာတဲ့နောက် ခရစ်ယာန်ကုန်သည်တွေက မူဆလင်ဘာသာ၀င်နဲ့ ခရစ်ယာန်မဟုတ်သူတွေနဲ့ ကုန်သွယ်မှုကို ငြင်းဆန်လာခဲ့တာလဲ ပါပါတယ်။ ဒီအချက်ဟာ ကုန်သွယ်ရေးမှာ ပြဿနာများ ဖြစ်စေခဲ့တဲ့အပြင် မညီမျှခြင်းတွေကို ဖြေရှင်းဖို့ လုယက်စီးနင်းမှုကို ရွေးချယ်ခဲ့ရတယ်လို့လဲ မြင်နိုင်ပါတယ်။ နောက်ပြီး နော်ဝေဘုရင်ရဲ့ အာဏာထိန်းချုပ်မှုနဲ့ နေထိုင်မှုကန့်သတ်ချက်တွေကလည်း လူငယ်တွေကို ဘုရင်လက်အောက်မှာ နေထိုင်မယ့်အစား ထွက်ခွာဖို့ ဖြစ်လာခဲ့ပုံရပါတယ်။ ဗိုင်ကင်းတွေရဲ့ ပြင်းထန်တဲ့ ယုံကြည်ချက်တစ်ခုကတော့ လူတစ်ဦးချင်းစီရဲ့ကံကြမ္မာကို နတ်ဘုရားဖခင် အိုဒင် (Odin)ကသတ်မှတ်ပေးထားတာဖြစ်ပြီး စစ်ပွဲမှာကျဆုံးခဲ့တဲ့သူဟာ ဂုဏ်ယူစရာ မဟုတ်ပေမယ့် အိုဒင်ရဲ့ ခေါ်ဆောင် ချီးမြှောက်ခြင်းကိုခံရတယ် ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ဒီယုံကြည်ချက်က ဗိုင်ကင်းတွေကို အခွင့်အရေးတစ်ခုအနေနဲ့ မြင်စေခဲ့တယ်ထင်ပါတယ်။ တစ်ကြိမ်လုယက်ပြီးတဲ့နောက် ရလာတဲ့ အကျိုးအမြတ်ဟာ နောက်တစ်ခါဆိုတာကို ငြင်းဖို့ခက်ပါတယ်။


       ဗိုင်ကင်းတွေဟာ နောက်ပိုင်းမှာ ခရစ်ယာန်ဘာသာ၀င်တွေ ဖြစ်လာကြပုံကတော့ အကြမ်းဖက်မှု အင်မတန်နည်းပါတယ်။ ဗိုင်ကင်းခေတ် အစောပိုင်းမှာ ဗိုင်ကင်းကုန်သည်တွေဟာ ခရစ်ယာန်ကုန်သည်တွေနဲ့ တန်းတူ အခွင့်အရေးမရခဲ့ပါဘူး။ ဒါကြောင့် ကုန်သွယ်ရေးမှာ အရှုံးနဲ့ မကြာခဏ ရင်ဆိုင်ကြရပါတယ်။ ဒါကြောင့် သူတို့ ၀တ်ဆင်နေကျ သောရ် (Thor) နတ်ဘုရားရဲ့ တူ အစား ခရစ်ယာန်လက်ဝါးကပ်တိုင်ကို ခရစ်ယာန်တွေကြား ရှိတဲ့အချိန်မှာ ၀တ်ဆင်ကြရပါတယ်။ ဒီအလေ့အကျင့်ကို နှစ်ချင်းမခံရသေးမီ ကာလတစ်လျှောက်လုံး ဗိုင်ကင်းကုန်သည်တွေဟာ ကျင့်သုံးခဲ့ကြရပါတယ်။ သူတို့တွေက ဘာသာရေးမှာ သူတို့ရဲ့ နတ်ဘုရားတွေကို စွဲစွဲမြဲမြဲ ယုံကြည်ခဲ့ကြပေမယ့် ခရစ်ယာန်သာသနာပြုတွေ ဗိုင်ကင်းမြေပေါ် ရောက်လာပြီးနောက်ပိုင်းမှာ တစ်စတစ်စ ပြောင်းလဲလာခဲ့ပါတယ်။ ဒိန်းမတ်နဲ့ ဆွီဒင်ဘုရင်တွေဟာ ခရစ်ယာန်ဘာသာခံယူပြီးနောက်မှာ ဗိုင်ကင်းများဟာ ခရစ်ယာန်ဘာသာကို အပြည့်အ၀ယုံကြည်သက်၀င်လာခဲ့ကြပါတယ်။


       အမျိုးသားတွေ ကြီးစိုးကြတဲ့ ဗိုင်ကင်းလူ့အဖွဲ့အစည်းမှာ အမျိုးသမီးတွေဟာ ကိုယ်ပိုင် အခွင့်အရေးတွေရှိကြပါတယ်။ အမျိုးသားတွေက လုယက်ခြင်း၊ ငါးဖမ်းခြင်း၊ ကူးသန်းရောင်း၀ယ်ရေး များနဲ့ အိမ်ရဲ့ အဝေးကိုရောက်နေစဥ်မှာ အမျိုးသမီးတွေက တာ၀န်အားလုံးကို စီမံလုပ်ကိုင်ကြရပါတယ်။ အမျိုးသမီးတွေဟာ ဗိုင်ကင်း လူ့အဖွဲ့အစည်းအတွက် အရေးပါတဲ့နေရာမှာရှိပြီး အမျိုးသားတစ်ဦးကအမျိုးသမီး တစ်ဦးကို နာကျင်ထိခိုက်စေတာက ရှက်စရာလုပ်ရပ်အဖြစ်သတ်မှတ်ထားပါတယ်။ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍတွေဟာ မိသားစုကို ထိန်းကျောင်းခြင်း၊ အစားအသောက်၊ အ၀တ်လျှော်၊နွားနို့ ညှစ်ခြင်း၊ ထောပတ်နဲ့ ဒိန်ခဲများ ပြုလုပ်ခြင်း၊ ဆောင်းရာသီအတွက် အစားအစာ စုဆောင်းခြင်း၊ အပြင် အချုပ်အလုပ်နဲ့ သန့်ရှင်းရေးတွေထိကိုပါပါတယ်။ ချည်ငင်ခြင်း၊ အင်္ကျီချုပ်ခြင်းတို့ဟာ အချိန်များစွာကုန်သော အလုပ်များဖြစ်ပြီး ဗိုင်ကင်း အမျိုးသမီးတွေဟာ နာရီပေါင်းများစွာကြာအောင် လုပ်ကြရပါတယ်။ ဗိုင်ကင်း အမျိုးသမီးတွေဟာ အသက် 12 အရွယ်ကတည်းက လက်ထပ်ကြပြီး အသက် 20 မှာ ယောကျာ်း၊ မိန်းမအားလုံး အိမ်ထောင်ကျပြီးသား ဖြစ်နေကြပါပြီ။ ဗိုင်ကင်းတွေဟာ အသက်မရှည်ကြပါဘူး။ အသက် 50 ပြည့်အောင်နေနိုင်သူ အရမ်းကိုရှားပါးပြီး ငယ်ငယ်ရွယ်ရွယ်မှာပဲ သေဆုံးကြတာများပါတယ်။ အသက် 12 ကနေ 15 အတွင်းမှာ ယောကျာ်းမိန်းမ တတ်အပ်တဲ့ ပညာတွေကို ကျွမ်းကျင်အောင် တတ်မြောက်သည်အထိ မိဘမောင်ဘွားတွေက သင်ပေးထားပြီးဖြစ်ပါတယ်။ ဗိုင်ကင်းအမျိုးသမီးတွေဟာ အိမ်ထောင်ကို ကွာရှင်းခွင့်ရှိသလို စီးပွားရေးလဲ လုပ်နိုင်ပါတယ်။ အချို့သော ဗိုင်ကင်းအမျိုးသမီးတွေဟာ မြေရှင် သူဌေး၊ ငွေထည် ကုန်သည်၊ တိုက်ခိုက်ရေးသမားတွေအနေနဲ့တောင် ရပ်တည်ခဲ့ကြပါသေးတယ်။


       ဗိုင်ကင်းတွေဟာ လက်နက်ကို ကိုယ်နဲ့မကွာ ဆောင်ထားကြသူတွေပါ။ သူတို့ဟာ အိပ်ရင်တောင်မှ အိပ်ယာဘေးမှာ လက်နက်ကိုချိတ်ပြီးမှအိပ်သူတွေ ဖြစ်ပါတယ်။ သူတို့ဟာ ကာကွယ်ဖို့နဲ့ တိုက်ခိုက်ဖို့ အမြဲအသင့်ဖြစ်နေသူတွေဖြစ်ပြီး ဓါး၊ပုဆိန်၊ လှံ၊ ဒိုင်း၊ လေးနဲ့ မြား၊ ခေါင်းဆောင်း စတဲ့လက်နက် အပြည့်အစုံကို ချမ်းသာသူတွေသာ ကိုင်နိုင်သုံးနိုင်ကြတာပါ။ လူလတ်တန်းစားတွေက ပုဆိန် သို့မဟုတ် လှံနဲ့ ဒိုင်းကို ကိုင်ဆောင်ကြပြီး ဆင်းရဲသားတွေကတော့ ဓါးတို လေးတွေပဲ ကိုင်နိုင်ကြပါတယ်။ ဗိုင်ကင်းတွေရဲ့ စျေးအကြီးဆုံး လက်နက်ဟာ နှစ်ဘက်သွား ဓါးဖြစ်ပြီး အရှည် 35 လက်မထိ ရှည်ပါတယ်။ ချမ်းသာတဲ့ သူတွေသာ ကိုင်နိုင်ကြတာပါ။ ဓါးတွေကို နာမည်တွေပါပေးထားတတ်တဲ့အပြင် အလှဆင်တာ ကိုလဲ လုပ်ကြပါတယ်။ သူတို့ စစ်ပွဲမှာ သုံးတဲ့ ပုဆိန်တွေက အရိုးရှည်တဲ့အပြင် ပေါ့ပါးကြပါတယ်။ အသွား 3 လက်မကနေ 6 လက်မထိရှိပြီး နောက်ပိုင်းမှာ 9 လက်မကနေ 12 လက်မထိသုံးကြပါတယ်။ ကာကွယ်ရေးအနေနဲ့ တော့ သံခေါင်းစွပ်များ၊ ဒိုင်းများကို ကိုင်ဆောင်ကြပြီး ဗိုင်ကင်းတစ်ယောက်ရဲ့ကာကွယ်ရေးအသုံးအဆောင်ကိုကြည့်လိုက်တာနဲ့ သူ့ရဲ့ချမ်းသာမှုကို သိနိုင်ပါတယ်။ ခေါင်းစွပ်တွေမှာ မျက်နှာကိုကာကွယ်နိုင်ဖို့အတွက်ပါ ထည့်သွင်းပေးထားပြီး သံနဲ့ပြုလုပ်တာဖြစ်တဲ့အတွက် တန်ဖိုးကြီးမြင့်ပါတယ်။ မတတ်နိုင်တဲ့ ဗိုင်ကင်းတွေကတော့ သားရေချပ်၀တ်နဲ့ပဲ ကျေနပ်ကြရတာပါ။ဒိုင်းတွေကို အကျယ် 1 မီတာအထိ လုပ်ကြပြီး သစ်သားပြားကို အသုံးပြုတာများပါတယ်။ ဒိုင်းကိုဆေးခြယ်တာနဲ့ အရုပ်ဆွဲတာတွေကို ဝါသနာပါကြပါတယ်။


       ဗိုင်ကင်းတွေဟာ သပ်သပ်ရပ်ရပ် နေတတ်သူတွေဖြစ်ပါတယ်။ တူးဖော်တွေ့ရှိမှုတွေမှာ ဘီး၊ သင်တုန်းဓါး၊ ညှပ်၊ နဲ့ နားသန့်ဆေးများကိုပင် တွေ့ရှိခဲ့ကြပါတယ်။ သူတို့ဟာ သန့်ရှင်းရေးကိုလည်း အလွန်ဂရုစိုက်ကြသူတွေပါ။ သူတို့ဟာ တစ်ပတ်ကို အနည်းဆုံး ရေတစ်ကြိမ်ချိုးလေ့ရှိပြီး အခြားဥရောပသားတွေကတော့ ရေချိုးလေ့ချိုးထ မရှိတတ်ကြသေးပါဘူး။


       ဗိုင်ကင်းတွေဟာ သမိုင်းအတွက် ကောင်းမွန်တဲ့ ပုံရိပ်တစ်ခုမရှိခဲ့ပေမယ့်လည်း သူတို့ဟာလည်းသမိုင်းတစ်စိတ်တစ်ဒေသပဲ ဖြစ်ပါတယ်။ ဗိုင်ကင်းတွေဆီက ရလိုက်တဲ့ ကောင်းမွန်တာတွေ အများအပြားရှိတယ်ဆိုတာကိုလည်း ကျနော်တို့ လက်ခံရမှာပါပဲ။ ဗိုင်ကင်းတွေနဲ့ပက်သက်တဲ့ သမိုင်းကတော့ ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ပါတယ်။


သူတို့ရဲ့ ထူးခြားတဲ့ အချက်အလက်တွေကို လည်း ဖော်ပြပေးလိုက်ပါတယ်။


၁။ သီတင်းပတ်ထဲကရက်များဟာ ဗိုင်ကင်းနတ်ဘုရားတွေဆီက ရခဲ့တာပါ။ အဖနတ်ဘုရား အိုဒင် ကို နောက်တမျိုး ဝိုဒန် ( Woden ) လို့ အသိများကြပါတယ်။ အဲဒီကနေမှ Wodensday ( Wednesday) ဗုဒ္ဓဟူးနေ့ဖြစ်လာခဲ့တာပါပဲ။ အင်္ဂါနေ့ ၊ သောကြာနေ့ နဲ့ ကြာသာပတေးနေ့များဟာလဲ ဗိုင်ကင်းနတ်ဘု

ရားနာမည်တွေပါပဲ။


၂။ ဗိုင်ကင်းတွေဟာ ရုပ်ရှင်တွေထဲကလို ဦးချိုပါတဲ့ ခေါင်းဆောင်းတွေကို လုံး၀ မဆောင်းကြပါဘူး။


၃။ သူတို့ရဲ့ ရှေးဟောင်းဘာသာစကားတွေကနေ ခုခေတ်မှာတွင်ကျယ်နေတဲ့ စကားလုံးတွေ ရှိပါ

တယ်။ ဥပမာ- anger, lump, snort


၄။ ဗိုင်ကင်းတွေဟာ တစ်ကိုယ်ရေ သန့်ရှင်းရေးကို အလွန်ဂရုစိုက်သူတွေ ဖြစ်ကြပါတယ်။


၅။ သူတို့ကိုယ်သူတို့ ဗိုင်ကင်းလို့ မခေါ်ကြပါဘူး၊ 19 ရာစုစာပေတွေထဲမှာမှ ခေါ်ခဲ့ကြခြင်းဖြစ်ပါတယ်။ အခြားသူတွေက သူတို့ကို နော့စ် (Norse) ဒါမှမဟုတ်ရင် ဒါနပ်စ် (Danes) လို့ ခေါ်ခဲ့ကြတာပါ။


၆။ သူတို့ ဟာ သူတို့ခေတ်အခါမှာ အကောင်းဆုံးသော သင်္ဘောတည်ဆောက်သူတွေဖြစ်ကြပါ

တယ်။


၇။ ဗိုင်ကင်းတွေဟာ အသုဘအခမ်းအနားကို လှေနဲ့ ပြုလုပ်ကြသူတွေပါ။ အလောင်းနဲ့အတူ ပိုင်ဆိုင်မှုပစ္စည်းတွေကိုပါ လှေထဲမှာ တစ်ခါတည်းထည့်ထားပြီး လှေကိုမီးရှို့ ၊ ပင်လယ်အောက်ကိုတစ်ခါတည်း မြှုပ်ပစ်လိုက်တာပါ။


၈။ ဗိုင်ကင်းတွေက ကာယခွန်အားကို အလေးပေးသူတွေဖြစ်တဲ့အတွက် မကျန်းမာတဲ့ ကလေးများကို တောထဲမှာ စွန့်ပစ်ခြင်း၊ ပင်လယ်ထဲ ပစ်ချခြင်းတို့ကို ပြုလုပ်ကြပါတယ်။


၉။ ဗိုင်ကင်းအမျိုးအမီးတွေက အမျိုးသားတွေနဲ့ တန်းတူ အခွင့်အရေးရကြပါတယ်။ သူတို့က ထွန်ယက်စိုက်ပျိုးခွင့် ၊မြေပိုင်ဆိုင်ခွင့်၊ ကွာရှင်းခွင့်တောင်းတာတို့ ၊ အမွေဆက်ခံတာတို့ လုပ်ခွင့်ရှိပါတယ်။


၁၀။ သူတို့ဟာ ရွှေရောင်ဆံပင်ကို ကြိုက်နှစ်သက်ကြပြီး ဆံပင်အနက်ရောင်ရှိသူတွေဟာ ချွတ်ဆေးနဲ့ ဆံပင်ကို အရောင်ချွတ်ပြီးရွှေရောင် ဖြစ်ဖို့ ကြိုးစားကြပါတယ်။


စာဖတ်သူအားလုံး အသိပညာတိုးတက်ကြပါစေ....

ကိုသန့် (21.7.23)