Sunday, August 18, 2019

"ကြွေသက်မျက်ရည်တို့၏မြစ်ဖျားခံရာ"


---------------------------------
[ နတ်​ရဲ-ရူပ​ဗေဒ ]

 (၁)

ဟိုးအဝေးကမှိုင်းညှို့ညှို့တောင်များကို အားဘူ ကြည့်နေမိသည်။ ဆောင်းရာသီရောက်လျှင် တဖျောက် ဖျောက်ကျတတ်သည့်နှင်းကျသံများနှင့်အတူ မြူခိုးတို့ဝေ့၀ဲလွှမ်းခြုံနေတတ်သည့်တောကြီးက နီးသလိုနှင့် ဝေးလွန်းနေ၏။ထိုတောကြီး အနားတွင် အားဘူတို့၏ရွာကလေးရှိလိမ့်မည်ထင်သည်။ နေရာအတိအကျ မှန်းဆ၍မတတ်သော်လည်း အားဘူတို့ ရွာလေး က တောတောင်တို့ဝန်းရံလျှက် အလွန်သာယာလေသည်။

 “ ဟဲ့ အားဘူ .. အဲဒီမှာဘာလုပ်နေလဲ၊ ဒီမှာ ထမင်းလာစားချေ ”

ညီလေးကို ပေါင်ပေါ်တင်ပြီး ထမင်းခွံ့ကျွေးနေသည့် အမေက အားဘူကို လှမ်းခေါ်၏။ အားဘူ ခေါင်းကိုသာ ခါပြလိုက်သည်။အားဘူ ထမင်းမစားချင်ပါ။ အားဘူ အဖေနှင့် တွေ့ချင်သည်။ အဖေနှင့်အတူ ယာခင်းထဲ လိုက်ချင်သည်။ ပြောင်းခူးချိန်တွင် ပြောင်းတွေ ခူးချင်သည်။ အခုတော့ အဖေသည် ရွာတွင် အားဘူတို့အား စောင့်နေသလားမသိချေ။ အားဘူသည် အမေ့ကို ခပ်စွေစွေလေး တစ်ချက်ကြည့်လိုက်၏။ အမေသည် ငိုနေသည့်ညီလေးကို ထမင်း ချော့ကျွေးနေရင်းက အားဘူ၏အကြည့်ကို သတိမမူမိချေ။ အားဘူ၏ အကြည့်တွေကို အမေ့ဆီကနေ တောတောင်တွေဆီ ဦးတည်လိုက်ပြန်သည်။

အခုလို တောတောင်တွေကိုမြင်လျှင် အဖေ့ကိုပိုပြီး သတိရလာသည်။ ပြီးတော့ အားဘူ အမေ့ကိုမကျေနပ်ပါ။ အမေသည်အားဘူကို အဖေနှင့်ဝေးသည့်နေရာသို့ခေါ်လာ၏။ နေရာအတိအကျကိုမသိရသော်လည်း အဖေနှင့် အလွန်ကွာဝေးခဲ့ပြီ ကိုတော့ အားဘူသိသည်။ နေ့ပေါင်းများစွာပြေးလာသဖြင့် အဖေသည် အားဘူ၏အနောက်တွင် နေ့ပေါင်းများစွာကျန်ခဲ့ပြီမှန်း အားဘူသိနေလေသည်။
       
ထိုနေ့က အဖေသည် ဦးကြီးမြိုင်အိမ်သို့သွား၏။ အားဘူကို အဖေကမခေါ်ပဲထားခဲ့သဖြင့် အားဘူ စိတ်ကောက်နေချိန်လည်းဖြစ်သည်။ အမေက ညီလေးနှင့်အလုပ်ရှုပ်နေကာ အားဘူ စိတ်ကောက် နေမှန်းပင်မသိ။အားဘူသာလျှင် အိမ်ရှေ့တွင် ထိုင်ပြီး အဖေပြန်လာမည့်အချိန်ကိုမျှော်နေမိ၏။ အဖေပြန်လာလျှင်စိတ်ကောက်နေသည့်အားဘူကို ချော့လိမ့်မည်။ ထိုအခါ အဖေ့ကို စိတ်ကောက်သည့် အနေနှင့် အားဘူလိုချင်သည့် ၀ါးသေနတ်လေး လုပ်ခိုင်းမည်ဟု စိတ်ကူးလိုက်သေး၏။

ပြီးနောက် အမေက ညီလေးကိုချော့မြူရင်း တီဗွီကြည့်နေချိန်တွင် အားဘူက အရုပ်များနှင့် ဆော့နေသည်။ အားဘူထံတွင် ပါဝါရိန်းဂျား အရုပ်လေးလည်း ရှိသည်။ လူဆိုးစက်ရုပ်များလည်း ရှိသည်။ အားဘူ အမြဲကစားဖြစ်သည်က လူဆိုးစက်ရုပ်များနှင့် ပါဝါရိန်းဂျားရုပ်များ စစ်တိုက်တမ်းပင်ဖြစ်သည်။ ထိုသို့ကစားတိုင်း လူဆိုးစက်ရုပ်များသေပြီး ပါဝါးရိန်းဂျားရုပ်လေးက အနိုင်ရလေသည်။ ထိုအခါမျိုးတွင် အားဘူ ပျော်၍မဆုံးပေ။ တစ်ခါတစ်ရံညီလေးသည်ပင် အားဘူ ကစားနေသည်ကို မျက်လုံးလေးပြူးပြီး ကြည့်နေတတ်သည်။

“ ၀ုန်း .. ”

ထိုစဉ် ပြင်းထန်စွာပေါက်ကွဲထွက်လာသည့် အသံတို့ကို အားဘူကြားလိုက်ရ၏။ ပြီးနောက် အိမ်ထဲမှ အမေ၏ အလန့်တကြားနှင့် ဘုရားတသံကိုကြားရသည်။ ထိုအချိန်တွင် အဖေ့ကို အားဘူသတိမရတော့ပါ။ လက်ထဲက အရုပ်ကိုပစ်ချပြီး အမေ့အနားသို့ ကြောက်လန့်တကြား ပြေးဝင်သွားမိသည်။ ဆူညံသံတို့က အဆက်မပြတ် ထွက်လာသလို အော်ဟစ်သံတို့ကလည်း ရွာထဲတွင် ကြောက်မက်ဖွယ် ပြန့်ကျဲနေလေသည်။ အားဘူသည် အမေ့ထဘီစကို ဆုပ်ကိုင်ထားကာ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်လို့နေသည်။

“ အမေ .. အဲဒါ ဘာအသံလဲဟင် ”

“ ဗုံးသံတွေထင်တယ်၊ ဒုက္ခပါပဲဟယ် ”

အမေပြောတော့ အားဘူ ပို၍ထိတ်လန့်ရသည်။ ဗုံးသံကို အားဘူကြားဖူးသည်။ အပြင်တွင်မဟုတ်။ တီဗွီထဲတွင် ဖြစ်၏။ဗုံးပေါက်ကွဲလျှင် မီးတွေ တ၀ုန်းဝုန်း ထလောင်သည်။ လူတွေလည်း သေကြသည်။ တီဗွီကြည့်ရင်း ဗုံးပေါက်ကွဲသည့်အခန်း ရောက်လျှင် အားဘူ မကြည့်ရဲ၍ မျက်လုံးကို အသေမှိတ်ထားရ၏။ တီဗွီထဲတွင်သာ ကြားဖူးသည့်ဗုံးသံကို အားဘူ ကြားရလေပြီ။ သို့သော် အခုကြားလိုက်ရသည့် အသံက တီဗွီထဲက အသံထက်ပို၍ ကျယ်လောင်နေလေသည်။

“ ၀ုန်း .. ”
“ ဒိုင်း .. ဒိုင်း  ”
     
 ဆူညံပေါက်ကွဲသံတို့ အဆက်မပြတ်ထွက်လာ၏။ ထိုအခါ အားဘူ အမေ့အနားမှ မခွာရဲတော့ပါ။ အားဘူ တစ်ကိုယ်လုံး ကြောက်စိတ်ဖြင့် တုန်ယင်နေလေသည်။ အမေက ညီလေးကို အားဘူလက်ထဲ ထည့်ကာ အ၀တ်အစားတစ်ချို့ကိုဆွဲယူပြီး တစ်နေရာတွင် စုပုံထား၏။ အမေ့၏ အသွင်က ကပျာကယာ နိုင်လှသည်။ အိမ်ကျဉ်းကျဉ်းလေးထဲတွင်ပင် ဟိုပြေးသည်ပြေး ဟိုဟာယူ သည်ဟာဆွဲချဖြင့် အလုပ်ရှုပ်လို့နေသည်။ အားဘူကမူ ညီလေးကို ပွေ့ချီကာ အမေ့ကို ပြူးကြောင်ကြောင်လေး စိုက်ကြည့်နေမိခဲ့သည်။

“ ရော့ .. အားဘူ ၊ ဒီအထုပ်လေးကိုင်ပြီး အမေ့နောက်က လိုက်ခဲ့ ”
     
 အမေက အ၀တ်ထုပ်တစ်ထုပ်ကို အားဘူရှေ့တွင် ဗုန်းခနဲ ချလိုက်သည်။ ပြီးနောက် အားဘူလက်ထဲမှ ညီလေးကို ဆွေ့ကနဲ ပွေ့ချီကာအိမ်အောက်သို့ ဆင်းပြေး၏။ အားဘူလည်း အမေ့နောက်မှ ထပ်ကြပ်မကွာ ပြေးလိုက်ခဲ့သည်။ရွာထဲမှလူတွေလည်း အားဘူတို့လိုပင် အလန့်တကြား ပြေးလွှားလို့နေ၏။ အားဘူသည် ရွာထဲတွင် ဘာဖြစ်နေမှန်းကို မသိ။ အမေ့နောက်သို့ ပြေးလိုက်ရန်သာ တာစူနေမိသည်။ ဆူညံပေါက်ကွဲသံတို့ကလည်း အားဘူတို့နောက်မှ လိုက်လာနေသည်ဟု ခံစားရ၏။

အမေက ညီလေးကိုချီပြီးပြေးသည်။ အားဘူက အ၀တ်ထုပ်ကိုကိုင်လျှက် လက်တစ်ဖက်က အမေ့ထမီစကို ဆွဲထားကာ ထပ်ကြပ်မကွာ ပြေးလိုက်သည်။ ရွာထဲက လူတွေလည်း အားဘူတို့လို ပြေးလွှားနေသည်။ ဆူညံပေါက်ကွဲသံတို့ကမူ အားဘူအနောက်မှ ထပ်ကြပ်မကွာ လိုက်လာသလိုပင်။ အားလုံး၏ဦးတည်ရာက တောကြီးထဲသို့ဖြစ်သည်။ ကြောက်မက်ဖွယ် ပေါက်ကွဲသံတို့ကို ကျောခိုင်းနိုင်ရန်မှာလည်း အားဘူတို့ရွာကို လေးဘက်လေးရံ ဆီးကာထားသည့် တောတောင်ကြီးများသာ ရှိ၏။

ကြောက်လန့်တကြားပြေးရင်း အမေလဲကျလျှင် အားဘူလည်း လဲကျသည်။ ထိုအခါ ညီလေးငိုသည်။ အားဘူမငိုပါ။ အားဘူကြောက်နေသည်ကလွဲ၍ ငိုရမှန်းမသိ။ အားဘူတို့ ပျော်ရွှင်စွာပြေးဆော့ဖူးသည့် တောကြီးက အခုတော့အသက်လု ပြေးလွှားရသည့် နေရာတစ်ခုဖြစ်ခဲ့ရပြီ။ ရွာကလေးသည်လည်း အားဘူတို့အနောက်တွင် ကျန်ရစ်ခဲ့လေပြီ။ ပေါက်ကွဲသံတို့ အကြားတွင် အားဘူတို့ရွာကလေး သွေးပျက် ချောက်ချားနေပေတော့မည်။

ပြေးလွှားနေရင်းမှပင် တစ်စုံတစ်ရာကို တွေးမိသွားကာ အားဘူ ခြေလှမ်းတွေ တုံ့ကနဲရပ်သွား၏။ ထိုအခါ အမေလည်း ပြေးနေရာမှရပ်သွားကာ အားဘူကို ကြည့်သည်။ အားဘူ အလန့်တကြားနှင့် အမေ့ကို မော့ကြည့်သည်။ အမေသည် အားဘူကို နားမလည်ဟန်ဖြင့် ပြန်ကြည့်၏။ အားဘူတို့ ရပ်နေသော်လည်း ရွာကလူတွေက ဆက်၍ ပြေးနေဆဲ။ အမေလည်း ဆက်ပြေးမည့် ဟန်ပြင်သည်။ ထိုအခါ အမေ့ထမီစကို အားဘူ ခပ်တင်းတင်း ဆွဲထားလိုက်၏။ အမေလှည့်ကြည့်လာလျှင် အားဘူ၏ နှုတ်ခမ်းဖျားလေး လှုပ်ခတ်သွားသည်။

“ အမေ .. ရွာမှာ အဖေကျန်ခဲ့ပြီ၊ အဖေ အားဘူတို့ကို လိုက်ရှာနေတော့မှာ ”

အားဘူ စကားကိုကြားလျှင် အမေ့မျက်လုံးများ ၀ိုင်းစက်သွားသည်။ စိုးရိမ်ပူပန်မှုတွေနှင့် အမေ့မျက်နှာ ညို မှောင်လာသည်။အမေ့အကြည့်တို့က အားဘူကိုကျော်ကာ အဝေးကြီးဆီ ရောက်သွား၏။ အားဘူသိသည်။ အမေသည် မမြင်ရသည့် ရွာကလေးကိုကြည့်ကာ အဖေ့ကိုရှာနေလေပြီ။ အမေ့ကို မော့ကြည့်လိုက်တော့ အမေ မျက်ရည်ကျနေ၏။ ပြီးနောက် အမေ့ နှုတ်ခမ်းတို့ တဆတ်ဆတ် တုန်ရီလာကာ စကားတစ်ခွန်း ထွက်ကျလာသည်။

“ ဆက်ပြေးကြရအောင် အားဘူ ”

အမေသည် ရွာကလေးကို ကျောခိုင်းလျှက် ဆက်ပြေးလေသည်။ အမေပြေးတော့ အားဘူလည်း ပြေးရသည်။ ပြေးရင်းလွှားရင်းနှင့် အနောက်ကို လှည့်ကြည့်လိုက်လျှင် ရွာကလေးကို မမြင်ရတော့ပါ။ ထို့အတူ အဖေ့ကိုလည်း မမြင်ရတော့ပါ။ ထိုနေ့က ရွာကလေးနှင့်အတူ အဖေ့ကိုပါ အားဘူ ခွဲခွာခဲ့ရလေသည်။

(၂)

သည်နေ့တော့ အားဘူတို့နေသည့်နေရာသို့ လူတွေ တဖွဲဖွဲရောက်လာကြသည်။ လူကြီးကနေ ကလေးအထိ ပါလာကြ၏။သူတို့၏မျက်လုံးအစုံက မျှော်လင့်ချက်တို့ ဆိတ်သုဉ်းနေသည့်ဟန်။ အားဘူတို့ သည်စခန်းသို့ စရောက်စဉ်ကလည်း သူတို့လိုပင် အားကိုးမဲ့သည့် ခန္ဓာတစ်စုံစီနှင့် မျှော်လင့်ချက်တို့ လွင့်ပြယ်နေခဲ့၏။ စခန်းသို့ စရောက်ရောက်ချင်း အားဘူ မနေတတ်။ အိမ်မှာကဲ့သို့ လွတ်လပ်မှုမရှိသလို ရွာမှာနေသကဲ့သို့ အေးချမ်းမှုမရှိဟု ခံစားရသည်။
     
သစ်ပင်များ ၀န်းရံထားသည့် အလယ်ဗဟို နေရာကလေးက တစ်နေ့တစ်ခြား ပို၍စည်ကားလာသည်။ တစ်ချို့က မိသားစုလိုက် ရောက်လာကြသည်။ တစ်ချို့ကမူ မိသားစုနှင့်ကွဲကာ ရောက်လာကြ၏။ မိဘနှင့်ကွဲကာ ပါလာသည့်က ကလေးများက  အော်ဟစ်ငိုယိုနေကြသည်မှာ စခန်းတစ်ခုလုံး ဆူညံ၍ နေလေသည်။ စခန်းရှိ လူကြီးတစ်ချို့က ထိုကလေးတွေကို ချော့မော့ နေရှာ၏။

မနက်ကတည်းက တဖွဲဖွဲရောက်လာကြသည့် လူတွေက နေ့လည်ရောက်သည်အထိ မကုန်နိုင်ပေ။ လူကြီးတစ်ချို့က သစ်ပင်ခြုံနွယ်များကို ရှင်းလင်းကာ နေရာချဲ့ထွင်ကြသည်။ သည်စခန်းလေးက အနည်းငယ်ကျယ်ဝန်းသည် ထင်ရသော်လည်း ရောက်လာသည့် လူတွေများသဖြင့် မဆံ့တော့ပေ။ တာလပတ်မိုးထားသည့် တဲငယ်လေးထဲတွင်လည်း လူတွေ ကြပ်သိပ်လွန်းနေခဲ့သည်။

အားဘူသည် အမေ့အနားတွင်ထိုင်ရင်း အသစ်ရောက်လာသည့် လူများကို ငေးကြည့်နေမိသည်။ အားဘူ၏ မျက်လုံးအစုံက ထိုလူများဆီ အာရုံစိုက်ထား၏။ အမေသည်လည်း ညီလေးကို ပွေ့ချီထားရင်း မျက်ချည်မပြတ် စောင့်ကြည့်နေသည်။ လူများက တဖြည်းဖြည်း များလာ၏။ ထိုအခါ အားဘူ အမေ့အနားမှ ခွာပြီး ထိုလူများဆီ ထွက်လာခဲ့သည်။

ရောက်လာသည့်လူတွေကို တစ်ယောက်မကျန် ကြည့်ပြီးနောက် အားဘူ မျက်လုံးထဲ မျက်ရည်တို့ဖြင့် စိုစွတ်လာ၏။ အားဘူတွေ့ချင်နေသည့် အဖေ့ကို မတွေ့ရချေ။ သည်အဖွဲ့တွင်လည်း အဖေ ပါမလာခဲ့သေး။ အဖေ့ကို အားဘူလွမ်းလှပြီ။ နှေးဖင့်သည့် ခြေလှမ်းတို့ဖြင့် အမေ့ဆီ လျှောက်လာတော့ အမေက ခပ်ယဲ့ယဲ့လေး ပြုံးပြရှာသည်။

“ အခုရောက်လာတဲ့အဖွဲ့မှာ မပါလည်း နောက်ထပ် အဖွဲ့တွေ လာရင် ပါလာမှာပေါ့ အားဘူရယ် ”

“ ဒါဆို ဒီကို လူတွေအများကြီး ရောက်လာဦးမှာလားဟင် အမေ ”

“ အင်းပေါ့ .. အခုရောက်လာကြတာ တခြားရွာက သူတွေချည်းပဲ အားဘူရဲ့၊ အမေတို့ရွာက လူနည်းစုပဲ ရှိသေးတာ၊ သူတို့မကြာခင် ရောက်လာမှာပေါ့ ”

“ ဒါဆို အဖေလည်း ပါလာမှာပေါ့နော် ”

“ အင်းပေါ့ ”

အခုမှ အားဘူ ပျော်သွားသည်။ အားဘူ အဖေ့ကို လွမ်းလှပြီ။ နေ့ရက်ပေါင်းများစွာ ကုန်လာသည်အထိ အဖေ ရောက်မလာသေးသည့်အတွက် အားဘူ ငိုချင်နေသည်။ ဖြစ်နိုင်လျှင် အားဘူတို့ကို ၀ိုင်းရံပေးထားသည့် တောတောင်တွေကို ရှင်းလင်း ပစ်လိုက်ချင်သည်။ ထိုအခါ အဖေလည်း လမ်းမမှားပဲ အားဘူတို့ဆီရောက် လာနိုင်မည်။သို့သော် တောတောင်တွေမရှိလျှင် ကြောက်မက်ဖွယ် သေနတ်တွေက အားဘူတို့ဆီ ရောက်လာမှာ ကြောက်ရသေးသည်။ တောတောင်တွေကသာ အားဘူတို့ကို လုံခြုံအောင် ကာရံပေးထားသည် မဟုတ်လားလေ။

“ ဟဲ့ အားဘူ .. ဘယ်သွားမလို့လဲ၊ ဒီလောက် လူတွေရှုပ်နေတာ ”

အားဘူ ခြေလှမ်းပြင်လိုက်သည်နှင့် အမေက လှမ်းမေးသည်။

“ သားတို့ရွာကလေးကို သွားကြည့်မလို့ အမေ ”

အမေ့ကိုပြောပြီး အားဘူထွက်လာခဲ့သည်။ အားဘူတို့ရွာကလေး ဘယ်ဆီဘယ်ဝယ် ရောက်နေမှန်း အားဘူ မသိပါ။သို့သော်ရွာကလေးရှိရာသို့ မှန်းဆကြည့်ရင်း အလွမ်းဖြေရသည့် အချိန်တွေလည်း များလှပြီ။ မှိုင်းညှို့ညှို့ တောင်တွေကိုကြည့်တိုင်း အဖေနှင့်ရွာကလေးကို ယှဉ်တွဲမြင်မိတတ်သည်။ အားဘူချစ်သည့် အဖေ။ အားဘူချစ်သည့် ရွာကလေး။ အားဘူချစ်သည့် အရာတွေ ဘယ်ရောက်ကုန်ပြီလဲ။အဝေးကို ကြည့်လိုက်တော့ မှိုင်းညှို့ပြာလဲ့နေသည့် တောင်တန်းကြီးများနှင့် ကောင်းကင်ပေါ်တွင် ပျံသန်းနေသည့် ငှက်တစ်အုပ်ကို မျက်ရည်များအကြားကေ၀၀ါးစွာမြင်လိုက်ရသည်။

(၃)
       
သည်နေ့တော့ အားဘူ တက်ကြွလွန်းနေ၏။ သည်နေ့ရောက်လာသည့် လူတွေထဲတွင် အားဘူတို့ရွာက လူတွေ အများကြီးပါလာသည်။

“ ဟိုမှာ ရွာထိပ်က ဦးကြီးခွန်လည်းပါလာတယ် အမေ ”

“ ဟုတ်တယ် အားဘူ၊ ဟိုမှာ ဖောလု မဟုတ်လား ”

အားဘူနှင့်အမေ ၀မ်းသာအားရ လက်ပြမိသည်။ သည်တစ်ခါ ရောက်လာသည့်လူတွေက အရင်ကထက် များသည်။  ရွာကလူတွေလည်း အများကြီးပါသည်။ ရှုပ်ထွေး စည်ကားလွန်းနေသည်မို့ ရောက်လာသည့် လူအများကြီးကိုလည်း မမြင်နိုင်။ထိုလူအများကြီးထဲ အဖေ့ကို လိုက်ရှာလွန်းရသဖြင့် အားဘူ လည်ပင်းရှည်ထွက်မတတ်ပင်။

 “ အမေ .. သား ဟိုဘက်ကအဖွဲ့တွေမှာ အဖေပါလားလို့သွားကြည့်လိုက်မယ်နော် ”

“ အေးအေး အားဘူ ၊ သေချာကြည့်ခဲ့နော်၊ အမေလည်း ဒီဘက်ကအဖွဲ့တွေမှာ သွားကြည့်လိုက်မယ် ”

အားဘူ နှင့် အမေ လူခွဲပြီး အဖေ့ကို လိုက်ရှာသည်။ အဖေ သေချာပေါက်ပါလာလိမ့်မည်ဟု အားဘူ ယုံသည်။ ရွာက လူတော်တော်များများကိုလည်း အားဘူတွေ့သည်။ လူတိုင်းကို သေချာလိုက်ကြည့်သည်။ သို့သော် အဖေ့ကိုမတွေ့သေး။ သည်အဖွဲ့တွင် အဖေပါမလာလျှင် ဟိုဘက်အဖွဲ့တွင်များ ပါလာမလား မသိပါ။ ဟိုဘက်ကအဖွဲ့တွင် ပါလာလည်း ကိစ္စမရှိ။ အမေ နှင့်တွေ့လိမ့်မည်။ ထို့ကြောင့် သည်အဖွဲ့တွင် အဖေ့ကို သေချာအောင်ရှာရသည်။

“ အားဘူရေ .. အားဘူ .. ငါ ဒီမှာ ”

ခေါ်သံကြားသဖြင့် ကြည့်လိုက်တော့ ဂျာနမ်က လူအုပ်ကြားထဲမှ လက်ပြနေသည်။ အားဘူ ၀မ်းသာအားရဖြင့် ဂျာနမ့်ဆီပြေးသွားသည်။ ဂျာနမ်က အားဘူနှင့် ကစားဖော်ကစားဖက်။ ဂျာနမ်ပါလာတော့ အားဘူ အရမ်းပျော်သွားသည်။
       
“ နင် ဒီကိုရောက်နေတာ ကြာပြီလား အားဘူ၊ ငါတို့တော့ လမ်းမှာ ဒုက္ခရောက်လိုက်တာ မပြောပါနဲ့တော့ဟာ၊ ဒီမှာကြည့် တစ်ကိုယ်လုံးလည်း ဒဏ်ရာတွေနဲ့ဟ ”

ဟုတ်သည်။ ဂျာနမ့် တစ်ကိုယ်လုံး အင်္ကျီတွေလည်း စုတ်ပြဲနေသည်။ မျက်နှာနှင့်လက်များတွင်လည်း ဆူးခြစ်ရာတွေ များစွာနှင့်။ တောထဲတွင် အသက်လု ပြေးလွှားလာရသည့် ဂျာနမ့်ကို အားဘူသနားလှသည်။

“ ဒါနဲ့ ငါ့အဖေကို တွေ့ခဲ့သေးလားဟင် ”

“ တွေ့ခဲ့တယ် အားဘူ ”

ဂျာနမ့်စကားကြားရတော့ အားဘူ ၀မ်းသာလုံးဆို့သွားသည်။ အဖေ့ကို တွေ့ခဲ့သည်တဲ့။ အားဘူ အဖေနှင့်တွေ့ရ တော့မည်။ကြည်နူးမှုတို့က အားဘူ တစ်ကိုယ်လုံးသို့လွှမ်းခြုံသွားသည်။

“ ဘယ်မှာတွေ့ခဲ့လဲဟင် ဂျာနမ်၊ အဖေ့ကို ခေါ်လာခဲ့လား၊ အခု အဖေပါလာလား၊ အဖေ ဘယ်မှာလဲ ဂျာနမ်ရဲ့ ”

 အားဘူ အလောတကြီးမေးလိုက်တော့ ဂျာနမ် ခေါင်းခါ၏။ ပြီးနောက် ဂျာနမ့် မျက်ဝန်းတွင် မျက်ရည်စတစ်ချို့ ရစ်သိုင်းလာသည်ကို မြင်ရသည်။

“ ဒီကိုရောက်ဖို့ သိပ်မလိုခင်မှာပဲ နင့်အဖေ လမ်းမှာ လဲကျကျန်ခဲ့တယ် အားဘူ၊ နင့်အဖေ ဒဏ်ရာရထားတယ်၊ သွေးတွေလည်း အများကြီးထွက်နေတာ မြင်ခဲ့တယ် ၊ နင့်အဖေ သေပြီ အားဘူ ”

“ ဟင့်အင်း .. အဖေ မသေဘူး၊ ဒဏ်ရာရပြီး အဖေ လမ်းမလျှောက်နိုင်တာ၊ နင်တို့က အဖေ့ကိုထားခဲ့တာ  ”
“ မဟုတ်ဘူး အားဘူ၊ အကုန်လုံးပြေးလွှားနေကြတာ၊ နင့်အဖေလို လမ်းမှာသေကြတဲ့သူတွေအများကြီးပဲ အားဘူ၊ နင့်အဖေကတော့ စခန်းကို ရောက်တော့မယ့် အချိန်မှာပဲ သေပြီး ကျန်ခဲ့တာ ”

“ မဟုတ်ဘူး .. အဖေ မသေဘူး၊ ငါ့အဖေ ဘယ်မှာ ကျန်ခဲ့တာလဲ ဂျာနမ် ”

“ ဒီစခန်းနဲ့သိပ်မဝေးဘူး အားဘူ ”
 
“ အဖေ မသေဘူး ဂျာနမ်၊ ငါ အဖေ့ကို ရအောင် သွားရှာမယ်သိလား ”

ဂျာနမ့်ရှေ့မှ အားဘူပြေးထွက်လာခဲ့သည်။ အားဘူ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ယင်နေ၏။ ဂျာနမ်ပြောသည့် စကားတွေက အားဘူနားထဲ ဝေ့၀ဲနေသည်။ အဖေ သေပြီတဲ့။ ဟင့်အင်း ။ အားဘူ မယုံပါ။ အဖေမသေကြောင်း အားလုံးကို သက်သေပြရမည်။ အားဘူ ကိုယ်တိုင် အဖေ့ကိုလိုက်ရှာမည်။ အဖေ့ကို တွေ့အောင်ရှာမည်ဟု အားဘူ ဆုံးဖြတ်လိုက်သည်။

(၄)

ညသည် နောက်ထပ်တစ်ကျော့ပြန်ရောက်လာ၏။ မနက်က စည်ကားနေသည့် စခန်းလေးက အခုတော့လည်း တိတ်ဆိတ်နေလေပြီ။ တစ်ခါတစ်ရံ တောထဲမှ ညဥ့်ငှက်တို့၏အော်သံကိုကြားရသည်။ လေတိုက်တိုင်း သစ်ပင်ကြီးများထံမှတရှဲရှဲ မြည်သံကြားရသည်။ အားဘူနေသည့်တဲထဲတွင်မူ ခပ်ပြင်းပြင်းအသက်ရှူသံနှင့် ဟောက်သံတွေက ရောယှက်ပြန့်ကျဲနေ သည်။ အားဘူ အနားတွင် အမေနှင့် ညီလေးကလည်း နှစ်ခြိုက်စွာ အိပ်ပျော်နေလေပြီ။

အိပ်နေရာမှ အားဘူ အသာလေးထလိုက်၏။ အားဘူ၏လက်က ညီလေး၏ခြေထောက်ကိုဖိမိရာ အဲ့ခနဲ အသံထွက်လာသဖြင့် လန့်သွားရသည်။ ပြီးနောက် တဲထဲမှအသာလေးထွက်လာခဲ့တော့ အပြင်တွင် အမှောင်ထုကို လရောင်၏အလင်း က အနည်းငယ်ဖြန့်ကျက်ထားလေသည်။ တဲလေးတွေက အသီးသီးတိတ်ဆိတ်နေလေပြီ။ လူကြီးတစ်ချို့က မီးပုံကြီးတစ်ခုပုံ ကာ စကားဝိုင်းဖွဲ့နေကြ၏။ ထို့နောက် အမှောင်ရိပ်ကို အကာအကွယ်ယူကာ အားဘူ ပြေးထွက်လာခဲ့သည်။

စခန်း၏အပြင်ကို ရောက်လျှင် အမှောင်ထုနှင့် ကြောက်ရွံ့မှုက အားဘူကို ဆီးကြိုနေသည်။ သွားရမည့် ခြေလှမ်းတို့က တုံ့ဆိုင်းသွား၏။ သို့သော် အဖေ့မျက်နှာကို မြင်ယောင်မိတော့ ကြောက်စိတ်က အနည်းငယ် ပြေသွားသည်။အဖေက ဘယ်ဆီဘယ်ဝယ်ရောက်နေလဲ အားဘူမသိပါ။ သို့သော် အဖေ့ကို ရှာချင်သည့် ဇောအဟုန်က အားဘူကို လွှမ်းခြုံထားသည်။ အဖေ့ ကို မတွေ့တွေ့အောင် အားဘူရှာရမည်။

စခန်းအပြင်ဘက်တောလမ်းလေးအတိုင်း အားဘူ လျှောက်လာသည်။ ညဥ့်ငှက်တို့၏ တဂီးဂီးအော်သံကြားလျှင် ခြေလှမ်းတွေ တုံ့ကနဲဖြစ်သွားသည်။ သစ်ပင်ကြီးများ ယိမ်းထိုး လှုပ်ရှားလာသည်ကိုမြင်တော့ ကျောချမ်းလာသည်။ အဖေဟူသော ဇောတစ်ခုက စိတ်ဆောင်နေ၍ အားဘူ ခြေလှမ်းတို့ ရှေ့ဆက်နိုင်သော်လည်း ကြောက်ရွံ့မှုတို့က ရင်ထဲအပြည့်။

ပတ်ဝန်းကျင်တွင် မှောင်နေသော်လည်း လရောင်၏အလင်းတို့ ဖြန့်ကျက်ထားသဖြင့် လမ်းကိုတော့ ကောင်းစွာမြင်ရ၏။ အားဘူ လျှောက်လာလိုက်သည်မှာ စခန်းနှင့် တဖြည်းဖြည်း ဝေးလာသည်။ သို့သော် အားဘူ ရှေ့ဆက်နေဆဲပင်။ တောလမ်းလေးအဆုံးတွင် အဖေ့ကိုတွေ့လိမ့်မည်ဟု အားဘူထင်သည်။ အချိန်ရှိတုန်း အဖေ့ကို အမြန်ရှာရမည်။ စိတ်ကလောနေသည် မို့ တောလမ်းအတိုင်း အားဘူ ပြေးလာခဲ့သည်။

“ အား .. အမေရေ ”

ပြေးနေရင်း တစ်စုံတစ်ခုနှင့်တိုက်မိပြီး အားဘူ လဲကျသွား၏။ လက်ကလည်း ပူခနဲဖြစ်သွားသည်။ ခြေတောက်လည်းနာသည်။ သို့သော် အားဘူနှင့် တိုက်မိသည့်အရာကို ကြည့်လိုက်မှ ပို၍လန့်သွားသည်။ နာကျင်တာတွေကို မေ့သွားသည်။ မြေ ပြင်ပေါ်တွင် ပက်လက်ကြီးဖြစ်နေသည့် လူတစ်ယောက်။ အားဘူ လန့်လည်းလန့်သလို ကြောက်လည်း ကြောက်မိသည်။ အားတင်းကာ ထွက်လာခဲ့သော်လည်း ညအချိန်တွင် သည်လိုအဖြစ်မျိုးကို ခံနိုင်ရည်မရှိ။ စခန်းသို့ ပြန်ပြေးချင်စိတ်တို့ ကြီးစိုးလာ၏။

သို့သော် ကြောက်စိတ်၏ နောက်ကွယ်တွင် မျော်လင့်ချက်တစ်ချို့ ကပ်ငြိနေသည်။ အဖေ။ အဲဒါ အဖေ များဖြစ်နေမလား။အားဘူ ရင်တွေ တထိတ်ထိတ် ခုန်လာသည်။ ကြောက်ရွံ့စိတ်ကို အတင်းချိုးနှိမ်ကာ လဲကျနေရာမှ အားယူထလိုက်ပြီး ထိုလူအနား လျှောက်လာခဲ့သည်။ လရောင်အောက်တွင် မျက်နှာကို ကြည့်လိုက်တော့ အဖေမှ အဖေ အစစ်။ နောက်ဆုံးတော့ အားဘူ ရှာနေသည့်အဖေ့ကိုတွေ့ပြီ။

“ ရေ .. ရေ ..အင်း .. ဟင်း .. ”

အဖေ့ထံမှ အသံထွက်လာသည်။ အဖေသည် အားဘူကို မှတ်မိဟန်မတူပေ။ အဖေ့ထံတွင် ဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။ နဖူးရှိ ပေါက်ပြဲနေသည့်ဒဏ်ရာမှ သွေးတွေထွက်နေသည်။ ရင်ဘတ်တွင်လည်း သွေးတွေစိုလူးနေလေပြီ။အားဘူသည် အဖေ့ကိုဖက်ထားပြီး ဘာလုပ်ရမလဲမသိအောင် ဖြစ်နေမိသည်။ စခန်းကိုသွားပြီး လူသွားခေါ်ရမလား။ သို့သော် အဖေ့ကို တစ်ယောက်တည်း ထားခဲ့ရန် စိတ်မချဖြစ်နေပြန်သည်။

“ ရေ .. ရေပေးပါ .. ဟင်း .. ”

အဖေ့ထံမှ နောက်ထပ်အသံထွက်လာတော့ အားဘူ ငိုချင်လာသည်။ အဖေက မျက်လုံးကိုမဖွင့်။ အားဘူလက်ကို တင်းကြပ်စွာကိုင်ပြီး ရေတောင်းနေသည်။ အားဘူထံတွင်လည်း ရေဘူးပင်မပါချေ။ ထိုအခါ အားဘူလက်တစ်လျှောက် စီးဆင်းလာသည့် အရာတစ်ခုကို သတိထားလိုက်မိသည်။ အားဘူကြည့်လိုက်တော့ အားဘူလက်က ဒဏ်ရာမှစီးဆင်းလာသည့် သွေးတွေ။ အားဘူ လဲကျသွားစဉ်က ရခဲ့သည့် ဒဏ်ရာမှ သွေးတွေ ထွက်လို့နေသည်။

အားဘူ ဘာမှမစဉ်းစားတော့ပဲ ထိုသွေးတွေကို အဖေ့ ပါးစပ်ဖျားတွင် တေ့ပေးလိုက်၏။ ထိုအခါ အဖေ့ နှုတ်ခမ်းလေး လှုပ်ခတ်လာသည်။ ပြီးနောက် လျှာဖျားလေး ထွက်လာကာ သွေးကိုလျက်သည်။ အစကတော့ ဖြည်းဖြည်းချင်း။နောက်တော့ အငမ်းမရဖြစ်လာ၏။ အားဘူအရမ်းနာသဖြင့် မျက်လုံးကို မှိတ်ကာ အံကြိတ်ခံရ သည်။ခဏကြာသောအခါ အဖေ့လက်တွေ လျော့ရဲသွားသည်။ အဖေ့မျက်လုံးအစုံကမူ ပြူးကြောင်ကြောင်ဖြင့် အားဘူအား စိုက်ကြည့်နေလေသည်။

ထိုစဉ်အဝေးက မီးရောင်သဲ့သဲ့ကိုမြင်လိုက်ရသည်။ ခေါ်သံလိုလိုလည်း ကြားနေရသည်။ စခန်းကလူတွေ အားဘူကို လိုက်ရှာနေကြပြီထင်သည်။ အသံတွေက တဖြည်းဖြည်းနှင့် နီးလာခဲ့ပြီ။ ထိုအခါ အဖေ့ကို ၀မ်းသာအားရဖြင့် အားဘူ ပြောလိုက်မိသည်။

“ စခန်းကလူတွေ လာနေပြီနော် အဖေ၊ ဟိုရောက်ရင် အမေနဲ့ညီလေးကိုလည်း တွေ့ရမယ်၊ ဘာမှ ကြောက်စရာမလိုတော့ဘူး အဖေရဲ့ ”

အားဘူပြောလိုက်သော်လည်း အဖေက တုတ်တုတ်ပင်မလှုပ်။ စခန်းကလူတွေ ရောက်လာကြတော့ အဖေ့ကို အားဘူ တင်းကြပ်စွာထွေးပွေ့ထားဆဲ။ အမေက အားဘူနှင့် အဖေ့ကိုမြင်တော့ ပြေးဖက်သည်။ ထို့နောက် အဖေ့ကိုကြည့်ပြီးအမေ အော်ငိုသည်။ အဖေသေပြီဟုလည်း အားဘူကိုပြောသည်။ ထိုအခါမှ မျက်လုံးလေးပြူးပြီး အားဘူကိုကြည့်နေသည့် အဖေက သေနေမှန်း အားဘူသိရ၏။ အဖေ့ကို အလန့်တကြားအော်ခေါ်ကာ အားဘူငိုမိသည်။

ထို့နောက် အမေက အဖေ့မျက်လုံးအစုံကို လက်ဖြင့်ဖုံးအုပ်လိုက်၏။ အမေ့လက်ကို ပြန်ရုပ်သိမ်းလိုက်လျှင် အားဘူကိုကြည့်နေသည့် အဖေ့မျက်လုံးအစုံ မှိတ်သွားခဲ့လေသည်။ အမေ့ငိုသံ အားဘူ၏ငိုသံတို့က ကျယ်လောင်စွာ ထွက်လာသလို ညဥ့်ငှက်တို့၏ တဂီးဂီးအော်သံတွေကလည်း ဆူညံစွာဖြင့် ညကိုဖုံးလွှမ်းသွားခဲ့လေသည်။

------------------------
နတ်ရဲ(ရူပ​​ဗေဒ)
ရွှေအမြုတေမဂ္ဂဇင်း
မေ  ၂၀၁၅

No comments: