Monday, July 2, 2018

အရက်၏ ကျန်းမာရေးအန္တရာယ်များ အပိုင်း (၁)



........................................................

💢 MWD: ဆရာရှင့်..အရက်ဆိုရာမှာ ဘယ်လိုမျိုးဓာတ်ပစ္စည်းတွေပါဝင်တယ်ဆိုတာရယ် အရက်အမျိုးအစားတွေကိုဘယ်လိုမျိုး သတ်မှတ် ခေါ်ဝေါ်တယ်ဆိုတာ အရင်ဆုံးပြောပြပေးပါ..

Dr.KML:အရက်ကိုဓာတုဗေဒအခေါ်အရ Ethyl alcohol လို့ခေါ်ပါတယ်.. အတိုကောက်အားဖြင့် Ethanol လို့လည်းလူသိများပါတယ်.. ဓာတုဖော်မြူလာအရ C2H5-OH ဖြစ်ပြီး Ethlygroup (C2H5) မှာ Hydroxyl group (OH) ပေါင်းစပ်ထားတာဖြစ်ပါတယ်.. အရက်ကိုထုတ်လုပ်ရာမှာ အသုံးပြုတဲ့ကုန်ကြမ်းပစ္စည်းနဲ့ ထုတ်လုပ်တဲ့နည်းစနစ်ပေါ်မူတည်ပြီး အရက်အမျိုးအစားတွေ ကွဲပြားသွားပါတယ်.. ပါဝင်တဲ့ အီသနောရာခိုင်နှုန်းလည်း ကွဲပြားသွားပါတယ်..အဓိက အုပ်စုကြီး (၃) စုခွဲထားပါတယ်.. ဘီယာ (Beer)၊ ဝိုင် (Wine) နဲ့ ယမကာ (Distilled beverage) တို့ဖြစ်ပါတယ်..

💢 MWD: အရက်ကိုသောက်လိုက်ရင် ခန္ဓာကိုယ်ထဲမှာ ဘယ်လိုမျိုးဖြစ်ပျက်ပြောင်းလဲသွားတယ်ဆိုတာလည်း ဆေးပညာရှုထောင့်ကနေ ရှင်းပြပေးပါဆရာ..

Dr.KML: ဒီနေရာမှာ (၂) ပိုင်းခွဲပြောချင်ပါတယ်.. အရက်သောက်ပြီးတာနဲ့ လတ်တလောဖြစ်ပျက်ပြောင်းလဲမှုနဲ့ အမြဲတစေ သောက်သုံးမှုကြောင့် ဖြစ်လာရတဲ့ နာတာရှည်ပြောင်းလဲမှုတို့ဖြစ်ပါတယ်..လတ်တလောအနေနဲ့ အရက်ကိုသောက်မယ်ဆိုရင်လည်း သောက်တဲ့အရက်အမျိုးအစားနဲ့ ပမာဏပေါ်မူတည်ပြီး ကွဲပြားမှုရှိပါတယ်.. ဆရာအနေနဲ့ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို တစ်ဆင့်ချင်းဆီ ရှင်းပြပေးပါမယ်..

- အရက်ကိုပါးစပ်ကနေသောက်ပြီးရင် အစာရေမျိုပြွန်(Esophagus) ကတစ်ဆင့် အစာအိမ် (Stomach) ထဲကိုရောက်သွားပါတယ်.. အစာအိမ်ထဲရောက်တာနဲ့ ချက်ချင်းဆိုသလိုပဲ အစာအိမ်ရဲ့နံရံတွေကနေ အရက်ကို စုပ်ယူပါတယ်.. အစာအိမ်ကိုဖြတ်သန်းပြီး အူသိမ်ထဲကို မရောက်ခင် တစ်ခဏအတွင်းမှာပဲ သောက်လိုက်တဲ့အရက်ပမာဏရဲ့ ၂၀ ရာခိုင်နှုန်းကို အစာအိမ်နံရံက စုပ်ယူပြီးဖြစ်ပါတယ်.. ပြီးရင် အစာအိမ်သွေးကြောတွေကနေတစ်ဆင့် အသည်းကို ပို့ပေးပါတယ်..

- ကျန်တဲ့ ၈၀ ရာခိုင်နှုန်းကတော့ အူသိမ်ကိုရောက်ပြီး အူသိမ်နံရံတစ်လျောက် စုပ်ယူမှုကြောင့် အူသိမ်ကနေ အူမကြီးမရောက်ခင်မှာဘဲ အားလုံးကိုစုပ်ယူပြီးဖြစ်ပါတယ်.. အဲ့ဒီလိုစုပ်ယူပြီးတဲ့ အရက်အားလုံးဟာ အသည်းကို Portal vein ကနေ တစ်ဆင့်ရောက်ရှိသွားပါတယ်..

- အသည်းဆိုတာခန္ဓာကိုယ်ထဲမှာရှိတဲ့ စက်ရုံကြီးတစ်ခုလိုဖြစ်ပါတယ်..ကျွန်တော်တို့စားလိုက်တဲ့ အစားအစာအားလုံးကို အစာအိမ်နဲ့အူလမ်းကြောင်းတစ်လျှောက် အဆင့်အဆင့်ချေဖျက်စုပ်ယူပြီးရင် အသည်းကိုရောက်ပါတယ်.. ဒီတော့ အသည်းကိုရောက်လာတဲ့အထဲမှာ ခန္ဓာကိုယ်အတွက် လိုအပ်တာတွေရှိသလို မလိုအပ်တာတွေလည်းပါနေပါတယ်.. အရက်ဆိုတာ ခန္ဓာကိုယ်အတွက် ဘယ်နေရာမှာမှ အသုံးမဝင်တဲ့ဓာတ်ပစ္စည်းဖြစ်ပါတယ်.. ဒါ့ကြောင့် သူ့ကိုဖျက်ဆီးပြီး စွန့်ထုတ်ဖို့အသည်းက စီစဉ်ဆောင်ရွက်ရပါတယ်..

- ပထမအဆင့်အနေနဲ့ အရက် (Ethyl alcohol) ကို အသည်းမှာရှိတဲ့ ADH (Alcohol Dehydrogenase) အင်ဇိုင်းရဲ့အကူအညီနဲ့ Acetaldehyde အဖြစ်ကို ပြောင်းလဲပေးလိုက်ပါတယ်..Oxidation ပြုလုပ်တယ်လို့ခေါ်ပါတယ်.. အဲ့ဒီအက်ဆီတဲလ်ဒီဟိုက်တွေဟာ အဆိပ် အတောက်ဖြစ်စေပါတယ်.. ခန္ဓာကိုယ်အတွက် အန္တရာယ်ဖြစ်စေတဲ့ဓာတ်ပစ္စည်းဖြစ်ပါတယ်.. ကင်ဆာရောဂါအပါအဝင် ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးကို ဖျက်ဆီးနိုင်စွမ်းရှိပါတယ်.. အစာအိမ်ရဲ့နံရံမှာလည်း ADH အင်ဇိုင်းတွေရှိတော့ အစာအိမ်နံရံထဲမှာလည်း အက်ဆီတဲလ်ဒီဟိုက်အဖြစ် အချို့ပြောင်းလဲသွားပါတယ်..

- ဒုတိယအဆင့်အနေနဲ့ Acetaldehyde တွေကို Acetaldehyde Dehydrogenase (ALDH) ရဲ့အကူအညီနဲ့ Acetic acid အဖြစ်ကို ပြောင်းလဲလိုက်ပါတယ်.. သူက ပထမ Acetaldehyde လောက်တော့ အဆိပ်အတောက်မဖြစ်တော့ပါဘူး.. နောက်ဆုံး CO2 နဲ့ H2O အဖြစ် ပြိုကွဲပြီး ခန္ဓာကိုယ်ကနေစွန့်ထုတ်လိုက်ပါတယ်..

- အသည်းကနေ အယ်လ်ကိုဟောကိုချေဖျက်ရာမှာ တစ်နာရီကို အယ်လ်ကိုဟောယူနစ် ၁ ယူနစ်သာချေဖျက်နိုင်ပါတယ်.. အကယ်၍ တစ်နာရီအတွင်းမှာ ၁ ယူနစ်ထက်ပိုပြီးသောက်ခဲ့ရင် အသည်းရဲ့ချေဖျက်နိုင်တဲ့ပမာဏထက်ပိုသွားတဲ့အတွက် ခုနကပိုနေတဲ့ အယ်လ်ကိုဟောတွေဟာ သွေးထဲကတစ်ဆင့်တစ်ကိုယ်လုံးကို ပျံ့နှံ့ရောက်ရှိသွားပါတယ်..

- ပထမနှလုံးကိုရောက်ပါတယ်.. နှလုံးမှာရှိတဲ့ သွေးကြောတွေရော တစ်ကိုယ်လုံးမှာရှိတဲ့ သွေးကြောတွေပါ ကျယ်ကုန်လို့ သွေးပေါင်ချိန် (Blood pressure) ကျစေပါတယ်.. ပြီးရင် နှလုံးရဲ့ညာဖက်အခန်းကနေ သွေးထဲကတစ်ဆင့် အဆုတ်ကိုရောက်ပါတယ်.. အဆုတ်ကနေ အသက်ရှုထုတ်လိုက်တဲ့လေထဲမှာ CO2 နဲ့အတူ အယ်လ်ကိုဟောတွေပါထွက်သွားလို့ အရက်နံ့ရစေပါတယ်..

- နှလုံးရဲ့ဘယ်ဖက်အခန်းကနေ တစ်ကိုယ်လုံးကိုရောက်ပါတယ်..အရေပြားကိုရောက်ရင် သွေးကြောတွေကျယ်လို့နီရဲလာပါတယ်.. ချွေးပိုထွက်လာပါမယ်.. ပြီးရင် အရေပြားကနေတစ်ဆင့် အယ်လ်ကိုဟောတွေ စွန့်ထုတ်လို့ ချွေးနဲ့အတူ အရက်နံ့ပါရမှာဖြစ်ပါတယ်..

 - ဟိုမုန်းစနစ်တွေကိုလည်း ထိခိုက်စေပါတယ်.. ဆီးသွားမှုကိုထိန်းချုပ်ပေးတဲ့ ADH ဟိုမုန်းမထွက်နိုင်အောင် ဟန့်တားပေးလိုက်တဲ့အတွက် ဆီးပိုသွားစေပါတယ်.. ဒါ့ကြောင့် အရက်သောက်ပြီးရင် ဆီးရွှင်တယ်လို့ပြောကြတာဖြစ်ပါတယ်.. ဆီးသွားတဲ့အတွက် ရေဓာတ်ပါဆုံးရှုံးမှုရှိပါတယ်.. Dehydration ဖြစ်စေပါတယ်..

- နောက်ဆုံးအနေနဲ့ ဦးနှောက်နဲ့အာရုံကြောအဖွဲ့အစည်းကို ရောက်သွားပြီး ခန္ဓာကိုယ်လှုပ်ရှားမှုထိန်းသိမ်းတဲ့နေရာကို ထိခိုက်စေပါတယ် (Movements become disrupted)... ဒါ့ကြောင့်ဒယိမ်းဒယိုင်ဖြစ်လာပါမယ်.. လမ်းလျှောက်လို့မကောင်းတော့ပါဘူး.. ဒါ့အပြင် စဉ်းစားချင့်ချိန်နိုင်စွမ်းကိုလည်းထိခိုက်ပါတယ် (Judgement becomes impaired)..ဒီထက်ပိုပြီး ပမာဏများများသောက်ခဲ့ရင် သတိလစ်သွားပါမည်(Unconscious).. ပြီးရင် အသက်ရှုနှုန်းနှေးကွေးသွားပါမယ် (Respiratory depression) နဲ့ နောက်ဆုံး သေဆုံးတဲ့အထိဖြစ်နိုင်ပါတယ်.. အခုပြောခဲ့တာတွေကတော့ အရက်ကိုသောက်ရင် ရုတ်တရက်ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေပဲ ဖြစ်ပါတယ်..သောက်တဲ့ပမာဏနဲ့ အမျိုးအစားအပေါ်မူတည်ပြီး နည်းတာများတာပဲ ကွာခြားသွားမှာဖြစ်ပါတယ်..တစ်နေ့ကို နည်းနည်းစီနဲ့ ရေရှည်စွဲသောက်ရင်တော့ တစ်မျိုးဖြစ်မှာဖြစ်ပါတယ်..

💢 MWD: ဆရာခုနကပြောတဲ့အထဲမှာ Alcohol unit ဆိုတာ ဘာကိုဆိုလိုတာပါလဲ ဆရာ..

Dr.KML: အရက်အမျိုးအစား၊ ပါဝင်တဲ့ အယ်လ်ကိုဟောပမာဏပေါ်မူတည်ပြီး အမျိုးမျိုးကွဲပြားနေတာမို့ ဘယ်ရွေ့ဘယ်မျှသောက်ရင် ဘယ်လိုဖြစ်နိုင်တယ်လို့ပြောဆိုတဲ့အခါမှာ စံသတ်မှတ်ချက်တစ်ခု လိုအပ်လာပါတယ်.. ဒါကို Alcohol unit လို့ခေါ်ပါတယ်.. “အယ်လ်ကိုဟော ယူနစ် ၁ ယူနစ်ဆိုတာကတော့ အရက်စစ်စစ်၏ (Pure alcohol) 10ml (သို့မဟုတ်) 8 gm ကို ဆိုလိုတာဖြစ်ပါတယ်.. အဲဒီ့ပမာဏဟာ သာမန်လူကြီးတစ်ယောက်အတွက် သွေးထဲမှာရှိတဲ့ အရက်ကို ၁ နာရီ အတွင်းမှာ လုံးဝချေဖျက်နိုင်တဲ့ပမာဏ ဖြစ်ပါတယ်.. ဒါကတော့ အသက်အရွယ်၊ ကျား/မ၊ ခန္ဓာကိုယ်အလေးချိန်၊ အသည်းရဲ့လုပ်ငန်းဆောင်တာပေါ်မူတည်ပြီး အပြောင်းအလဲတော့ ရှိနိုင်ပါတယ်..” အဲ့ဒီပမာဏ (Alcohol 1 unit) ဟာ ဘာနဲ့ညီသလဲဆိုရင် အယ်လ်ကိုဟော တစ်ယူနစ် ပါဝင်သော အရက်အမျိုးအစားများ
- အယ်လ်ကိုဟော ၄% ပါဝင်သည့်ဘီယာ 250 ml
- အယ်လ်ကိုဟော ၁၃% ပါဝင်သည့်ဝိုင် 76 ml
- အယ်လ်ကိုဟော ၄၀% ပါဝင်သည့်ဝီစကီ 25 ml
ဥပမာ-အယ်လ်ကိုဟော ၁၃.၅ % ပါဝင်တဲ့ ဝိုင်ပုလင်းတစ်ပုလင်း (750 ml) ဆိုရင် အယ်လ်ကိုဟောယူနစ် (၁၀) ယူနစ် ပါဝင်နေပါတယ်.. UK နိုင်ငံမှာ သတ်မှတ်ချက်အရ ယောကျာ်းဖြစ်စေ မိန်းမဖြစ်စေ လူကြီးတစ်ယောက်ဟာ တစ်ပတ်ကိုအယ်လ်ကိုဟောယူနစ် (၁၄) ယူနစ်ထက် ပိုမသောက်သင့်ဘူးလို့ဆိုပါတယ်.. ဒီ့ထက်ပိုသောက်ရင် ကျန်းမာရေးကိုထိခိုက်စေပါမယ်.. အဲ့ဒီလိုသောက်ရင်တောင် ၁ ရက်ထဲ(၁၄) ယူနစ်သောက်လို့မရပါဘူး.. အနည်းဆုံး ၃-၄ ရက် ဖြန့်ပြီး မျှမျှတတသောက်ရပါမယ်.. ပြီးတော့ တစ်ပတ်မှာအနည်းဆုံး ၂-၃ ရက်တော့ နားပေးရပါမယ် (Alcohol-free days) လို့ဆိုပါတယ်..

💢 MWD: ဒါဆိုရင် တစ်ပတ်ကို (၁၄) ယူနစ်ထက် ပိုပြီးရေရှည်စွဲသောက်မယ်ဆိုရင် ဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေကိုလဲ သိပါရစေ ဆရာ..

Dr.KML: အရက်ကို ရေရှည်စွဲသောက်မယ်ဆိုရင် ဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေကို အဓိက (၃) မျိုးတွေ့နိုင်ပါတယ်..
(၁) လူမှုရေးဆိုင်ရာဆိုးကျိုးနှင့် ပြဿနာများ (Social Problems)
(၂) စိတ်ပိုင်းဆိုင်ရာဆိုးကျိုးနှင့် ပြဿနာများ (Psychiatric Problems)
(၃) ခန္ဓာကိုယ်အစိတ်အပိုင်းများ ရုပ်ပိုင်းဆိုင်ရာထိခိုက်ပျက်စီးသည့် ပြဿနာများ (Physical Problems) ဆိုပြီး ဖြစ်ပါတယ်.. သောက်တာ များလေလေ၊ သောက်တဲ့ကာလကြာရှည်လေလေ ဒီပြဿနာတွေပိုပြီး ကြီးလေဖြစ်ပါတယ်..

💢 MWD: အရက်ကြောင့် လူမှုရေးဆိုင်ရာဆိုးကျိုးတွေကို နည်းနည်းထပ်ရှင်းပြပေးပါဆရာ..

Dr.KML:အရက်သောက်နေသူအတွက် လုပ်ငန်းချိန်မှာ ထိခိုက်လာနိုင်ပါတယ်.. အလုပ်မှာအဆင်မပြေဖြစ်ခြင်း၊ ရာထူးမတိုးခြင်း၊ ကိုယ်တိုင်ဦးစီးလုပ်ကိုင်ဆောင်ရွက်နေသူတွေဆိုရင် လုပ်ငန်းများမအောင်မြင်ဖြစ်ခြင်း၊ သူများဆီမှာ ၀န်ထမ်းလုပ်တဲ့လူဆိုရင် အလုပ်ပြုတ်တဲ့အထိ ဖြစ်နိုင်ပါတယ်.. ပေါင်းသင်းဆက်ဆံရေးလည်း ထိခိုက်လာပါလိမ့်မယ်.. လူအများက ကိုယ့်ကိုအရက်သမားလို့ သတ်မှတ်လိုက်ရင် ပေါင်းချင်သင်းချင်တဲ့သူတွေ လျော့နည်းသွားပါမယ်.. အိမ်ထောင်ရေး အဆင်မပြေမှုတွေ ဖြစ်နိုင်ပါတယ်.. အရက်မူးနေသူတစ်ယောက်ဟာ ဥပဒေချိုးဖောက်ဖို့ အင်မတန်လွယ်ကူပါတယ်.. ဥပဒေချိုးဖောက်မှုတွေဖြစ်လို့ မကြာခဏတရားရင်ဆိုင် ရခြင်းတွေ ဖြစ်တတ်ပါတယ်..

💢 MWD: အရက်ကြောင့် စိတ်ပိုင်းဆိုင်ရာရောဂါအမျိုးမျိုးဖြစ်နိုင်တယ်ဆိုတာကရော ဆရာ..

Dr.KML: အရက်စွဲနေသူတစ်ယောက်အနေနဲ့ စိတ်နဲ့ပတ်သက်တဲ့ချို့ယွင်းမှုတွေဖြစ်လေ့ရှိပါတယ်..
(၁) Depression- စိတ်ကျရောဂါဖြစ်ခြင်း အဖြစ်များပါတယ်.. အရက်ကိုယ်၌က စိတ်ကျစေဖို့လုပ်ဆောင်ပေးတာကြောင့် ဖြစ်ပါတယ် (Alcohol has a direct depressant effect) အရက်စွဲနေသူအနေနဲ့ စိတ်ဓာတ်တက်ြွကမှုလုံးဝမရှိတော့ဘဲ စိတ်ဓာတ်ကျဆင်းကာ နောက်ဆုံး မိမိကိုယ်မိမိ သတ်သေတဲ့အထိ (Suicide) ဖြစ်တတ်ပါတယ်..

(၂) Anxiety- စိတ်လှုပ်ရှားမှုဖြစ်တဲ့အခါ အရက်သောက်လိုက်ရင် အချိန်တိုအတွင်း စိတ်ငြိမ်သွားတော့ဟုတ်သလိုရှိပါတယ်.. အဲ့ဒီလိုနဲ့ အရက်ကိုမသောက်ရမနေနိုင်အောင် ဖြစ်စေပါတယ်.. အရက်မသောက်ရတဲ့အခါ စိတ်လှုပ်ရှားမှုတွေ၊ စိတ်ဂယောက်ဂယက်တွေ ပိုပြီးဖြစ်လာလေ့ရှိပါတယ်..ဒီလိုနဲ့သံသရာလည်နေပါတယ်..

(၃) Alcoholic hallucinosis- အရက်ကြောင့် တကယ်မရှိတာကို အရှိလို့ထင်နေတာမျိုးကိုဆိုလိုတာပါ.. အသံမရှိဘဲ အသံတွေကြားနေရခြင်း၊ ထင်ယောင်ထင်မှားတွေဖြစ်ခြင်းတို့ဖြစ်ပါတယ်..အရပ်ထဲမှာတော့ အရက်ကြောင် ကြောင်နေတယ်လို့ ပြောလေ့ရှိပါတယ်..

💢 MWD: အရက်ကြောင့် ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးမှုအကြောင်းကိုလည်း ဆက်ပြီးရှင်းပြပေးပါ ဆရာ..

Dr.KML:အရက်ကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံး ဦးခေါင်းကနေခြေဖျားအထိ အားလုံးကိုထိခိုက်စေပါတယ်.. အရက်ဆိုတာ ခန္ဓာကိုယ်အတွက် အဆိပ်အတောက်တစ်မျိုးပါပဲ.. အဓိကအနေနဲ့
(၁) အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာထိခိုက်ပျက်စီးမှုပြဿနာများ (Gastro-intestinal problems)
(၂) အသည်းထိခိုက်ပျက်စီးမှု ပြဿနာများ (Liver damage problems)
(၃) ဦးနှောက်နှင့် အာရုံကြောအဖွဲ့အစည်းပျက်စီးမှု ပြဿနာများ (Neurological problems)
(၄) အခြားအဖွဲ့အစည်းများထိခိုက်ပျက်စီးမှု ပြဿနာများ (Other system problems) ဆိုပြီး ခွဲခြားလေ့လာနိုင်ပါတယ်..

💢 MWD: အရက်ကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာထိခိုက်မှုတွေကို သိပါရစေဆရာ..

Dr.KML: အရက်ဆိုတာတိုက်စားတတ်တဲ့ အာနိသင်ရှိပါတယ်..အရက်ကိုသောက်လိုက်ရင် ပါးစပ်ကနေတစ်ဆင့်အစာရေမျို တစ်လျှောက်ပူပြီးဆင်းသွားပါလိမ့်မယ်.. ကြာရှည်သောက်ရင် အစာရေမျိုပြွန်နဲ့ အစာအိမ် တစ်လျှောက်ရဲ့အတွင်းဆုံးအလွှာမှာရှိတဲ့ အချွဲလေးတွေထုတ်ပေးတဲ့ဆဲလ်လေးတွေကို ပျက်စီးစေပါတယ်.. အဲ့ဒီချွဲထုတ်တဲ့ဆဲလ်လေးတွေ (Mucous lining) ရှိမှ အစာတွေ မျိုတဲ့အခါ လျှောလျှောရှုရှု ဖြစ်မှာပါ.. အဲ့ဒီဆဲလ်တွေပျက်စီးတော့ နောက်ပိုင်းမှာ အတွင်းသားနဲ့အရက်နဲ့ ပိုမိုထိတွေ့လာတာနဲ့အမျှ ရောင်ရမ်းမှုတွေဖြစ်စေပါတယ်..အစာရေမျိုရောင်တာ (Oesophagitis)၊ အစာအိမ်ရောင်တာ (Gastritis)၊ အူရောင်တာ (Enteritis)နဲ့ ပန်ကရိယရောင်တာ (Pancreatitis)တို့ ဖြစ်တတ်ပါတယ်.. အကယ်၍အသည်းပါထိခိုက်ပြီး အသည်းခြောက်ရောဂါ (Cirrhosis of liver) ဖြစ်ရင် အစာအိမ် သွေးကြောတွေဖောင်းနေတဲ့အတွက် အစာအိမ်သွေးကြော ပေါက်တာတွေဖြစ်တတ်ပါတယ်.. အူထဲမှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားတွေကို အရက်ကသေစေတဲ့အတွက် အကျိုးပြု ဘက်တီးရီးယားတွေ လျော့နည်းသွားပြီး မကြာခဏဆိုသလို ဝမ်းပျက်ဝမ်းလျှောဖြစ်တတ်ပါတယ် (Malabsorption).. ပိုပြီးဆိုးတဲ့လူတွေမှာတော့ အစာရေမျိုကင်ဆာ (Oesophageal cancer)၊ အစာအိမ်ကင်ဆာနဲ့ အူမကြီးကင်ဆာတွေ ဖြစ်နိုင်ပါတယ်..

~ ဒေါက်တာခင်မောင်လွင် (FAME Pharmaceuticals)

..... ဆက်ရန်.....

# MWD Health Talk Programme

No comments: