Friday, July 6, 2018

Cheese Pizza - Pesto Macroni - Aglio Elio Spaghetti -Char grilled Chicken Wrap

Cheese Pizza (ချိစ်ပီဇာ)



          ညီအစ်ကိုမောင်နှမတွေအားလုံး အပြင်ထွက်စရာမလိုဘဲ အိမ်မှာ ကိုယ်တိုင်လုပ်ပြီးစားနိုင်အောင်လို့ လွယ်ကူပေါ့ပါးတဲ့ ပီဇာလေးလုပ်ကြရအောင်။ ဒီပီဇာထဲမှာတော့ ဘာမှထွေထွေထူးထူးမပါဘဲ စားလို့အဆင်ပြေစေပါတယ်။

►   ပါဝင်ပစ္စည်းများ

♦   Pizza Dough (ပီဇာ ဂျုံသား)   –   ၁ ချပ်

♦   Tomato Sauce (ခရမ်းချဉ်သီးဆော့စ်)   –   ၅ ဂရမ်

♦   Salt Pepper (ဆား၊ ငရုတ်ကောင်း)   –   အနည်းငယ်

♦   Oregano (ဟင်းခတ်မွှေးရွက်တစ်မျိုး)   –   အနည်းငယ်

♦   Olive Oil (သံလွင်ဆီ)   –   ၂၀ မီလီ

♦   Mozzarella Cheese (မိုဇရဲလားချိစ်)   –   ၁၀ဝ ဂရမ်

♦   Sweet Basil Chop (ပင်စိမ်း)   –   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

♦   Parmesan Cheese (ပါမီစန်ချိစ်)   –   လက်ဖက်ရည်ဇွန်း ၂ ဇွန်း

♦   Pesto Sauce   –   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

►   ပြုလုပ်နည်းအဆင့်ဆင့်

၁။      ပထမဆုံး ပီဇာဆော့စ်ကို အရင်လုပ်ကြမယ်။ ခရမ်းချဉ်သီးဆော့စ်ထဲကို သံလွင်ဆီ၊ ဆား၊ ငရုတ်ကောင်း၊ Oregano နဲ့ ပင်စိမ်းတို့ထည့်ပြီး နှံ့အောင်မွှေပါ။

၂။      ပီဇာဂျုံသားပေါ် ပီဇာဆော့စ်ဖြန်းထည့်ပါ။ ပြီးလျှင် ချိစ်တွေအားလုံးအပေါ်မှ တင်ထည့်ပါ။ ပြီးလျှင် အပူချိန် ၂၀ဝံC ပေးထားတဲ့ Oven ထဲထည့်ပါ။ ချိစ်တွေ အရောင် လေးတွေလှပြီး ရွှေရောင်သန်းလာလျှင် ရပါပြီ။ အပေါ်မှ Pesto Sauce လေးတင်ပေးလိုက်လျှင် မွှေးပြီး စားချင်စရာလေးပါပဲ။

♦   Win Zaw @ Mario Win Zaw   ♦

Pesto Macroni (မာခရိုနီ ပစ်တိုဆော့စ်)



          မာခရိုနီကတော့ ပါစတာထဲက တစ်မျိုးပါပဲ။ ပစ်တိုဆော့စ်နဲ့ အရောင်လေးလှပြီး စားလို့ကောင်းအောင် ပုစွန်နဲ့ လုပ်လိုက်မယ်နော်။

ပါဝင်ပစ္စည်းများ

♦   Macroni (မာခရိုနီ)   –   ၁၅၀ ဂရမ်

♦   Prawn (ပုစွန်)   –   ၃ ကောင်

♦   Pesto Sauce (ပစ်တိုဆော့စ်)   –   စားပွဲဇွန်း ၃ ဇွန်း

♦   Salt & Pepper (ဆား၊ ငရုတ်ကောင်း)   –   အနည်းငယ်

♦   Cream (ခရင်မ်)   –   ၃၀ ဂရမ်

♦   Parmesan Cheese –   လက်ဖက်ရည်ဇွန်း ၂ ဇွန်း

♦   Olive Oil (သံလွင်ဆီ)   –   စားပွဲဇွန်း ၁ ဇွန်း

♦   Garlic Chop (ကြက်သွန်ဖြူ)   –   စားပွဲဇွန်း ၁ ဇွန်း

♦   White Wine (ဝိုင်အဖြူ)   –   အနည်းငယ်


►   ပြုလုပ်နည်းအဆင့်ဆင့်

၁။      ပထမဦးဆုံး အိုးကိုအပူပေးပြီး ပုစွန်များကို ဆီသတ်ပါ။ ဝိုင်အဖြူထည့်ပါ။

၂။      ပစ်တိုဆော့စ်၊ ခရင်မ်၊ ဆားနှင့် ငရုတ်ကောင်းထည့်ပြီး သမအောင်မွှေပါ။ အရသာလည်း ကြိုက်သွားပြီဆိုလျှင် ချိစ်နှင့် မာခရိုနီထည့်ပြီး အရည်လေးခန်းသွားအောင် မီးအေးအေးဖြင့်ထားကာ မွှေပေးပါ။

၃။      ရနံ့လေးမွှေးလာပြီး အရည်လည်း ခန်းသွားလျှင် ရပါပြီ။ (၄င်းနေရာတွင် သတိထားရမည်။ မီးပြင်းပြင်းနှင့် လုပ်ပါက ပစ်စတိုဆော့စ်များ ကွဲသွားပါလိမ့်မည်။)

၎။      ပစ်တိုဆော့စ် လုပ်နည်းလေးကတော့ (Sweet Basil + Olive Oil + Pine Nut (or) Chshuewnut + Salt + Pepper + Parmesan Cheese) အားလုံးကို ရောပြီး ကြိတ်လျှင် ရပါပြီ။

♦   Win Zaw @ Mario Win Zaw   ♦


 Aglio Elio Spaghetti



          စပါကတီကတော့ အီတလီပေးထားတဲ့ နာမည်ပါ။ Aglio = Garlic E = and Olio = Oil လို့ အဓိပ္ပာယ်ရတော့ ဆီနှင့် ကြက်သွန်ဖြူ ပါဝင်တယ်လို့ မှတ်ရမှာပေါ့။ ဒါပေမဲ့ စားသုံးသူ ပိုကြိုက်အောင် စီစဉ်ထားပါတယ်။

►   ပါဝင်ပစ္စည်းများ

♦   Spaghetti Boil (စပါကတီ ပြုတ်ပြီးသား)   –   ၁၅၀ ဂရမ်

♦   Garlic Chop (ကြက်သွန်ဖြူ)   –   လက်ဖက်ရည်ဇွန်း ၂ ဇွန်း

♦   Chilli (ငရုတ်သီး)   –   အနည်းငယ်

♦   Olive (သံလွင်သီး)   –   ၅ လုံး

♦   Olive Oil (သံလွင်ဆီ)   –   သင့်တော်ရုံ

♦   Parsley Chop (အီတလီနံနံ)   –   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

♦   Parmesan Cheese (ပါမီဆန်ချိစ်)   –   လက်ဖက်ရည်ဇွန်း ၂ ဇွန်း

♦   Salt & Pepper (ဆား၊ ငရုတ်ကောင်းမှုန့်)   –   အနည်းငယ်

♦   Oregano (ဥရောပအမွှေးရွက်)   –   အနည်းငယ်


♦   White Wine (ဝိုင်အဖြူ)   –   လက်ဖက်ရည်ဇွန်း ၃ ဇွန်း

►   ပြုလုပ်နည်းအဆင့်ဆင့်

၁။      စပါကတီကြော်မည့် အိုးတစ်လုံးကို အပူပေးပါ။ သံလွင်ဆီဖြင့် ကြက်သွန်ဖြူ၊ ငရုတ်သီးဆီသတ်ပါ။ ဝိုင်အဖြူ ဆမ်းပြီး ရေနည်းနည်းထည့်ပါ။

၂။      ဒီအချိန်မှာ လိုအပ်မည့် ဆား၊ ငရုတ်ကောင်း၊ Oregano နှင့် အီတလီနံနံ တို့ထည့်ပါ။ အရသာမြည်း၍ အဆင်ပြေပါက ကျန်သောပါဝင်ပစ္စည်း အားလုံးနှင့် စပါကတီကိုထည့်ပါ။ အရည်ခန်းသွားအောင် ကြော်ပြီးပါက ပန်းကန်ထဲထည့်ပြီး အပေါ်မှ ပါမီဆန်ချိစ် ဖြူးပေးလိုက်လျှင် ရပါပြီ။

♦   Win Zaw @ Mario Win Zaw   ♦
[Vol 6, No 9, September, 2017 လထုတ် Food Magazine]

အလွယ်ဆုံး  ရှစ်ပါ ပိုင် (Easy Peasy Shepherd’s Pie )




ဒီ ရှစ်ပါပိုင်လေး ကို မစည် ပိုင်တွေ ထဲမှာ အကြိုက်ဆုံးပါ။ သြစတေးလျ ရဲ့ အမှတ်တရ ပိုင် ဆိုရင်လဲ မမှားပါဘူး။ မစည် သြစီ မှာနေတုန်း က မွေးစား အဖွား ဆီကနေ အရင်ဆုံး စသင်ခဲ့သော ပိုင်ဖြစ်ပါတယ်။ အဖွား လုပ်ကျွေး တယ့်ပိုင်လက်ရာတော့ မမှီပေမယ့် အခုချိန်ခါ မှာ မစည် ရဲ့ ပိုင်က အိမ်ကမိသားစု၊ ဆွေမျိုးတွေ၊ သူငယ်ချင်း တွေ တင်မက ဟင်းပွဲမှာယူသူများ ရဲ့ အကြိုက်ဆုံး သော လက်ရာတော့ ဖြစ်လာပါတယ်။ အားလုံး အလွယ်တစ်ကူ လုပ်စားလို့ရအောင် ဖော်ပြလိုက်ပါတယ်။


ပါဝင်ပစ္စည်းများ
ဝက်ကြိတ်သား ၂၅၀ ဂရမ်
အမဲကြိတ်သား ၂၅၀ ဂရမ်
မှို ဘဲယ်လိုနီစ်ဆော့ ၄၅၀ ဂရမ် ၁ ပုလင်း (Mushroom & Bolognaise Sauce)
ငရုတ်ကောင်းမှုန့်မြည်း အနည်းငယ်
ကရဝေးရွက် ၂ ရွက်
အာလူးမှုန့်ထုပ် ၁ ထုပ် ၄၅၀ ဂရမ် (Mashed Potato powder Pack)
အသီးအရွက်စုံရော ခွက် တစ်ဝက် (ဟင်းချက်ရန်တိုင်းသောခွက်။ mix vegetable)
Parmesan ချီစ် လိုသလောက် ခြစ်ထည့်ပါ
ထောပတ်တုံး လိုသလောက် ခြစ်ထည့်ပါ

ပြုလုပ်နည်း
၁။ မီးအနေတော်ဖြင့် မကပ်သော ဒယ်အိုးကိုအပူပေးပါ။ ဒယ်အိုး ထဲကို ကြိတ်သားများ ၊ ကရဝေးရွက် နှင့် ငရုတ်ကောင်း ထည့်ပြီးအညိုရောင်သန်းလာတယ့်အထိ အဆက်မပြတ်မွှေပြီး ကြော်ပါ။ ဘဲယ်လိုနီစ်ဆော့ နှင့် အသီးအရွက်စုံရော ထည့်ပြီး မိနစ် ၂၀ လောက် အဖုံးအုပ်ပြီး အငွေ့ထွက်ယုံလေး မီးမျှင်မျှင်လေးနဲ့ တည်ထားပါ။ ဆော့ခြောက်ခန်း တည့်အထိမတည်ပါနဲ့။



၂။ အာလူးမုန့် ကို ဖန်ဇလုံထဲ ထည့်ပြီး အထုပ်မှာ ပါသော အညွန်း အတိုင်း ဖျော်ပါ။


၃။ အာဗင်ထဲ ထည့်ဖုတ်လို့ရမယ့် ဇလုံထဲ ဆော့များကို ဇလုံတ၀က်လောက်လောင်းထည့်ပါ၊ ပြီးလျှင် ချိစ် ခြစ်ဖြူးပါ။ ကျန်ဆော့များအားလုံးထပ်လောင်းထည့်ပါ။ ပြီးလျှင် အပေါ်မှာ ချိစ်ထပ်ခြစ်ချပါ။ ပေါ်မှာ အားလူး တင်ပါ။ သေချာ ခရင်းလေးနှင့် ပုံဖော်ပြီး ဆော့မပေါ်အောင်အုပ်ပေးပါ။ ကျွတ်ရွသော အရသာ နဲ့ အရောင်လှအောင် ထောပတ် နှင့် ချိစ် ကို နေရာအနှံ့ဖြူးပေးပါ။


၎။ အာဗင် ကို ၁၈၀ ဒီဂရီလောက် ထားပြီး မိနစ် ၂၀ လောက် ဖုတ်ပါ။ ပိုင် ရဲ့အပေါ်ပိုင်း ရွှေရောင်သန်း ပြီး ကျွတ်လာလျှင် ရပါပြီး။ အာဗင်မှ ထုပ်ပြီး အနည်းငယ် အအေးခံပြီးမှ လိုသလောက် အရွယ်လှီးပြီး စားသုံးပါ။ လတ်ဆတ် သောအသီးဖျော်ရည်နှင့် ဆိုသိပ်လိုက်ဖက်ပါတယ်။ လိမ္မော်သီး၊ ပန်းသီး၊ နာနတ်သီး တို့နဲ့ဆို ပိုလိုက်ဖက်ပါတယ်။



ကြက်သားကင် တော်တီလာစ်လိပ် (Char grilled Chicken Wrap)



            ကျန်းမာရေးအတွက် သင့်လျော်ပြီး ခန္ဓာကိုယ်ထိန်းသိမ်းနေရသောသူများအတွက် အဆင်ပြေစေသော အစားအစာလေးပါ။ လုပ်စားကြည့်လိုက်နော် . . . ။

►   ပါဝင်ပစ္စည်း (၁ ယောက်စာ)

♦   တော်တီလာစ်ပြား   –   ၁ ချပ် (စားခါနီး မီးအပူပေးပါ)

♦   သံလွင်ဆီ   –   လက်ဖက်ရည်ဇွန်း ၂ ဇွန်း

♦   ကြက်ရင်ပုံသား   –   ၂၅ဝ ဂရမ် (အသားတုံး အလယ်ကနေ ထပ်ခြမ်း ခြမ်းထားပါ)

♦   Chunky Salsa   –   စားပွဲဇွန်း ၂ ဇွန်း (အသင့်စား ပုလင်း)

♦   ထောပတ်သီး   –   တစ်ခြမ်း (အသားများထုတ်ပြီး ပါးပါးလှီးထားပါ)

♦   ဆလတ်ရွက်   –   ၂ ရွက် (ခပ်ပါးပါး လှီးထားပါ)

  ပြုလုပ်နည်း

၁။        အကင်အိုး (သို့) သံအထူဒယ်အိုးကို မီးပြင်းပြင်းဖြင့် အပူပေးပါ။ ကြက်သားကို ဆီဖြင့် နှံ့အောင်သုတ်ပြီး တစ်ဖက်ကို ၅-၇ မိနစ်လောက် တင်ပြီးကင်ပါ။ ဟိုဘက်ဒီဘက်လှန်ပေးပါ။ မီးဖိုပေါ်မှချပြီး အနည်းငယ်အအေးခံပါ။ ပြီးလျှင် ခပ်ပါးပါး ရှည်ရှည်အတုံးလေးတွေလှီး ထားပါ။

၂။        တော်တီလာစ်ပြားကို အပူပေးပါ။ ပြီးလျှင် Chunky Salsa များ အသေအချာ ဖြန့်တင်ပါ။ ပြီးလျှင် ပါးပါးလှီးထားသော ဆလတ်ရွက်၊ ထောပတ်သီးနှင့် ကြက်သားတုံးများတင်ပါ။ ပြီးလျှင် သေချာလိပ်ပါ။ အလယ်မှ တစ်စောင်းလေးပိုင်းပြီး ချက်ချင်းသုံးဆောင်ပါ။

www.facebook.com/Syi Foodsgarden

No comments: