Saturday, July 7, 2018

အရက်၏ ကျန်းမာရေးအန္တရာယ်များ အပိုင်း (၂)



~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

💥 MWD: အရက်ကြောင့် အသည်းထိခိုက်ပုံကိုလည်း ဆက်ရှင်းပြပေးပါဆရာ..

Dr.KML:အရက်သောက်တာကြာလာရင် အသည်းထိခိုက်ပျက်စီးတတ်တယ်ဆိုတာတော့ အရက်သောက်တဲ့သူတိုင်းနီးပါးသိကြပါတယ်.. စဖြစ်ခါစကတော့ အသည်းအဆီဖုံးခြင်း (Fatty liver) ကနေ အချိန်ကြာကြာသောက်တာနဲ့အမျှ အသည်းတဖြည်းဖြည်းခြောက်လာပါတယ်.. ဒါကို Cirrhosis of liver ဟု ခေါ်ပါတယ်..သောက်တဲ့ပမာဏများလေလေ စောစောဖြစ်လေ ဖြစ်ပါတယ်.. အမျိုးသားနဲ့အမျိုးသမီး သောက်သုံးတဲ့ပမာဏတူညီခဲ့ရင် အမျိုးသမီးတွေမှာပိုပြီးစောစောဖြစ်ပါတယ်.. အသည်းခြောက်ခါစမှာတော့ ရောဂါလက္ခဏာပေါ်လေ့မရှိတော့ သတိထားမိကြာမှာမဟုတ်ပါဘူး..အသည်းက ဆိုးဆိုးဝါးဝါးခြောက်ပြီးပျက်စီးမှသာ အသည်းရဲ့လုပ်ငန်းဆောင်တာတွေ မလုပ်နိုင်တော့တဲ့အခါကျမှ လက္ခဏာတွေပေါ်လာလေ့ရှိပါတယ်.. ဒါ့ကြောင့် ရောဂါကျွမ်းမှသိတာ ပိုများပါတယ်.. အသည်းခြောက်တဲ့လက္ခဏာတွေကတော့ အစပိုင်းမှာအားနည်းတာ၊ မောပန်းလွယ်တာ၊ စားချင်သောက်ချင်စိတ်လျော့နည်းလာတာ၊ ပျို့ချင်အန်ချင်တာ၊ ဗိုက်ထဲမှာနေလို့မကောင်းတာ၊ ကိုယ်အလေးချိန်ကျလာတာတွေ ဖြစ်တတ်ပါတယ်.. နည်းနည်းပိုဆိုးလာရင် လူကပိန်ပြီး အသားအရေတွေခြောက်သွေ့လာပါမယ်.. ခြေထောက်တွေဖောလာတတ်ပါတယ်.. ပိုဆိုးရင်တော့ဗိုက်ထဲမှာရေဖျင်းစွဲလာတတ်ပါတယ်..

အရေပြားကိုကြည့်လိုက်ရင် လက်ဖဝါး၊ ခြေဖဝါးတွေရဲနေတတ်ပါတယ် (Palmar erythema)..မျက်လုံးတွေအနည်းငယ်ဝါလာပြီး အရေပြားကလည်းဝါလာနိုင်ပါတယ်(Jaundice) မျက်နှာနဲ့ရင်ဘတ်နေရာတချို့မှာ အနီရောင်သွေးကြောမျှင်လေးတွေ ပင့်ကူပုံသဏ္ဌာန် တွေ့ရတတ်ပါတယ်..လက်နဲ့ဖိလိုက်ရင် ဖြူသွားပါတယ်..ဒါကို Spider naevi လို့ ခေါ်ပါတယ်..ပြီးရင်ပြန်ပြီးနီလာပါတယ်.. သွေးကြောလေးတွေကြောင့် ဖြစ်တာပါ.. အမျိုးသားတွေမှာကြည့်ရင် ရင်သားတွေဖောင်းလာပါမယ်.. Breast tissue တွေစုလာလို့ဖြစ်ပါတယ်.. ပြီးရင်ဝှေးစေ့တွေနဲ့ အမျိုးသားလိင်အင်္ဂါတွေကလည်း သေးပြီးကျုံ့သွားပါတယ်..အချို့ပိုဆိုးရင် ဗိုက်မှာရှိတဲ့သွေးပြန်ကြောတွေ ပိုမိုထင်ရှားစွာတွေ့ရတတ် ပါတယ် (Widened veinsin the abdomen wall)..အချို့ လက်တွေကွေးကောက်တာ တွေ့ရတတ်ပါတယ်..အထူးသဖြင့် လက်သန်းနဲ့လက်သန်းကြွယ်တွေ ကွေးလို့ဆန့်လို့မရ ဖြစ်တတ်ပါတယ်.. ဘယ်ညာနှစ်ဖက်စလုံးဖြစ်နိုင်ပါတယ်..ဒါကို Dupuytren's contracture လို့ခေါ်ပါတယ်..ဒါတွေကတော့ အရက်ကြောင့်အသည်းခြောက်ရောဂါရနေသူတွေရဲ့ လက္ခဏာတွေ ဖြစ်ပါတယ်..သေချာအောင်ဗိုက်ကို Ultrasound လုပ်ကြည့်လို့ဖြစ်စေ CT ရိုက်ကြည့်လို့ဖြစ်စေသိနိုင်ပါတယ်.. ခြောက်တဲ့ပမာဏဘယ်လောက်ဆိုးတယ် အသည်းဘယ်လောက်ထိ မာကျောနေတယ်ဆိုတာတော့ Fibroscan လုပ်ကြည့်နိုင်ပါတယ်.. သွေးဖောက်စစ်ကြည့်ရင် LFT မှာ ချို့ယွင်းမှုတွေ တွေ့နိုင်ပါတယ်..

💥 MWD: အရက်ကြောင့် ဦးနှောက်နဲ့ အာရုံကြောအဖွဲ့အစည်းကို ဘယ်လိုများထိခိုက်စေပါသလဲဆရာ..

Dr.KML: အရက်ဟာဦးနှောက်နဲ့ အာရုံကြောအဖွဲ့အစည်းကို ဆိုးဆိုးဝါးဝါးထိခိုက်စေပါတယ်.. သာမန်လူကောင်းတစ်ယောက်ရဲ့ ဦးနှောက်နဲ့အာရုံကြောအဖွဲ့အစည်းမှာ Neurotransmitters တွေရှိပါတယ်..အဲ့ဒီ Neurotransmitters တွေထဲမှာအရေးအပါဆုံး တစ်ခုကတော့ GABA (Gamma-Aminobutyric-Acid) ဖြစ်ပြီး Nerveကြောတစ်ခုနဲ့ တစ်ခုဆက်သွယ်တဲ့နေရာမှာရှိတဲ့ Synapse တွေမှာ Information တွေကို ထိန်းချုပ်ပေးပါတယ်..GABA ကြောင့် Synapse တွေမှာ(-)charge တွေ ပိုမိုဝင်ရောက်လာစေလို့ ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာတွေကို နှေးကွေးစေပါတယ်..အရက်သောက်လိုက်ရင် ပါဝင်တဲ့ Ethanol တွေဟာ GABA ဝင်ရမယ့်နေရာမှာပေါင်းလိုက်လို့ (-) charge တွေပိုများလာပြိး ဦးနှောက်ရဲ့ Trasmittion of information လေးကို များစွာပိုမိုနှေးကွေးသွားစေပါတယ်.. ဦးနှောက်မှာရှိတဲ့ ဘယ်အစိတ်အပိုင်းကို ပိုပြီးထိခိုက်စေသလဲပေါ်မူတည်ပြီး ရောဂါလက္ခဏာတွေလည်း ကွဲပြားလေ့ရှိပါတယ်..

ဥပမာ- Cerebral cortex (Frontal lobe) လို့ခေါ်တဲ့ ဦးနှောက်ရဲ့ ရှေ့ပိုင်းနေရာကိုထိခိုက်ခဲ့ရင် စဉ်းစားနိုင်မှု(Thinking) ကို ထိခိုက်ခြင်း၊ ဆုံးဖြတ်ချက် (Decision making) ချမှတ်မှုမှားယွင်းခြင်း၊မချနိုင်ခြင်း ချီတုံချတုံဖြစ်ခြင်း၊ စိတ်ခံစားမှုများပွင့်ထွက်ပြီး ပြောချင်တာလျှောက်ပြောခြင်း (Emotional incontinence and aggression) အာရုံ (၅) ပါး ခံစားမှုများထိခိုက်ခြင်း (Impaired 5 senses) တို့ ကြုံတွေ့ရနိုင်ပါတယ်..

Medulla ဆိုတဲ့နေရာကို ထိခိုက်ရင် လှုပ်ရှားချင်သလို လှုပ်ရှားလို့မရဘဲ ဖြစ်တတ်ပါတယ်.. ဥပမာ- မတ်တပ်ရပ်ချင်ပေမဲ့ရပ်လို့မရတာမျိုး (Impaired voluntary movement) ဖြစ်နိုင်ပါတယ်..

Cerebeller ဆိုတဲ့ ဦးနှောက်ရဲ့အစိတ်အပိုင်းကိုထိခိုက်ရင်တော့ Coordinated movement တွေ ထိခိုက်ပါတယ်.. ဥပမာ- လမ်းလျှောက်ရင် ယိုင်ထိုးယိုင်ထိုးဖြစ်တာ (Ataxia) ပစ္စည်းတွေယူရင်မမြဲတာ၊ တုန်တုန် တုန်တုန်ဖြစ်နေတာ (Impaired picking up objects)၊ စကားတွေဗလုံးပထွေးဖြစ်နေတာ (Slurred speech) တွေဖြစ်နိုင်ပါတယ်..

ပိုပြီးအရေးကြီးတဲ့နေရာကတော့ မှတ်ဥာဏ်တွေသိုမှီးတဲ့ Hippocampus ဖြစ်ပါတယ်.. ဒါ့ကြောင့် မှတ်ဥာဏ်ထိခိုက်တာအစ ပြီးခဲ့တဲ့အဖြစ်အပျက်တွေ ဘာမှမသိတော့တာ "Alcohol blackout" တွေ ဖြစ်နိုင်ပါတယ်..ရေရှည်စွဲလန်းနေရင်တော့ မှတ်ဥာဏ်လုံးဝပျက်စီးတဲ့ရောဂါ (Dementia) အထိဖြစ်နိုင်ပါတယ်..ခြေဖျားလက်ဖျားကိုသွားတဲ့အာရုံကြောတွေကို ထိခိုက်တဲ့အတွက် Peripheral neuropathy လို့ခေါ်တဲ့ ထုံတာကျင်တာတွေလည်း အဖြစ်များပါတယ်.. အထူးသဖြင့် ဗီတာမင် ဘီ-၁ ချို့တဲ့သူတွေမှာပိုတွေ့ရပါတယ်..ဒါ့ကြောင့် အရက်စွဲသူတစ်ယောက်အနေနဲ့ ဦးနှောက်နဲ့အာရုံကြောကို ထိခိုက်စေလို့ အများနဲ့ယှဉ်ရင် နောက်မှာပဲကျန်ခဲ့မှာ ဖြစ်ပါတယ်..

💥 MWD: အရက်ကြောင့် ခန္ဓာကိုယ်ရဲ့အခြားအစိတ်အပိုင်းတွေကိုရော ဘယ်လိုများထိခိုက်ပါသလဲဆရာ..

Dr.KML: ရှေ့မှာပြောခဲ့တဲ့ အစာအိမ်နဲ့ အူလမ်းကြောင်း၊ အသည်း၊ ဦးနှောက်နဲ့ အာရုံကြောအဖွဲ့အစည်းကတော့ အရေးကြီးလို့ သီးခြားခေါင်းစဉ်အနေနဲ့ပြောပေမဲ့ ကျန်တဲ့အစိတ်အပိုင်းတွေကိုလည်း တစ်ပြိုင်ထဲထိခိုက်ပျက်စီးစေပြီး ရောဂါအမျိုးမျိုး ရရှိစေနိုင်ပါတယ်.. အဲ့ဒီထဲမှာ အရေးကြီးတဲ့အစိတ်အပိုင်းတွေအနေနဲ့ကောက်နှုတ်ပြောပြရရင်

(၁) နှလုံးနဲ့ သွေးကြောအဖွဲ့အစည်းကိုထိခိုက်ခြင်း အရက်သောက်တာကြာရင် သွေးထဲမှာအဆီတွေများလာတဲ့အတွက် သွေးကြောနံရံတွေထူလာပါတယ်(Atherosclerosis)..ဒါ့ကြောင့် သွေးကြောတွေကျဉ်းလာပါမယ်.. နှလုံးသွေးကြောကျဉ်းရောဂါနဲ့ သွေးတိုးရောဂါတွေရလာပါမယ်..ပြီးရင် အရက်ဟာအဆိပ်ဖြစ်တဲ့အတွက် နှလုံးကြွက်သားတွေဟာအဆိပ်သင့်ပြီး အလုပ်ကောင်းကောင်းမလုပ်နိုင်ဘဲ ဖြစ်တတ်ပါတယ်(Cardiomyopathy).. အမောမခံနိုင်တာတွေ ဖြစ်ပါတယ်..နဂိုထဲက နှလုံးရောဂါအခံရှိသူတွေကို ပိုဆိုးစေပါတယ်.. ဒါ့အပြင် ပလိပ်လက် (Platelet) လေးတွေကို ပိုမိုစေးကပ်စေပြီး သွေးကြောထဲမှာသွေးခဲစေတာမို့ နှလုံးသွေးကြောပိတ် (Heart attack) တာ၊ ဦးနှောက်သွေးကြောပိတ်ပြီး လေဖြတ်တာ (Stroke) တွေ ဖြစ်နိုင်ပါတယ်..

(၂) အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများဖြစ်ခြင်း အရက်သောက်ရင် ခန္ဓာကိုယ်ခုခံအားစနစ်ကို ကျဆင်းစေတဲ့အတွက် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါပိုးတွေ အလွယ်တကူဖြစ်လွယ် ကူးစက်လွယ်ပါတယ်..ဥပမာ-တီဘီရောဂါပိုးတွေဝင်ပြီး အဆုတ်တီဘီဖြစ်တာတို့ အဆုတ်ရောင်ရောဂါ (Pneumonia) ဖြစ်တာတို့တွေ မကြာခဏတွေ့ရလေ့ရှိပါတယ်..အရက်သောက်လို့အန်ရင် အန်ဖတ်တွေဟာ အသက်ရှူလမ်းကြောင်းထဲဝင်ရောက်ရင် ပိုမိုပြင်းထန်တဲ့ အသက်ရှုလမ်းကြောင်းရောဂါ (Aspiration pneumonia) တွေဖြစ်နိုင်ပါတယ်..အလွယ်တကူမောပန်းလွယ်ပါတယ်.. အရင်ထဲက ပန်းနာရင်ကြပ်ရှိရင်ပိုဆိုးတတ်ပါတယ်..

(၃) အရိုးနဲ့ကြွက်သားများထိခိုက်ပျက်စီးခြင်း အရိုးပါးအရိုးပွရောဂါ (Oestoporosis) ပိုဖြစ်လွယ်ပါတယ်..ချော်လဲရင် အလွယ်တကူ အရိုးကျိုးလွယ်ပါတယ်..ပြီးရင် အရိုးဘေးမှာရှိတဲ့ ကြွက်သားတွေကလည်း အဆိပ်သင့်ထားတော့ (Myopathy) သန်သန်စွမ်းစွမ်းမရှိတော့ဘူးပေါ့.. လည်ပင်းကျီးပေါင်းရောဂါ၊ ခါးကျီးပေါင်း ရောဂါတွေ ပိုဖြစ်ပါတယ်.. သွေးထဲမှာယူရစ်အက်ဆစ်တွေ တတ်လာလေ့ရှိလို့ အရိုးအဆစ်တွေရောင်တာဖြစ်တတ်ပါတယ်.. Gout ရောဂါ လို့ခေါ်ပါတယ်..အရင်ထဲက ဂေါက်ရောဂါရှိပြီးသူတွေက အရက်သောက်ရင်ပိုဆိုးပါတယ်..အရိုးအဆစ်တွေ လုံးဝပျက်စီးသွားတတ်ပါတယ်..

(၄) မျိုးပွားခြင်းဆိုင်ရာလုပ်ငန်းတွေ ထိခိုက်ပျက်စီးစေပါတယ် အမျိုးသားတွေမှာ အရက်သောက်တာကြာလာရင် လိင်င်္ဂါတွေသေးငယ်ပြီး မဖွံ့ဖြိုးတော့တာ (Hypogonadism)၊ ဝှေးစေ့သေးသွားတာ (Small testes)၊ ကလေးမရခြင်း၊ မြုံခြင်း (Infertility)၊ ပန်းသေပန်းညှိုးဖြစ်ခြင်း (Erectile dysfunction) တွေဖြစ်တတ်ပါတယ်.. အမျိုးသမီးတွေမှာဆိုရင်တော့ ကိုယ်ဝန်ဆောင်တဲ့အချိန်မှာအရက်သောက်ခဲ့ရင် အတွင်းမှာရှိတဲ့သန္ဓေသားကို ဆိုးဆိုးဝါးဝါးထိခိုက်စေမှာဖြစ်ပါတယ်..

💥 MWD: ကိုယ်ဝန်ဆောင်မိခင်လောင်းတွေအနေနဲ့ အရက်သောက်မယ်ဆိုရင် အထဲမှာရှိတဲ့မိမိရဲ့ရင်သွေးကို ဘယ်လိုများထိခိုက်မှုရှိနိုင်ပါသလဲ ဆရာ.. အကယ်၍သောက်မယ်ဆိုရင်လည်း ဘယ်လောက် ပမာဏအထိ သောက်လို့ရတယ်ဆိုတာလည်းသိပါရစေ..

Dr.KML: ထိခိုက်မှုအရမ်းကိုရှိပါတယ်..ကိုယ်ဝန်ဆောင်မိခင်လောင်းတစ်ယောက်အနေနဲ့ အရက်သောက်လိုက်ရင် အချင်းကနေတစ်ဆင့် ကလေးဆီကိုတိုက်ရိုက်ရောက်ပါတယ်..ကြီးထွားနေဆဲဖြစ်တဲ့သန္ဓေသားကို အဆိပ်ကျွေးသတ်သလို ဆိုးဆိုးဝါးဝါးထိခိုက်စေပါတယ်.. အရက်ဆိုတာ သန္ဓေသားအတွက် ပြင်းထန်တဲ့ အဆိပ်တစ်မျိုးဖြစ်ပါတယ်..ကိုယ်ဝန်ဆောင်တဲ့ကာလအနုအရင့်နဲ့ သောက်သုံးတဲ့အရက် အမျိုးအစားနဲ့ပမာဏ တစ်နည်းအားဖြင့် အယ်လ်ကိုဟောယူနစ်အနည်းအများပေါ်မူတည်ပြီး ထိခိုက်တဲ့ပမာဏ ကွားခြားမှုရှိပါတယ်..ကိုယ်ဝန်စရှိပြီးပထမ (၃) လ (First trimester) အတွင်းမှာသောက်ခဲ့ရင်ကိုယ်ဝန်ပျက်ကျခြင်း (Miscarriage)၊ ကလေးအသေမွေးခြင်း (Stillbirth)၊ စောမွေးခြင်း (Premature birth) နဲ့ ပေါင်မပြည့်ပဲမွေးခြင်း (Low birth weight) တွေဖြစ်တတ်ပါတယ်.. ဒုတိယ (၃) လနဲ့ တတိယ (၃) လမှာသောက်ခဲ့ရင်တော့ ကလေးရဲ့ကြီးထွားဖွံ့ဖြိုးနေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကိုထိခိုက်စေမှာဖြစ်ပါတယ်..အထူးသဖြင့် ဦးနှောက်နဲ့ အာရုံကြောမကြီး (Brain and spinal cord) တွေကိုထိခိုက်မှု အများဆုံးဖြစ်ပါတယ်.. အသည်းဖွံ့ဖြိုးမှုဟာ နောက်ဆုံးမှဖြစ်တော့ မွေးခါနီးမှကပ်ပြီးသောက်မယ်ဆိုရင် ကလေးရဲ့အသည်းကို ထိခိုက်မှုပိုများပါတယ်..အချို့ကလေးတွေကတော့ မွေးပြီးပြီးချင်းထိခိုက်မှုကိုမြင်ရပေမယ့် အချို့ကျတော့မွေးပြီး ၂ နှစ် ၃ နှစ်ကြာမှ သိနိုင်ပါတယ်.. အမေလုပ်တဲ့သူ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ အရက်သောက်တာများလို့ ထိခိုက်ပြီးမွေးလာတဲ့ကလေးကို ဆေးပညာအရ FAS (Fetal alcohol syndrome) လို့ ခေါ်ပါတယ်..FAS ဖြစ်နေတဲ့ကလေးတွေမှာ သိသာထင်ရှားတဲ့လက္ခဏာ (၃) ချက်ရှိပါတယ်..

(၁) မျက်နှာပုံပန်းသဏ္ဌာန်ချို့ယွင်းမှု I (Facial abnormalities) - ဦးခေါင်းသေးခြင်း (Small head) - မျက်နှာပြားခြင်း(Flat face) - နှာခေါင်းပြားခြင်း (Low nasal bridge) နှင့် နှာခေါင်းတိုခြင်း (Short nose) - အပေါ်နှုတ်ခမ်းပါးခြင်း(Thin upper lip) - မျက်စေ့ပေါက်ကျဉ်းခြင်း (Narrow eye opening) နှင့်မျက်ရစ်ထူခြင်း (Epicanthal folds)

(၂) ခန္ဓာကိုယ်ဖွံ့ ဖြိုးမှုနည်းပါခြင်း (Poor growth) မွေးကတည်းက ပေါင်နည်းတဲ့အပြင် ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုဟာ သူနဲ့အသက်တူအရွယ်တူကလေးတွေနဲ့နှိုင်းယှဉ်ရင် နှေးကွေးနေတာတွေ့ရပါမယ်..သေးသေးညှက်ညှက်လေးဖြစ်နေတတ်ပါတယ်..

(၃) ဥာဏ်ရည်ဥာဏ်သွေးမပြည့်မီခြင်း (Learning and behavioral problem) ကျောင်းနေအရွယ်မှာစာမလိုက်နိုင်ခြင်း၊ ဥာဏ်ရည်ဥာဏ်သွေးလျော့နည်းခြင်း၊ စာမေးပွဲကျခြင်း၊ ပေါင်းသင်းဆက်ဆံရေးညံ့ခြင်း စတာတွေဖြစ်တတ်ပါတယ်..အမေရဲ့အရက်သောက်ခဲ့တဲ့ပမာဏနဲ့ အရက်အမျိုးအစားပေါ်မူတည်ပြီး လက္ခဏာတွေကတော့ နည်းခြင်းများခြင်းရှိနိုင်ပါတယ်..အရက်ကြောင့်ဖြစ်တဲ့ ကလေးအပေါ်ထိခိုက်မှုအားလုံးကိုခြုံပြီး FASD (Fetal Alcohol Spectrum Disorder) လို့ အခုနောက်ပိုင်း ခေါ်ဝေါ်သုံးစွဲပါတယ်..ဒါ့ကြောင့် ကိုယ်ဝန်ဆောင်စဉ်မှာ အရက်ကိုလုံးဝမသောက်ရပါဘူး.. ကိုယ်ဝန်ဆောင်မဟုတ်ရင်သာ တစ်ပတ်ကို (၁၄) ယူနစ် ခွင့်ပြုပေမဲ့ ကိုယ်ဝန်ဆောင်ဆိုရင်တော့ Zero unit ပဲဖြစ်ပါတယ်..

💥 MWD: ညဘက်အရက်သောက်ပြီး နောက်တစ်နေ့အိပ်ယာထတဲ့အခါ ခေါင်းကိုက်တာ၊ ဗိုက်နာတာ၊ ခေါင်းမူးပြီး ပျို့ချင်အန်ချင်ဖြစ်တာ၊ ပါးစပ်တွေအာခေါင်တွေခြောက်ပြီး နေမထိထိုင်မသာဖြစ်တာတွေဟာ ဘာကြောင့်ဖြစ်တာပါလဲဆရာ..

Dr.KML: ခုနကပြောခဲ့တဲ့လက္ခဏာတွေကို Hangover effect လို့ ခေါ်ပါတယ်..တစ်ပါတ်လုံးလုံးအလုပ်တွေလုပ်ပြီး သောကြာနေ့ညမှာ သူငယ်ချင်းမိတ်ဆွေတွေနဲ့အတူ အရက်တွေသောက်ပြီး စနေနေ့မနက်မိုးလင်းရင် ကြုံရလေ့ရှိပါတယ်..

(၁) ခေါင်းကိုက်ခြင်း (Headache)- မိုးလင်းတာနဲ့ ခေါင်းတအားကိုက်ပါတယ်..အဓိကအကြောင်းရင်းကတော့ အယ်လ်ကိုဟောကနေ အသွင်ပြောင်းသွားတဲ့ Acetaldehyde အဆိပ်တွေဟာ ခေါင်းထဲမှာ လာရောက်ထိခိုက်စေလို့ဖြစ်ပါတယ်.. ညဖက်မှာ အသောက်များလေလေ နောက်တစ်နေ့မနက်မှာ ပိုကိုက်လေဖြစ်ပါတယ်..

(၂) ပျို့ချင်အန်ချင်စိတ်ဖြစ်ခြင်း (Nausea, vomiting) ကတော့ အရက်ကြောင့်ခန္ဓာကိုယ်ခုခံစနစ်ဖြစ်တဲ့သွေးဖြူဥတွေ(T cell eJY B cell)ကနေ Cytokine လို့ခေါ်တဲ့ ဓာတ်ပစ္စည်းတွေထွက်လို့ဖြစ်ပါတယ်..အရက်ဆိုတာ ခန္ဓာကိုယ်ကနေမလိုလားတဲ့ ဓာတ်ပစ္စည်းဖြစ်တော့ နောက်ထပ်ထပ်ပြီးဝင်မလာအောင် ထပ်ပြီးမသောက်ဖြစ်အောင် ခုခံအားစနစ်က သဘာဝကျကျတွန်းလှန်ထားတဲ့သဘောဖြစ်ပါတယ်..

(၃) ရေငတ်တာ (Thirst)၊ အာခေါင်ခြောက်တာ (Dry mouth) ဖြစ်တာတွေကတော့ ရေဓာတ်လျော့နည်းသွားလို့ (Dehydration) ဖြစ်ပါတယ်.. အရက်သောက်လိုက်ရင် ADH ဟိုမုန်းတွေ အထွက်လျော့သွားလို့ ဆီးပိုသွားပါတယ်..တစ်ညလုံးဆီးထထသွားနေတော့ မနက်မိုးလင်းတဲ့အခါ ရေဓာတ်တွေလျော့နည်းလို့ ဒီလိုမျိုးခံစားရတာဖြစ်ပါတယ်..

(၄) ခေါင်းမူးတာ(Dizziness)၊ကိုယ်လက်တွေလေးလံထိုင်းမှိုင်းပြီး မသယ်ချင်ဖြစ်တာ (Fatigue) ကတော့ သွေးထဲမှာဂလူးကို့စ်တွေ လျော့နည်းနေလို့ (Hypoglycemia) ဖြစ်ပါတယ်.. အသည်းကနေဂလူးကို့စ်တွေ လုံလုံလောက်လောက်မထုတ်ပေးနိုင်လို့ ဖြစ်ပါတယ်..Energy ရဖို့ လုံလောက်တဲ့ ဂလူးကို့စ် မရလို့ဖြစ်ပါတယ်..

(၅) ဗိုက်နာခြင်း (Stomach pain) ကတော့ အစာအိမ်ရောင်လို့ ဖြစ်ပါတယ်..အထူးသဖြင့် အရက်သောက်တဲ့အခါ အစာလုံလောက်မှုမရှိရင် (အမြည်းမပါခဲ့ရင်) အရက်ကြောင့် အစာအိမ်ရောင်တတ်ပါတယ်..အဲ့ဒီအခါမှာ ဗိုက်နာတတ်ပါတယ်.. အဲ့ဒီလက္ခဏာတွေပေါ်လာခဲ့ရင် ဖြစ်တဲ့ပေါ်မူတည်ပြီး ကုသပေးရပါတယ်..နားလည်တတ်ကျွမ်းတဲ့သူနဲ့ကုသပေးရင်အကောင်းဆုံးဖြစ်ပါတယ်. အန္တရာယ်ရှိတဲ့ဆေးဝါးတွေ ရှောင်ဖို့လိုပါတယ်.. ဥပမာ-ခေါင်းကိုက်တာပျောက်ဖို့ အကိုက်အခဲပျောက်ဆေးသောက်ရင် ပါရာစီတမော့လိုဆေးမျိုးက အသည်းကိုပိုပြီး ထိခိုက်စေလို့ အန္တရာယ်များပါတယ်..အက်စပရင်သောက်ရင် အစာအိမ်ပို၍ ထိခိုက်စေပါတယ်..

 💥 MWD: အရက်စွဲနေသူတစ်ယောက်ဟာအရက်ဖြတ်ချင်ရင်ဘယ်လိုမျိုးဆောင်ရွက်သင့်ပါသလဲဆရာ..

Dr.KML:အဓိကကာယကံရှင်အနေနဲ့အရက်ကို လိုလိုလားလားဖြတ်ချင်တဲ့စိတ်ရှိရပါမယ်..ဘေးကလူတွေက ဝိုင်းဝန်းကူညီပေးရပါမယ်..ပြီးရင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တစ်ယောက်နဲ့တိုင်ပင်ပြီးမှ ဖြတ်သင့်ပါတယ်..ဘာလို့လဲဆိုတော့ လိုအပ်တဲ့ဆေးဝါးတွေ ပေးရမှာမို့ ဖြစ်ပါတယ်..

(၁) အရက်သောက်နေကျချိန်မှာ တခြားတခုခုလုပ်စရာတွေ ဖန်တီးပေးရပါမယ်..ဥပမာ- စာဖတ်ခြင်း၊ အားကစားတစ်ခုခုလုပ်ခြင်း၊ Chess ကစားခြင်း (၂) လက်ရှိအလုပ်အကိုင်မှာ အဆင်မပြေမှုတွေများနေရင် Stress တွေ သိပ်များတာ၊ စိတ်ဓာတ်ကျတာတွေဖြစ်နေခဲ့ရင် အလုပ်အကိုင်ပြောင်းဖို့ စီစဉ်ရပါမယ်..

(၃) အာဟာရပြည့်စုံစွာစားပေးရပါမယ်..ထမင်းစားတဲ့အခါမှာ Protein ဓာတ်ကြွယ်ဝတဲ့ အသား၊ ငါး၊ ပုဇွန်၊ ပဲမျိုးစုံတွေ ပါဝင်အောင် စားပေးရပါမယ်.. ဗီတာမင်တွေကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေလည်း ထည့်စားရပါမယ်.. (၄) ဗီတာမင်ထဲမှာ ဗီတာမင်ဘီ-၁ (Thiamine) ချို့တဲ့လေ့ရှိတဲ့အတွက် ဗီတာမင်ဘီ-၁ ဆေးပြား 100 mg ဆေးပြား ၁လုံး _ ၃ ကြိမ် သောက်သင့်ပါတယ်..သိပ်ချို့တဲ့ရင် ထိုးဆေးတွေအသုံးပြုနိုင်ပါတယ်..(ဥပမာ-Burplex forteထိုးဆေး)

(၅) စိတ်ဂယောင်ခြောက်ခြားတွေဖြစ်နေရင် (Hallucinosis) တော့ ဆရာဝန်တွေက Diazepam တို့ Chlopromazine တို့ 100 mg _ တစ်နေ့ ၃ကြိမ်ပေးပြီး ငြိမ်အောင် လုပ်ပေးလေ့ရှိပါတယ်..

(၆) အရက်ဖြတ်ဆေး (Disulfiram 200- 400 mg daily) ကိုတော့ လိုတဲ့လူတွေမှာ ပေးပါတယ်..အဲ့ဒီဆေးဟာသွေးထဲမှာ Acetaldehyde တွေ မပျက်စီးအောင်ထိန်းထားပေးလို့ အရက်ထပ်သောက်ရင်ပိုများလာပြီး လူဟာနေလို့မရဖြစ်လာပါတယ်.. အရက်ထပ်မသောက်ရဲအောင် ပြုလုပ်ပေးတဲ့ဆေးဖြစ်ပါတယ်..ဒါကတော့ ဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့သာ အသုံးပြုရပါမယ်..ဆရာဝန်နဲ့အမြဲထိတွေ့နေဖို့လိုပါတယ်.. အရက်ပြတ်တဲ့အထိပေါ့..

💥 MWD: ဆရာခုနကပြောသလို စနစ်တကျမဖြတ်ဘဲ ကိုယ်သဘောနဲ့ကိုယ် အရက်ကို ရုတ်တရက်ဖြတ်လိုက်ရင် ဖြစ်လာနိုင်တဲ့ဆိုးကျိုးလေးကိုလည်း ပြောပြပေးပါ..

Dr.KML: အရက်စွဲနေသူတစ်ယောက်၊ ပုံမှန်သောက်နေရာကနေ ရုတ်တရက်ဖြတ်လိုက်ရင် Alcohol Withdrawal လက္ခဏာတွေ ပေါ်လာပါမယ်.. အဲ့ဒါတွေကတော့ (၁) Psychological symptom- ဂဏာမငြိမ်ဖြစ်ခြင်း (Restlessness)၊ စိတ်ပူပန်နေခြင်း (Anxiety)၊ စိတ်နှင့်ကိုယ်လွတ်ပြီး တစ်ခုခုလုပ်မိခြင်း (Panic attack) (၂) Autonomic symptom- နှလုံးခုန်နှုန်းမြန်လာခြင်း (Tachycardia)၊ ချွေးထွက်လွန်ခြင်း (Over sweating)၊ မျက်စိသူငယ်အိမ်ကျယ်လာခြင်း (Pupil dilatation)၊ ပျို့ခြင်း (Nausea)၊ အန်ခြင်း (Vomiting) (၃) Delirium tremens - စိတ်ဂယောင်ခြောက်ခြားဖြစ်ခြင်း၊ စိတ်မတည်မငြိမ်ဖြစ်ခြင်း၊ မရှိသည်များကိုမြင်ခြင်း၊ကြားခြင်း၊ လက်တွေတုန်ခြင်း (၄) Seizure- တက်ခြင်းတို့ဖြစ်တတ်ပါတယ်.. ဒါကြောင့်ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ဆွေးနွေးပြီးစနစ်တကျဖြတ်ဖို့လိုပါတယ်..

MWD: ဆရာအနေနဲ့ မြဝတီရုပ်မြင်သံကြားပရိတ်သတ်ကြီးကိုဘာများ ပြောချင်ပါသလဲဆရာ..

💥 Dr.KML: ဒီနေ့ခေတ်မှာ ဘီယာကစလို့ အရက်အမျိုးမျိုးဟာ မြို့တိုင်းနယ်တိုင်းမှာ အလွယ်တကူရရှိလို့နေပါတယ်..အရက်ဟာ ခန္ဓာကိုယ်အတွက် အဆိပ်သာဖြစ်တာမို့ နဂိုထဲကမသောက်တဲ့သူတွေ၊ အထူးသဖြင့် လူငယ်တွေအနေနဲ့ စမ်းပြီးမသောက်ကြဖို့ ပြောချင်ပါတယ်..အရက်ကိုသောက်နေသူတွေအနေနဲ့လည်း အတတ်နိုင်ဆုံးလျော့သောက်ကြဖို့ တစ်ပတ်မှာ (၁၄) ယူနစ်ထက်မပိုကြစေဖို့ ဂရုပြုစေလိုပါတယ်..လျော့နိုင်လေကောင်းလေဖြစ်ပါတယ်..အကယ်၍ ဒီ့ထက်ပိုပြီးသောက်နေမယ်၊ အရက်စွဲရောဂါရနေမယ်၊ ခန္ဓာကိုယ်ကျန်းမာရေးကိုလည်းထိခိုက်နေပြီဆိုရင်တော့ ကျွမ်းကျင်နားလည်တဲ့ဆရာဝန်နဲ့ ပြသတိုင်ပင်ပြီး အရက်ဖြတ်ကြပါလို့ တိုက်တွန်းလိုပါတယ်..

- ဒေါက်တာ ခင်မောင်လွင် (FAME Pharmaceuticals)

# MWD Health Talk Programme

No comments: