Thursday, June 7, 2018

နှာခေါင်းဆီလီကွန်ထည့် ခွဲစိတ်မှူ(silicone implanted closed rhinoplasty)




နှာခေါင်း စီလီကွန် အစားထိုး ခွဲစိတ်မှူနှင့် ပါတ်သက်၍ ဆောင်ရန်၊ ရှောင်ရန် သိရှိထားသင့်သော အချက်များ။ 

အခုခေတ်မှာ နှာခေါင်းဆီလီကွန်ထည့် ခွဲစိတ်မှူကို (silicone implanted closed rhinoplasty) ကို အာရှနိုင်ငံတွေမှာ တွင်တွင်ကျယ်ကျယ် လုဎ်နေတာကိုတွေ့ရပါတယ် ။ Close rhinoplasty ခေါ်  နှာခေါင်းဆီလီကွန်ထည့် ခွဲစိတ်မှူကို nose job လို့လည်း အလွယ်တကူ ခေါ်လေ့ရှိပါတယ်။ ဒီခွဲစိတ်မှူဟာ အသေးစား ခွဲစိတ်မှုလေး ၁ခု ဖြစ်ပြီး အများစုကတော့ ထုံဆေး သုံးပြီး တချို့ဆေးခန်းတွေမှာတော့ အိပ်ဆေးနဲ့ထုံဆေး ပေါင်းပေးပြီး ခွဲစိတ်ပါတယ်။ ခွဲစိတ်မှု အသေးစား ဖြစ်သလိုခွဲစိတ်တဲ့အခါ ပြင်ပလူနာဌာန (OPD) မှာရှိတဲ့ ခွဲခန်းတွေမှာပင် ခွဲစိတ်လေ့ရှိပါတယ်။

ခွဲစိတ်နည်းကို အကြမ်းဖြင်း ပြောရရင် တချို့က နှာခေါင်းပေါက် ၂ ခုစလုံးရဲ့ အတွင်းဘက် ကနေ  ခွဲကြောင်းရာပေးပြီး တချို့ကတော့ နှာခေါင်းပေါက် ၁ ဖက်တည်း ရဲ့ အတွင်းဘက် ကနေ ခွဲကြောင်းပေးပြီး စီလီကွန် ထည့်ပြီး နှာခေါင်းကို ပြင်ပါတယ်။ တချို့က နားရဲ့ အနောက်ဘက်က အရိုးနုကို ထုတ်ယူပြီး နှာခေါင်းထိပ်ကို ပြင်ပါတယ်။ လူတယောက်နဲ့ တယောက်ရဲ့ ပင်ကိုယ်နှာခေါင်းဖွဲ့စည်းပုံ ကွဲပြားသလို ခွဲစိတ်မှူမှာလည်း အနည်းငယ် ကွဲပြားနိုင်ပါတယ်။ မျိုးရှိပါတယ်။

------------------------------

နှာခေါင်းဆီလီကွန်ထည့် ခွဲစိတ်မှူ က ဘယ်လိုလူမျိုးအတွက် သင့်တော်လဲ။ 

နှာခေါင်းဆီလီကွန်ထည့် ခွဲစိတ်မှူကိုတော့ အများအားဖြင့် နှာတံမြှင့်ဖို့ နဲ့ နှာခေါင်းထိပ် အနည်းငယ် ချွန်ဖို့ ကိုသာ အဓိကထားလုဎ်လို့ရတဲ့ ခွဲစိတ်မှုဖြစ်ပါတယ်။

-----------------------------

နှာခေါင်းဆီလီကွန်ထည့် ခွဲစိတ်မှူ ရဲ့ ခွဲစိတ်ချိန် (down time) နဲ့ ပုံမှန်အနာပြန်ကျက်ချိန် (recovery time) ကရော ဘယ်လောက်အထိ ကြာတတ်လဲ။  

ခွဲစိတ်ချိန် (down time) ကတော့ အများအားဖြင့် မိနစ် ၃၀ ကနေ ၄၅ မိနစ် အထိ ကြာနိုင်ပါတယ်။
ခွဲစိတ်ပြီး မိနစ် အနည်းငယ် အနားယူပြီး ချက်ချင်းပဲ အိမ်ပြန်လို့ ရပါတယ်။

ပုံမှန်အနာပြန်ကျက်ချိန် (recovery time) ကတော့ ၁ ပတ် ကနေ ၂ ပတ် အထိ ကြာတတ်ပါတယ်။ တဦးနဲ့ တဦးရဲ့ အနာကျက်အား ကောင်းမှူပေါ်မှာလည်း မူတည်တဲ့အတွက် တချို့က ၅ ရက်လောက်နဲ့ ပုံမှန် ပြန်ဖြစ်သလို တချို့ကတော့ ကြာတတ်ပါတယ်။

---------------------------


နှာခေါင်းဆီလီကွန်ထည့် ခွဲစိတ်မှူ ရဲ့ ဘေးထွက်ဆိုးကြိုးများ (side effects of close rhinoplasty)

- ခွဲစိတ်ပြီး ၂၄ နာရီအတွင်း နှာခေါင်းပတ်ဝန်းကျင်တွင် အနည်းငယ်နာကျင် ကိုက်ခဲခြင်း။
- ခွဲစိတ်ပြီး ၂၄ နာရီအတွင်း နှာခေါင်းသွေး အနည်းငယ် ကျခြင်း။
- နှာခေါင်း နှင့် မျက်စိ ပတ်ဝန်းကျင်တွင် နီခြင်း၊ရောင်ခြင်း၊ထုံခြင်း။
- နှာခေါင်း ပတ်ဝန်းကျင်တွင် တင်းနေခြင်း။

-------------------------

နှာခေါင်းဆီလီကွန်ထည့် ခွဲစိတ်မှူဟာ ခွဲစိတ်ပြီး ဘယ်လောက်ကြာကြာခံပါသလဲ။ 

ခွဲစိတ်မှု နည်းစနစ် နှင့် အသုံးပြုသော စီလီကွန် အမျိုးအစား ပေါ်မူတည်ပြီး ရလဒ်ကွာသလို ရေရှည်ခံမှုမှာလည်း ကွာခြားတတ်ပါတယ်။ ယေဘူရအားဖြင့် အနည်းဆုံး ၁၀ နှစ် ခံပြီး၊ တချို့နည်းစနစ် ကတော့ အပြီး (permanent) ခံပါတယ်။

------------------------

နှာခေါင်းဆီလီကွန်ထည့် ခွဲစိတ်မှူု ပြုလုဎ်ပြီး ညွှန်ကြားထားသော ဆေးများ နှင့် ညွှန်ကြားချက်များအား မလိုက်နာပါက ဖြစ်တတ်သော နောက်ဆက်တွဲ  ဆိုးကြိုးများ။  

- ပိုးဝင်ပြီး ရောင်နေခြင်း၊ အနာကျက် နှေးခြင်း
- အရေပြားတွင်း သွေးချေဥခြင်း
- နှာတံ တဖက်သို့ စောင်းခြင်း
- နှာထိပ် တဖတ်သို့ စောင်းခြင်း
- နှာခေါင်းတခုလုံး Allergy ဖြစ်ခြင်း (ယားရံခြင်း၊နီနေခြင်း)
- ပိုးဝင်ကာ နှာထိပ်တွင် ပေါက်ခြင်း
- ရရှိထားသော ရလဒ် (result) အပေါ်တွင် ကျေနပ်နှစ်သိမ့်မှူ မရှိခြင်း

-----------------------


နှာခေါင်းဆီလီကွန်ထည့် ခွဲစိတ်မှူု ခံယူပြီး လိုက်နာသိရှိထားရမည့် အချက်များ 

(၁) နှာခေါင်းပြုပြင် ခွဲစိတ်မှု ခံယူပြီး ၂၄ နာရီးအတွင်း ရေခဲကပ်ပေးပါ။ ၄နာရီ ၁ကြိမ်ကပ်ပါ။ ၁ ကြိမ်ကပ်ပါက ၁၅ မိနစ်ခန့် ကပ်ပါ။ ရေခဲထုပ်ဖြင့် ချုပ်ရိုးပေါ်သို့ တိုက်ရိုက် မကပ်ရ။ ပိုးသတ်ထားပြီး သန့်ရှင်းသော ပတ်တီး အား ချုပ်ရိုးပေါ်တွင်ခံပြီးမှ ရေခဲ ကပ်ရပါမည်။ ခွဲစိတ်မှုခံယူပြီး ၇၂နာရီ အတွင်း ရေခဲကပ်ပေးခြင်းသည် အကျိုးသက်ရောက်မှုရှိပါသည်။ အရောင်မြန်မြန်ကျပါလိမ့်မည်။

(၂) နှာခေါင်းပြုပြင်ပြီး ၂၄ နာရီအတွင်း ခန်နာကိုယ် လှုပ်ရှားမှူအား တတ်နိုင်သမျှ မလုဎ်ပါနှင့်။ ထိုင်ခုံး သို့မဟုတ် ကုတင်ပေါ်တွင် အနားယူပါ။

(၃) နှာခေါင်းပြုပြင်ပြီး မျက်နှာသစ်နိုင်ပါသည်။ ရေချိုးနိုင်ပါသည်။ သို့သော် မျက်နှာသစ်၊ ရေချိုးပြီးပါက နှာခေါင်းအပေါက်ဝတွင်း ရေများ ကြာကြာစိုမနေစေရန် ပုဝါ သို့မဟုတ် ဂွမ်း သန့်သန့်ဖြင့်သုဎ်ပေးပါ။

(၄) နှာခေါင်းပြုပြင်ပြီး ၃ ရက် အထိ အိပ်နေစဉ် ဦးခေါင်းအား အမြင့်နေရာတွင် ထားပါ။ ညအိပ်စဉ်အတွင်း ခေါင်းအုန်း ၂ လုံး ပေါ်တွင် ဦးခေါင်းတင်၍ အိပ်ပါ။

(၅) နှာခေါင်းပြုပြင်ပြီး ၇ ရက်အတွင်း ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ မိမိနှင့်မတည့်သော၊ Allergy ဖြစ်စေသော အစားအစာများ (ပင်လယ်စာများ) စားခြင်း၊ ညော်နံ့ ရှူ ခြင်း၊ ဖုံ၊သဲ၊ အမှိုက် ဝင်ခြင်း စသည် တို့မှ ရှောင်ကျင်ပါ။

(၆) ချုပ်ရိုးမဖြည်ခင် ၇ ရက်အတွင်း မနက်၁ကြိမ် ည၁ကြိမ် ချုပ်ရိုးနေရာအား ပိုးသတ်ဆေး (Anti-biotic ointment) လိမ်းပါ။

(၇) ချုပ်ရိုးမဖြည်ခင် နှာခေါင်းအပေါက်ဝအား လက်ဖြင့်နှိုက်ခြင်း၊ လက်ဖြင့်ထိခြင်း၊ နှာရေ ညှစ်ခြင်း လုံးဝမလုပ်ရ။

(၈) ၇ ရက်မြောက်နေ့တွင် ချုပ်ရိုးဖြည်ပါမည်။

(၉) အကာင်းဆုံး ရလဒ် Final result သည် ၂ ပတ် မှ ၁ လကျော် ခန့်မှ စတင်သိရှိနိုင်ပေလိမ့်မည်။


------------------------
References:
1. ASIAN FACIAL COSMETIC SURGERY reviewed by Dr. Jung I. Park, MD, Ph.D, FACS.
2. Rhinoplasty, Newport Beach: Daniel RK
3. Facial analysis for the rhinopalsty patient: Gunter JP.

အထက်တွင်ဖော်ပြထားသော Reference များမှ စာပေများအား ကိုးကားရေးသားထားပြီး ကျနော့်၏ ဒီနေ့အထိ ခွဲစိတ် အတွေ့အကြုံများ၊ ဆရာများနှင့် သူငယ်ချင်းများ၏ ဆေးခန်းများမှ လေ့လာတွေ့ရှိခဲ့သော တွေ့ရှိချက်များ နှင့် Seminar များတွင် ဆွေးနွေးရာမှ သိရှိခဲ့သော အချက်များ စုပေါင်း၍ ရေးသားထား ပါသည်။

Dr. Kyi Chan Ko
M.B.,B.S (UMM, Mdy),
Ph.D (TMDU, Tokyo),
Member of Japanese Society of Aesthetic Surgery

No comments: