Sunday, June 10, 2018

အရိုးပွရောဂါ (Osteoporosis)

“အရိုးပွရောဂါအတွက် ဆောင်ရန်၊ ရှောင်ရန်နှင့် ဘဝနေထိုင်မှုပုံစံ”
👫👫👫👫👫👫👫👫👫👫👫👫👫👫👫👫👫👫👫👫👫👫👫👫


အရိုးပွရောဂါ (Osteoporosis) ဆိုတာက အသက်အရွယ်ကြီးရင့်လာတဲ့သူတွေမှာ အလိုလျောက် ဖြစ်လာတတ်ပြီး တစ်ကိုယ်လုံးမှာရှိတဲ့ အရိုးတွေပွလာတာကြောင့် တော်ရုံထိခိုက်မိ၊ ချော်လဲမိရုံလေးနဲ့တင်  အရိုးကျိုးနိုင်တဲ့ အခြေနေတစ်ခုဖြစ်ပါတယ်…

ဒီရောဂါက ရောဂါလက္ခဏာတော့ ပြလေ့မရှိပါဘူး… သူ့ရဲ့ တစ်ခုထဲသော လက္ခဏာက အရိုးကျိုးလွယ်တာတစ်ခုပါပဲ … အထူးသဖြင့် ဟော်မုန်းဓာတ်အပြောင်းအလဲတွေကြောင့် သွေးဆုံးပြီး မိန်းမတွေမှာ ဖြစ်နှုန်းပိုများပါတယ်… မိန်းမဆိုတဲ့နေရာမှာ မိခင်မှာ အရိုးပွရောဂါဖြစ်ပြီး အရိုးကျိုးဖူးတယ်ဆိုရင် အဲ့ဒီမိန်းမဟာ အရိုးပွရောဂါ ဖြစ်နိုင်ချေ နှစ်ဆရှိပါတယ်… ယောကျာ်းတွေကတော့မိန်းမတွေလောက် ဖြစ်နှုန်းမများဘူးဆိုပေမယ့် ယောကျာ်းတွေမှာလည်း ဖြစ်နိုင်ပါတယ်… ယောကျာ်း၊ မိန်းမ မရွေး အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ အရိုးပွရောဂါဖြစ်နှုန်း ပိုများလာပါတယ်…

အရိုးပွရောဂါဟာ အရိုးပွစေနိုင်တဲ့အကြောင်းတွေ၊ ရောဂါတွေရှိရင်လည်း အသက်ငယ်ပေမယ့် ဖြစ်ပွားနိုင်ပါတယ်… အထူးသဖြင့် စတီးရွိုက်(Steroids)လို့ခေါ်တဲ့ ဟော်မုန်းပါတဲ့ အရောင်ကျဆေးတွေကို နှစ်ရှည်လများ စွဲသုံးနေတဲ့သူတွေ၊ သွေးမခဲဆေး (Heparin)၊ အတက်ကျဆေး (Phenytoin, Phenobarbitone)တွေကို ရေရှည်စွဲသောက်နေရတဲ့သူတွေ၊ အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါရှိတဲ့သူတွေ၊ အသည်းမကောင်းတဲ့သူတွေ၊ ကျောက်ကပ် မကောင်းတဲ့သူတွေ၊ သွေးလေးဘက်နာ (Rheumatoid Arthritis) ရှိတဲ့သူတွေ၊ Parathyroid လည်ပင်းကျိတ်ဘေးဟော်မုန်း အထွက်လွန်တဲ့ရောဂါ (Hyperparathyroidism) ရှိတဲ့သူတွေ၊ ဗီတာမင် ဒီ ချို့တဲ့သူတွေ၊ အဆီကျပိန်ဆေး စွဲသောက်တဲ့သူတွေ၊ အကြောင်းအမျိုးမျိုးကြောင့် မျိုးဥအိမ်ထုတ်ထားရတဲ့ အမျိုးသမီးတွေ၊ အစာအိမ် ထုတ်ထားရတဲ့သူတွေ၊ ကျားဟော်မုန်း (Testosterone) နည်းနေတဲ့ ယောကျာ်းတွေ(Hypogonadism)၊  ကင်ဆာဆေးသွင်းတဲ့ဒဏ်ကြောင့် မျိုးဥအိမ်ထိခိုက်ပြီး ဓမ္မတာစောစောရပ်သွားတဲ့မိန်းကလေးတွေ၊ ဓမ္မတာ လုံးဝမလာတော့တဲ့ မိန်းကလေးတွေ(Amenorrhoea) ၊ ဆေးလိပ်အရမ်းသောက်တဲ့သူတွေ(တစ်နေ့ တစ်ဘူးနဲ့အထက်)၊ အရက်သေစာ အလွန်အကျွံ သောက်သုံးသူတွေနဲ့ ကိုယ်လက်လှုပ်ရှားမှု အရမ်းနည်းတဲ့သူတွေ၊ လုံးဝ မလှုပ်ရှားနိုင်တဲ့သူတွေ၊  ပိန်လွန်းပြီး ကိုယ်လက်လေ့ကျင့်ခန်းအပြင်းအထန်လုပ်တတ်တဲ့ မိန်းကလေးတွေ၊ အာဟာရ အလွန်ချို့တဲ့သူတွေ မှာ အသက်အရွယ် ငယ်ပေမယ့် အရိုးပွရောဂါဖြစ်နေနိုင်ပါတယ်… နောက်ပြီး မျိုးဗီဇဆိုင်ရာ ရောဂါတွေဖြစ်တဲ့ Osteogenic imperfecta, homocystinuria, osteoporosis pseudoglioma syndrome, Marfan syndrome နဲ့ Ehlers-Danlos syndrome လိုရောဂါတွေမှာလည်း အရိုးပွစေနိုင်ပါတယ်…

အရိုးပွရောဂါရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်အရတော့ အရိုးဟာ အရိုးသိပ်သည်းဆ(Bone Density) T score ရလဒ်  အနှုတ် ၂.၅ နဲ့အောက်ကို ရောက်နေတဲ့ အခြေအနေဖြစ်တယ်လို့ ဆိုပါတယ်…   အရိုးသိပ်သည်းဆကို အရိုးငြမ်းဖွဲ့စည်းပုံ (skeletal structure) ထဲမှာပါတဲ့ အရိုးပမာဏ (amount of bone) နဲ့ ဆုံးဖြတ်ပါတယ်… ယေဘုယျအားဖြင့် အရိုးသိပ်သည်းဆမြင့်လေလေ အရိုးဟာ ကျစ်လစ်သန်မာလေပဲဖြစ်ပါတယ်… T score ဆိုတာက လူမျိုးတူတစ်ခုရဲ့ လိင်တူချင်း နှိုင်းယှဉ်ပြီး ရလာတဲ့ရလဒ်ဖြစ်ပါတယ်… လူမျိုးတူ၊ လိင်တူ အသက် ၂၀ အရွယ် လူငယ်တစ်ယောက်ရဲ့ ပုံမှန် အရိုးသိပ်သည်းဆကို စံပြုပြီး အရိုးပွရောဂါရှိနေနိုင်တဲ့ လူနာနဲ့ နှိုင်းယှဉ်တွက်ချက်တာဖြစ်ပါတယ်… အဲ့ဒီလိုနှိုင်းယှဉ်တွက်ချက်တဲ့အခါမှာ အနှုတ် ၂.၅ ရဲ့​အောက်​ကို ရောက်​နေရင် အရိုးပွနေပြီလို့ ပြောလို့ရပါတယ်… အနှုတ် ၁ ကနေ အနှုတ် ၂.၅ အတွင်းမှာရှိနေရင်တော့ အရိုးပါးရောဂါ (Osteopenia) ရှိနေပြီလို့ ပြောလို့ရပါတယ်…

အရိုးပွရောဂါရှိမရှိကို သာမန် အရိုးဓာတ်မှန် (Bone X-Ray) ရိုက်ကြည့်ရင် သိနိုင်ပြီး အရိုးပွနေတယ်ဆိုရင် ပုံမှန်အရိုးတွေထက် ပိုပြီးပါးနေတာကို တွေ့ရမှာဖြစ်ပါတယ်… ဒါပေမယ့် X-Ray က အရိုးသိပ်သည်းဆအတွက် မှန်ကန်တဲ့ ဖော်ပြချက်မရှိနိုင်တာရယ်၊ X-Ray ရိုက်မှ အရိုးပွကြောင်းသိတဲ့အချိန်ကျ ရင် အရိုးရဲ့ ၃၀ % လောက်က ဆုံးရှုံးနေပြီး ဖြစ်နေတာတွေရယ်ကြောင့် ဒီ X-Ray ရိုက်ပြီး အရိုးပွရောဂါရှိ၊ မရှိ စစ်ဆေးလေ့မရှိပါဘူး…အဲ့ဒါကြောင့် National Osteoporosis Foundation, the American Medical Association နဲ့ တခြားဆေးပညာဆိုင်ရာ အဖွဲ့အစည်းကြီးတွေက DXA ( Dual-energy X-ray Absorptiometry) ဆိုတဲ့ အရိုးစစ်ဆေးမှုကိုပဲ အရိုးပွရောဂါအတွက် ညွှန်းဆိုကြပါတယ်… DXA နဲ့ တင်ပါးဆုံရိုး၊ ကျောရိုး၊ လက်ဖျံရိုးတွေရဲ့ အရိုးသိပ်သည်းဆကို တိုင်းတာလေ့ရှိပြီး စစ်ဆေးချိန် ၁၅ မိနစ်လောက်ကြာနိုင်ပါတယ်… ဒီစစ်ဆေးမှုမှာ ထိတွေ့ရတဲ့ ဓာတ်ရောင်ခြည်ပမာဏဟာ ရင်ဘတ်ဓာတ်မှန် (Chest X-ray) ရိုက်ရင် ထိတွေ့ရတဲ့ ဓာတ်ရောင်ခြည်ရဲ့ ဆယ်ပုံတစ်ပုံ၊ အပုံတစ်ရာပုံ တစ်ပုံလောက်သာ ထိတွေ့ရမှာဖြစ်လို့ ဓာတ်ရောင်ခြည်အန္တရာယ်လည်း လျော့နည်းမှာဖြစ်ပါတယ်…

အရိုးပွရောဂါကို မဖြစ်ခင် ကာကွယ်ဖို့နဲ့ အရိုးပွရောဂါရှိနေရင် အရိုးမကျိုးအောင် ဂရုစိုက်ဖို့က ဒီရောဂါမှာ အခရာကျပါတယ်… အရိုးပွရောဂါကို ကာကွယ်ဖို့အတွက် ဆေးလိပ်ဖြတ်တာ၊ အရက်လျှော့သောက် တာ၊ လေ့ကျင့်ခန်းပုံမှန်လုပ်တာ၊ ကယ်လ်စီယမ်နဲ့ ဗီတာမင် ဒီဓာတ်တွေပါတဲ့ အစားအစာတွေကို မျှမျှတတ စားသုံးတာ၊ အရိုးသိပ်သည်းဆလျော့ကျတာကိုတားမြစ်ပြီး အရိုးသန်မာစေတဲ့ ဆေးဝါးတွေဖြစ်တဲ့ Alendronate, risedronate, raloxifene, ibandronate, calcitonin, zoledronate, denosumab စတဲ့ ဆေးဝါးတွေကို နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး မှီဝဲတာမျိုးလုပ်သင့်ပါတယ်…

သွေးဆုံးပြီးတဲ့ အမျိုးသမီးတွေမှာတော့ အီစ်ထျိုဂျင် မ ဟော်မုန်း (Estrogen) နဲ့ အစားထိုးကုသပေးမှု (Hormone Replacement Therapy, HRT) ကလည်း အရိုးပွတာကို ကာကွယ်ပေးနိုင်လို့ အရိုးကျိုးနှုန်းကို လျော့ချပေးနိုင်တယ်လို့ တွေ့ရှိထားပါတယ်… ဒါပေမယ့် လေ့လာမှုတစ်ခုအရလည်း ဒီ ဟော်မုန်းအစားထိုး ကုသမှုကို ရေရှည်အသုံးပြုတာဟာ နှလုံးရောဂါ၊ လေဖြတ်ရောဂါ၊ သွေးပြန်ကြောတွင်း သွေးခဲနှုန်းမြင့်တာနဲ့ ရင်သားကင်ဆာဖြစ်နှုန်း မြင့်နိုင်တယ်လို့လည်း သိရပါတယ်… ဒါကြောင့် ဟော်မုန်းအစားထိုးကုသမှုကို သွေးဆုံးကိုင်ဝေဒနာ ခံစားနေရတဲ့ အမျိုးသမီးတွေအတွက်သာ ရေတို အသုံးပြုတာများပါတယ်… အဲ့ဒီလို အကျိုးနဲ့ အပြစ်ကို ချိန်ဆပြီး ကုသမှုခံယူရမှာဖြစ်တဲ့အတွက် ဒီ ဟော်မုန်းအစားထိုးကုသမှုကို ခံယူမယ်ဆိုရင်လည်း နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီးမှ Estrogen ဆေးဝါးတွေကို သောက်သင့်၊ မသောက်သင့် ဆုံးဖြတ်ရမှာဖြစ်ပါတယ်…

လေ့ကျင့်ခန်းလုပ်တယ်ဆိုတဲ့နေရာမှာ အသက် ၄၀ ကျော်တဲ့သူတွေ၊ နှလုံးရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ သွေးတိုးရောဂါ၊ အဝလွန်ရောဂါရှိတဲ့သူတွေဟာ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်တာမျိုးကိုရှောင်ရမှာဖြစ်ပြီး တစ်နေ့ကို ၁၅ မိနစ်အနည်းဆုံး လမ်းလျှောက်ပေးတာမျိုးလောက်ပဲ လုပ်ပေးရမှာဖြစ်ပါတယ်…

အရိုးပွရောဂါရှိတဲ့သူပဲဖြစ်ဖြစ်၊ မရှိတဲ့သူပဲဖြစ်ဖြစ် လူတိုင်း နေ့စဉ်မှီဝဲသင့်တဲ့ ကယ်လ်စီယမ်ပမာဏကို National Institutes of Health Consensus Conference က အောက်ပါအတိုင်း ညွှန်းဆိုထားပါတယ်…
အသက် ၁ နှစ်မှ ၁၀ နှစ်အထိ - တစ်နေ့ 800 mg
အရွယ်ရောက်ပြီးယောကျာ်း - တစ်နေ့ 1000 mg
ဆယ်ကျော်သက် နဲ့ ငယ်ရွယ်သူတွေအတွက်  - တစ်နေ့1500 mg
Estrogen ဟော်မုန်းဆေး မှီဝဲနေတဲ့ သွေးဆုံးကာနီး နဲ့ သွေးဆုံးပြီးမိန်းမ - တစ်နေ့ 1200 mg
Estrogen ဟော်မုန်းဆေး မမှီဝဲတဲ့ သွေးဆုံးပြီးမိန်းမ - တစ်နေ့ 1200 mg – 1500 mg
ကိုယ်ဝန်သည်နဲ့ နို့တိုက်မိခင်တွေအတွက် - တစ်နေ့ 2000 mg ထက်မပိုသင့်ပါ…

ကယ်လ်စီယမ်ဓာတ်ဟာ ကိုယ်စားတဲ့ အစားအစာ (နို့၊ ဒိန်ချဉ်၊ ဒိန်ခဲ၊ လိမ္မော်ရည်၊ ကွေကာ )တွေထဲမှာလည်း ပါနိုင်တာမို့ ဆေးဝါးမှီဝဲမယ်ဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ တိုင်ပင်ပြီးတော့ မှီဝဲသင့်ပါတယ်… လွန်ကဲရင်တော့ ဝမ်းချုပ်တာ၊ အစာမကြေတာမျိုးတွေ ဖြစ်နိုင်ပါတယ်… အစာအိမ်ဆေးတွေ ဖြစ်တဲ့ Omeprazole, Lansoprazole, rabeprazole တွေသောက်နေရင်တော့ ကယ်လ်စီယမ်စုပ်ယူမှုကို အနှောင့်အယှက်ဖြစ်စေတာမို့ ကယ်လ်စီယမ်ဓာတ်ပါတဲ့ဆေးဝါး၊ အစားအစာတွေ စားသုံးမယ်ဆိုရင် အဲ့ဒီဆေးတွေမသောက်ခင် အနည်းဆုံး နှစ်နာရီ ကြိုတင်ပြီး စားသောက်သင့်ပါတယ်…

ဗီတာမင် ဒီ (Vitamin D) ကလည်း ကယ်လ်စီယမ်ဓာတ်ကို အူတွေကနေ စုပ်ယူတာကို ကူညီပေးတာမို့ ဗီတာမင် ဒီ ချို့တဲ့ရင်လည်း ကယ်လ်စီယမ်တွေ ချို့တဲ့နိုင်တာကြောင့် အရိုးပျော့ရောဂါ (Osteomalacia) ပါ ဖြစ်သွားနိုင်ပါတယ်… ဗီတာမင်ဒီကို အစားအသောက်တွေ၊ဆေးဝါးတွေ၊ နေရောင်ခြည်နဲ့  အရေပြားကတဆင့် ရပါတယ်… ဒါကြောင့် နံနက်အစော နေပူစာလှုံပေးတာကလည်း ဗီတာမင်ဒီ ရရှိစေနိုင်တာမို့ ကယ်လ်စီယမ်ဓာတ်နဲ့ အရိုးကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အချက်တစ်ခုပါပဲ…

နောက်ပြီး အခုခေတ်စားနေကြတဲ့ အဆီကျပိန်ဆေးတွေသောက်တာလည်း အရိုးရဲ့ သန်မာမှု၊ ကျန်းမာမှုကို ထိခိုက်စေနိုင်ပါတယ်… ဘာလို့လဲဆိုရင် အရိုးအတွက် မရှိမဖြစ် အရေးပါတဲ့ ဗီတာမင် ဒီ ဓာတ်ဟာ အဆီမှာ ပျော်ဝင်ပြီးမှ ကိုယ်ခန္ဓာရဲ့ လိုအပ်တဲ့နေရာတွေကိုရောက်ပြီး အကျိုးပြုတာမို့ အဆီချဆေး တွေကြောင့် စားသုံးလိုက်တဲ့ အဆီတွေကို အူလမ်းကြောင်းက ပြန်မစုပ်နိုင်တော့တဲ့အခါ ဗီတာမင်ဒီ ဓာတ်ကို ကိုယ်ခန္ဓာက အသုံးမပြုနိုင်တော့တဲ့အတွက် အရိုးပွနိုင်ပါတယ်… အဆီချဆေးကြောင့် ဗီတာမင်ဒီ အပြင် ဗီတာမင် အေ၊ ဗီတာမင် အီး၊ ဗီတာမင် ကေ ဓာတ်တွေပါ အားနည်းသွားနိုင်တာကြောင့် အဲ့ဒီဗီတာမင်တွေချို့တဲ့လို့ဖြစ်တဲ့ ကြက်မျက်သင့်တာ၊ အသားအရေတွေ မွဲခြောက်တာ၊ သွေးနဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်တာမျိုးတွေ ဖြစ်သွားနိုင်ပါတယ်…

နောက်တစ်ခုက Steroid ဟော်မုန်းဆေးတွေကို ရေရှည်စွဲသောက်နေတဲ့သူတွေ၊ ဟော်မုန်းဆေးမှန်း မသိဘဲ ကြော်ငြာကောင်းလို့ ဝယ်ယူအားပေးသူတွေမှာလည်း အသက်မကြီးသေးဘဲ အရိုးပါး၊ အရိုးပွရောဂါတွေ ဖြစ်သွားနိုင်ပါတယ်… တစ်နေ့ကတင် Online shopping တစ်ခုမှာ Clobesterol ပါတဲ့ စတီးရွိုက်ဟော်မုန်းဆေး တွေကို မျက်နှာမှာ အသားဖြူအောင်လိမ်းတဲ့ လိမ်းဆေးတွေအဖြစ် လိမ်လည်ရောင်းချနေတာကိုတွေ့ရတဲ့ အပြင် ဝယ်ယူအားပေးသူတွေလည်း တော်တော်များများရှိနေတာကို တွေ့ရတဲ့အတွက် တော်တော်လေး စိတ်မကောင်းဖြစ်မိပါတယ်… အဲ့ဒီဆေးတွေကြောင့် ခဏပန်း အသားဖြူသလိုထင်ရပေမယ့် သူ့ရဲ့ဘေးထွက် ဆိုးကျိုးတွေကြောင့် ရေရှည်မှာ အရေပြားတွေအပြင် ကိုယ်တွင်းအင်္ဂါတွေပါ ထိခိုက်ပျက်စီးသွားနိုင်တာမို့ အာမခံမရှိတဲ့၊ FDA စစ်ဆေးမှုမရှိတဲ့ Online ဆေးဝါးတွေကို မသုံးစွဲကြဖို့ တစ်ခါတည်း သတိပေး၊ အသိပေးလိုက်ပါတယ်…

 အရိုးပွရောဂါရှိနေပြီဆိုရင်တော့ သာမန် အားစိုက်ပြီး ကုန်းကွတာ၊ အလေးအပင်မတာ၊ ခဲ ပစ်တာ၊ တွန်းတိုက်မိတာ၊ ချော်လဲတာလောက်နဲ့တင်ကို အရိုးကျိုးနိုင်တာမို့ အဲ့ဒီလို အရိုးကျိုးနိုင်ခြေရှိတာအားလုံးကို ရှောင်ကြဉ်ရမှာဖြစ်ပါတယ်… ကိုယ့်အိမ်မှာ ချော်လဲနိုင်တဲ့ နေရာတွေဖြစ်တဲ့ ရေချိုးခန်း၊ အိမ်သာတွေမှာ ရေညှိတွေရှိနေရင် တိုက်ချွတ် ဖယ်ရှားထားတာ၊ လှေကားအတက် အဆင်းတွေကို ဂရုစိုက်ပြီး အတက် အဆင်း လုပ်တာ၊  ခလုတ်တိုက်မိနိုင်တဲ့ ပစ္စည်း၊ ခဲလုံးတွေကို ဖယ်ရှားထားတာ၊ ကျွံကျမိနိုင်တဲ့ အပေါက်တွေ၊ကျင်းတွေကို မြေဖို့တာ၊ ဖာထေးတာမျိုးတွေလုပ်သင့်ပါတယ်… နောက်ပြီး စိတ်လိုက်မာန်ပါ ပစ္စည်းတွေကို မတာ၊ ဆွဲယူပစ်တာမျိုးတွေကို သတိထားပြီး မလုပ်မိအောင် ရှောင်ရှားရပါမယ်…



 နိဂုံးချုပ်အနေနဲ့ပြောရရင် အရိုးပွရောဂါဟာ အရိုးကျိုးနိုင်ခြေအရမ်းများပြီး အရိုးကျိုးပြီးသွားရင်လည်း ပုံမှန်အတိုင်း ပြန်မကောင်းနိုင်တော့တာမို့ သတိထားသင့်တဲ့၊ သိထားသင့်တဲ့ ရောဂါတစ်ခုပါ… အထက်မှာ ပြောခဲ့သလိုပဲ၊ အသက်ကြီးမှဖြစ်တာရယ်မဟုတ်ဘဲ အရိုးပွစေနိုင်တဲ့အကြောင်းအချက်တွေ၊ ရောဂါတွေကြောင့် လည်း ဖြစ်တတ်တာမို့ ဒီဆောင်းပါးကို ဖတ်ပြီးရင် အရိုးပွရောဂါကြောင့် အရိုးကျိုးမယ့်ဘေးကနေ အတတ်နိုင်ဆုံး သတိထားပြီး ကာကွယ်နိုင်လိမ့်မယ်လို့ မျှော်လင့်ရင်း ဒီဆောင်းပါးကို နိဂုံးချုပ်လိုက်ပါရစေဗျာ…။

 ဒေါက်တာနေလင်းအောင်

No comments: