Tuesday, June 5, 2018

သဘာဝဆးပင်များနှင့် ဆီးချိုရောဂါ (Role of Plants)



ကြက်ဟင်းခါး
...................

အပင်၏ပုံသဏ္ဌာန် - နွယ်ပင်မျိုးဖြစ်၏။ ပင်စည်ပျော့ပျောင်း၍ နှာမောင်းရှိ၏။  အရွက်များ အစိမ်းရောင်လက်ခြားဖြစ်၏။ အပွင့်များဝါ၍ အသီးရောင်စိမ်း၏။

ပေါက်ရောက်ရာဒေသ - နေရာမရွေး ပေါက်သည်။ စိုစွတ်မြေပွကို ကြိုက်၏။

အသုံးပြုသည့်အစိတ်အပိုင်း - အမြစ်၊ အရွက်နှင့် အသီး။
ပါဝင်သည့်ဓာတ်ပစ္စည်းများ - အခါးအရသာရှိသည်။ ဂရိုင်ကိုဆိုက် ဓာတ်ပေါင်းများ၊ ဆပ်ပိုနင်ဓာတ်ပေါင်းများ၊ ပေါလီပက်တိုက် ဓာတ်ပေါင်းများ၊ အဆီဓာတ်များ၊ အယ်လ်ကာလွိုက်ဓာတ်ပေါင်းများ၊ အမိုင်နိုအက်ဆစ်ဓာတ်ပေါင်းများ။ ဗီတာမင်ဓာတ်များ ပါဝင်သည်။

သတ္တုဓာတ်များအနေဖြင့် ထုံးဓာတ်၊ မီးစုန်းဓာတ်၊ သံဓာတ်၊ ကြေးနီဓာတ်၊ ယမ်းစိမ်းဓာတ်တို့ပါဝင်သည်။

ဂုဏ်သတ္တိများ - သွေးထဲမှသကြားဓာတ်ကို လျော့ပါးစေ၏။ ဖန်ချုပ်သော  သတ္တိရှိ၏။ ခါးသောအရသာရှိ၍ သွေးကိုသန့်စေ၏။ လိပ်ခေါင်းကို ပျောက်စေ၏။ အစာကို ကြေ၍ ဗိုက်နာခြင်းကို ပျောက်စေ၏။ ခံတွင်းပျက်ခြင်းကို ကောင်းစေ၏။ ဓမ္မတာ သွေးငုပ်၊ ချုပ်ခြင်းကိုပေါ်စေ၏။ သွေးကိုသန့်စေ၍ ဆီးချို ကြောင့်ဖြစ်သော အရေပြား ယားယံနာများကို ပျောက်ကင်း စေ၏။ သန်ပိုး၊ တုတ်ပိုးကိုကျစေသည်။

အသုံးပြုပုံ - သတ္တုရည်၊ ပြုတ်ရည်၊ စိမ်ရည်နှင့် အမှုန့်။
ဆေးဖက်ဝင်အသုံး - သွေးထဲမှသကြားဓာတ်ကို လျော့စေသော နောက်ဆုံးပေါ်ဆေးဖက်ဝင်ပစ္စည်းသည် ကြက်ဟင်းခါးသီးဖြစ်၏။
ကြက်ဟင်းခါးသီး (၁၀၀)ဂရမ်ကို အမှုန့်ပြု၍ တစ်နေ့သုံးကြိမ် သောက်ပါ။ အရွက်သတ္တုရည်ကို ဇွန်းကြီးတစ်ဇွန်းယူ၍ တစ်နေ့ နှစ်ကြိမ်သောက်ပါ။ တစ်လရှိသောအခါ သွေးထဲမှ သကြားဓာတ်ကို ပုံမှန်အဆင့်သို့ လျော့နည်းကျဆင်းစေသည်။

အခြားအသုံးပြုပုံ - အမြစ်ကို သူငယ်နာအုပ်ဆေးအဖြစ်သုံးရသည်။ ၎င်းအရည်ဖြင့် အညှော်ဝင်ပြီး တက်နေသောကလေးကို လိမ်းပေးပါ။ လိပ်ခေါင်းရောဂါတွင်လည်း သုံးရသည်။ အသီးမှာ အသည်းနှင့် သရက်ရွက်ကြီးထွားရောင်ရမ်းခြင်းကို ပျောက်စေ၏။ အသီးကို အစာမကြေရောဂါ၊ ဂေါက်ရောဂါ၊ လေးဖက်နာရောဂါတို့၌ ပေးရသည်။

အသီးသတ္တုရည်ကို သကြားခတ်ပြီး ခံတွင်းပေါ်၍ သောက်ကောင်းအောင်တိုက်ပါ။ အရွက်သတ္တုရည်ကို ငရုတ်ကောင်းမှုန့် အနည်းငယ်စွက်၍ ငှက်ဖျားရောဂါရှိသူအား ဇွန်းကြီးတစ်ဇွန်းကို တစ်နေ့ သုံးကြိမ်တိုက်ပါ။


#####

တမာ
.........
အခေါက်ကို လည်ချောင်းနာ၊ အစာမကြေရောဂါ၊ ခံတွင်းပျက်ခြင်း၊ မီးယပ်ဖြူဆင်းခြင်းရောဂါ၊ လေပြွန်ရောင်ရောဂါ၊ ပန်းနာရောဂါ၊ အနာဆွေး၊ အနာဟောင်းများနှင့် ဝမ်းကိုက်ရောဂါတို့တွင် ပေးရသည်။ သွေးသန့်စေရန် ၎င်းကိုပေးရ၏။ ပလုတ်ကျင်းဆေးအဖြစ် ၎င်းကိုရေစီးကမ်းပြို ရောဂါတွင် ပေးရ၏။ အခေါက်သတ္တုရည် လက်လတ်ဆတ် ဆတ်ကို ဆိတ်နို့နှင့်အတူ ဝမ်းပျက်၊ ဝမ်းလျှောရောဂါတွင် ပေးရ၏။ အသီးမှည့်သည်လည်း ဝမ်းပျက်၊ ဝမ်းလျှောကို ရပ်တန့်စေ၏။

တမာပင်၏ အနှစ်ထုတ်သတ္တုရည်သည် သွေးထဲမှ သကြားဓာတ်ကို ကျဆင်းစေသည်။ ဆီးချိုသွေးချိုကို ကျစေသည်။

တစ်ခွက်စာ ပမာဏ
သတ္တုရည်   - ၅၀ မှ ၁၀၀ ml
အခေါက်မှုန့် - ၀.၅ မှ ၁.၀ g
အစေ့  - ၁.၀ မှ ၃.၀ g


ဆီးချိုရောဂါအတွက် အခြားအသုံးပြုနိုင်သော အပင်များ
(၁) ကန့်ချုပ်အဖြူသည် အင်ဆူလင်ထုတ်လုပ်မှုကို တိုးတက်စေပြီး သွေးထဲမှသကြားဓာတ်ကိုလျော့ကျစေ၏။
(၂) ဆင်တုံးမနွယ်သည် ဂလူးကို့စ်လောင်ကျွမ်းမှုကို တိုးတက်စေ၏၊ အသည်းမှ ဂလူးကို့စ်ထုတ်လုပ်မှုကို ဟန့်တား၏။
(၃) ကျီးအာရွက်သည် ခန္ဓာကိုယ်မှ ဂလူးကို့စ်သုံးစွဲမှုကို တိုးတက်စေ၏။
(၄) ပျားမြီးရွက်သည် ဂလူးကို့စ်ဓာတ်ထိန်းချုပ်မှုကို တိုးတက်စေပြီး ပန်ကရိယ၏ ကလာပ်စည်းများကို အားရှိစေ၏။
(၅) ကင်းပုံပင် တစ်ပင်လုံးသည် သွေးထဲမှ သကြားဓာတ်ကို လျော့ပါးစေ၏။
(၆) ငုမြစ်ပြုတ်ရည်ကို ဆီးချိုရောဂါတွင်ပေးလျှင် ဆီးထဲ၌ရှိ သကြားဓာတ်ကို လျော့နည်းစေ၏။
(၇) ဆင်တုံးမနွယ်သည်လည်း သွေးထဲမှသကြားဓာတ်ကို လျော့စေ၏။ အမှုန့်လက်ဖက်ရည်ဇွန်း တစ်နေ့ သုံး ကြိမ်ကျွေးလျှင် ဆီးချိုရောဂါကို ထိန်းချုပ်နိုင်၏။
(၈) ခဝဲခါးသီးသည် သွေးထဲမှ သကြားဓာတ်ကို လျော့နည်းစေသဖြင့် ဆီးချိုရောဂါတွင် ပေးရ၏။
(၉) မဟော်ဂနီအစေ့သည် ဆီးချိုရောဂါအတွက် စိတ်ချရသော
ဆေးဖြစ်၏။

ဖော်ပြခဲ့သော ဆေးဖက်ဝင်အပင်များကို ကာလကြာမြင့်စွာ ဆက်တိုက်စားသုံးပါက သွေးထဲရှိ သကြားဓာတ်ကိုသာ ကျဆင်းစေသည်မဟုတ်မူဘဲ အဆီပိုမလများ (ကိုယ်လက်စထရော)ကိုပါ ကျဆင်းစေနိုင်သည်။

လူလတ်ပိုင်းအရွယ်တွင် ဖြစ်တတ်သော ဆီးချိုရောဂါရှင်များသည် ရောဂါလက္ခဏာ သက်သာ၏။ ထိုရောဂါရှိသူသည် ပထမဆုံး
ရောဂါလက္ခဏာဖြစ်ချိန်တွင် ကိုယ်အလေးချိန်တက်သည်။ အစားကြူးခြင်းသည် ၀ဖြိုးခြင်း၊ ဆီးချို သွေးချိုရောဂါ၊  သွေးထဲတွင် အဆီဓာတ်လွန်ကဲများပြားနေခြင်း၊ သွေးကြောအတွင်းနံရံများ အညှိတက်ခြင်း၊ နှလုံးပတ်သွေးကြောရောဂါနှင့်  အခြားရောဂါများကို ဖြစ်စေ၏။

ဆီးချိုရောဂါသည် ကုသ၍ မပျောက်နိုင်သော်လည်း ထိန်းချုပ်နိုင်လျှင် သက်တမ်းစေ့နေနိုင်သောရောဂါဖြစ်သည်။ ၎င်း၏နောက်ခံအကြောင်း ရင်းသည် ထိရောက်သော နေ့စဉ်စားသောက်မှုများမှ ထွက်ရှိသော အချိုဓာတ်ကို ထိန်းချုပ်နိုင်မှုမရှိခြင်းဖြစ်သည်။ (အင်ဆူလင်ပံ့ပိုးမှု မရှိခြင်း)ပင် ဖြစ်သည်။ အစာကိုလျှော့စားခြင်းဖြင့် ရောဂါကို ထိန်းသိမ်းနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ကန့်သတ်ဘောင်အတွင်း၌ စားနိုင်သောကြောင့် ဖြစ်သည်။ သူပိုင်အင်ဆူလင်က ထိန်းသိမ်းနိုင်သည့် အတိုင်းအတာအတွင်း စားသုံးသောကြောင့်ဖြစ်သည်။ ဆီးချိုရောဂါရှင်များသည် ဘ၀ကို အကောင်းမြင်ဝါဒဖြင့် ရှုမြင်ခြင်း၊ ဓာတ်စာစည်းမျဉ်းကို လိုက်နာခြင်းနှင့် သင့်လျော်သည့် လေ့ကျင့်ခန်းများကို ပြုလုပ်နေရမည်။
ထို့ကြောင့် ဆီးချိုရောဂါရှိသူသည် လမ်းလျှောက်ခြင်းစသော ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများပြုလုပ်၍ ချွေးထွက်အောင်ပြုမူပါက ချွေးထွက်သွားလျှင် ၎င်းချွေးထဲမှတစ်ဆင့် အချိုဓာတ်များလည်း ထွက်ရှိလျော့နည်းစေပါသည်။ အလွယ်ကူဆုံး နည်းလမ်းသည် လမ်းလျှောက်ခြင်းပင်ဖြစ် သည်။ သက်သောင့်သက်သာ လမ်းလျှောက်ခြင်းသည် ဆီးချိုသမားကို ထိန်းသိမ်းရာတွင် အထောက်အကူပြု၏။

လေ့ကျင့်ခန်းသည် ဇီဝကမ္မကို တိုးတက်စေ၏။ ၎င်းမှ တစ်ဆင့် ဂလူးကို့စ်အား သွေးတွင်းမရောက်အောင် စနစ်တကျ  ထိန်းချုပ်မည်ဖြစ်သည်။ ၎င်းသည် ကိုယ်အလေးချိန်ကိုလည်း လျော့စေ၏။ သွေးဖိအားကိုလည်း လျော့စေ၏။ ဆီးချိုရောဂါရှိသူတွင် ထိုအရာများ အကျိုးရှိစေ၏။ လေ့ကျင့်ခန်းသည် အင်ဆူလင်လိုအပ်မှုကို လျော့စေ၏။ အခြားသောက်ဆေးများ၏ လိုအပ်မှုကိုလည်း လျော့ကျစေ၏။ ဤအချက်သည် ပို၍အရေးကြီးလေသည်။ လေ့ကျင့်ခန်းနှင့်အတူ အစား အသောက် အနေအထိုင်ကိုလည်း ထိန်းချုပ်လေ့ကျင့်ယူရမည်။ နေ့စဉ်စားသုံးနေသည့် သကြားအစား သကြားတု(aspartame)ကို သုံးစွဲပါ။ ဟိုနား၊ ဒီနားခရီးလောက်တွင် တက္ကစီအငှားယာဉ်စီးချင်စိတ်ကို ထိန်းချုပ်ထားပါ။ လမ်းလျှောက်ပေးပါ။ လမ်းများများလျှောက်လေ ဆီးချိုရောဂါနှင့်ကင်းဝေးလေ ဖြစ်ပါသည်။
******
ဆရာမြင့် (စကြာမင်း)

No comments: