Saturday, June 16, 2018

*** သိကြားမကိုဋ်အပင်အကြောင်း သိကောင်းစရာ ***




 🌿 MWD: အခုတစ်ပတ်မှာတော့ သဘာဝဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်တဲ့ သိကြားမကိုဋ်အပင်အကြာင်း ဆွေးနွေးချင်ပါတယ်ဆရာ.. ပထမဆုံး သိကြားမကိုဋ်အပင်ဟာ ဘယ်လိုအပင်မျိုးဖြစ်တယ်ဆိုတာ ရှင်းပြပေးပါဆရာ..

Dr.KML: သိကြားမကိုဋ်အပင်ကို မြန်မာလို ဆီးချိုပင်လို့လည်း ခေါ်ပါတယ်.. ဆီးချိုသွေးချိုရောဂါကုသရာမှာ ထိရောက်စွာ အသုံးပြုနိုင်တဲ့ အပင်ဖြစ်လို့ ခေါ်ဆိုခြင်းဖြစ်ပါတယ်.. ရုက္ခဗေဒနာမည်ကတော့ Orthosiphon aristatus ဖြစ်ပါတယ်.. Orthosiphon ဆိုတဲ့စကားလုံးရဲ့ အဓိပ္ပာယ်က Ortho ဆိုတဲ့ စာလုံးနဲ့ Siphon ဆိုတဲ့စာလုံး ၂ ခုပေါင်းထားတာဖြစ်ပါတယ်.. Ortho ဆိုတာက ဂရိလိုဖြောင့်တန်းခြင်း (Straight) လို့အဓိပ္ပာယ်ရပြီး Siphon ဆိုတာတော့ လက်တင်ဘာသာစကားဖြစ်ပါတယ်.. ပြွန် (Tube) လို့အဓိပ္ပာယ်ရပါတယ်.. အပွင့်လေးတွေဟာ ဖြောင့်တန်းနေတဲ့ ပြွန်ချောင်းလေတွေလို့ ဆိုလိုခြင်းဖြစ်ပါတယ်.. ကြောင်နှုတ်ခမ်းမွှေးနဲ့တူတဲ့အတွက် Cat’s whisker လို့လည်းခေါ်ကြပါတယ်.. အပွင့်မှာ အဖြူ ရောင်နဲ့ ခရမ်းရောင်ဆိုပြီး နှစ်မျိုးရှိပါတယ်..

အပင်ဟာ တစ်နှစ်ခံခြုံပင်ဖြစ်ပြီး ၂ မီတာလောက်အထိ မြင့်တက်ပါတယ်.. သစ်တောတွေ၊ ကားလမ်းဘေးတွေမှာ သဘာဝအလျောက်ပေါက်တတ်ပါတယ်.. သူ့ရဲ့မူရင်းဒေသကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနဲ့ဗီယက်နမ်နိုင်ငံတွေဖြစ်ပါတယ်.. ဒါ့အပြင် သြစတြေးလျနိုင်ငံ၊ အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံတွေရဲ့ ပူအိုက်စိုစွတ်တဲ့ နေရာဒေသတွေမှာလည်း ပေါက်ရောက်လေ့ရှိပါတယ်.. အပင်ဟာ ရေ၀ပ်တာကိုမကြိုက်ဘဲ နေရောင်ခြည်ကိုကြိုက်ပါတယ်.. ဒီနေ့အခါမှာတော့ စီးပွားဖြစ်စိုက်ခင်းအနေနဲ့ အာဖရိကနိုင်ငံတွေမှာ အဓိကစိက်ပျိုးကြတာတွေ့ရပါတယ်.. ဒါ့အပြင် ကျူးဘားနိုင်ငံနဲ့ ဂျော်ဂျီယာနိုင်ငံမှာလည်း အနည်းငယ်စီစိုက်ပျိုးတာ တွေ့ရပါတယ်..

🌿 MWD: သိကြားမကိုဋ်အပင်ကို တိုင်းရင်းဆေးအဖြစ်သုံးကြတယ်လို့ သိရပါတယ်.. ဘယ်လိုရောဂါတွေအတွက် သုံးတယ်ဆိုတာ သိပါရစေ ဆရာ..

Dr.KML: ကျွန်တော်တို့မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှနိုင်ငံတွေမှာတော့ ရိုးရာတိုင်းရင်းဆေးပင်အဖြစ် ဟိုးအရင်ထဲက အသုံးပြုခဲ့ကြပါတယ်.. အဓိကအနေနဲ့ အရွက်ကို အခြောက်လှန်း၊ ရေနွေးနဲ့ စိမ်ပြီး လက်ဖက်ရည် (Tea) အဖြစ်သုံးခဲ့ကြတာပါ.. အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားကျွန်းကနေစတင်သုံးလို့ Java Tea ဆိုပြီး နာမည်ကြီးခဲ့ပါတယ်..

အဓိကအသုံးပြုတဲ့ ရောဂါတွေကတော့ ဆီးချိုသွေးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကျောက်ကပ်ရောင်တာ၊ ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းတစ်လျှောက် ကျောက်တည်တာ၊ ဆီးလမ်းကြောင်းပိုးဝင်တာ စတဲ့ရောဂါတွေမှာ အသုံးပြုခဲ့ကြပါတယ်.. သောက်တဲ့အခါ အရွက်အခြောက်မှုန့်ကို အသုံးပြုလေ့ရှိပါတယ်..

Orthosiphon Aristatus (Cat's Whiskers, Java Tea, Kidney Tea Plant)

🌿 MWD: သိကြားမကိုဋ်မှာ ဘယ်လိုမျိုးဓာတ်ပစ္စည်းတွေ ပါဝင်သလဲဆိုတာရယ်. သူတို့ကနေ ဘယ်လိုမျိုး အာနိသင်တွေရတယ်ဆိုတာလည်း သိပါရစေ ဆရာ..

Dr.KML: သူ့မှာ အပင်ဓာတုဗေဒ (Phytochemistry) အရ ဆေးဖက်ဝင်ဓာတ်ပစ္စည်းအုပ်စုကြီး ၂ ခုပါဝင်ပါတယ်.. အဲ့ဒါတွေကတော့ တာပင်နွိုက် (Terpenoid) အုပ်စုနဲ့ ပေါ်လီဖီနော (Polyphenol) အုပ်စု တို့ပဲဖြစ်ပါတယ်.. တာပင်းနွိုက်အုပ်စုမှာ အဓိကအားဖြင့် ဒိုင်တာပင်း (Diterpene) တွေဖြစ်တဲ့ Orthosiphol A နဲ့ B, Neo- orthosiphol A နဲ့ B တွေ အဓိကပါဝင်ပါတယ်..  ဒါ့အပြင်မိုနိုတာပင်း (Monoterpene) နဲ့ ထရိုင်တာပင်း (Triterpene) တွေလည်း အနည်းငယ်စီ ပါဝင်ပါတယ်.. အဲ့ဒီ တာပင်းနွိုက်တွေဟာ ခါးတဲ့သတ္တိရှိပြီး ဆီးချိုသွေးချိုရောဂါနဲ့ သွေးတိုးရောဂါတွေကို သက်သာပျောက် ကင်းစေနိုင်ပါတယ်.. ဒါကို ဂျပန်နိုင်ငံ၊ ဟီရိုရှီးမား (Hiroshima) မြို့မှာရှိတဲ့ ဖူကူရားမားတက္ကသိုလ် (Fukuyama University) မှာရှိတဲ့ ပညာရှင်တွေက ၂၀၀၀ ပြည့်နှစ်မှာ စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်..

ဒုတိယအုပ်စုဖြစ်တဲ့ ပေါ်လီဖီနောအုပ်စုမှာ ပါတာတွေကတော့ စိုင်းနန်စီတင် (Sinensetin) နဲ့ ယူပါတိုရင်း(Eupatorin) ဓာတ်ပေါင်းတွေဖြစ်ပြီး အင်တီအောက်စီဒင့်အာနိသင် (Antioxidant effect) ပေးပါတယ်.. နောက်ထပ် ပါဝင်တဲ့ ရို့စ်မရစ်နစ် (Rosmarinic acid) တွေကတော့ ဘက်တီးရီးယားပိုး တွေကိုသေစေနိုင်တဲ့အာနိသင် (Antibacterial effect) ကို ပေးပါတယ်..

🌿 MWD: သိကြားမကိုဋ်ပင်ရဲ့ ဆေးဖက်ဝင်အာနိသင်တွေက ဘာတွေများလဲ ဆရာ..

Dr.KML: သိကြားမကိုဋ်ပင်ရဲ့ ဆေးဖက်ဝင်အာနိသင်တွေကို လေ့လာကြတဲ့အခါမှာ
(၁) ဆီးချိုသွေးချိုရောဂါကို သက်သာစေတဲ့ အာနိသင် (Anti-diabetic effect)
(၂) သွေးတိုးရောဂါကို ကုသနိုင်တဲ့အာနိသင် (Anti-hypertensive effect)
(၃) ဆီးကျောက်တည်ရောဂါကို သက်သာစေတဲ့အာနိသင် (Anti-urolithiasis effect)
(၄) အင်တီအောက်စီဒင့် အာနိသင် (Antioxidant effect)
(၅) အသည်းထိခိုက်ပျက်စီးတာကို ကာကွယ်နိုင်တဲ့ အာနိသင် (Hepatoprotective effect)
စတဲ့ အာနိသင်တွေကို တွေ့ရှိရပါတယ်..

🌿 MWD: သိကြားမကိုဋ်အပင်ရဲ့ သွေးချိုဆီးချိုရောဂါကို သက်သာစေတဲ့ အာနိသင်အကြောင်းကို နည်းနည်းရှင်းပြပေးပါ ဆရာ..

Dr.KML: ရိုးရာတိုင်းရင်းဆေးပညာတွေမှာတော့ သိကြားမကိုဋ်ကို ဆီးချိုသွေးချိုရောဂါမှာ အသုံးပြုခဲ့တာ နှစ်ပေါင်း ရာနှင့်ချီပြီး ရှိခဲ့ပါပြီ.. သိပ္ပံနည်းကျ ပထမဆုံးအနေနဲ့ စမ်းသပ်သက်သေပြခဲ့တဲ့ သူတွေကတော့ ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ်နဲ့ ဂျပန်နိုင်ငံ၊ ကီတာဆာတိုတက္ကသိုလ် (Kitasato University) က ပညာရှင်များပဲဖြစ်ပါတယ်.. ၁၉၉၇ ခုနှစ်မှာ ကြွက်အကောင် ၄၅ ကောင်ကို အုပ်စု ၃ စုခွဲပြီး စမ်းသပ်ရာမှာ ပထမအုပ်စုကို ဆားရည်ကျဲကျဲ (Normal saline) ပဲ ပေးတယ်.. ဒုတိယအုပ်စုကို ဆီးချိုသွေးချိုကျဆေး တော်ဗြူတမိုက် (Tolbutamide) ကျွေးပြီး တတိယအုပ်စုကို သိကြားမကိုဋ် ပြုတ်ရည်တိုက်ပြီး စမ်းသပ်ခဲ့ပါတယ်.. သိကြားမကိုဋ်ပြုတ်ရည်တိုက်ထားတဲ့ ကြွက်တွေမှာ ဂလူးကို့စ် ဓာတ်ကိုကျစေနိုင်တဲ့ အာနိသင်ရှိတာတွေ့ရပြီး တော်ဗြူးတမိုက်ထက်တော့ အာနိသင်အနည်းငယ် လျော့တယ်လို့ ဆိုပါတယ်..

ဒုတိယစမ်းသပ်ချက်ကို ၂၀၀၇ ခုနှစ်မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ ချူလာလောင်းကွန်းတက္ကသိုလ် (Chulalongkorn University) က ပြုလုပ်ခဲ့တာဖြစ်ပါတယ်.. ကြွက်တွေ ကို ဆီးချိုသွေးချိုရောဂါဖြစ်စေနိုင်တဲ့ စရက်တိုဇိုတိုစင် (Streptozotocin) ပေးပြီးတဲ့နောက် သိကြားမကိုဋ် ကျွေးပြီး ၀-၇-၁၄ ရက် ၃ ကြိမ် သွေးဖောက်ကြည့်တဲ့အခါမှာ သကြားဓာတ်ပမာဏဟာ ၇ ရက်နဲ့ ၁၄ ရက်တွေမှာ သိသိသာသာကျသွားတာ တွေ့ရပါတယ်.. သူ့ရဲ့အာနိသင်ဟာ အနောက်တိုင်းဆီးချိုကျဆေးဖြစ်တဲ့ ဂလီဗင်ကလမိုက်ဒ် (Glibenclamide) နဲ့ တူညီတာကို တွေ့ရပါတယ်.. ပိုပြီးထူးဆန်းတာက သွေးထဲက ဂလူးကိုစ့်ဓာတ် (Glucose) ကိုကျရုံသာမက အယ်ဒီအယ် (LDL) ကိုကျစေပြီး အိပ်ခ်ျဒီအယ် (HDL) ကို တက်စေတာတွေ့ရလို့ အ၀လွန်ရောဂါရှိသူတွေအတွက် ပိုသင့်တော်မယ်လို့ မှတ်ချက်ပြုထားပါတယ်..

၂၀၁၁ ခုနှစ်မှာ မလေးရှားနိုင်ငံမှာရှိတဲ့ စိန်းတက္ကသိုလ် (Sains University) နဲ့ ပူထရာတက္ကသိုလ် (Putra University) က စမ်းသပ်ချက်အရ သိကြားမကိုဋ်အပင်ဟာ ကြွက်ရဲ့သွေးထဲမှာရှိတဲ့ ဂလူးကိုစ့်ဓာတ် ကို ကျစေတာသေချာပါတယ်လို့ ဆိုပါတယ်.. ဒါ့အပြင် ဂလူးကို့စ်ဓာတ်ကျစေတဲ့ ဓာတ်ပစ္စည်းတွေကို ဆက်လက်ရှာဖွေခဲ့ရာမှာ တာပင်နွိုက်နဲ့ ဖလေဗိုနွိုက် (Flavonoids) တွေကြောင့်ဆိုတာ သိခဲ့ရပါတယ်.. အဓိကအနေနဲ့ စိုင်နန်စီတင်ဆိုတဲ့ ဒြပ်ပေါင်းဟာ အာနိသင်အထက်အမြက်ဆုံးလို့ဆိုပါတယ်..

ကျွန်တော်တို့ နိုင်ငံမှာလည်း ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန (အောက်မြန်မာပြည်) နဲ့ ရန်ကုန်မြို့မှာ ရှိတဲ့သင်္ဃန်းကျွန်းစံပြဆေးရုံကြီးမှာ စမ်းသပ်ချက်အရ သိကြားမကိုဋ်ပင်မှာ ဆီးချိုသွေးချိုကိုသက်သာစေနိုင်တဲ့ အာနိသင်ရှိကြောင်း တွေ့ရှိခဲ့ရပါတယ်.. ဒီလိုစမ်းသပ်ရာမှာ သိကြားမကိုဋ်အရွက်ခြောက်ကို 8 g ချိန်ဆပြီး ရေနွေး 250 ml နဲ့ရော Herbal Tea အဖြစ် တစ်နေ့ ၃ ကြိမ်နဲ့ ၂၈ ရက်သောက်ခိုင်းခဲ့ပါတယ်.. ဆီးချိုလူနာတွေကို အရင်ကသောက်နေကျ ဆီးချိုဆေးတွေ ၇၂ နာရီဖြတ်ပြီး သွေးထဲမှာရှိတဲ့ ဂလူးကိုစ့်ဓာတ်ကိုတိုင်းပြီးမှ စတင်တိုက်ကျွေးခဲ့တာဖြစ်ပါတယ်.. ၂၈ ရက်ပြည့်လို့ တိုင်းကြည့်တဲ့အခါ ဆီးချိုသွေးချို သိသိသာသာကျဆင်းသွားတာ တွေ့ရပါတယ်.. သူ့ရဲ့အာနိသင်နဲ့ ဂလစ်ကလာဇိုက်ဒ် (Gliclazide) ရဲ့အာနိသင်အတူတူပဲဆိုတာ သိခဲ့ရပါတယ်..



🌿 MWD: သွေးတိုးရောဂါကို ကုသရာမှာ အသုံးဝင်တယ်လို့လည်းသိရပါတယ်..  အဲ့ဒါနဲ့ ပတ်သတ်ပြီးလည်း ရှင်းပြပေးပါ ဆရာ..

Dr.KML: သိကြားမကိုဋ်ဆေးပင်ဟာ သွေးတိုးဝေဒနာရှင်တွေ မှီဝဲသင့်တဲ့ဆေးပင်ဖြစ်ပါတယ်.. သူ့မှာသွေးကြောကို ကျယ်စေနိုင်တဲ့အာနိသင်ရယ်၊ ဆီးရွှင်စေတဲ့အာနိသင်ရယ်ဆိုပြီး နှစ်ခုပါရှိတာကြောင့် သွေးပေါင်ချိန် (Blood pressure) ကိုကျစေပါတယ်.. ဒါ့အပြင် သူဟာ သွေးထဲမှာရှိတဲ့ မကောင်းတဲ့အဆီ အယ်ဒီအယ် ကိုလက်စထရော (LDL- Cholesterol) ကိုကျစေတဲ့အပြင် ကောင်းတဲ့ အိပ်ခ်ျဒီအယ် ကိုလက်စထရော (HDL- Cholesterol) ကိုပါ မြှင့်တင်ပေးနိုင်လို့ သွေးတိုးရောဂါနဲ့ အ၀လွန်ရောဂါတွဲဖြစ်နေတဲ့သူတွေအတွက် ပိုပြီး အကျိုးရှိပါတယ်..

🌿 MWD: ဆီးကျောက်တည်ရောဂါကို သက်သာစေတယ်ဆိုတဲ့ အာနိသင်ကရော ဆရာ..

Dr.KML: နိုင်ငံတကာသုတေသနတွေအရ သိကြားမကိုဋ်ဆေးပင်ဟာ ဆီးလမ်းကြောင်းကျောက်တည်နေတဲ့သူတွေရဲ့ ၄၀ % မှာ အစွမ်းထက်တယ်လို့ ဆိုပါတယ်.. သိကြားမကိုဋ်ကို ၆ လလောက်စွဲသောက်ရင် ဆီးကျောက်တွေကျေဖို့ အထောက်အကူပြုပါတယ်.. ဒါ့အပြင် ဆီးကျောက်ကြောင့် ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းတစ်လျှောက် ရောင်ရမ်းမှုတွေကိုလည်း လျော့နည်းစေတာတွေ့ရပါတယ်.. တခြားဆီးကျောက်တည်ရောဂါမှာ အသုံးပြုတဲ့သဘာဆေးပင်တွေဖြစ်တဲ့ကျောက်ကွဲပင်၊ နတ်ဆေးဂမုန်း၊ သံမနိုင်ကျောက်မနိုင်၊ အလိုကျူတို့နဲ့တွဲပေးရင် ပိုထိရောက်ပါတယ်..

🌿 MWD: အင်တီအောက်စီဒင့် အာနိသင်ရှိတယ်ဆိုတဲ့အကြောင်းကိုလည်း ဆက်ပါဦးဆရာ..

Dr.KML: သူ့မှာ အင်တီအောက်စီဒင့်အာနိသင်ရှိကြောင်းကို ထိုင်ဝမ်နိုင်ငံမှာရှိတဲ့ ချန်ရှမ်းတက္ကသိုလ်(Chung Shan University) မှာ စတင်စမ်းသပ်တွေ့ရှိခဲ့ပါတယ်.. ဒါ့ကြောင့် ရောင်ရမ်းမှုအမျိုးမျိုးကို သက်သာပျောက်ကင်းစေတဲ့ အာနိသင်ကို ရရှိပါတယ်.. အထူးသဖြင့် အသည်းရောင်တာ၊ ကျောက်ကပ်နဲ့ဆီးလမ်းကြောင်းရောင်တာတွေအတွက် ထိရောက်ပါတယ်..

🌿 MWD: သိကြားမကိုဋ်ပင်ဟာ အသည်းထိခိုက်ပျက်စီးခြင်းမှ ကာကွယ်ပေးတယ်ဆိုတာလည်း ရှင်းပြပေးပါ ဆရာ..

Dr.KML: သူ့မှာ အင်တီအောက်စီဒင့်အာနိသင်နဲ့ အရောင်ကျစေတဲ့ အာနိသင်ရှိတဲ့အတွက် အသည်းရောင်တာ၊ ပျက်စီးတာကို ဟန့်တားနိုင်တဲ့အာနိသင်ရှိပါတယ်.. ဒါ့ကြောင့် အသည်းရောင်အသားဝါရောဂါအမျိုးမျိုးမှာ သုံးနိုင်တဲ့အပြင် အရက်၊ ဆေးဝါးနဲ့ အဆိပ်အတောက်တွေကြောင့် အသည်းပျက်စီးခြင်းကိုလည်း ဟန့်တားပေးနိုင်စွမ်းရှိပါတယ်..

🌿 MWD: သိကြားမကိုဋ်အပင်ရဲ့ အကျိုးအာနိသင်တွေတော့ သိရပါပြီဆရာ.. သူ့ကိုအသုံးပြုရင် ဖြစ်လာနိုင်မယ့် ဘေးထွက်ဆိုးကျိုးတွေရှိရင်လည်းသိပါရစေ..

Dr.KML: ဘေးထွက်ဆိုးကျိုးအနေနဲ့ သူဟာ ဆီးရွှင်စေတဲ့အတွက် ဆီးထဲကနေ ပိုတက်စီယမ် နဲ့ ဆိုဒီယမ် တွေဆုံးရှုံးမှုရှိတတ်တော့ ဒါကိုဂရုစိုက်ဖို့လိုပါတယ်.. ပိုတက်စီယမ် လျာ့နည်းတဲ့လက္ခဏာတွေဖြစ်တဲ့ ကြွက်သားတွေအားနည်းတာ၊ မလှုပ်ရှားချင်ဖြစ်တာ၊ ဗိုက်ဖောင်းတာ၊ လေပွတာ၊ ၀မ်းချုပ်တာတွေ ဖြစ်ရင်သတိထားရပါမယ်.. နှလုံးခုန်နှေးတာ၊ သွေးပေါင်ချိန်ကျတာဆိုရင် စားသုံးတဲ့ပမာဏကိုလျှော့ရပါမယ်.. ဒါမှမဟုတ် ပိုတက်စီယမ် ပါဝင်မှုများတဲ့ သစ်သီးတွေဖြစ်တဲ့ ငှက်ပျောသီး၊ အုန်းရည်၊ အရည်ရွှမ်းသစ်သီးတွေ စားပေးဖို့လိုပါလိမ့်မယ်..

🌿 MWD: သိကြားမကိုဋ်ဆေးပင်ကို ဆေးအဖြစ်သောက်မယ်ဆိုရင် ဆေးပမာဏ ဘယ်လောက်သောက်ပေးဖို့ လိုအပ်ပါသလဲဆရာ..

Dr.KML: ဆေးပမာဏ (Dosage) အနေနဲ့ 6-12 g of dried leaf/day ဖြစ်ပါတယ်.. ၅ ဂရမ် ကနေ၂၅၀ မီလီဂရမ်ဆေးပြားတွေ ထုတ်လေ့ရှိတော့ တစ်ခါသောက်ရင် ဆေးပြား တစ်ပြားကနေ နှစ်ပြား၊ တစ်နေ့နှစ်ကြိမ် (1-2 tab x 2 times daily) သောက်ရင် လုံလောက်ပါတယ်.. ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေမှာတော့ ဆီးချိုရောဂါအတွက် ဒီအပင်ကို မသုံးသင့်ပါဘူး.. အင်ဆူလင်ထိုးဆေးကိုသာ သုံးရမှာဖြစ်ပါတယ်.. သိကြားမကိုဋ်အနေနဲ့ သေသေချာချာ စမ်းသပ်ထားတာမရှိသေးလို့ပဲဖြစ်ပါတယ်..

🌿 MWD: ဆရာ့အနေနဲ့ မြ၀တီရုပ်မြင်သံကြားပရိတ်သတ်ကို သိကြားမကိုဋ်ဆေးပင်နဲ့ ပတ်သတ်ပြီး ဘာများပြောချင်ပါသေးသလဲ ဆရာ..

Dr.KML: သိကြားမကိုဋ်ဆေးပင်ဟာ အင်မတန်အစွမ်းထက်တဲ့ဆေးပင်ဖြစ်ပြီး ဘေးထွက်ဆိုးကျိုးနည်းလို့ဆီးချိုသွေးချိုဝေဒနာရှင်တွေအနေနဲ့ အသုံးပြုသင့်ပါတယ်.. အထူးသဖြင့် ဆီးချိုသွေးချိုနဲ့ အ၀လွန်၊ သွေးတိုရောဂါဖြစ်နေသူတွေ၊ ဆီးကျောက်တည်ရောဂါနဲ့ တွဲဖြစ်နေသူတွေမှာ တွဲသုံးပေးရင် အင်မတန် ထိရောက်တဲ့ဆေးစွမ်းကောင်းတစ်လက်ဖြစ်တယ်ဆိုတာ ပြောကြားလိုပါတယ်.. လိုအပ်ရင် တခြားဆီးချိုသွေးချိုကျစေတဲ့ သဘာဝဆေးပင်တွေဖြစ်တဲ့ ကြက်ဟင်းခါးသီး၊ ပျားမြီးရွက်တွေနဲ့လည်း တွဲပေးလို့ရပါတယ်.. အနောက်တိုင်းဆေးသောက်နေတဲ့သူတွေ အသုံးပြုမယ်ဆိုရင်တော့ သောက်နေကျဆေးတွေရဲ့ပမာဏကို လျော့ပေးဖို့လိုပါလိမ့်မယ်.. ဒါကိုတော့ မိမိကိုကုသပေးနေတဲ့ ဆရာဝန်နဲ့တိုင်ပင်ရမှာ ဖြစ်ပါတယ်..

# MWD Health Talk Program

ဒေါက်တာ ခင်မောင်လွင် (FAME Pharmaceuticals) 

No comments: