Saturday, June 2, 2018

Modern Art Vs. Contemporary Art

Modern Art (ခေတ်သစ် မော်ဒန်အနုပညာ) နဲ့ 
Contemporary Art (ခေတ်ပြိုင်အနုပညာ) ဘာကွာလဲ
======================


မော်ဒန်အတ် (Modern Art) နဲ့ ကွန်တမ်ပရာရီအတ် (Contemporary Art) ဘာကွာလဲ ဆိုတဲ့ မေးခွန်းက မြန်မာ့အနုပညာ လောကမှာ အင်မတန် ရှုပ်ထွေးနေတဲ့ အနေအထား ရှိနေပါတယ်။ ပြီးတော့ “အနုပညာဟာ အနုပညာပဲ၊ Modern တွေ ... Contemporary တွေ ဘာလို့ ခွဲနေမှာလဲ” … လို့ မေးစရာလည်း ဖြစ်လာပါတယ်။ မေးလည်း မေးကြတာတွေ ကြုံဖူးပါတယ်။

အကောက်အယူ လွဲတတ်သည်

တခါက Contemporary Art နဲ့ ပတ်သက်ပြီး၊ ပန်းချီဆရာတစ်ဦးက ပန်းချီကား ရွေးချယ်စိစစ်ရေး ဆွေးနွေးပွဲ တစ်ခုမှာ -“ကျနော်က ကျနော့်ဘာသာ ရေးရင်တော့ Contemporary ပဲ ရေးတယ်၊ တခြားသူအတွက် ဆိုရင်တော့ မော်ဒန်ပဲ ရေးပေးလိုက်တာပဲ” လို့ ဆိုပါတယ်။ ရုတ်တရက် ဆိုရင်တော့ သူပြောတာ ဟုတ်သလိုလို ထင်ရပေမယ်၊့ သေချာ ပြန်စဉ်းစားရင် သူက ကွန်တမ်ပရာရီ အကြောင်း မသိဘဲ ပြောတယ်၊ သို့မဟုတ် နားလည်မှုလွဲပြီး သူ ခံယူထားတဲ့အတိုင်း ပြောတယ် ဆိုတာ တွေ့လာရတယ်။

တကယ်တော့ မော်ဒန်မှာ Modernism ဆိုပြီး အစ်ဇင် (ism) ရှိပါတယ်။ ကွန်တမ်ပရာရီမှာ အစ်ဇင် (ism) မရှိဘဲ၊ ကွန်တမ်ပရာရီအတ် (art) ပဲ ရှိတာပါ။ အဲဒီမှာ “ပန်းချီဆရာက သူ့ဘာသာရေးရင်တော့ ကွန်တမ်ပရာရီပဲ ရေးတယ်” လို့ ပြောတာက မရှင်းလင်းတဲ့ အပြင်၊ အစ်ဇင် (ism) ရှိနေတယ် လို့ သူက ယူဆထားပုံ ရပါတယ်။ အဲဒီ ပန်းချီဆရာက ပန်းချီနဲ့ပတ်သက်ပြီး အတော်အတန် သြဇာကြီးသူ ဖြစ်တာကြောင့် သူပြောတာကို အခြားငယ်ရွယ်သူတွေ၊ လေ့လာသူတွေက အမှန်လို့ထင်ပြီး ယောင်ဝါးဝါး မှတ်သားသွားမှာ စိုးရိမ်မိပါတယ်။

ကျနော့် အနေနဲ့ မော်ဒန်အတ် (Modern Art)၊  မော်ဒန်နစ်ဇင် (Modernism) နဲ့ ကွန်တမ်ပရာရီအတ် (Contemprary Art) နဲ့ ပတ်သက်ပြီး အကောက်အယူ မလွဲစေဖို့ အတတ်နိုင်ဆုံး လေ့လာတင်ပြပေးသွားမှာ ဖြစ်ပါတယ်။ အားနည်းချက်တချို့လည်း ရှိနိုင်ပါတယ်။ ပညာရှင်များ ဖြည့်စွက် ပေးဖို့တော့ လိုပါဦးမယ်။

ဗဟုသဘောဆောင်သည်

Contemporary Art, Contemporary Artist, Contemporary တွေနဲ့ ပတ်သက်ပြီး ပညာရှင်တွေက ဖွင့်ဆိုရှင်းပြထား တာတွေ ရှိပါတယ်။ အလွန် ကျယ်ပြန့်တဲ့ အတွက် အနုပညာနဲ့ မရင်းနှီးသူတွေ နားမလည်နိုင် ဖြစ်နေတတ်ပါတယ်။ ဒီအတွက် ပညာရှင်တွေကို အပြစ် မဆိုသင့်ပါဘူး။ ပညာရှင်တွေရဲ့ အားနည်းချက်လည်း မဟုတ်ပါဘူး။ Contemporary ကိုယ်နှိုက်က ကျယ်ပြန့်နေတာကြောင့် ဖြစ်ပါတယ်။

“ကျယ်ပြန့်လွန်းနေလို့ စာဖတ်သူတွေ လေ့လာဖို့၊ သိရှိဖို့ မလိုတော့ဘူး လား။ ပညာရှင်တွေအလုပ်ပဲ” ဆိုပြီး နေရတော့မှာ လား။ အနုပညာဆိုတာ အားလုံးနဲ့ သက်ဆိုင်တယ်၊ အားလုံးရင်ခုန်ခံစား ခွင့်ရှိတယ် မဟုတ်လား။ ဒါကြောင့် ကျနော့် အနေနဲ့ အတတ်နိုင်ဆုံး ကြိုးစားပြီး အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံး နားလည်လွယ်အောင် လေ့လာတင်ပြသွားမှာ ဖြစ်ပါတယ်။ သို့ပေမယ့် တခုတော့ သတိချပ် ပါဦး။ လောကကြီးမှာ ရှင်းမပြ ပြောမပြဘဲ သိနေတာတွေ အများကြီး ရှိနိုင်သလို ပြောပြ ရှင်းပြလိုက်မှ မပြည့်မစုံ ဖြစ်ရတာတွေ၊ မတိကျတာတွေ၊ ရှုပ်ထွေးသွားတာတွေ အများကြီး... ဒုနဲ့ဒေး ရှိနိုင်တယ် ဆိုတာပါပဲ။

ခေတ်ပြိုင် အသုံးအနှုန်း

Contemporary ကို ခေတ်ပြိုင်ဆိုတဲ့ စကားလုံးနဲ့ ဖလှယ်ကြည့်ရအောင်ပါ။ ခေတ်ပြိုင်လို့ ကြားလိုက်တာနဲ့ ဆရာကြီး ဒဂုန်တာရာရဲ့ ခေတ်ပြိုင်ရုပ်ပုံလွှာများ ဆိုတဲ့ ဆောင်းပါးတွေကို ပြေးမြင်မိကြမယ် ထင်ပါတယ်။ တစ်ဆက်တည်း “ကျနော်နဲ့ ခေတ်ပြိုင်ပုဂ္ဂိုလ်တွေက ဘယ်သူတွေ၊ ဘယ်ဝါတွေ …” ဆိုပြီး ပြောကြတာကိုလည်း သတိရမိပါလိမ့်မယ်။

ဒါကြောင့် ခေတ်ပြိုင်ဆိုတာ ခေတ်ကာလတခုအတွင်း အပြိုင်ပေါ်ထွန်း၊ ပေါ်ထွက်၊ အောင်မြင်၊ လှုပ်ရှားသက်ဝင်နေတဲ့ (လူပုဂ္ဂိုလ်၊ ဖြစ်ထွန်းလာမှု၊ ဆန်းသစ်တီထွင်မှု၊ လေ့လာတွေ့ရှိမှု စသည်) အရာတွေဟာ ခေတ်ပြိုင်တွေ လို့ ဆိုရမှာပါ။

သို့ပေမယ့် ခေတ်ပြိုင် (Contemporary) ကို ပန်းချီအနုပညာမှာ သုံးတဲ့ အဓိပ္ပာယ်ကျတော့ ပိုကျယ်ပြန့်သွားတယ်။ ပိုပြီး လွှမ်းခြုံမှု ဆန်လာတယ်။ ပိုပြီး ပေါင်းစည်း လာတယ်။ ပိုပြီး ညီညွတ်လာတယ်။ ဧကဝုစ်ခေါ် တစ်ခုသဘော မဆောင်တော့ပါ။ ဗဟုသဘော အများပေါင်းစုတဲ့ သဘော ဆောင်လာပါတယ်။

ဥပမာ တစ်ခု အနေနဲ့ တင်ပြရရင် - အရင်ခေတ်က မြန်မာ့ဆိုင်းဝိုင်းနဲ့ သီဆိုခဲ့တဲ့ “ဆိုင်းကြိုက်တဲ့မောင်” ဆိုတဲ့ သီချင်း ရှိခဲ့ပါတယ်။ အဲဒီခေတ်တုန်း ကတော့ mordern အဖြစ်ဆုံး၊ Contemporary အဖြစ်ဆုံးလို့ ပြောနိုင်ခဲ့ပါလိမ့်မယ်။ ဒါပေမယ့် နောက်ခေတ်တွေ၊ နောက်ခေတ်တွေ မှာတော့ အဲဒီသီချင်းဟာ Modern မဖြစ်တော့ဘူး။ Contemporary မဖြစ်တော့ဘူး။ နောက်ခေတ်၊ နောက်လူတွေကြား မှာ အဲဒီသီချင်း “မပေါက်” တော့ဘူး။ တစ်နည်းအားဖြင့်တော့ လူအများ ယူငင်အသုံး မပြုတော့ဘူး ဆိုရင် Contemporary မဖြစ်တော့ဘူး။ သို့ပေမယ့် သီချင်းဖန်တီးမှု အနုပညာတော့ ရှိနေပါတယ်။

အဲဒီ “ဆိုင်းကြိုက်တဲ့မောင်” သီချင်းကို ခေတ်ကာလမှာ ပေါ်ပေါက်နေတဲ့ ဂီတပုံစံသဏ္ဌာန်သစ် (Hip Hop, Rap, DJ စသဖြင့်) နဲ့ ပေါင်းစပ် “ရောသမမွှေ” လိုက်တော့ လူအများကြားမှာ ရေပန်းစားအောင်မြင်သွားတယ်။ လူအများရဲ့ စိတ်ဝင်စားမှုနဲ့ ယူငင်သုံးစွဲမှုကို ရတယ်။ ဒါဆို အဲဒီသီချင်း Contemporary ဖြစ်သွားတယ် လို့ ပြောရ မှာပါ။

ဒါဆို အဟောင်းတွေကို မွမ်းမံလိုက်ရင် Contemporary ဖြစ်ရောလားလို့ မေးစရာရှိပါတယ်။ အဟောင်းကို မွမ်းမံလိုက် တိုင်း Contemporary ဖြစ်သွားတာ မဟုတ်ပါ၊ ဖြစ်လည်း မဖြစ်ပါ။ (ခေတ်ကာလကို ကိုယ်စားပြုတဲ့) ခေတ်အမြင်၊ ခေတ်အတွေး၊ ခေတ် စရိုက်လက္ခဏာတွေနဲ့ ပေါင်းစပ်ပြီး ဆန်းသစ် ဖန်တီးဖို့နဲ့ အနုပညာမြောက်ဖို့တော့ လိုပါတယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ ဆန်းရင်ပြီးရော လုပ်တဲ့ အဆင့်မှာပဲ ရှိမှာပါ။

Contemporary Artwork တွေလို့ သတ်မှတ်ခေါ်ဆိုနိုင်ဖို့ အတွက် ဘယ် medium ကိုသုံးမှ၊ ဘာ ism နဲ့ ရေးမှ ဆိုပြီး မရှိပါဘူး။ medium တခုတည်းလည်း သုံးနိုင်တယ်။ အများကြီးလည်း ရောစပ်သုံးနိုင်တယ်။ ism တွေကိုလည်း ဒီလိုပဲ တမျိုးတည်းလည်း သုံးနိုင်တယ်။ ရောစပ်ပြီးလည်း သုံးနိုင်တယ်။ သေချာတာကတော့ ဗဟုသဘော ညီညွတ်မျှတပြီး အနုပညာမြောက်ဖို့တော့ လိုပါတယ်။

(Modern Art - A Burial at Ornans by Gustav Courbet)

မော်ဒန်အတ် (Modern Art)

မော်ဒန် အတ်နဲ့ ပတ်သက်ပြီး ပြောရရင် ၁၈၉၀ ကနေ ၁၉၆၀ ကြားကာလ အတွေးအမြင် စိတ်ကူးနဲ့ ရေးဆွဲဖန်တီးခဲ့တဲ့ လက်ရာလို့လည်း ပြောဆိုတာတွေ ရှိုပါတယ်။ မော်ဒန်အတ်ရဲ့ အဓိက ရည်ရွယ်ရင်းကို လေ့လာရင် ဆရာကြီး ဗဂျီအောင်စိုး ရဲ့ စကားက အပြည့်စုံဆုံး၊ အထိရောက်ဆုံး၊ အရိုးရှင်းဆုံး ဖြစ်တယ် ဆိုတာ တွေ့ရပါတယ်။ “ရိုးရာမှသည် ခေတ်သစ်ဆီ သို့...” ဆိုတဲ့ စကားပါ။

ရိုးရာအနုပညာ ဖန်တီးတင်ပြမှု၊ တနည်းအားဖြင့် သမရိုးကျ အနုပညာဖန်တီးတင်ပြမှုက ခွဲထွက်လာခဲ့ပြီး စမ်းသပ်ဖန်တီးမှု သစ်တွေ၊ တွေးမြင်ဖန်တီးမှု သစ်တွေနဲ့ ဖန်းတီး တင်ပြလာတာ မော်ဒန်ပါ။ ဒီနေရာမှာ ခေတ်မီသော၊ ခေတ်မီတယ် လို့ အဓိပ္ပာယ် ဆောင်တဲ့ “modern” ဆိုတဲ့ စကားလုံးနဲ့ ရောထွေး နားလည်လာတွေလည်း ရှိပါတယ်။ အဲဒီ modern ဆိုတဲ့ စကားလုံးက ခေတ်မီဖက်ရှင် ဒီဇိုင်းနဲ့ ၀တ်စားဆင်ယင်မှု အပိုင်းကို ရည်ညွှန်းပါတယ်။ ဒါက စောစောက ပြောခဲ့တဲ့ ၁၈၉၀ နဲ့ ၁၉၆၀ ကြား ကာလမှာ ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ကျနော်တို့ ဆီမှာလည်း အဲဒီလို အဓိပ္ပာယ်တွေ မရောထွေးဖို့ “အနုပညာသစ်” ဖန်တီးတင်ပြမှု လို့ အရင်ခေတ်တွေက ဘာသာပြန်တာတွေ ဖတ်ရှုလေ့လာဖူးပါတယ်။

မော်ဒန်လှုပ်ရှားမှု (Modern Art Movement) ကမ္ဘာ့အနုပညာလောကမှာ အတွေးအမြင် စိတ်ကူးစိတ်သန်း ဆန်းသစ်ရာဆီကို လမ်းသွယ်ပေးနိုင်ခဲ့ ပါတယ်။ ဖန်တီးသူ အနုပညာရှင်တွေ အနေနဲ့ ယခင်က သရုပ်မှန် Real အတိုင်းရေးဆွဲ ဖန်တီးရာကနေ စိတ်ကူးအိပ်မက်ကို ပုံဖော် တင်ပြတာမျိုး၊ သင်္ကေတပြု နိမိတ်ပုံကို ထင်ဟပ်ပြတာမျိုးနဲ့ ပုဂ္ဂလခံစားမှုနဲ့ အတွေးအခေါ်ကို အခြေပြု ဖန်တီးပါတယ်။

အဲဒါဟာ မော်ဒန် အနုပညာရဲ့ သဘောနဲ့ မော်ဒန်အနုပညာ ဖန်တီးတင်ပြမှု သဘာဝပါ။ ပြီးတော့ မော်ဒန်အနုပညာရှင်တွေဟာ အရောင်တွေကနေ ခံစားမှုကို ဖွင့်ထုတ်တယ်၊ အလင်းကို တွေ့ရှိပြီး အလင်းကနေ ခံစားမှုကို ဖော်ထုတ်တယ်၊ ရိုးရာ ရေးဆွဲဟန်က ခွဲထွက်ပြီး သုံးစွဲတဲ့ မီဒီယံလည်း ဆန်းသစ် တီထွင်လာပါတယ်။ အဲဒီလို ဆန်းသစ်ဖန်တီးဖို့ အတွက် ၂၀ ရာစု အစောပိုင်းကာလ အတွင်း အနုပညာရှင်တွေဟာ အခက်အခဲ အကျပ်အတည်း များစွာကို ကျော်လွန်ဖြတ်သန်းခဲ့ရပါတယ်။

အဲဒီကာလက ထင်ရှားတဲ့ တော်လှန်ပန်းချီကား တခုကို တင်ပြချင်ပါတယ်။ ပန်းချီကား အမည်က “A Burial at Ornans” ဖြစ်ပြီး၊ ရေးဆွဲသူက ဂုစတဗ်ကိုဘက်ထ် (Gustav Courbet) ဖြစ်ပါတယ်။ သူဟာ ပန်းချီကားကို ၁၈၄၉ နဲ့ ၅၀ ကြားကာလ မှာ ရေးဆွဲခဲ့တာပါ။ မူလ အမည်က အင်္ဂလိပ်လို အမည်ပေးထားတာ မဟုတ်ဘဲ ပြောင်းလဲလိုက်တဲ့ အမည်က Painting of Human Figures, the History of a Burial at Ornans ဖြစ်ပါတယ်။ (စကားချပ်။     ။ မျှဝေခံစား ပန်းချီကား ၅၊ ၆၊ ၇ နဲ့ “ခင်မောင်ရင်ရဲ့ ဘ၀အမြင်နှင့် ဖန်တီးမှု အတွေးစိတ်ကူးကို ချဉ်းကပ်ကြည့်ခြင်း” ဆောင်းပါးတွေမှာ Modenism နဲ့ Moden Art အကြောင်းကို ပြန်လည် ဖတ်ရှုနိုင်ပါတယ်။)

ဒီပန်းချီကားကို လေ့လာကြည့်ရင် ပန်းချီဆရာ ဂုစတဗ်ကိုဘက်ထ်က ၁၇ ရာစု အတွင်းက ဒတ်ခ်ျပြည်သူ့စောင့်ရှောက်ရေး တပ်ဖွဲ့ဝင်တွေရဲ့ ပုံကို ပြန်လည် ရေးဆွဲတင်ပြတာဖြစ်ပြီး၊ အစိမ်းရင့်ရင့် အရောင်နဲ့ အရောင်မှိုင်းမှိုင်းတွေ သုံးစွဲ ရေးဆွဲထားတာ တွေ့ရပါတယ်။

အဲဒီခေတ် အဲဒီ အခါက ပန်းချီကားရေးရင် အပြင်မှာ အမှန်တကယ် ရှိနေတဲ့ အရောင်တွေ၊ အရာဝတ္ထုတွေ အတိုင်းရေးဆွဲ တင်ပြလေ့ ရှိရာမှာ ဂုစတဗ်ရဲ့ ဖန်တီးတင်ပြမှုက အဲဒီလို အစဉ်အလာ ဖန်တီးတင်ပြမှုကို တွန်းလှန်၊ တော်လှန်ခဲ့တယ် လို့ ဆိုရမှာ ဖြစ်တယ်။ တနည်းအားဖြင့် ဂုစတဗ်ဟာ မော်ဒန်နစ်ဇင်ရဲ့ ဖန်တီးပုံဖော်မှု အတွင်းသားကို လှိုက်ထုတ် ဖွင့်လှစ် ပေးလိုက်တာလို့လည်း ဆိုနိုင်ပါတယ်။ ဒီအချက်က မော်ဒန်အနုပညာ တင်ပြမှုကို နားလည် သဘောပေါက်ဖို့ အရမ်း အရေးကြီးတဲ့ အချက်ပါ။

ဂုစတဗ်က ရိုမန်တစ်ဇင် (Romanticism) ကို ချန်ထားရစ်ခဲ့ပြီး၊ သို့မဟုတ် ကျော်လွန်ပြီး အနုပညာနယ်ပယ်ကို ပိုမို ချဲ့ထွင်ကာ မော်ဒန်အနုပညာ (Modern Art) အဖြစ် ရောက်ရှိသွားစေတဲ့ ရှေးဦး ခြေလှမ်းလည်း ဖြစ်ပါတယ်။

(Contemporary Art - Suu Htet Aung)

ကွန်တမ်ပရာရီအတ် (Contemporary Art)

ကွန်တမ်ပရာရီအတ်နဲ့ ပတ်သက်ပြီး တချို့က ဒုတိယကမ္ဘာစစ် (၁၉၄၅ ခုနှစ်) နောက်ပိုင်း အနုပညာဖန်တီးတင်ပြမှုတွေကို ရည်ညွှန်းတာတွေ ရှိသလို၊ တချို့က ၁၉၆၀ လို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံမှာတော့ ကွန်တမ်ပရာရီအတ် ဆိုတဲ့ စကားလုံး အသုံးကို ၂၀၀၄ ခုနှစ်က River Gallery နဲ့ မြန်မာတိုင်း (Myanmar Times) တို့ ပူးပေါင်း ပြုလုပ်တဲ့ Myanmar Contemporary Art ပြိုင်ပွဲမှာ တွေ့ရပါတယ်။ အဲဒီထက် ရှေ့ကျတဲ့ သုံးနှုန်းတာလည်း ရှိနိုင်ပါတယ်။ (ဒီအချက်ကို အတည်ပြုနိုင် ဖို့ လေ့လာသူများ၊ သိရှိသူများ၊ ပညာရှင်များရဲ့ အကြံပြုပေးချက်များ၊ ဆွေးနွေးမှုများကိုလည်း ဖိတ်ခေါ်ပါတယ်။)

ကွန်တမ်ပရာရီအတ်ကို အလွယ်ဆုံး နားလည်အောင် ရှင်းလင်းပြောရမယ်ဆိုရင် “ယခုလက်ရှိ ရှင်သန်နေထိုင်ဆဲ အနုပညာရှင်က လက်ရှိခေတ်ကာလ နေရာဒေသနဲ့ ဆက်စပ်တဲ့ (စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး စသဖြင့်) အတွေးစိတ်ကူး၊ ခံစားရမှု၊ နွယ်ဆက်အတွေးအမြင် စတာတွေကို လက်ရှိခေတ်မှာ ပေါ်ပေါက်လာတဲ့ မီဒီယံ မျိုးစုံကို အသုံးပြု ဖန်တီး တင်ပြခြင်း” ပဲ ဖြစ်ပါတယ်။

အနုပညာရှင်ဟာ အနုပညာလောကထဲမှာ ယုံကြည်ရာ အနုပညာကို စိုက်လိုက်မတ်တပ် ဖန်တီးနေသူ ဖြစ်သင့်ပါတယ်။ ပြီးတော့ အနုပညာရှင်ဟာ သူ့ရဲ့ ဘ၀ အတွေးအမြင် (Life Philosophy) နဲ့ ဖန်တီးမှုအတွေးစိတ်ကူး (Creative Ideology) တို့ ပေါင်းစပ်ကာ ခေတ်ကာလအတွင်း ဖြစ်ပေါ်ပြောင်းလဲနေတဲ့ အနေအထား၊ ဥပမာ - လူမျိုးကြီးဝါဒ၊ ဂလိုဘယ်လိုက်ဇေးရှင်း၊ အဖိနှိပ်ခံ တတိယနိုင်ငံများ၊ အမျိုးသမီးဝါဒ၊ လူမျိုးခြား ခွဲခြားဖိနှိပ် ဆက်ဆံရေးဝါဒ … စသဖြင့် များပြားလှစွာသော အကြောင်းအရာတွေကို အခြေပြု ဖန်တီးပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် ယနေ့ခေတ်ကာလ အနေအထား အဖြစ်အပျက် အတွေးအခေါ်နဲ့ ထိတွေ့ခံစားရမှု တွေဟာ အနုပညာ လက်ရာမှာ ထင်ဟပ်တင်ပြတာပါပဲ။

Contemporary နဲ့ ပတ်သက်ပြီး (Art, Artist, Artwork) စာဖတ်သူတွေပါ နားလည်စေချင်လို့၊ နီးကပ်ထိစပ် ခံစားနိုင်ကြ စေချင်လို့ ကြိုးစားတင်ပြလိုက်ရတာပါ။ မပြည့်စုံတာတွေ၊ လိုအပ်နေသေးတာတွေ ပါဝင်နိုင်ပါတယ်။ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံတကာကို ကြည့်ရင် ခက်ခဲနက်နဲတဲ့ ပညာရပ်တွေ၊ အသစ် တွေ့ရှိချက်တွေ၊ အသစ်ဖန်တီးမှုတွေကို အများပြည်သူတွေပါ နားလည်စေဖို့၊ နီးကပ်ထိစပ် ခံစားစေနိုင်ဖို့၊ တစ်နည်းအားဖြင့် လူထုနဲ့မကင်းကွာစေဖို့ forum တွေ … seminar တွေလုပ်ပေး၊ ဆွေးနွေးဖလှယ်မှုတွေ လုပ်ပေးပြီး အသိပညာမြှင့်တင်ပေးတယ်။ အဲဒီလို လုပ်ငန်းတွေ Contemporary ဖြစ်နေပါသတဲ့။

ကျနော်တို့ ဆီမှာလည်း အဲဒီလို လူထုနဲ့ မကင်းကွာအောင် ဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေကို ပညာရှင်များ အကြားမှာသာမက အများပြည်သူလည်း ပါဝင်နိုင်မယ့် အစီအစဉ်တွေ လုပ်ဆောင်ပေးဖို့ လိုအပ်နေပြီဖြစ်ပါကြောင်း …။

မေတ္တာဖြင့်
mPAS

(With joint contribution by Naing Swann)

No comments: