Friday, November 3, 2017

မယ်ဇလီဖူးသုပ် - ပင်လယ်စာသဘောင်္သီးထောင်း - ချောကလက်ထိုးမုန့် (Chocolate Sticky Rice Cake)

မယ်ဇလီဖူးသုပ်

ပထမနည်းက..
၁။ ဒီမှာ မယ်ဇလီဖူးတွေကို မယ်ဇလီရွက်တွေနဲ့ပါ ရောရောင်းတာဆိုတော့ အဖူးရော၊ အရွက်ပါ ရောပြီး သုံးလိုက်ပါတယ်။ အရင်ဆုံး အရွက်အရင့်၊ အရိုးအရင့်တွေကို ဖယ်ပြီး ရေစင်အောင်ဆေးပါတယ်။ ပြီးရင် မယ်ဇလီဖူးတွေကို ၃ခါ ပြုတ်လိုက်၊ ရေလဲပြီး ထပ်ပြုတ်လိုက်လုပ်ပါတယ်။
၂။ ပြုတ်ထားတဲ့ မယ်ဇလီဖူးတွေကို ညက်လုနီးပါးဖြစ်အောင် ထောင်းပါတယ်။
၃။ ကြက်သွန်နီ ၄ဥကို ပါးပါးလှီးပြီး ဆီအိုးထဲမှာ ဆီခပ်များများထည့်၊ ဆနွင်းမှုန့် အနည်းငယ်ထည့်ပြီး ကြွတ်အောင် ကြော်ပါတယ်။
၎။ မြေပဲ ဟင်းခတ်ဇွန်း ၃ဇွန်း၊ ပုဇွန်ခြောက် ဟင်းခတ်ဇွန်း ၂ဇွန်းကို ညက်အောင် ထောင်းထားပါတယ်။
၅။ ခရမ်းချဉ်သီးတစ်လုံးကို အစေ့ဖယ်ပြီး ပါးပါးလှီးထားပါတယ်။
၆။ ထောင်းထားတဲ့ မယ်ဇလီဖူးထဲကို မြေပဲထောင်း၊ ပုဇွန်ခြောက်ထောင်း၊ ကြက်သွန်နီကြော်၊ ခရမ်းချဉ်သီးထည့်၊ ငံပြာရည် ဟင်းခတ်ဇွန်း ၂ဇွန်းခွဲ၊ ဆား လက်ဖက်ရည်ဇွန်း ဇွန်းဝက်ထည့်ပြီး နှံ့အောင်နယ်ပြီးရင် အင်မတန်စားကောင်းတဲ့ မယ်ဇလီဖူးသုပ်တစ်ပွဲကို သုံးဆောင်နိုင်ပါပြီ။

ဒုတိယနည်းကတော့ မယ်ဇလီဖူး ပြုတ် ထောင်းကို ကြက်သွန်နီကြော်၊ ကြက်သွန်ဖြူ ၄မြှောင့်ကို ပါးပါးလှီး၊ ပုဇွန်ခြောက်မှုန့်၊ ပဲမှုန့်၊ နှမ်းထောင်း၊ ငံပြာရည်၊ ဆား သင့်ရုံတို့နဲ့ ရောသုပ်ပါတယ်။
ဒုတိယနည်းထက် ပထမနည်းက ပိုစားကောင်းပါတယ်။

အသုပ်​စုံ သုပ်ပြသူ - Snow

ပင်လယ်စာသဘောင်္သီးထောင်း (အလွယ်နည်း)


ပင်လယ်စာ သဘောင်္သီးထောင်းကတော့ လွယ်လွယ်ကူကူဝယ်လို့ ရတဲ့ ပင်လယ်စာတွေနဲ့ ပြုလုပ်ထားပါတယ်။ အိစံ ပြုလုပ်နည်းထဲမှာတော့ ပုဇွန်၊ငါး၊ ကဏန်းသားချောင်းတွေထည့်ထားပါတယ်။ ပြည်ကြီးငါးကြိုက်ရင်လဲထည့်လို့ ရပါတယ်။ အိစံတော့ ကြိုက်လွန်းလို့ ၃ ရက်ဆက်တိုက်လောက် ထောင်းစားပလိုက်တယ်။ သူငယ်ချင်းတို့ လဲလုပ်စားကြည့်နော်။

ပါဝင်သောပစ္စည်းများ (၂ ပွဲစာ)
၁။ သဘောင်္သီးခြစ်ဖြင့် ခြစ်ထားသော သဘောင်္သီး - တရုတ်ထမင်းစားပန်ကန်လုံး ၂ လုံးစာ (သင်္ဘောသီးခြစ်တဲ့ ခြစ်ကို ပုံမှာတွေ့ရပါတယ်။လှိုင်းအတွန့်ပါတဲ့ခြစ်)
၂။ ခြစ်ထားသော မုန်လာဥနီ - အနည်းငယ်
၃။ ငပိ - လက်ဖက်ရည်ဇွန်း တဝက်
၎။ သကြား - လက်ဖက်ရည်ဇွန်း တဝက်
၅။ ထန်းလျက်ခဲ - ၃ ခဲ
၆။ ငရုတ်သီးစိမ်း - ၁၂ တောင့်
၇။ ကြက်သွန်ဖြူ - ၇ မွှာ
၈။ သံပုရာသီး - ၆ စိတ်
၉။ ယိုးဒယား ငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်းခွဲ
၁၀။ ပုဇွန် - ၇ ကောင်
၁၁။ ကဏန်းအသားချောင်း - ၂ ချောင်း
၁၂။ ငါး - ၅ ကျပ်သား
၁၃။ ခရမ်းချဉ်သီး - ၁ ခြမ်း
၁၄။ မြေပဲလှော် - ထမင်းစားဇွန်း ၁ ဇွန်း
( ထမင်းစားဇွန်း ၁ ဇွန်း = 1 tablespoon= 15ml)
(လက်ဖက်ရည်ဇွန်း ၁ ဇွန်း = 1 teaspoon= 5 ml)

ပြုလုပ်နည်း
၁။ ခရမ်းချဉ်သီး ၁ ခြမ်းကို လေးပိုင်းပိုင်းထားပါ။ ပုဇွန်ကိုအခွံခွာရ်ျ ၃ မိနစ်ခန့် ပြုတ်ပြီး အအေးခံထားပါ။ ငါးကိုလဲ ၂ မိနစ်လောက်ပြုတ်ပြီး အအေးခံထားပါ။ ကဏန်းအသားချောင်းကို အရွယ်တော်လှီးထားပါ။
၂။ ငရုတ်ဆုံကြီးကြီးတခုထဲကို ငရုတ်သီး၊ ကြက်သွန်ဖြူ၊ သကြား နှင့် ငပိတို့ ကိုထည့်ရ်ျ ညက်နေအောင် ထောင်းပါ။ ညက်ပြီဆိုလျှင် ထန်းလျက်(သို့ )ကြံသကာကိုထည့်ထောင်းပါ။
၃။ ပြီးလျှင် သံပုရာသီးစိတ်များကိုထည့်ပြီး အရည်များထွက်အောင် ငရုတ်ကြည်ပွေ့ ဖြင့် အတွင်းသားဖတ်ကို ဖိခြေလိုက်ပါ။ (မထောင်းရပါ။)
၎။ သံပုရာရည်များထွက်လာပြီဆိုမှ ခြစ်ထားသော သင်္ဘောသီး၊ မုန်လာဥနီကိုထည့်ထောင်းပါ။ (သံပုရာသီး အဖတ်များ မပစ်ပဲထောင်းတဲ့အထဲထည့်ထားပါ။) သင်္ဘောသီးတို့ မုန်လာဥနီတို့ ထည့်ပြီးပြီးဆိုလျှင် လက်တဖက်က ထောင်းနောက်လက်တဖက်က ဟင်းခတ်တဲ့ဇွန်းကြီးကြီးကို ကိုင်ပြီးငရုတ်ဆုံအထက်အောက် သမအောင်လှန်ပေးပါ။
၃။ ထို့ နောက် ယိုးဒယားငံပြာရည်ထည့်၊ မြေပဲလှော်တို့ ကိုထည့်ရ်ျ သမအောင်ထပ်ထောင်းပါ။ ပုဇွန်၊ ငါးနှင့် ကဏန်းအသာချောင်းတို့ ကိုထည့်ရ်ျ ဖွဖွလေးထောင်းပါ။ နောက်ဆုံးမှ ခရမ်းချဉ်သီးကိုထည့်ရ်ျထောင်းပါ။
၎။ အပေါ့အငံမြည်းရ်ျ ပင်လယ်စာသင်္ဘောသီးထောင်းကို သုံးဆောင်နိုင်ပါပြီ။
Ei San

ချောကလက်ထိုးမုန့် (Chocolate Sticky Rice Cake)
........................................


 ဆိုဖီယာက ရှမ်းပြည်နယ်ဇာတိဆိုပေမယ့် မန္တလေးမှာ ၁၀ နှစ်လောက် နေခဲ့လို့ မန္တလေးက အစားအစာတွေကို နှစ်သက်ပါတယ်။ မန္တလေးထိုးမုန့်တစ်ခု အပါအဝင်ပေါ့။ချောကလက်ထိုးမုန့်ကို အပြင်မှာတော့ မစားခဲ့ဖူးပါဘူး။ ပြီးခဲ့တဲ့ တစ်ခါ မန္တလေးပြန်တော့ သားက ချောကလက်ထိုးမုန့် စားချင်တယ်ပြောလို့သာ ရှိမှန်းသိခဲ့ပြီး စမ်းလုပ်ကြည့်ချင် မိတာပါ။ ရောင်းတမ်းချောကလက်ထိုးမုန့်နဲ့ တူမယ်လို့တော့ အာမမခံပေမယ့် လုပ်ပြီး ထွက်လာတဲ့ မုန့်လေးကတော့ စားလို့အရသာထူးတာဖြစ်လို့ နှစ်သက်ကြမယ်လို့ ထင်ပါတယ်။ဆိုဖီယာလုပ်ထားတဲ့လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
- ကောက်ညှင်းမှုန့်  - ၁၅၀ ဂရမ်
- သာကူမှုန့်/ကော်မှုန့် - ၂၀ ဂရမ်
- အုန်းနို့ - ၂၀ဝ မီလီမီတာ
- နွားနို့ - ၂၀ဝ မီလီမီတာ
- သကြား - ၁၀ဝ ဂရမ်
- ချောကလက် - ၁၀ဝ ဂရမ်
- ထောပတ်/ဆီ - ၁၀ဝ မီလီမီတာ
- စပျစ်ခြောက်/သီဟိုဠ်စေ့ - လက်တစ်ဆုပ်

ပြုလုပ်နည်းအဆင့်ဆင့်
၁။ ဦးစွာ နွားနို့၊ အုန်းနို့၊ သကြားနှင့် ချောကလတ်တို့ကို ရောပြီး အပူပေးကာ ချောကလက်နှင့် သကြားပျော်ရုံမွှေပေးပါ။ (ဆူပွက်ရန် မလို)
၂။ ကောက်ညှင်းမှုန့်နှင့် သာကူမှုန့်ကို ဇလုံတစ်လုံးထဲ ထည့်ကာ အအေးခံထားသော အုန်းနို့အရောထည့်ပြီး သမ အောင် မွှေပေးပါ။
၃။ သီဟိုဠ်စေ့ကိုလှော်ပြီး သေးသေးစိတ်ထားပါ။
၎။ အားလုံးအသင့်ဖြစ်ပါက ဒယ်အိုးထဲ ဆီ သို့မဟုတ် ထောပတ်ကို အပူပေးပြီး ပူလာပါက ဖျော်ထားသော ကောက်ညှင်း မုန့်နှစ်ကိုထည့်ပြီး အဆက်မပြတ်မွှေပေးပါ။
၅။ အားလုံးသမကာ ချောမွေ့လာပါက သီဟိုဠ်စေ့နှင့် စပျစ်ခြောက်ထည့်ပြီး သမအောင် ထိုးမွှေပေးပါ။
၆။ ၁၅ မိနစ်ခန့်ကြာအောင် ဆီပြန်ပြီး လုံးလာပါက ဆီသုတ်ထားသော ဗန်းထဲထည့်ပြီး အပေါ်မှ သီဟိုဠ်စေ့အနည်းငယ် ဖြူးပေးပါ။ ပြီးလျှင် အအေးခံပြီး လိုသလို ကတ်ကြေးနှင့် ညှပ်ကာ တည်ခင်းသုံးဆောင်နိုင်ပါပြီ။

** မိုက်ခရိုဝေ့ဖ်ဖြင့် ပြုလုပ်လိုပါက ပါဝင်ပစ္စည်းများကို သမအောင်မွှေပေးပြီး ၁ မိနစ်၊ ၂ မိနစ် တစ်ကြိမ်ထုတ်ယူပြီး သမအောင် မွှေပေးပါ။
** မုန့်သားကျက်ပြီး အရောင်ပြောင်းကာ ကြည်လာလျှင် ဗန်းထဲထည့်ပြီး  အအေးခံကာ တည်ခင်းနိုင်ပါပြီ။
......................
Sofia

No comments: