Thursday, November 2, 2017

ချစ်သူစုံတွဲတို့အကြား အချစ်လျော့စေနိုင်တဲ့ ချိန်းတွေ့ချိန်များ


♥♥♥

 ချစ်သူတွေဆိုတာ တစ်ယောက်နဲ့တစ်ယောက်တွေ့ လိုက်တိုင်း အမြဲလိုလို အချစ်တွေတိုးပြီး ပျော်ရွှင်ကြည်နူး ချင်ကြသူတွေချည်းပါပဲ။ အထူးသဖြင့် အချိန်အကြာကြီး ခွဲခွာနေရတဲ့ စုံတွဲတွေ၊ ချစ်သူဖြစ်ခါစ ချစ်မ၀တဲ့သူတွေဟာ တခြားသူတွေထက် သူတို့ရဲ့တစ်ရက်စာ တွေ့ဆုံချိန်လေး ကို ဂရုတစိုက်တန်ဖိုးထားတတ်ကြပါတယ်။ တကယ်တော့ ဘယ်ချစ်သူစုံတွဲမဆို ချိန်းတွေ့ကြပြီဆိုရင်အကောင်းဆုံး အပျော်ရွှင်ဆုံးဆိုတဲ့ အမှတ်တရတွေသာ ဖန်တီးပြီး အချိန် ကုန်ဆုံးချင်ကြမှာပါ။ ဒီလိုအချိန်မှာ တစ်ယောက်နဲ့ စိတ်က သိကအောင့်ဖြစ်ရတာ၊ စိတ်ပျက်ရတာ၊ ဒေါသထွက်ရတာ စတဲ့ အပြုအမူတွေကို ကောင်လေးဘက်ကပဲ ဖြစ်ဖြစ်၊ ကောင်မလေးကပဲဖြစ်ဖြစ် ရှောင်ရှားတတ်ဖို့ကလည်း အ ရေးကြီးပါတယ်။ အဓိကကျတဲ့အချက်ကတော့ ချိန်းတွေ့ တဲ့နေရာ၊ ချိန်းတွေ့တဲ့ပုံစံ၊ ချိန်းတွေ့တဲ့အချိန် ရွေးချယ်မှု မှန်ကန်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ချစ်သူဆီကနေအချစ် တွေပိုလာအောင် ဘယ်လိုချိန်းတွေ့နည်းတွေကို ရှောင်ရှား သင့်တယ်ဆိုတာ ကြိုကြိုတင်တင်သိထားနိုင်ဖို့ ဖော်ပြပေး လိုက်ရပါတယ်။

♥ ရှော့ပင်းထွက်တဲ့အခါ

 ပထမဦးဆုံး ချိန်းတွေ့တဲ့နေ့မှာပဲ  ရှော့ပင်းထွက်တာမျိုး လည်းမလုပ်ပါနဲ့။ အထူးသဖြင့် ကောင်မလေးတွေ ရှက်ကိုး ရှက်ကန်းနဲ့တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် ဈေးလိုက်ဝယ်ရင်း ကောင်လေးကို ခေါ်သွားတာမျိုး အတတ်နိုင်ဆုံးရှောင်ပါ။ တကယ်တော့ ပထမဦးဆုံး ချိန်းတွေ့တာဖြစ်တာကြောင့် အေး အေးလူလူထိုင်ပြီး စကားပြောလို့ရမယ့် မုန့်ဆိုင်တစ်ဆိုင်မျိုးမှာ တွေ့သင့်ပါတယ်။

♥ အရက်သောက်ဖူးတဲ့ နေရာ

 ကောင်လေးတွေ အဓိက သတိထားရမှာပါ။ သူငယ် ချင်းတွေနဲ မုန့်စား၊ ဘီယာ၊  အရက် သောက်တတ်တဲ့နေရာမျိုးမှာ ကောင်မလေးနဲ့ချိန်းတွေတာ လုံးဝမလုပ်ဖို့ဖြစ်ပါတယ်။ အထူး သဖြင့် ရည်စားဖြစ်ခါစ စုံတွဲတွေ၊ ရည်စားတွေမဖြစ်သေးဘဲ တစ် ယောက်နဲ့တစ်ယောက် စိတ်ဝင်စားလို့ လူချင်းပထမဦးဆုံးတွေ့ ဆုံကြတဲ့သူတွေ အနေနဲ့ သတိထားဖို့လိုပါတယ်။ စုံတွဲတွေက လည်း ကိုယ့်ကိုသူက ချစ်တာပဲ၊ ကိုယ်ရဲ့ ဘယ်လိုနေထိုင်မှုမျိုးကို မဆို လက်ခံနိုင်မှာပါဆိုတာဟာ ကိုယ်ရဲ့အမှတ်တမဲ့ အပြုအမူ တချို့ကြောင့် ပျက်စီးသွားနိုင်ပါတယ်။ အရက်သောက်တာကို နားလည်ပေးတယ်ဆိုတာကလည်း ရည်စားဖြစ်လို့ အချိန်တွေ အတော်အကြာကြီးနေမှဖြစ်လာမယ့် ကိစ်္စတွေပါ။ လောလော ဆယ် ရည်စားဖြစ်ခါစမှာ အရက်ရောင်းတဲ့ စားသောက်ဆိုင်မှာ ချိန်းတွေ့မယ်ဆိုရင်တော့ စိတ်ပျက်ဖို့ ကောင်းပါတယ်။ နောက် ပြီး အရက်သောက်လို့ အိနြေ်္ဒမရတဲ့ ကိုယ်ရဲ့ပုံစံကလည်း ဆွဲ ဆောင်မှု လျော့နည်းနေမှာ သေချာပါတယ်။ ဒါကြောင့် ရည်စားနဲ့ Date ထွက်တဲ့အခါ ဒီလိုနေရာမျိုးကို လုံးဝရှောင်ရှားရမယ့် စာရင်းထဲထည့်ထားဖို့ သတိပေးချင်ပါတယ်။

♥ ကိုယ်ရဲ့ အလုပ်ခွင်

 ကိုယ့်လုပ်ငန်းခွင်မှာ ရည်စားနဲ့ ချိန်းတွေ့တဲ့နည်းကလည်း နည်းနည်းတော့ ကသိကအောင်ဖြစ်ပါတယ်။ အလုပ်မှာ ဘယ်လောက်ပဲအေးအေးဆေးဆေးဖြစ်ဖြစ် ကောင်မလေးက ကိုယ်ရှိတဲ့ကိုယ့်အလုပ်ကိုလာရတာ ဒါမှမဟုတ် ကိုယ်က သူ့အလုပ်ဆီကိုသွားပြီးတွေ့တာမျိုးဟာ ညနေပိုင်း ရုံးဆင်းချိန်ဖြစ်လို့ သွားကြိုတာက ကိစ္စမရှိပေမယ့် နေ့လယ်ပိုင်းအချိန်သွားတွေ့ရတာဟာ စိတ်သက်သောင့်သက်သာမဖြစ်ဘဲ တစ်ယောက်နဲ့တစ်ယောက်လည်း ရင်းနှီးမှုမရှိ၊ အစေးမကပ်သလိုမျိုးဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဖြစ်နိုင် ရင် ကိုယ့်ရည်စားကိုဘယ်တော့မှ ကိုယ့်အလုပ်ခွင်မှာ ခေါ်ပြီး ချိန်းတွေ့တာမျိုး မလုပ်သင့်ပါဘူး။

♥ သူငယ်ချင်းတွေနဲ့ ရှိတဲ့အချိန်

 သူငယ်ချင်းတွေနဲ့တွေ့ဖို့ ချိန်းထားပြီး ချစ်သူကိုလည်း တစ်ပြိုင်နက်တည်းတွေ့ဖို့ ချိန်းတာမျိုးမလုပ်သင့်ပါဘူး။ သူငယ်ချင်းတွေနဲ့ ကိုယ့်ချစ်သူကို မိတ်ဆက်ပေးတာ၊ စုံတွဲ သူငယ်ချင်းတွေချည်းပဲ တွေ့တဲ့အခါမျိုး စတာတွေကလွဲရင် သူငယ်ချင်း အပေါင်းအသင်းတွေ့တဲ့အချိန်နဲ့ ချစ်သူကို ချိန်းတွေ့တဲ့အချိန် မရောထွေးသင့်ပါဘူး။ ကိုယ်က သူငယ် ချင်းတွေနဲ့ ဟေးလားဟားလားလုပ်နေပြီး ကိုယ့်ချစ်သူကတော့ ဘေးကနေ ဘုမသိဘမသိ ထိုင်စောင့်နေရတာမျိုးက သူ့ဘက်က ကြည့်ရင် ကသိကအောက်ဖြစ်စေပါတယ်။ ဒီတော့ သူငယ်ချင်းတွေ တွေ့တဲ့အချိန်နဲ့ ချစ်သူနဲ့တွေ့တဲ့အချိန်ကို အတတ်နိုင်ဆုံး ခွဲခြားထားဖို့တော့ လိုပါလိမ့်မယ်။

♥ ရုပ်ရှင်ရုံ

 ညနေပိုင်း ချိန်းတွေ့ကြတဲ့အခါ ညစာအတူတူစားပြီး ရုပ်ရှင်ရုံထဲ ရုပ်ရှင် ၀င်ကြည့်ကြမယ်ဆိုတဲ့ စိတ်ကူးဟာ စဉ်းစားကြည့်ရင် အရမ်းကို ရိုမန်တစ်ဆန် နေမှာပါ။ ဒါပေမဲ့ ညနေစာ အတူတူစားရင်း စကားပြောကြတာက ပျော်စရာ ကောင်းပေမယ့် ရုပ်ရှင်ရုံထဲရောက်လို့ ရုပ်ရှင်ကြည့်ကြတဲ့အခါမှာတော့ တစ် ယောက်နဲ့တစ်ယောက် စကားပြောဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ရုပ်ရှင်ကောင်းရင် ကောင်း သလောက် ရုပ်ရှင်ကိုသာ အာရုံရမှာဖြစ်ပါတယ်။ ဒီတော့ ကိုယ့်ချစ်သူနဲ့ စကားကောင်းကောင်းပြောချင်တယ်ဆိုရင်တော့ ရုပ်ရှင် ၀င်မကြည့်သင့်ပါဘူး။

♥ နိုက်ကလပ်

 နိုက်ကလပ်မှာ ချိန်းတွေ့တာတော့ နည်းနည်းလွန်ပါတယ်။ လူငယ်တွေ အားလုံးကလပ်သွားကြတာပဲ၊ ချိန်း တွေ့တာ ဘာဖြစ်လဲလို့တော့ မဆိုလိုက် ပါနဲ့။ အရက်သောက်တာ၊ ဘီယာ သောက်တာမဟုတ်ဘဲ ဒီအတိုင်းစကား ပြောချင်ရင်တောင် ကလပ်ထဲမှာသီချင်း သံတွေဆူညံနေတာကြောင့် အော်ဟစ် ပြီး ပြောရပါတယ်။ လူတွေကလည်း များတော့ တစ်ယောက်နဲ့ တစ်ယောက် သိပ်ပြီး အစေးမကပ်ဖြစ်နေမှာပါ။ စ ကားပြောရတာ သိပ်အဆင်မပြေလို့ သီ ချင်းတွေနဲ့ လိုက်ကမယ်ဆိုရင်လည်း ကိုယ်က စနစ်တကျလှတပတ ကတတ် ဖို့လိုပါသေးတယ်။ ဒီလိုမှ မဟုတ်ရင် တော့ ပထမဦးဆုံးချိန်းတွေ့တဲ့နေမှာပဲ ကိုယ်ရဲ့ အကစွမ်းရည်ကို ကြည့်ပြီး ကောင်မလေး ကိုယ့်ကိုထားသွားမှာ အသေအချာပါပဲ။

♥ သူငယ်ချင်း မွေးနေ့ပွဲတွေ

 ချစ်သူတွေဖြစ်ပြီးလို့မကြာသေးခင်မှာပဲ ကိုယ့် သူငယ်ချင်းတွေရဲ့မွေးနေ့ပွဲရှိတဲ့အခါ ချစ်သူကို ခေါ်သွားတာမျိုး ရှိတတ်ပါတယ်။ ကိုယ့်ချစ်သူက သူငယ်ချင်းတွေနဲ့ အကျွမ်းတ၀င်ရှိတဲ့သူဆိုရင် တော့ ကိစ်္စမရှိပေမယ့်  မရင်းနှီးတဲ့သူတွေဆိုရင် နည်းနည်းပြဿနာရှိနိုင်ပါတယ်။ မွေးနေ့ဆိုတဲ့ အတိုင်း သူငယ်ချင်းတွေကတော့ အစုံလာကြမှာ ပါပဲ။ အဲဒီမှာ ကိုယ်ရဲ့ငယ်ငယ်က မကောင်းကြောင်း တွေ၊ အရင်ရည်းစားဟောင်းအကြောင်းတွေကို သူငယ်ချင်းအချင်းချင်းစနောက်ပြီး ပြောဖြစ်ကြမှာ ပါပဲ။ ကိုယ့်ချစ်သူ အသစ်စက်စက်အပေါ် လျှို့ ၀ှက်ထားတဲ့အရာမှန်သမျှ ဘူးပေါ်သလို ပေါ်သွား တာမျိုးရှိနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ချစ်သူနဲ့ ရေရှည်လက်တွဲချင်ရင် ချစ်သူဖြစ်ခါစ ကြင်နာစ အချိန်မှာ သူငယ်ချင်းတွေ မွေးနေ့ပွဲလိုမျိုးနေရာတွေ ရှောင်ဖို့လိုပါတယ်။

♣ Sawyer

(THE CHIC MAGAZINE - July 2017 Issue မှ)

No comments: