Saturday, November 11, 2017

ပုစွန်ကျားငုံးဥကြော်၊ ငါးခူငါးပိထောင်းချက်၊ ငရုတ်သီးစိမ်း ကြက်သွန်ဖြူမီးကင်ထောင်း

........................
အိမ်အပြန်မှာ  ချက်ကြည့်ရန်
........................


 "အခု တကယ်ပြန်တော့မယ်ပေါ့"
 "အခန်းလည်း အပ်ပြီးပြီ။ အလုပ်လည်း ထွက်စာ တင်ပြီးလို့ ရက်ပြည့်နေပြီ။ တကယ်မပြန်လို့ ဘာဆက် လုပ်ရမှာလဲ"
 "ဟိုမှာ တစ်လ သိန်း ၂၀ တော့ ရမှာမဟုတ်ဘူး။ လွန်ရောကျွံရော နင့်ကို ငါးသိန်းက စပေးလိမ့်မယ်"
 "မတတ်နိုင်ဘူး၊ အဖေနဲ့ အမေက ပြန်ခေါ်လှပြီ။ ဒီမှာ အသည်းအသန် နေမကောင်းဖြစ်ပြီးတော့ ဆေးလာကု ကတည်းက ဘယ်လိုမှ ပြောမရဘူး။ တစ်လ သိန်း ၂၀ လိုချင်လည်း ပေးမယ်တဲ့"
 "ယုံလို့လား၊ နင်ပဲ နင့်အမေက ဘောစိ ကပ်စေး ဆို..."
 "အရင်ကတော့ မယုံဘူး။ နေမကောင်းပြီး ဆေးရုံ တက်လိုက်ရတော့ အဖေ၊ အမေကလွဲပြီး ကူရာဘယ်မရှိ ဆိုတာ နားလည်သွားတယ်။ တစ်လ သိန်း ၂၀ ဆိုတဲ့ အလုပ်ကလည်း နေမကောင်းရင် ဘာမှလုပ်မပေးဘူး။ ပန်းတစ်စည်းနဲ့ အားဆေးတစ်ခြင်းပဲ ရောက်လာမှာ။ အဖေနဲ့ အမေ တစ်ပြားမှမပေးဘူးဆိုလည်း ပြန်ရမှာပဲ"
 "အဲဒါတော့ မဖြစ်နိုင်ဘူး။ အလုပ်လုပ်ဖို့ တစ်ခုခု တော့ ဖန်တီးပေးထားမှာ သေချာတယ်"
 "ပြောတာတောင် နောက်ကျနေသေး။ ရန်ကုန် လူကျပ်၊ ကားကျပ်မနေချင်ဘူးဆိုပြီး အမြန်လမ်းဘေးက တောင်ခြေမှာ ခြံဝယ်ထားတာ။ အပင်စိုက်မယ်၊ အစား အစာဆိုင်ဖွင့်မယ်။ လာပြီးဦးစီးပါတဲ့"
 "အေးအေးဆေးဆေးကို မနေတတ်တာနေမှာ။ အလုပ်လုပ်တဲ့ နှစ်ပေါင်းများတော့ အရှိန်က ရှိနေသေး ပုံပဲ"
 "အဲဒီအလုပ်တွေလုပ်ဖို့ ဝါသနာပါတယ်တဲ့။ အဖေ မနိုင်လို့ လက်လျှော့ထားရတယ်။ အမေ့ဝါသနာတွေထဲက ဟင်းတွေချက်တာကိုတော့ သဘောအကျဆုံးပဲ"
 "ကောင်းကောင်းစားရလို့ မဟုတ်လား"
 "အမှန်ပေါ့ သူငယ်ချင်းရယ်... အကောင်းမကြိုက် တဲ့သူ ဘယ်မှာရှိမလဲ"
 "ဒါဆို အမေ့လက်ရာတွေထဲက စားဖို့တစ်မျိုးမျိုး ချက်ကြည့်ကြမလား"
 "အကောင်းဆုံးပေါ့။ ဒီတစ်ပတ် အမေတင်ထားတဲ့ ဟင်းတွေထဲက ပုစွန်ကျားငုံးဥကြော်၊ ငါးခူငါးပိကောင် ခရမ်းချဉ်သီးချက်၊ ပဲတောင့်ရှည် ပဲပင်ပေါက်သီးသုပ်၊ ငရုတ်စိမ်းကြက်သွန် ဖြူထောင်း အဲဒီအတွဲချက်ကြမယ်"

 "ခေါင်းမပါတဲ့ ပုစွန်ကျား ၂၀ ကျပ်သား၊ အကြော်မှုန့် ၅ ကျပ်သား၊ ငုံးဥ ၅ လုံး၊ ဆား၊ သကြား၊ အရသာ၊ ငရုတ် ကောင်းမှုန့် အနည်းငယ်စီနဲ့ ကြော်ဖို့ ဆီ ၂၀ ကျပ်သား လိုအပ်ပါတယ်။

 ပုစွန်ကျားအခွံနွှာ၊ အမြီးချန်၊ ချေးကြောင်းထုတ်ပြီး နှစ်ခြမ်းခွဲလိုက်မယ်။ ပုစွန်အပြားလိုက်ကို ဆား၊ အရသာ၊ သကြား၊ ငရုတ်ကောင်း ရောနယ်ထားမယ်။ အကြော်မှုန့်၊ ငုံးဥတွေကို ရေ ၂ ကျပ်ခွဲသားနဲ့ ခပ်ပျစ်ပျစ်ရောဖျော်ထား မယ်။ စားခါနီးလို့ ကြော်မယ်ဆို ဆီအနေတော်ပူအောင် တည်ပြီး ပုစွန်တွေကို အကြော်မှုန့်ထဲနှစ်ကာ အပြားလိုက် ကြော်ဖို့ပါပဲ။ ပုစွန်တွေြွကပ်ရွပြီး ရွှေဝါရောင်တောက် လာရင် ပုစွန်ကျားငုံးဥကြော်ရပါပြီ။ ပူနေတုန်းစားရင် အကောင်းဆုံးပေါ့။

 ငါးခူငါးပိကောင်ဟင်းအတွက် ငါးပိကောင်ခေါင်း မပါ ၁၅ ကျပ်သား အငန်ပေါ့အောင် ရေနှစ်ထပ်လောက် ဆေးရပါမယ်။ အနေတော်တုံးပြီး အရသာမှုန့် အနည်းငယ် လူးနယ်ထားမယ်။ ချက်မယ်ဆို ဆီ ၅ ကျပ်သားထဲကို ငါးတုံးတွေထည့်ပြီး ကြော်မယ်။ အပြင်တင်းသွားရင် ပန်းကန်ထဲ ဆယ်ထုတ်မယ်။ ကျန်ဆီထဲကို ကြက်သွန် ဖြူ/နီကြော် စတီးဇွန်း တစ်ဇွန်းစာနဲ့အတူ ခရမ်းချဉ်သီး
၅ လုံး ကြိတ်ခြေထားတာ ပေါင်းထည့်ပါမယ်။ ခရမ်းချဉ်သီး ထဲပါတဲ့ အရည်ခန်းပြီး ဆီပြန်လာရင် ကြော်ထားတဲ့ ငါးပိကောင် ထည့်မယ်။ ရေ စတီးဇွန်း ၃ ဇွန်းဖြည့်ပြီး အရသာဝင်အောင် အဖုံးအုပ်ပြီးတည်မယ်။ ၂ မိနစ်ခန့် ပွက်ဆူပြီးရင် လိုအပ်တဲ့ ဆား၊ အရသာ ထပ်ဖြည့်ပေးရပါ ဦးမယ်။ အိုးချခါနီး နံနံပင် သို့မဟုတ် ကြက်သွန်မြိတ်၊ ငရုတ်သီးစိမ်းတွေကို အနံ့အတွက် ထပ်ထည့်ပြီးရင်တော့ ငါးခူငါးပိကောင်ဟင်းရပါပြီ။

 ပဲတောင့်ရှည် ပဲပင်ပေါက်သုပ်အတွက် ပဲတောင့် တွေ နူးအောင်ပြုတ်၊ ပဲပင်ပေါက် ရေနွေးစိမ်နဲ့အတူ ဆီချက်၊ မြေပဲမှုန့်၊ ပဲမှုန့်၊ ပုစွန်ခြောက်မှုန့်၊ မန်ကျည်းရည်၊ ဆား၊ အရသာ၊ ကြက်သွန်ဖြူ/နီကြော်တို့နဲ့ပေါင်းပြီး သုပ်ဖို့ပါပဲ။ လွယ်ကူတဲ့ ဟင်းရန်တစ်မျိုးပါ။

 ငရုတ်သီးစိမ်း ကြက်သွန်ဖြူထောင်းအတွက် ငရုတ် သီး ၁၀ တောင့်၊ ၁၅ တောင့်၊ ကြက်သွန်ဖြူ ၄၊ ၅ မြွှာကို အနံ့မွှေးလာအောင် မီးကင်ပြီး ဆား၊ မြေပဲဆံ လေးငါးစေ့နဲ့ အတူ ပေါင်းပြီး ညက်အောင်ထောင်းလိုက်ပါ။ ဆီကြိုက် နှစ်သက်လျှင် ဆီတစ်ဇွန်းထပ်ဖြည့်ပါ။ မွှေးပျံ့တဲ့ အနံ့နဲ့ ငရုတ်သီးထောင်း ရပါပြီ။
 အမေ့ဟင်းတွေကို အမေ့နည်းအတိုင်းလိုက်ချက် ကြည့်ပေမယ့် အမေ့အရသာနဲ့ ထပ်တူကျလေ့မရှိပါဘူး။ မေတ္တာတွေ၊ စေတနာတွေ ခပ်များများထပ်ထည့်ဖို့ လိုနေ တယ်လို့ ထင်ပါတယ်။

ပုစွန်ကျားငုံးဥကြော်
ပါဝင်ပစ္စည်းများ
- ပုစွန်ကျား (ခေါင်းမပါ) - ၂၀ ကျပ်သား
- အကြော်မှုန့် - ၅ ကျပ်သား
- ငုံးဥ - ၅ လုံး
-                              ဆီ - ၂၀ ကျပ်သား
- ဆား၊ သကြား၊ အရသာမှုန့်၊ ငရုတ်ကောင်းမှုန့် -  အနည်းငယ်စီ

ငါးခူငါးပိထောင်းချက်
ပါဝင်ပစ္စည်းများ
- ငါးပိကောင် (ခေါင်းမပါ) - ၁၅ ကျပ်သား
-                        ဆီ - ၅ ကျပ်သား
- အရသာမှုန့် - အနည်းငယ်
- ကြက်သွန်ဖြူ - စတီးဇွန်း ၁ ဇွန်း
- ကြက်သွန်နီ - စတီးဇွန်း ၁ ဇွန်း
- ခရမ်းချဉ်သီး - ၅ လုံး
- ရေ - စတီးဇွန်း ၃ ဇွန်း
- ဆား - အနည်းငယ်

ငရုတ်သီးကြက်သွန်ဖြူမီးကင်ထောင်း
ပါဝင်ပစ္စည်းများ
- ငရုတ်သီး - ၁၅ တောင့်
-                        ဆီ - ၁ ဇွန်
- ကြက်သွန်ဖြူ - ၅ မြွှာ
- မြေပဲဆံ - ၅ စေ့
.......................................
ဒေါ်နန်းစန်းစန်းအေး
အဓိပတိ (ဖြူး)

Credit: Food Magazine (Myanmar) 

No comments: