Friday, November 17, 2017

“အပျိုစင်ဘ၀ကို ဘယ်လိုမြင်ကြသလဲ”


(ဖတ်ပြီး ကိုယ့်အမြင်ကိုယ်ဝေမျှရန် ကြာချိန် - ၉ မိနစ်)

အဓမ္မပြုကျင့်ခံလိုက်ရသူတွေ ဘာကြောင့် ထုတ်ဖော်ပြောဆိုဖို့ တွန့်ဆုတ်နေသလဲ။ ကောင်လေးနဲ့ ကောင်မလေး ချစ်နယ်ကျွံသွားတယ်၊ တာဝန်မယူဘဲ ထားသွားတဲ့ ယောကျာ်းလေးထက် မိန်းကလေးက ဘာလို့ပိုပြီး ရှက်နေသလဲ။ ဘာကြောင့် ဒီလိုမိန်းကလေးမျိုးတွေကို တန်ဖိုးမရှိတော့တဲ့ လူတစ်ယောက်လို ဆက်ဆံနေကြသလဲ၊။

ဒါတွေက အပျိုစင် ဆိုတဲ့ စကားလုံးကို ဘယ်လိုခံယူထားကြသလဲနဲ့ အများကြီးသက်ဆိုင်ပါတယ်။ ဒါနဲ့ပတ်သက်လို့ သူ့နိုင်ငံ၊ သူ့လူမျိုး၊ သူ့ယဉ်ကျေးမှုအလိုက် အမျိုးမျိုးသော ကွဲပြားမှုတွေ ရှိနေနိုင်ပါတယ်။ ကျွန်တော်တို့ မြန်မာ့အသိုင်းအ၀ိုင်းမှာတော့ မိန်းကလေးတွေရဲ့ ဘ၀က အထိခိုက်မခံဘူး၊ အပျိုစင်ဘ၀ ပျက်စီးသွားရင် တန်ဖိုးလည်း မဲ့သွားမယ်၊ ဒီလိုမျိုး အများစုက ခံယူထားကြတယ်။

စဉ်းစားကြည့်ရအောင်။ တကယ်ပဲ ဘာအကြောင်းနဲ့မဆို လိင်ဆက်ဆံဖူးတယ် ဆိုတာနဲ့ နာမည်ပျက်သွားပြီလား၊ တန်ဖိုးကျသွားပြီလား၊ နောက်ဆုံးကုန်ကုန်ပြောရရင် သူ့သဘောတူညီမှုနဲ့ လိင်ဆက်ဆံခဲ့တယ်ဆိုရင်တောင် အဲဒီမိန်းကလေးဟာ တကယ်ပဲ တန်ဖိုးမရှိတော့ဘူးလား။

“လက်မထပ်ခင် လိင်ဆက်ဆံခြင်းဟာ ဖြစ်သင့်တဲ့ကိစ္စတစ်ခု ဖြစ်တယ်”

မျိုးဆက်ပွားကျန်းမာရေးသင်တန်းတွေ ပေးရင် ကျွန်တော် ဒီစာကြောင်းလေးကို ဖတ်ပြပြီး ဆွေးနွေးငြင်းခုန်စေပါတယ်။ အဲဒီမှာ ကြားခဲ့ရသမျှ အမျိုးမျိုးသော ယူဆပုံတွေအကြောင်း ဆက်ဖတ်ကြည့်ပါ။

- - - - - - - - - - -

အမြင် ၁ - မဖြစ်သင့်ဘူး၊ ဘာလို့ဆိုတော့ မိန်းကလေးဆိုတာ အပျိုစင်ဘ၀ကို ထိန်းသိမ်းရမယ်။

ဘယ်လောက်ပဲ ခေတ်မီတယ်ပြောပြော၊ ကိုယ့်နိုင်ငံ၊ ကိုယ့်ယဉ်ကျေးမှုရဲ့ ဓလေ့ထုံးတမ်းကိုတော့ လိုက်နာရမှာပဲ တဲ့။ အပျိုစင်မဟုတ်လည်း တန်ဖိုးရှိတာပဲ လို့ပြောနေတဲ့သူတွေကိုယ်တိုင် အပျိုမဟုတ်တဲ့ မိန်းကလေးကိုများ ရရင်၊ ဒါမှမဟုတ် ကိုယ့်နှမက အပျိုမဟုတ်တော့ရင် ဘယ်လိုနေကြမလဲ၊ ဒါကြောင့်မို့ ဘယ်သူတွေ ဘယ်လိုပဲပြောနေပါစေ၊ ကိုယ့်ယဉ်ကျေးမှု ကိုယ့်ထုံးတမ်းစဉ်လာကိုတော့ အလေးထားရမှာပဲ တဲ့။ သူတို့ပြောသွားတာလေးလည်း စဉ်းစားစရာကောင်းတယ်။

- - - - - - - - - - -

အမြင် ၂ - “ပွဲမ၀င်ခင် အပြင်ကကျင်းပ” ဆိုတဲ့စကားတောင် ရှိသေးတာပဲ၊ ဖြစ်သင့်တယ်လို့ ထင်ပါတယ်။

စကားပုံနဲ့တောင် ကိုးကားသွားသေးတယ်။ လိင်ကိစ္စဆိုတာကလည်း တော်တော်လေးတော့ ရှုပ်ထွေးတယ်။ သူတို့ဆီမှာတော့ ဒါကို အလေးလည်းထားတယ်၊ ပွင့်ပွင့်လင်းလင်းလည်း ရှိကြတယ်။ ဒီကိစ္စလေး အဆင်မပြေရင်ကို ပြတ်ကြ ဆဲကြတာမျိုးရှိတယ်။ ကျွန်တော်တို့ဆီမှာတော့ မပွင့်လင်းကြဘူး။ အထူးသဖြင့် မိန်းကလေးတွေဆိုရင် လိင်ဆန္ဒမပြည့်ဝရင်တောင်မှ ကြိတ်မှိတ်သည်းခံကြတယ်။ ဒါပေမယ့်လည်း ဒီလိင်စိတ်ကျေနပ်မှုဆိုတာက လူတစ်ယောက်ရဲ့ အခြေခံလိုအပ်ချက်ဖြစ်တယ်။ ဒီတော့ အဆင်မပြေလို့ ကြိတ်မှိတ်သည်းခံခဲ့ရသမျှတွေ ပွင့်ထွက်လာတဲ့အခါ အိမ်ထောင်ရေးဖောက်ပြန်မှုတွေ ဖြစ်ကုန်တယ်။ ယောကျာ်းနဲ့ မိန်းမ အဆင်မပြေတော့ဘူး။

ဒါကြောင့် ဒီအမြင်ကို ကိုင်ထားတဲ့သူတွေက ပြောတယ်၊ ဥပမာ ယောကျာ်းရဲ့ လိင်ဆန္ဒက တအားပြင်းထန်ပြီး အဲဒီနောက်ကို မိန်းမက မလိုက်နိုင်ဘူးဆိုရင် ဘယ်လိုမှအဆင်မပြေနိုင်ဘူး။ အဲဒါကို လက်ထပ်ပြီးမှ သိရင် ကွဲကြကွာကြ ဖြစ်ကုန်မှာမို့ စောစောစီးစီးကတည်းက တစ်ယောက်ကိုတစ်ယောက် သိထားတာ အကောင်းဆုံးပါပဲ တဲ့။

- - - - - - - - - - -

အမြင် ၃ - မဖြစ်သင့်ဘူး၊ ဘာလို့ဆိုတော့ ဒီအပေါ် အခြေခံပြီးမှ မိန်းကလေးတွေအနေနဲ့ အနိုင်ကျင့်မှုတွေ ကြုံလာရနိုင်တယ်။

အဲဒီအမြင်လေးကို ကြားတော့ ကြုံခဲ့ဖူးတာလေးတစ်ခု သွားသတိရတယ်။ တစ်ရက် ကျွန်တော် လမ်းလျှောက်သွားနေတုန်း ကောင်လေးနဲ့ကောင်မလေး ပြဿနာတက်နေကြတယ်။ ဖြတ်သွားရင်း နားစွန်နားဖျား ကြားလိုက်ရတာက နင် ငါ့ကို ဖြတ်ရဲဖြတ်ကြည့်၊ နင်နဲ့ငါနဲ့ပုံတွေကို အွန်လိုင်းပေါ်တင်ပြီး ဖြန့်ပစ်လိုက်မယ် တဲ့။

ဆိုလိုတာက ရှေ့ပိုင်းမှာ ပြောခဲ့သလို၊ မိန်းကလေးတစ်ယောက် အပျိုစင်မဟုတ်တော့ဘူးဆိုရင် တန်ဖိုးမရှိတော့တဲ့ လူတစ်ယောက်လို ၀ိုင်းဝန်းကဲ့ရဲ့တတ်တဲ့ အလေ့အထမျိုး ရှိနေတော့ မိန်းကလေးတွေအနေနဲ့က တစ်ပန်းရှုံးနေတယ်။ ဒါကိုနင်းပြီး ခြိမ်းခြောက်အကြပ်ကိုင်တာမျိုးတွေ လုပ်လာနိုင်တယ်။ ခုဆိုကြည့်၊ ဓါတ်ပုံမှာ နှစ်ယောက်လုံး ပါဝင်ပြီး ရိုက်ထားတာ။ ဒါပေမယ့် ယောကျာ်းလေးက မရှက်ဘူး။ မိန်းကလေးကမှ ရှက်နေကြောက်နေရတယ်။ ဘာလို့ဆိုတော့ လူပျိုမဟုတ်တော့လို့ ဆိုပြီး ဘယ်သူကမှ သူ့ကို အပြစ်မတင်ဘူးလေ။ ဒီလိုပုံတွေ တက်လာလည်း (ခပ်ရှင်းရှင်းပြောရရင်) မိန်းကလေးကိုပဲ ရွလိုက်တာဆိုပြီး အပြစ်တင်တတ်ကြတာ။ ဒါကြောင့်မို့ အပျိုစင်ဘ၀ တန်ဖိုးထားတာ မထားတာတွေ ခဏထား၊ ဒီလိုလူ့အသိုင်းအ၀ိုင်းထဲမှာ ကိုယ့်ကို ခြိမ်းခြောက်အနိုင်ကျင့်စရာ အနေအထားမျိုး ဖြစ်လာနိုင်တယ်၊ ဒီအပေါ် အခြေခံပြီး ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေ လုပ်လာနိုင်တယ်၊ ချစ်သူရည်းစားဆိုတာလည်း တကယ်တော့ သူစိမ်းပဲမို့ အလုံးစုံ ယုံကြည်လို့မရတာကြောင့် လက်မထပ်ခင် အတူမနေသင့်ပါဘူး တဲ့။

- - - - - - - - - - -

အမြင် ၄ - ဖြစ်သင့်တယ်၊ ဘာလို့ဆိုတော့ ဒီခေတ်မှာ အိမ်ထောင်တစ်ခု တည်ဆောက်ဖို့က တအားခက်လာလို့ပဲ။

ခုခေတ်မှာ အရင်တုန်းကလို ယောကျာ်းတစ်ယောက်တည်း အလုပ်လုပ်ပြီး တစ်မိသားစုလုံး ထိုင်စားလို့ မရတော့ဘူး။ ဒီတော့ စီးပွါးရေး၊ ပညာရေး အဆင်သင့်ဖြစ်မှပဲ အိမ်ထောင်ပြုကြတယ်။ အဲဒီလို အဆင်သင့်ဖြစ်အောင် ကြိုးစားဖို့ကလည်း မလွယ်ဘူး။ ဒါကြောင့် တော်တော်နဲ့ အိမ်ထောင်ပြုဖို့ မစဉ်းစားဖြစ်ကြဘူး။ သားသမီးယူဖို့ မတွေးကြတော့ဘူး။ ဒါပေမယ့် လိင်ဆန္ဒဆိုတာက ထိန်းချုပ်ရခက်တယ်။ အိမ်ထောင်ပြုမှပဲ ဆက်ဆံမယ်ဆိုတာမျိုးက ထင်သလောက် မလွယ်ဘူး။ ဒီအခါမှာ လက်ထပ်ဖို့ ရည်ရွယ်ထားတာမျိုး မဟုတ်တောင် အတူနေကြတယ်။ ဒါကိုလည်း မှားတယ်ပြောလို့တော့ မရဘူး တဲ့။

- - - - - - - - - - -

အမြင် ၅ - မဖြစ်သင့်ဘူး၊ ဘာလို့ဆိုတော့ မိန်းကလေးနဲ့ ယောကျာ်းလေးရဲ့ စိတ်ထားချင်း မတူကြလို့ပဲ။

ရည်းစားတအားရှုပ်တဲ့ ကောင်လေးတစ်ယောက်နဲ့ ချစ်သူဖြစ်သွားတယ် ဆိုပါစို့၊ အဲဒီကောင်မလေးက အတိတ်ကို ခွင့်လွှတ်တယ်။ သူ့နောက်မှာ ထပ်မရှုပ်တော့ဘူးဆို တော်ပြီ။ ဆိုလိုတာက မိန်းကလေးတွေရဲ့ သဘာဝသည် အနာဂတ်ကိုကြည့်တယ်။ ရည်းစားဦး မဖြစ်ရရင် နေပါစေ၊ နောက်ဆုံးရည်းစားပဲ ဖြစ်ချင်တယ်။ အရင်က ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ ခု လိမ္မာတယ်ဆို ကျေနပ်ပြီ။

ကောင်လေးတွေကကျတော့ ပြောင်းပြန်။ ရည်းစားဦး ဖြစ်ချင်တယ်။ အရင်တုန်းက ရည်းစားတွေနဲ့ ရှုပ်ခဲ့တယ်ဆို သဘောမကျဘူး။ အဲဒီလို မိန်းကလေးမျိုးနဲ့ ကြိုက်မိရင် ပတ်ဝန်းကျင်ကလည်း ပြောတယ်လေ၊ ဒီကောင်တော့ နွားဖြစ်ပြီ ဆိုတာမျိုး။ ရည်းစားရှုပ်ခဲ့တဲ့ ကောင်လေးနဲ့ ချစ်သူဖြစ်သွားလို့ ဘယ်သူကမှ ဒီမိန်းကလေးကို နင်တော့ နွားမဖြစ်ပြီဆိုပြီး လာမပြောဘူး။

လူပျို အပျိုနဲ့ ပတ်သက်ရင်လည်း ဒီလိုပဲ၊ လူပျိုမစစ်တော့လည်း ရတယ်၊ နောက်ကွယ်မှာ မရှုပ်တော့ဘူး၊ သစ္စာရှိတယ်ဆို ပြီးရော၊ မိန်းကလေးက ဒီလိုတွေးတယ်။ ယောကျာ်းလေးကျတော့ သူသာ လူပျိုမစစ်ချင်နေမယ်၊ ရတဲ့မိန်းကလေးကျ အပျိုစစ်မှ ကြိုက်တယ်။ မိန်းကလေးကိုယ်တိုင်ကလည်း သူ့အပျိုစင်ဘ၀ကို သူလက်ထပ်ရတဲ့သူကိုမှ ပေးချင်တယ်ဆိုတာမျိုး ရှိတယ်။ ဒါကြောင့်မို့ ဒီလိုလက်မထပ်သေးဘဲ အတူနေတာက မိန်းကလေးတစ်ယောက်အတွက် မဖြစ်သင့်ပါဘူးလို့ ဆိုပါတယ်။

- - - - - - - - - - -

အမြင် ၆ - မိန်းကလေးတစ်ယောက်ရဲ့ တန်ဖိုးက အပျိုစစ်မစစ်နဲ့ တိုင်းတာလို့ မရပါဘူး။

သူတို့ကတော့ ဖြစ်သင့်တယ်၊ မဖြစ်သင့်ဘူးဆိုတာထက် ဒါက မိန်းကလေးရဲ့ ကိုယ်ပိုင်ရွေးချယ်ခွင့်ပဲ တဲ့၊ ဒါပေမယ့် အဲဒီလို အတူနေလိုက်တာနဲ့ပဲ ဒီမိန်းကလေးက တန်ဖိုးမရှိတော့ဘူး ဆိုတာမျိုး ပြောဆိုကဲ့ရဲ့နေကြတာကတော့ မဖြစ်သင့်ဘူးလို့ ဆိုကြပါတယ်။ ခုနောက်ပိုင်း ခေတ်လူငယ် တော်တော်များများမှာ တွေ့လာရတဲ့ အမြင်မျိုးဖြစ်ပါတယ်။

ဒီလိုခံယူထားတဲ့ ယောကျာ်းလေးတွေက သူတို့လက်ထပ်တဲ့ မိန်းကလေးကို အပျိုစစ်မှ ဆိုတာမျိုးတွေ ကြည့်မနေသလို၊ ငါတော့ နွားဖြစ်ပြီဆိုတာမျိုးလည်း မခံယူကြဘူး။ မိန်းကလေးတွေကလည်း ဒီကောင်လေးနဲ့ အတူနေမိလိုက်လို့ သူ့ကိုပဲ ယူရတော့မယ် ဆိုတာမျိုး မတွေးကြဘူး။ ဒါက သာမန်အဖြစ်အပျက်ပဲ။ အဆင်မပြေတော့ဘူးထင်ရင် သူတို့လမ်းခွဲပြတ်စဲလိုက်မယ်။ ဒီလိုအတူနေလိုက်ခြင်းက ဘ၀တစ်ခုလုံးစာ ပုံအပ်လိုက်တာမျိုး လို့ မခံယူကြဘူး။

- - - - - - - - - - -

တကယ်တော့ အကြောင်းကိစ္စတိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် တန်ုဖိုးထားမှုချင်းက ထပ်တူမကျနိုင်ဘူး။ ဒါတွေက ကိုယ်ကြီးပြင်းဖြတ်သန်းခဲ့တဲ့ အခြေအနေ၊ ပတ်ဝန်းကျင်၊ ဖတ်ခဲ့မှတ်ခဲ့တဲ့ စာအုပ်တွေ၊ မိသားစုရဲ့ သွန်သင်မှု စတာတွေပေါ် မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက် ကွာခြားကုန်ကြတာပါ။

အပျိုစင်ဘ၀နဲ့ ပတ်သက်လို့လည်း ဒီလိုပဲ။ အခုပြောခဲ့ပြီးတဲ့ အယူအဆ (၆)ခုမှာတောင် ဘယ်ဟာမှန်တယ်၊ ဘယ်ဟာကတော့မှားတယ် ဆိုတာမျိုး တိတိကျကျ ပြောလို့မရနိုင်ပါဘူး။ အားလုံးဟာ သူ့ဟာနဲ့သူတော့ ကျိုးကြောင်းဆီလျော်ပြီး လက်ခံပေးလို့ ရနေတာချည်းပါပဲ။ ဒီဆောင်းပါးကို ရေးရတဲ့ ရည်ရွယ်ချက်ကလည်း အဲဒါပါပဲ။ ဒီလိုမတူကွဲပြားတဲ့ တန်ဖိုးထားမှုတွေ ရှိနေနိုင်တယ်ဆိုတာကို သတိထားမိသွားစေချင်တာပါ။

ယောကျာ်းလေးတစ်ယောက်က “အပျိုမစစ်တာနဲ့ပဲ ဒီမိန်းကလေးကို တန်ဖိုးနှိမ့်ချ သတ်မှတ်လို့မရဘူး” ဆိုပြီး ခံယူထားတယ်ဆိုပါတော့။ သူလိုပဲ ခံယူထားတဲ့ မိန်းကလေးနဲ့ဆို အဆင်ပြေတယ်။ သူတို့ လက်မထပ်ရသေးဘဲလည်း အတူနေချင်နေမယ်။ ဘာလို့ဆိုတော့ သူတို့အတွက် ဒါက သိပ်အဆန်းတကြယ် မဟုတ်တော့လို့ပဲ။ နောက်ပိုင်း အဆင်မပြေတော့ရင်လည်း လမ်းခွဲချင်ခွဲမယ်။ အဲဒီလို လမ်းခွဲလိုက်လို့လည်း မိန်းကလေးက သူ့မှာ နစ်နာသွားရတယ်လို့ မထင်ဘူး။

ဒါပေမယ့် အပျိုစင်ဘ၀ကို တန်ဖိုးထားတဲ့ မိန်းကလေးတစ်ယောက်နဲ့များ ချစ်သူဖြစ်သွားရင်တော့ အဲဒီအတိုင်း သွားလုပ်လို့မရတော့ဘူး။ သူ့အတွက်က မဆန်းကြယ်ဘူးဆိုပေမယ့် တစ်ဖက်မိန်းကလေးက သူ့ကိုလက်ထပ်မယ် ထင်လို့ လိုက်လျောလိုက်တာမျိုး ဖြစ်နေရင် ပြဿနာဖြစ်ပြီ။ အကြောင်းကြောင်းကြောင့် အဆင်မပြေတော့လို့ ကိုယ့်ဘက်က လမ်းခွဲလိုက်ရင် ကိုယ်ကပဲ ကာမလိမ်လည်ရယူခဲ့သလိုမျိုး ဖြစ်သွားနိုင်သလို၊ တစ်ဖက်မိန်းကလေးမှာလည်း စိတ်ဒဏ်ရာတွေ၊ လူတောမတိုးဝံ့တော့တာတွေ ဖြစ်ကုန်မယ်။ ဒါကြောင့်မို့ ယောကျာ်းလေး မိန်းကလေး ဆက်ဆံရေးမှာ အဲဒီလို တစ်ယောက်နဲ့တစ်ယောက် သူက ဘယ်လိုတန်ဖိုးထားတယ်၊ ငါက ဘယ်လိုတန်ဖိုးထားတယ်ဆိုတာလေးကို သိထားဖို့ လိုပါတယ်။

နောက်ပြီး အခုလက်ရှိ ပေါ်လစီချမှတ်သူတွေ၊ တာဝန်ရှိသူတွေ၊ အုပ်ထိန်းသူ မိဘဆရာတွေဟာလည်း ဒီလို တန်ဖိုးထားမှုအမျိုးမျိုး ရှိနိုင်တယ်ဆိုတာကို လက်မခံပါဘူး။ မိန်းကလေးဆို အပျိုစစ်ရမယ်၊ ယဉ်ကျေးမှုထိန်းသိမ်းရမယ် ဆိုတဲ့ သူတို့ယုံကြည်တဲ့ တန်ဖိုးတစ်ခုတည်းကိုပဲ အမှန်လို့ သတ်မှတ်ထားပါတယ်။ အဲဒီမှာတင် တခြားသော အယူအဆမျိုးတွေ ရှိနေတဲ့လူငယ်တွေမှာ ဒုက္ခဖြစ်ကုန်တယ်။ မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာတယ်။ မလိုချင်ဘဲ ကိုယ်ဝန်တွေရတယ်၊ လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေ ရကုန်တယ်၊ လူမှုရေးပြဿနာတွေ အများကြီးတက်တယ်။ အကြောင်းရင်းကတော့ လူငယ်တွေရဲ့စိတ်ကို နားမလည်ဘဲ ကိုယ်တန်ဖိုးထားတဲ့အတိုင်း တစ်သဝေမတိမ်း ဖြစ်ရမယ်ဆိုတဲ့ အယူအဆတွေကြောင့် ဖြစ်ပါတယ်။

တည်းခိုခန်းတွေ လိုက်စစ်တယ်။ အရေးပေါ်ကိုယ်ဝန်တားဆေးကတ် ရောင်းချမှုတွေကို ကန့်သတ်တယ်။ လိင်မှုဆိုင်ရာနဲ့ ပတ်သက်တဲ့ အသိပညာပေးမှုတွေကို ပိတ်ပင်တယ်။ ဒါတွေအကုန်လုံးက တန်ဖိုးထားမှုတစ်ခုတည်းကိုပဲ လက်ခံမယ်၊ အဲဒီအတိုင်းပဲ ဖြစ်ရမယ် ဆိုတာကို သက်သေပြနေတဲ့ လုပ်ရပ်တွေပဲ ဖြစ်ပါတယ်။ ဒီမတူကွဲပြားမှုကို နားလည်သဘောပေါက်ပါမှ လူငယ်တွေအတွက် ပိုကောင်းမယ့် စည်းမျဉ်းစည်းကမ်း၊ ပေါ်လစီတွေ ထွက်လာမယ်။ မျိုးဆက်ပွါးကျန်းမာရေးနဲ့ ပတ်သက်တဲ့ ၀န်ဆောင်မှုတွေကို ပိုပြီး လက်လှမ်းမီလာမယ်။ လူငယ်တွေမှာ လုံလောက်တဲ့ အသိပညာတွေ ရှိလာမယ်။ ဒါဆို နောက်ဆက်တွဲဆိုးကျိုးတွေလည်း နည်းလာမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ လူကြီးတွေအနေနဲ့ ဒီလို မတူကွဲပြားတဲ့ တန်ဖိုးထားမှုလေးတွေကို လက်ခံပေးကြစေချင်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ

(၁၄ - ၂၁ နိုဝင်ဘာထုတ် Good Health ဂျာနယ်တို့တွင် နှစ်ပတ်ဆက်တိုက် အခန်းဆက်ဖော်ပြခဲ့သော “အပျိုစင်ဘ၀ကို ဘယ်လိုတန်ဖိုးထားသလဲ” ဆောင်းပါးအား အနည်းငယ် တည်းဖြတ်ထားခြင်း ဖြစ်ပါသည်)

Credit: Dr. ဖြိုးသီဟရဲPage

No comments: